← Chapters

နတ်ဆိုးဂိုဏ်းချုပ်လေး ငိုနေပြီ

Vol. 1 Ch. 10

နတ်ဆိုးဂိုဏ်းချုပ်လေး ငိုနေပြီ

Vol. 1 Ch. 10

အားလုံးမှာ ယဲ့ကျွင်းလင်တစ်ယောက် ဟိုဟိုသည်သည်လျှောက်သွားရင်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကို လမ်းကြုံလို့တပည့်အဖြစ်ကောက်လာခဲ့ပါသည်ဆိုသော အဖြေကို တအံ့တသြဖြစ်နေကြရလေသည်။ သို့သော် ဟုန်ချန်ယဲ့မှာ သူတို့ဂိုဏ်းသားဖြစ်လာမည်ဖြစ်သောကြောင့် အားလုံးက ဝမ်းသာအားရ ကြိုဆိုလက်ခံကြပါ၏။

ဘာပဲဖြစ်ဖြစ် ရွှယ်ထျန်းဂိုဏ်းအင်အား ပိုတောင့်တင်းလာတာပဲမဟုတ်လား?

နှုတ်ဆက်ပေးအပြီး လူစုကွဲသွားချိန်တွင် ယဲ့ကျွင်းလင်သည် ဟုန်ချန်ယဲ့ကို မြူခိုးတောင်ထိပ်ထက် ခေါ်ဆောင်သွားလိုက်သည်။

"မင်းက တပည့်ခေါင်းဆောင်ဆိုတော့ ဒီမှာရှိတဲ့ဂူတွေထဲက ကြိုက်တဲ့တစ်ခုကိုရွေးယူလို့ရတယ် အားနာမနေပါနဲ့"

ယဲ့ကျွင်းလင်မှာ စိတ်ရင်းစေတနာအပြည့်ဖြင့် ပြောလိုက်လေသည်။

ဟုန်ချန်ယဲ့မှာတော့ ပင့်ကူအိမ်တွေဖုံးလွှမ်းရစ်သိုင်းပြီ ပျက်စီးနေသောဂူအခန်းများကိုကြည့်ကာ မျက်နှာထားပျက်မသွားအောင် အကြောဆွဲမတတ်ထိန်းသိမ်းလိုက်ရသည်။ အတော်ကြာငြိမ်သက်နေပြီးမှ စကားတစ်ခွန်းညှစ်ထုတ်ပြောလိုက်ရ၏။ "ကျေး..ဇူး...ပါ...ဆရာသခင်...."

မီးလျှံနတ်ဆိုးဂိုဏ်း၏ အိမ်ဆောက်လက်သမားဆရာများနေသောနေရာပင် ဒီ့ထက်ပိုကောင်းသေးသည်ဟုဆိုပါက အပိုပြောခြင်းမဟုတ်ရပါပေ။

"အဟမ်း နည်းနည်းတော့ညစ်ပတ်နေတယ် မင်းဟာမင်းရှင်းလိုက်ပေါ့ကွာ"

"မှတ်ထား စိတ်ထား‌ပျော့ညံ့သူတွေက အကြောင်းအမျိုးမျိုးပြတတ်ကြပြီး စိတ်ဓာတ်ခိုင်မာသူတွေကတော့ လိုက်လျောညီထွေဖြစ်အောင်နေတတ်ကြတယ်တဲ့"

ယဲ့ကျွင်းလင် စေတနာအပြည့်ဖြင့် ဆုံးမစကားတစ်ခွန်းဆိုလိုက်ပြီးနောက် နေရာမှဝှစ်ခနဲပျောက်ကွယ်သွားတော့၏။

ဒီလူက လစ်ပြေးသွားတာပဲ!

ဟုန်ချန်ယဲ့က လက်သီးတွေကို တင်းတင်းဆုပ်ကာ ပေါက်ကွဲထွက်တော့မည့် ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး အံကြိတ်လျက်ရေရွတ်လိုက်သည်။ "ရပါတယ်၊ ငါသည်းခံရမှာ‌ပေါ့..."

ကြီးမြတ်တဲ့အောင်မြင်သူတိုင်းဟာ ဦးစွာပထမတော့ အရှက်ရခြင်းကို သည်းခံနိုင်ရပြီး လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ထမ်းရွက်နိုင်ရမယ်!

ဆရာသခင်၏ဂိုဏ်းကိုဝင်ဖို့ သူကိုယ်တိုင်သ‌ဘောတူထားခဲ့ပြီးမှတော့ နေရာအသစ် ပုံစံအသစ်နှင့် လိုက်လျောညီထွေရှိဖို့ ကြိုးစားသင်ယူရမည်ပင်။

**********

ရွှယ်ထျန်းဂိုဏ်းမှာ ဖုန့်လဲ့ဂိုဏ်းကို အပြီးတိုင်သုတ်သင်ချေမှုန်းလိုက်သည့်သတင်းက ဟွမ်ကျိုးပြည်နယ်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားလေသည်။

"ဘာရယ်? ဖုန့်လဲ့ဂိုဏ်းသုတ်သင်ခံလိုက်ရတယ်ဟုတ်လား?!"

"ချီးပဲ ရွှယ်ထျန်းဂိုဏ်းက ဘယ်ကနေဘယ်လို အဲ့လောက်ထိအင်အားကြီးလာတာလဲ အရင်ကဆို ဟွမ်ကျိုးရဲ့ဂိုဏ်းခြောက်ဂိုဏ်းထဲမှာ သူအင်အားအနည်းဆုံးပဲလေ"

"မင်းမကြားရသေးဘူးလား ရွှယ်ထျန်းဂိုဏ်းရဲ့ မြူခိုးတောင်ထိပ်သခင်ဟောင်းကို မင်းမှတ်မိလား သူကကျင့်ကြံဆင့်တွေဖျက်ဆီးခံလိုက်ရတယ်လို့ သတင်းထွက်ပြီး အဲ့ဒါကတကယ်မဟုတ်ဘူးတဲ့လေ ဝီဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူ မိုးပြာဂဠုန်နတ်ဆိုးဘုရင်က ရွှယ်ထျန်းဂိုဏ်းကိုဝင်တိုက်တော့ သူက တစ်ချက်ထဲနဲ့ အသေသတ်ပေးလိုက်တာတဲ့"

"ဒါဆိုသူက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုတောင် ချိုးဖျက်ပြီးသွားပြီပေါ့ ရွှယ်ထျန်းဂိုဏ်းကအဲ့လောက်အင်အားတောင့်နေတာ မဆန်းတော့ပါဘူး ဟိုကောင်လေးက အတော်ကြောက်စရာကောင်းတာပဲ ဒီလောက်အကြာကြီးလျှို့ဝှက်ကျင့်ကြံနေခဲ့တာပေါ့"

"ဖုန့်လဲ့ဂိုဏ်းတော့ ကံဆိုးသွားတယ်လို့ပဲဆိုရမယ် ဒီအချိန်မှာမှ သူတို့ကိုရန်သွားစလိုက်မိတာကိုး အခုတော့အကုန်သေရှာပြီ ကျွတ် ကျွတ်!"

............

ရုတ်တရတ်ဖြစ်ပေါ်လာသော ဆန်းကြယ်ဖြစ်ရပ်ကြောင့် အင်အားစုအများအပြားမှာ ထိုအကြောင်းကိုသာ အားကြိုးမာန်တက်ဆွေးနွေးလျက်ရှိကြ၏။

အထူးသဖြင့် ကျန်ဂိုဏ်းကြီး၄ဂိုဏ်းမှာ ရွှယ်ထျန်းဂိုဏ်းကို လျှော့မတွက်ရဲကြတော့ဘဲ အလွန်စိုးရိမ်ပူပန်လျက်ရှိကြလေသည်။

တကယ်တော့ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူလေးတစ်ဦးဆိုသည်မှာ ဘာမှပြောပလောက်အောင်အရေးမကြီးပါ။ သို့သော် ဟွမ်ကျိုးလို ခြောက်ကပ်ကပ်ပြည်နယ်လေးတွင်တော့ တုနှိုင်းမရသည့် စွမ်းအားရှင်တစ်ဦးပါပေ။

အင်အားစုတစ်ခုကို နှစ်ထောင်ပေါင်းများစွာကြာအောင် တည်တံ့ခိုင်မြဲစေနိုင်မည့် ခေါင်းဆောင်တစ်ဦးပင်။

"ဟမ့် မိုးပြာဂဠုန်နတ်ဆိုးဘုရင်သာ ဒီတစ်ခေါက်မကျူးကျော်ခဲ့ရင် အဲ့မြူခိုးတောင်ထိပ်သခင်က ဘယ်လောက်ထိကြာအောင်များ ထပ်လျှို့ဝှက်ထားဦးမှာပါလိမ့်"

"ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူက အရမ်းအင်အားကြီးတယ်ဆိုပေမယ့် ငါ့တို့ပန်ရှန်းဂိုဏ်းရှေ့မှာတော့ လာပြီးမောက်မာနေလို့မရဘူး"

ပန်ရှန်းဂိုဏ်းမှာ ဟွမ်ကျိုးပြည်နယ်တွင် အင်အားအကြီးဆုံးဂိုဏ်းအဖြစ် လူသိများလေသည်။ ပန်ရှန်းဂိုဏ်းချုပ်က လက်နှစ်ဖက်ကိုနောက်ပစ်လျက် မထီမဲ့မြင်ပြုံးလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ပန်ရှန်းဂိုဏ်း၏ဘိုးဘေးမှာ လွန်ခဲ့သောနှစ်များက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့် အထွဋ်အထိပ်သို့ပင် ရောက်ရှိထားပြီးဖြစ်ပြီး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်သို့တက်ရန် သီးသန့်ကျင့်ကြံအားထုတ်နေပြီ ဖြစ်သောကြောင့်ပင်။

သူသာ ကျင့်ကြံဆင့်ချိုးဖျက်လိုက်ပြီးပါက ပန်ရှန်းဂိုဏ်းမှာ ဟွမ်ကျိုးပြည်နယ်ကို စိုးမိုးနိုင်တော့မည်ဖြစ်၏။

ထိုအချိန်တွင် တာအိုကျင့်ကြံရေး၏ အထွဋ်အထိပ်ပြည်နယ်ဖြစ်သော အရှေ့ပိုင်းစီရင်စု ချင်းကျိုးပြည်နယ်တွင် ကျင့်ကြံရေးမိသားစုများ၊ မသေမျိုးမင်းဆက်များ၊ မသေမျိုးဂိုဏ်းဂဏများ စသည်ဖြင့် အနှံ့တည်ရှိလေသည်။

ယွီဟွားဂိုဏ်းမှာမူ လူသန်းပေါင်းရာချီ၏လေးစားယုံကြည်မှုကို ရရှိထားပြီး ဂိုဏ်း၏နာမည်နှင့် ဂုဏ်သရေကို နှစ်သန်းပေါင်းများစွာထိန်းသိမ်းထားနိုင်ခြင်းကြောင့် အထွဋ်အမြတ်ကျင့်ကြံရေးနယ်မြေတစ်ခုအဖြစ် လူသိများလေသည်။

ယွီဟွားဂိုဏ်း၏ အချို့သော ဘိုးဘေးခန်းမများတွင် ထူထပ်စွာခိုင်ခံ့သော ဝိဉာဉ်ကျောက်ပြားများကို နေရာချထားသည်။ ၎င်းတို့ထဲမှာ အက်ကွဲနေသော ဝိဉာဉ်‌ကျောက်ပြားတစ်ချပ်က ညဘက်တစ်ရေးနိုးလာသည့် တပည့်တစ်ယောက်ကို လန့်ဖျပ်ဖြူဖျော့သွားစေသည်။

"ဘုရားရေ ဒီဝိဉာဥ်ကျောက်ပြားက မူလောင်ရဲ့..."

မူလောင်ဆိုသည်မှာ ယွီဟွာဂိုဏ်း၏ ပြင်ပဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်ပြီး ဂုဏ်သိက္ခာရှိ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ မြေကမ္ဘာအဆင့်ကျင့်စဥ်များကို ကျွမ်းကျင်သောအကြီးအကဲတစ်ဦးဖြစ်သဖြင့် ပြင်ပဂိုဏ်းအကြီးအကဲများထဲတွင် အတော်ဆုံးဟုသတ်မှတ်ခံထားရသူတစ်ဦးပင်။

ဒီလိုလူက ရုတ်တရတ်သေဆုံးသွားရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ?

မကြာမီပင် အကြီးအကဲမူလောင်၏သေဆုံးမှုက ဂိုဏ်းအထက်အုပ်ချုပ်‌ရေးပိုင်းသို့ အဆင့်ဆင့်တင်ပြခံလိုက်ရလေသည်။

ဂိုဏ်းအထက်လူကြီးများမှာလည်း ‌ဒေါသူပုန်ထကုန်ကြတော့၏။ ဤကမ္ဘာပေါ်က ဘယ်သကောင့်သားကများ အတင့်ရဲလို့ ယွီဟွားဂိုဏ်း၏အကြီးအကဲကို သတ်ပစ်ရဲပါသနည်း?

ဂိုဏ်းသားအားလုံး ဒေါသမထွက်ပဲမနေနိုင်ကြပါ။ ယွီဟွားဂိုဏ်းသားဟူသော အရှိန်အဝါဖြင့်ပင် သူတို့အပြင်လောကတွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပေသည်။ မည်သူမျှ သူတို့ကိုရန်မစရဲသည့်အပြင် ဆရာသခင်များကဲ့သို့ လေးစားရိုသေစွာ ဆက်ဆံကြပေဦးမည်။

အခုတော့ အပြင်ကိုအလုပ်ကိစ္စဖြင့်ထွက်ခွာသွားသော အကြီးအကဲတစ်ယောက်က နားမလည်နိုင်စွာ သေဆုံးသွားရလေပြီ။

မြင့်မားသော နတ်ဘုရားတောင်ထိပ်တစ်ခုဝယ်...

ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူတစ်ယောက်ထိုင်နေပြီး ထိုသူ၏မျက်လုံးများမှာ မျက်တောင်တစ်ချက်ခတ်လိုက်ချိန်တိုင်း ကောင်းကင်ကိုတောင် ခွဲထုတ်လိုက်နိုင်ဖွယ်ရှိသည့် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းတွေ ထွက်လာတတ်သည်။ ထူထပ်သော ရွှေရောင်ဆံပင်များကို ကျစ်ဆံမြီးသေးသေးလေးတွေ ရာချီသည်အထိကျစ်ထားပြီး ထိုကျစ်ဆံမြီးတွေက ရင်ဘတ်နှင့်နောက်ကျောထက်တွင် တွဲလောင်းကျလျက်ရှိ၏။ လူတစ်ကိုယ်လုံးက စကားဖြင့်မဖွဲ့ဆိုနိုင်သော ကြောက်စရာစွမ်းအင်အရှိန်အဟုတ်တစ်ခုကို ထုတ်လွှတ်နေလေသည်။

ထိုသူမှာ ထိပ်သီးကျင့်ကြံသူ ကျွီယန်းပင်။

"ဆရာသခင် အားလုံးကဒီတပည့်ရဲ့အပြစ်တွေပါ ဒီတပည့်က အကြီးအကဲမူလောင်ကို အဖေ့ဆီဆေးလုံးပို့ခိုင်းမိလို့ ဖြစ်ရတဲ့ကိစ္စပါ"

လင်းလက်နေသော နေရောင်ခြည်များအား ပုံဖော်ထားသည့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခပ်ချောချောလူငယ်လေးမှာ ဒူးထောက်လျက်အပြစ်ဝန်ခံလို့နေသည်။

ထိုလူငယ်လေးမှာ ချန်ယွင်ဟိုင်၏သား‌ဖြစ်သူ ချန်ရှောင်းပင်။

"ထပါတော့ မင်းအမှားမဟုတ်တာကို"

ထိပ်သီးကျင့်ကြံသူ ကျွီယန်းက ထိုသို့ဆိုကာ လက်တစ်ဖက်အသာမြှောက်လိုက်သော် မမြင်နိုင်သောအားတစ်ခုက ချန်ရှောင်းအား ပင့်တင်၍ထရပ်စေလိုက်သည်။

"ဆရာသခင်ရဲ့ခွင့်လွှတ်မှုကို အထူးကျေးဇူးတင်ပါတယ်"

ချန်ရှောင်း၏မျက်လုံးများမှာ တစ်ခုခုပြောချင်ဟန်ရှိသော်လည်း စကားထွက်မလာပေ။

"မင်းတစ်ခုခုမေးချင်တာရှိရင် မေးလိုက်ပါ"

ကျွီယန်းက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။

ချန်ရှောင်းက ခပ်လေးလေးစကားစသည်။ "မူလောင်ရဲ့သေဆုံးမှုကြောင့် ဒီတပည့်စိတ်ပူပန်ကြောင့်ကြနေရပါတယ် အဖေတို့ဂိုဏ်းလည်း အန္တရာယ်မကင်းလောက်ဘူးလို့ စိတ်ထင်နေမိပါတယ် ကျွန်တော် ဟွမ်ကျိုးပြည်နယ်ကို တစ်ချက်လောက်သွားစစ်ကြည့်လို့ရမလားခင်ဗျာ"

ကျွီယန်းက ခေါင်းကိုခါလျက်ဆိုသည်။ "ရှောင်းအာ ဆရာကမင်းကိုဘာကြောင့် တပည့်အဖြစ်လက်ခံခဲ့တယ်ထင်လဲ"

"ဒီတပည့်မှာ နေမင်းမသေမျိုးခန္ဓာရှိပြီး မသေမျိုးဖြစ်ဖို့အလားအလာရှိတဲ့အတွက်ကြောင့်များလား"

ချန်ရှောင်းကဖြေလိုက်သည်။

ကျင့်ကြံရေးလောကတွင် စိတ်ဝိဉာဥ်အရင်းအမြစ်များအရေးကြီးသကဲ့သို့ ခန္ဓာအမျိုးအစားကလည်း လွန်စွာအရေးပါသည်။ အားကောင်းသောခန္ဓာအမျိုးအစားသည် တိုက်ပွဲများတွင်ကအထောက်အကူပြုရုံသာမက ကျင့်ကြံဆင့်တိုးတက်ဖို့ကိုလည်း အားမြှင့်ပေးနိုင်လေသည်။

ဤလောက၏ ခန္ဓာအမျိုးအစားများတွင် ဝိဉာဥ်ခန္ဓာ၊ စစ်မှန်သောခန္ဓာ၊ ရတနာခန္ဓာ၊ မသေမျိုးခန္ဓာနှင့် သူတော်စင်ခန္ဓာဟူ၍ ရှိပါ၏။

ချန်ရှောင်းသည်ကား နေမင်းမသေမျိုးခန္ဓာပိုင်ရှင်ဖြစ်သောကြောင့် ယွီဟွားဂိုဏ်းက မျက်စိကျကာခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကျွီယန်းက မျက်နှာသေဖြင့်သာဆိုသည်။ "ဒါလည်းပါတယ် နောက်အကြောင်းရင်းတစ်ခုကတော့ မင်းဆီမှာ ကြီးမားတဲ့ရည်မှန်းချက်ကို ဆရာမြင်မိလို့ပဲ"

"ပိုပိုပြီးအင်အားကြီးလာဖို့ကို ဆန္ဒရှိနေတဲ့မင်းက မိသားစုအကြောင်းအရာလေးလောက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်လို့မရဘူးလေ တပည့်ရင်းပြိုင်ပွဲက နီးကပ်လာပြီမလို့ မင်းစောစောပြင်ဆင်ထားသင့်တယ် မင်းကျန်တဲ့တပည့်ရင်းတွေကို အနိုင်ရပြီး ပထမနေရာရအောင်ယူနိုင်တာနဲ့ ဂိုဏ်းက မင်းအတွက်အရင်းအမြစ်တွေ ပိုတိုးထောက်ပံ့ပေးလိမ့်မယ် ဒါကတကယ့်အကျိုးအမြတ်ကြီးနော်"

"ဒါပေမယ့်..."

"ဒါပေမယ့်တွေမလာနဲ့တော့ ဆရာ ဟွမ်ကျိုးဘက်ကိုလူလွှတ်ပြီး ဖုန့်လဲ့ဂိုဏ်းအကြောင်း စုံစမ်းခိုင်းလိုက်မယ်"

ပြတ်သားသောအမိန့်စကားကိုကြားသော ချန်ရှောင်းလည်း စိတ်တွင်းမှကြောင့်ကြမှုများကို ဖယ်ထုတ်လိုက်ရပြီး လက်သီးဆုပ်အရိုအသေပြုကာ ပြန်ပြောလိုက်သည်။ "ဆရာသခင်ရဲ့မျှော်လင့်ချက်တွေပြည့်ဝအောင် ဒီတပည့်ကအစွမ်းကုန်ကြိုးစားပေးပါ့မယ်"

ထို့နောက် လှည့်ထွက်သွားတော့၏။

ထိပ်သီးကျင့်ကြံသူကျွီယန်းက အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။ "ဟွမ်ကျိုးကိုသွားပြီး စုံစမ်းလာခဲ့"

လေဟာနယ်အတွင်းမှ အသံခပ်နိမ့်နိမ့်တစ်ခု ထွက်ပေါ်လာသည်။ "ဟုတ်ကဲ့"

**********

ရွှယ်ထျန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်တွင်.....

မီးခိုးလုံးများတက်လာပြီး အသားကင်ရနံ့လည်း လွင့်တက်လာတော့၏။

ဟုန်ချန်ယဲ့က သိုးသားတွေကို ကျွမ်းကျင်စွာကင်လို့နေပြီး မီးအပူချိန်ကို ထိန်းချုပ်ကာ အထူးအမွှေးအကြိုင်များကို အချိန်မီဖြူးလိုက်သည်။ သိုးသားကင်တွေဟာ လတ်ဆတ်နူးညံ့ပြီး အရည်ရွှမ်းကာ တရှဲရှဲမြည်သံများလည်း ထွက်လို့နေသည်။

သူ့နောက်က နေရောင်ခြည်အောက်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ လှဲလျောင်းအနားယူနေသော ငွေရောင်ဆံပင်နှင့်လူငယ်ကို တိတ်တဆိတ် လှမ်းကြည့်မိလိုက်တော့ ဟုန်ချန်ယဲ့၏မျက်နှာမှာ စူပုပ်ပုပ်ဖြစ်သွားရသည်။

သူသည် တစ်ချိန်က အလယ်ပိုင်းစီရင်စုတွင် သွေးလွှမ်းသောမုန်တိုင်းများစွာကို တိုက်ခတ်စေခဲ့ပြီး သတ္တဝါတို့၏ သန်းပေါင်းများစွာသောအသက်ကို အပိုင်စားအုပ်စိုးခဲ့သည် နတ်ဆိုးအရှင်တစ်ဦးဖြစ်၏။ ငိုနေသောကလေးသည်ပင် သူ့နာမည်ကြားလျှင် အငိုတိတ်ရသည်အထိ။

ယခုတော့ တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းတွင် အိမ်ရှင်း၊ချက်ပြုတ် အလုပ်ကြမ်းလုပ်နေရလေပြီ။ တစ်ချိန်ကရန်သူတော်ကြီးများသာ သူ့အကြောင်းကြားမိလျှင်တော့ မျက်ရည်ထွက်သည်အထိ လှောင်ရယ်ကြမည်မလွဲပေ။

(စားပါ စားပါ စားနိုင်သူတွေစားကြပါ ဘာတွေများအဲ့လောက်အရသာရှိနေလို့လဲ ငါတော့လုံးဝကိုနားမလည်နိုင်တော့ဘူး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီး ဘယ်လိုလုပ်ရသာအာရုံတွေကို တပ်မက်နိုင်သေးတာလဲ)

(အဆင်းရှိပြီး အချင်းမရှိတဲ့ဟာကြီး)

ဟုန်ချန်ယဲ့ စိတ်တွင်းမှာ ကဲ့ရဲ့ပြစ်တင်နေလိုက်သည်။

"ရှောင်ဟုန် အဆင်သင့်ဖြစ်ပြီလား ဒီဆရာမစောင့်နိုင်တော့ဘူးဟေ့"

အနောက်မှ အမြင်ကပ်ချင်စရာ‌အော်သံထွက်လာသည်။

"ရပါပြီ ဆရာသခင် ကျွန်တော်ယူလာခဲ့ပါ့မယ်"

ဟုန်ချန်ယဲ့သည် သိုးသားကင်ဒါဇင်ကျော်မျှကို ပန်းကန်ပေါ်သို့တင်ကာ အဆင်သင့်လှဲလျောင်းလျက် တပည့်အသစ်စက်စက်လေးကိုခိုင်းစားရက်နိုင်သော ဆရာသခင်ထံသို့ ယူဆောင်သွားလိုက်၏။

ခုံ‌ပေါ်တွင် သက်တောင့်သက်သာလှဲလျောင်းနေသော ယဲ့ကျွင်းလင်မှာ ထိုင်ရာမှမထပင် မွှေးကြိုင်နေသောသိုးသားကင်တစ်ချောင်းကိုယူကာ အရသာခံလေသည်။

အခုတလောတော့ သူကျင့်ကြံနေစရာကိုမလိုအပ်ပေ။ ဒီတိုင်းလှဲလျောင်းနေပြီး စနစ်ထဲသို့ မှန်မှန်ဝင်ကြည့်ပေးရုံမျှဖြင့် အဆင့်မြင့်စွမ်းအားများနှင့် ကျင့်စဥ်များကို အလိုလိုရရှိနိုင်နေလေသည်။ အလွန်စိတ်ကျေနပ်စရာပဲ!

စနစ်ထဲသို့ နေ့စဥ်မှန်မှန်ဝင်ပေးရုံဖြင့် ဆုလာဘ်တွေအများကြီးရသော်ငြား အများစုမှာ သူ့အတွက်သိပ်အသုံးမဝင်သောကြောင့် ရှယိုနျန်နှင့် အခြားဂိုဏ်းသားများကို မျှဝေပေးလေ့ရှိသည်။ အားလုံးကတော့ လက်ဆောင်ရတိုင်းစိတ်လှုပ်ရှားပြီး သူ့ကိုကျေးဇူးတင်လို့မဆုံးတော့ပေ။

[တင်! ကြီးမြတ်တဲ့ပိုင်ရှင်ကို စနစ်ကတစ်ခုလောက်မေးချင်ပါတယ် စနစ်ကဆုချထားတဲ့ အသားကင်အမွှေးအကြိုင်ကို စိတ်ကျေနပ်ပါရဲ့လား]

အသံချိုချိုလေးက သူ့စိတ်ထဲတွင် လွင့်ပျံလာသည်။

"အရမ်းကြိုက် သိပ်ကြိုက် ငါတို့ဇာတိမြို့က အသားကင်နဲ့နာမည်ကြီးတာလေ ဒီအရသာကြောင့် ငါ့နယ်မြို့လေးကိုတောင်ပြန်လွမ်းမိတယ်

[တင်! ပိုင်ရှင်စိတ်ကျေနပ်ဖို့ပဲ အ‌ရေးကြီးတာပါ]

ယဲ့ကျွင်းလင်က အနောက်တွင်နှုတ်ခမ်းစူစူဖြင့်ရပ်နေသော ဟုန်ချန်ယဲ့အားလှည့်ကြည့်၍ပြောလိုက်သည်။ "အာ မင်းလည်းတစ်ခုယူစားလေ အရမ်းယဥ်ကျေးနေစရာမလိုပါဘူး"

ဟုန်ချန်ယဲ့က ခေါင်းကိုသာယမ်းလာသည်။ "ဆရာသခင် ဒီတပည့်က ပေါ်ကူအဆင့်ကို ပြီးမြောက်အောင်မြင်သွားပြီဖြစ်လို့ အစားအသောက်ကိုစိတ်မဝင်စားတော့ပါဘူး" (ပေါ်ကူ - အစာရှောင်ကာ စိတ်နှင့်ခန္ဓာကိုသန့်စင်သော တာအိုကျင့်ကြံနည်းတစ်မျိုး)

"ဟေ့ မသေမျိုးအဆင့်ထိကျင့်ကြံပြီး ဒီလိုကြီးပဲနေနေရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ဆရာ့စကားနားထောင်ပြီး ပါးစပ်ဖွင့် စားပစ်လိုက်"

ဟုန်ချန်ယဲ့ကမူ ခေါင်းကိုသာတွင်တွင်ခါလေသည်။

"မစားတော့ပါဘူး ဆရာသခင် ဒီတပည့်က တကယ်စားချင်စိတ်မရှိလို့ပါ"

ယဲ့ကျွင်းလင်မှာ သန့်စင်သောကျင့်ကြံသူပန်းခင်းကြီးထဲတွင် တစ်ပွင့်တည်းလာပေါက်နေသော အသားစားပန်းပွင့်ကြီးနှင့်တူသည် ဟုတွေးရင်း ဟုန်ချန်ယဲ့ကြိတ်ရွံနေမိ၏။

"မင်းကတော့ ငါ့ကိုဆိုနည်းနည်းမှမျက်နှာသာမပေးဘူး ဆရာက စားဆိုရင်စားလိုက်ပေါ့ ပြန်ပြောဖို့ပေါက်ပန်းလေးဆယ်စကားတွေ ဘယ်ကတတ်လာတာလဲ"

ယဲ့ကျွင်းလင်က ပြောရင်း စိုက်ကြည့်လာသည်။

အကောင်ပေါက်လေး မင်းကိုတော့ ဒီဆရာကုသပေးရတော့မယ်။

ဟုန်ချန်ယဲ့: "..." (ဆွံ့အသွားမိ)

နောက်ဆုံးမှာတော့ ယဲ့ကျွင်းလင်း၏ မရမကတောင်းဆိုမှုကြောင့် ဟုန်ချန်ယဲ့လည်း မတတ်သာတော့ဘဲ သိုးသားကင်တစ်ချောင်းကို ကောက်ယူကာ အရင်ဆုံး အနံ့ခံလိုက်ပြီးမှ ရွံရှာစွာဖြင့် အသားကိုကိုက်ယူလိုက်လေသည်။

ဝုန်း!

ထိုအသံမှာ ဟုန်ချန်ယဲ့၏ရသာခံအာရုံကြောများ ပေါက်ကွဲသွား‌သောအသံပါပင်။ အသားကင်၏ တုနှိုင်းမမီအောင်ပြည့်စုံသော အနံ့အရသာက သူ့အရသာခံဖုများကို အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဟုန်ချန်ယဲ့ ဂရုတစိုက်လေး ဝါးကြည့်လိုက်တော့ အံ့အားသင့်ဖွယ်ခံစားချက်လေးတစ်ခုက သူ့နှလုံးသားထဲသို့ နွေးထွေးစွာစီးဝင်လာတော့၏။

ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သလိုတောင့်ခဲသွားရကာ ဝိဉာဥ်ကခန္ဓာကိုယ်မှထွက်ခွာသွားပြီး ထိုခန္ဓာမှာ အာကာသထဲလွင့်မျောနေသလို ခံစားလိုက်ရလေသည်။

ဘာကြောင့်မှန်း သူလည်းမသိရပါ။ မေ့ပျောက်နေပြီဖြစ်သော ကလေးဘဝမှတ်ဉာဏ်များကို ပြန်လည်နှိုးဆွခံလိုက်ရခြင်းပေလား။ လူ့အသက်ကို ပေါင်းပင်နှုတ်သလောက်သာသဘောထားသည့် နတ်ဆိုးဂိုဏ်းချုပ်လေး၏ မျက်ဝန်းအိမ်များမှာ စိုစွတ်လာရတော့၏။

ထို့နောက် မျက်ရည်လေးနှစ်စက်က တိတ်တိတ်ကလေးစီးကျလာသည်။

"ကောင်းတယ် ကောင်းတယ် စားလို့ကောင်းတယ်ဗျာ..."

All Chapters