← Chapters

နောက်ကွယ်ကတရားခံကို ရှာဖွေမယ်

Vol. 1 Ch. 11

နောက်ကွယ်ကတရားခံကို ရှာဖွေမယ်

Vol. 1 Ch. 11

ဘာလဲဟ?

မင်းက ဘာကိစ္စထငိုနေတာတုန်း?

ယဲ့ကျွင်းလင်ဆွံ့အသွားရပြီး သနားလာသဖြင့် ဟုန်ချန်းယဲ့၏ပုခုံးလေးကို အသာပုတ်ပေးရင်းနှစ်သိမ့်လိုက်သည်။ "ရပါတယ်ကွာ အဲ့လောက်တောင်စားကောင်းရင် ထပ်စားဦးနော်"

ဟုန်ချန်းလင်၏အဖြစ်မှာ အမှန်လည်းသနားစဖွယ်ပါပင်။ သူအသားနောက်ဆုံးစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီမှန်း သူကိုယ်တိုင်တောင်မမှတ်မိတော့ပါချေ။

ဟုန်ချန်းလင်မှာ ခံစားချက်ပေါင်းများစွာရောထွေးလျက်ရှိသည်။ သူသည် နွမ်းပါးသောမိသားစုတစ်ခုတွင် မွေးဖွားခဲ့ခြင်းဖြစ်သောကြောင့် ကလေးဘဝတုန်းက အစဥ်အမြဲဆာလောင်နေခဲ့ရသည်သာ။ အသားစားချင်လွန်း၍ ညတိုင်းအိပ်မက်ထဲထည့်မက်ရသည်အထိပင်။ နောက်တော့ သူကျင့်ကြံရေးလမ်းစဥ်ပေါ်သို့ မတော်တဆရောက်ရှိသွားခဲ့ပြီး သူ့ဘဝလမ်းမှာလည်း ခက်ခဲကြမ်းတမ်းလာခဲ့ကာ ကျင့်ကြံရေးအတွက် လိုအပ်သောအရင်းအမြစ်မှန်သမျှကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် လုယူခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် သူသည် အညှာအတာမဲ့ နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့ရ၏။

လူ့လောကမှ အရသာရှိအစားအသောက်တစ်ခုကို အရသာခံလိုက်ရသည့်အခါတွင် ဟုန်ချန်ယဲ့၏ကလေးဘဝမှတ်ဉာဏ်များမှာ ပြန်လည်ရုန်းကြွလာခဲ့သည်။ ကျင့်ကြံရေးလမ်းစဥ်တစ်လျှောက် ကြုံတွေ့ခဲ့ရသောအတက်အကျများကို ထပ်ပေါင်းထည့်လိုက်သော် စိတ်ခံစားချက်များမှာ နှလုံးသားတစ်ခုလုံးပေါက်ကွဲတော့မတတ် ပြင်းထန်လာခဲ့လေ၏။

လူ့လောက၏ ပျော်ရွှင်မှု၊ ဆန်းသစ်မှုတွေအားလုံးကို ပစ်ပယ်ထားသောကျင့်ကြံသူတစ်ဦးသည် ခံစားချက်မရှိ၊ အထိအတွေ့အာရုံမရှိသော ရွံ့စေးရုပ်တုတစ်ခုနှင့်မခြားပေ။ ပါးစပ်ဖြင့်အရသာခံနိုင်သော အစားအသောက်ကိုတောင်မှ စွန့်လွှတ်ထားရမည်ဆိုလျှင် ကျင့်ကြံဆင့်ဖြင့် အမြင့်တစ်နေရာကိုတက်လှမ်းထားနိုင်လျှင်တောင် ဘာကအဓိပ္ပာယ်ရှိတော့မည်နည်း?

ဟုတ်တယ်! ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?

ဟုန်ချန်းယဲ့၏စိတ်ခံယူချက်မှာ ကြီးကြီးမားမားပြောင်းလဲသွားရသည်။

အတွေးစဥ်မှာလည်း ရုတ်တရတ် ရှင်းလင်းသွားတော့သည်။

ဘုန်း!

ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်မှာ ရုတ်ချည်းထိုးတက်လာကာ ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်မှ အလယ်အလတ်ဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်အဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်....

ထို့နောက် ချိုးဖျက်တက်‌ရောက်ခြင်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်စရာအရှိန်အဝါတစ်ခုက ဟုန်းခနဲ အဆင်အခြင်မဲ့ ပျံ့လွင့်လာတော့သည်။

အတွေးတစ်ချက်ဖြင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းလေပြီ!

ကံကောင်းထောက်မစွာပင် မြူခိုးတောင်ထိပ်တွင် စွမ်းအင်များကိုဖုံးလွှမ်းကာကွယ်ပေးနိုင်သည့် အစီအရင်တစ်ခုဖွဲ့စည်းထားတာကြောင့် ရွှယ်ထျန်းဂိုဏ်းမှ သတိမမူလိုက်မိပေ။

"ငါ့ကောင်ရ ဒါလည်းအလုပ်ဖြစ်တာပဲလား!"

ယဲ့ကျွင်းလင် အံ့သြတကြီးဖြစ်သွားရသော်ငြား တစ်ဖက်လူမှာ ကျင့်ကြံဆင့်များကို တစ်ဖန်ပြန်လည်ဖြည့်ဆည်းနေသော စစ်မှန်သောမသေမျိုး ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် ဤမျှမြန်ဆန်နေတာကို သူနားလည်နိုင်ပါသည်။

ထိုအချိန်တွင် ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်မှာ ဝိဉာဥ်အဆင့်တက်ခြင်း အစောပိုင်းအဆင့်သို့‌ ရောက်ရှိနေလေပြီ။

ဟုန်ချန်ယဲ့လည်း တစ်ချက်မျှအံ့သြသွားဟန်ရှိသော်ငြား ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်။ ဘဝတွင် အတက်အကျပေါင်းစုံကိုကြုံထားဖူးပြီးဖြစ်သဖြင့် ဤမျှသောအောင်မြင်မှုလေးကို မောက်မာထောင်လွှားစရာဟု သူမယူဆပါ။

သူ့နှလုံးသားထဲမှ ရည်မှန်းချက်ကမူ အလှမ်းဝေးနေသေးသည်။

ယဲ့ကျွင်းလင်က ချီးကျူးလာသည်။ "ရှောင်ဟုန် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်လိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာတစ်ယောက်အနေနဲ့ တကယ်ဝမ်းသာမိတယ် အခုဆို မင်းရဲ့ကျင့်ကြံဆင့်က ငါ့ကိုတောင်အမီလိုက်နိုင်တော့မယ်"

ဟုန်ချန်ယဲ့၏ဖီးနစ်မျက်လုံးများ မှေးကျဥ်းသွားပြီး အေးစက်စက်အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

သူသည် ဝိဉာဥ်အဆင့်တက်ခြင်းသို့ တက်လှမ်းလိုက်နိုင်ပြီဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားသော ယင်ယန်မီးတောက်ကျင့်စဥ်နှင့်ဆိုလျှင် တိုက်ရည်ခိုက်ရည်မှာ ကြောက်မက်ဖွယ်အစွမ်းထက်လို့နေပြီဖြစ်၏။

သူတို့နှစ်ဦး ကျင့်ကြံဆင့်မတူညီသေးလျှင်တောင် နီးတော့နီးကပ်နေပြီဟု ဟုန်ချန်ယဲ့ယူဆသည်။

အခု သူ့ဆရာကို ကျောခိုင်းလိုက်သင့်ပြီလား?

ဟုန်ချန်ယဲ့တစ်ယောက် အတွေးများပြောင်းလုဆဲဆဲတွင် အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။ "ဘာတွေငေးမောနေတာလဲ စားစရာရှိတာစားလေ"

ယဲ့ကျွင်းလင် သိုးသားကင်တစ်ချောင်းကောက်ကိုင်ပြီး သူ့ကို လှမ်းပေးလိုက်သည်။

ဟုန်ချန်ယဲ့ သိုးသားကင်ကို တွန့်ဆုတ်စွာလှမ်းယူလိုက်ပြီး ခေါင်းကိုငုံ့ကာ တိတ်တိတ်လေးစားနေလိုက်သည်။ အစောကအတွေးမှာ သူ့စိတ်ထဲတွင် ပေါင်းပင်များကဲ့သို့ အရိုင်းဆန်ဆန်ကြီးထွားလို့လာလေပြီ။

စားပြီးသောက်ပြီးချိန်တွင် ယဲ့ကျွင်းလင်သည် သွားကြားထိုးတံတစ်ချောင်းကိုကိုက်ကာ ခေါ်လိုက်သည်။ "ရှောင်ဟုန် ဆရာ့ကိုဇက်ကြောလေးလာဆွဲပေးစမ်းကွာ"

ဟုန်ချန်ယဲ့နှုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး စကားပြန်ပြောမလာပေ။ သို့သော် ယဲ့ကျွင်းလင်အနောက်တွင်လာရပ်ကာ လက်လှလှလေးများကိုဆန့်ထုတ်လျက် ပုခုံးပေါ်အသာတင်လိုက်သည်။

"မင်းဗိုက်မဝသေးဘူးလား အားထည့်ဦး အင်း အင်း ကောင်းတယ်"

"ဟေး အားလျှော့ဦးဟ"

ယဲ့ကျွင်းလင်၏မျက်နှာမှာ သက်တောင့်သက်သာနှင့် အတော်လေးဇိမ်ခံလို့ကောင်းနေသည့်နှယ်ပင်။

ဟုန်ချန်ယဲ့မှာ ဟိုကြည့်သည်ကြည့်ဖြစ်နေပြီး လက်များကို ငွေရောင်ဆံပင်နှင့်လူငယ်၏လည်ပင်းထက်သို့ မသိမသာဆန့်ထုတ်နေသည်မှာ လည်ပင်းညှစ်သတ်ရန်ကြံရွယ်နေသည်နှင့် တူလှ၏။

သူ့စိတ်နေသဘောထားအရဆိုလျှင် တစ်ပါးသူ၏လက်အောက်ခိုလှုံရသည့်ကိစ္စမျိုးကို လုံးဝမနှစ်သက်ခဲ့ပေ။ ယဲ့ကျွင်းလင်၏တပည့်လုပ်ဖို့ သဘောတူခဲ့ခြင်းဟာလည်း အခြေအနေအရသာဖြစ်၏။ အရေးကြီးဆုံး အကြောင်းရင်းကတော့ ယဲ့ကျွင်းလင်၏လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေလို၍ဖြစ်သည်။

သို့သော် ယခုအချိန်ထိ စောင့်ကြည့်နေသမျှကာလတွင်တော့ တစ်ဖက်လူ၏အမူအရာများမှာ သောက်ပျင်းတစ်ကောင် ဖြစ်နေရုံမှအပ စူးစမ်းထုတ်ဖော်စရာတစ်ခုမှရှိမနေပါလေ။

ထို့ကြောင့် ဟုန်ချန်ယဲ့လည်း ယဲ့ကျွင်းလင်ခိုင်းစားတာမှန်သမျှကို ဆက်သည်းမခံနိုင်တော့သည့်အဆုံး တစ်ဖက်လူအားတိုက်ခိုက်အညံ့ခံစေကာ ဤဆေးလုံးများနှင့် ကျင့်စဥ်များကို ဘယ်ကရလာသနည်းဟု အတင်းအကျပ်မေးမြန်းလိုလှ၏။

ထိုနည်းအတိုင်းသာဆိုလျှင် သူသိလိုသောအဖြေကိုရနိုင်ရုံသာမက ဒီနေရာမှာ တပည့်အဖြစ်ဆက်နေရန်လည်း မလိုအပ်တော့ပေ။

သို့သော် မေးမြန်းပြီးသွားလျှင်တော့ ယဲ့ကျွင်းလင်ကို သူအသေသတ်ခဲ့ဖို့စိတ်ကူးမရှိပါ။

သူက လူအများကို သိမ်းကျုံးသတ်ဖြတ်တတ်သော နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ပါသော်ငြား ယဲ့ကျွင်းလင်သည် သူ့အသက်ကို တစ်ခါကယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် အလွန်ဆုံး တစ်ဖက်လူကို ဖြစ်ပျက်သမျှအကုန်မေ့လျော့သွားအောင် ကျိန်စာတိုက်ခဲ့ရုံသာ လုပ်ခဲ့မည်ဟု တွေးထားသည်။ ထို့နောက် ရွှယ်ထျန်းဂိုဏ်းကို အပြီးတိုင်စွန့်ခွာကာ သူ၏ခရီးလမ်းအသစ်ကို စတင်ရမည်ဖြစ်၏။

ယဲ့ကျွင်းလင်မှာတော့ နီးကပ်လာသောအန္တရာယ်ကိုမမြင်နိုင်ဘဲ ဇိမ်ခံ၍ကောင်းနေဆဲပင်။

(ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်လောက်နဲ့ ဒီဆရာကြီးကို မင်းထိန်းချုပ်ထားနိုင်မယ်ထင်နေလား)

(ဒီအဓိပ္ပာယ်မရှိတဲ့ ဆရာတပည့်ဆက်ဆံရေးက ဒီနေ့မှာတင် အဆုံးသတ်ရမယ်)

ဟုန်ချန်ယဲ့၏မျက်နှာလှလှလေးမှာ ရေခဲများဖုံးလွှမ်းသွားသည့်နှယ် အေးစက်သွားပြီး ပြင်းထန်သောတိုက်ကွက်ဖြင့် ရိုက်ချတော့မည့်ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင် အသံလွှင့်ဓားပျံတစ်ခု ရောက်ရှိလာပြီး ၎င်း၏လမ်းကြောင်းမှာ မြူခိုးတောင်ထိပ်အား တောက်ပသောအလင်းရောင်တစ်သွယ်ရေးဆွဲသွားသည့်နှယ်ပင်။

"ဆရာတူညီလေးယဲ့ အစည်းအဝေးခန်းမကို မြန်နိုင်သမျှအမြန်ဆုံးလာပါ ကိုင်တွယ်ရမယ့်ကိစ္စတစ်ခု ရှိနေတယ်"

အသံလွှင့်ဓားပျံမှ ဂိုဏ်းချုပ်ရှယိုနျန်၏ လေးနက်သောအသံထွက်ပေါ်လာသည်။

"အမ်?"

ယဲ့ကျွင်းလင်မှေးနေရာမှ မျက်လုံးပွင့်လာပြီး ထထိုင်ကာ ခါးလှည့်ခေါင်းလှည့်ဖြင့် အကြောဆန့်နေလိုက်သည်။

"ကြည့်ရတာ ငါသွားရဦးမယ်ထင်တယ်"

ကြားဖြတ်ဝင်လာသောကိစ္စကြောင့် ဟုန်ချန်ယဲ့လည်း လက်တွ့န်သွားရသည်။

သူအခု ပြန်စလိုက်လို့ရသော်ငြား သူ့ခေါင်းထဲမှ ထိုသူကိုရန်မပြုရန်တားဆီးနေသော သတိပေးချက်တစ်ခု ရှိနေသကဲ့သို့ခံစားနေရသည်။

အကျိုးဆက်က လွန်စွာပြင်းထန်မည့်ပုံပင်။

မသေမျိုးအဆင့်သို့ တက်လှမ်းခဲ့ဖူးသော အတွေ့အကြုံရှိကျင့်ကြံသူတစ်ဦးအနေဖြင့် ဟုန်ချန်ယဲ့သည် ကျင့်ကြံသူအများစုထက် ပို၍သတိရှိတတ်သည်။ အဘယ့်ကြောင့်ဆိုသော ဆုံးဖြတ်ချက်လေးတစ်ခုကပင် သူ့ဘဝကို အပြီးတိုင်ပြောင်းလဲစေတတ်သည်ကိုး။

ယခု ချို့ယွင်းချက်များစွာရှိပြီး သောက်ပျင်းနှင့်တူသော ‌ပေါ့တီးပေါ့ဆရန်သူတစ်ဦးကို တိုက်ခိုက်တော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲမှသတိပေးခေါင်းလောင်းသံများက အလိုလိုမြည်ဟီးလာတော့၏။

(မဟုတ်မှ ဒီလူမှာဝှက်ဖဲတွေဘာတွေများ ရှိနေတာလား)

ဟုန်ချန်ယဲ့ ထိုအတွေးဖြင့် တွန့်ဆုတ်သွားမိသည်။

"ရှောင်ဟုန် ဆရာအခုသွားလိုက်ဦးမယ်"

"မင်းနှိပ်တာ အတော်လေးသက်တောင့်သက်သာရှိသားပဲ ပြန်လာရင် ဆရာ့ခြေထောက်တွေကိုနှိပ်ပေးဦး"

ယဲ့ကျွင်းလင်သည် ပြောပြောဆိုဆို လေထဲသို့ခုန်တက်ကာ ကောင်းကင်ယံထက် ပျံတက်ပျောက်ကွယ်သွားတော့၏။

ထိုစကားကိုကြားသော် ဟုန်ချန်ယဲ့တစ်‌ယောက် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ဒေါသူပုန်ထရပြန်သည်။ ဒင်းက ဒီသခင်ကို အစေခံလိုဆက်ဆံနေတာပဲ!

သူတွန့်ဆုတ်ခဲ့မိသည်ကို နောင်တရသွားသည်။

အခွင့်အရေးရတုန်း တစ်ခါတည်းလက်စတုံးပစ်လိုက်ရမှာ!

ဒီအရှက်မရှိတဲ့ ဆရာဆိုတဲ့ကောင်ကို အဝတ်ရေညှစ်သလို ညှစ်သတ်ပစ်မယ်!

ဝေဟင်ထက်တွင် ယဲ့ကျွင်းလင်၏ငွေဖြူရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်ခါလျက်ရှိပြီး နှုတ်ခမ်းထက်တွင် နောက်တောက်တောက်အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

ဟုန်ချန်ယဲ့၏ မသိမသာလှုပ်ရှားမှုလေးများကို ယဲ့ကျွင်းလင် အကုန်သတိထားမိပါသည်။ အရာအားလုံးကို သူဂရုတစိုက် စောင့်ကြည့်ထားခဲ့တာပင်။

သူ၏ လေဟာနယ်ကျင့်စဥ်မှာ အလိုအလျောက်ပင် ပြီးမြောက်အောင်မြင်သည့်အဆင့်အထိ တိုးတက်သွားခဲ့ပြီဖြစ်၏။

အမှန်တကယ်အန္တရာယ်ရှိလာသည်ဆိုလျှင် မည်မျှပင်အသက်ဘေးနီးကပ်နေပါစေ သူချက်ချင်းလွတ်အောင်ပြေးနိုင်မှာဖြစ်ပြီး တစ်ဖက်လူကို အပြတ်နှိမ်နင်းနိုင်စွမ်းလည်း အပြည့်ရှိသည်။

ထိုသို့သောယုံကြည်မှုကြောင့် ဟုန်ချန်ယဲ့ကြံစည်နေသည့်တစ်လျှောက်လုံး သူအေးအေးဆေးဆေးသာနေနိုင်ခဲ့တာပင်။

အစည်းအဝေးခန်းမတွင် ဂိုဏ်းချုပ်ရှယိုနျန်နှင့် တောင်ထိပ်သခင်များ စုရုံးဆွေးနွေးလျက်ရှိကြသည်။

ခန်းမအပြင်ဘက်တွင် ပျံသန်းလာသော ငွေရောင်ဆံပင်နှင့်လူငယ်လေးကိုမြင်သော် ရှယိုနျန်နွေးထွေးစွာနှုတ်ဆက်ကြိုဆိုလိုက်သည်။ "ဆရာတူညီလေး ရောက်လာပြီပဲ"

ရှယိုနျန်ဟာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ‌ရောက်ရှိသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်မှအရှိန်အဝါသည် ပို၍နက်နဲလာကာ မျက်လုံးများထဲတွင်လည်း ကြောက်မက်ဖွယ်လျှပ်စီးများ လင်းလက်လို့နေသည်။

ရှယိုနျန်မှာ ယဲ့ကျွင်းလင်ကို လွန်စွာကျေးဇူးတင်မိလေသည်။ တစ်ဖက်လူက ရွှယ်ထျန်းဂိုဏ်း၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ရုံသာမက သူ့ကိုလည်း ရှားပါးကောင်းကင်အဆင့် လျှပ်စီးအစွမ်းရှိကျင့်စဥ်တစ်ခု လက်ဆောင်ပေးခဲ့သေးရာ လျှပ်စီးအခြေခံတိုက်ကွက်များသုံးလေ့ရှိသော သူ့အတွက် လွန်စွာအထောက်အကူပြုပေသည်။

"ဆရာတူညီလေးယဲ့"

စန့်ကျန့်တောင်ထိပ်သခင်က လှမ်းနှုတ်ဆက်လိုက်ပြီး ကျန်တောင်ထိပ်သခင်များလည်း ပြုံးပြနှုတ်ဆက်လာကြလေသည်။

သူတို့အားလုံး၏ ကျင့်ကြံဆင့်အခြေခံများလည်း များစွာတိုးတက်လာခဲ့ပြီး ဝိဉာဥ်သန္ဓေအဆင့်သို့ရောက်ရှိရန် လက်တစ်ကမ်းသာလိုတော့သည့်အခြေအနေပင်။

သူတို့အတွက် ကျင့်ကြံစရာကျင့်စဥ်များ တိုက်ကွက်များမှာ ယဲ့ကျွင်းလင်၏ကျေးဇူးဖြင့် ပိုလို့အရည်အသွေးကောင်းလာသောကြောင့် အင်အားလည်း တစ်ပါတည်းတိုးမြင့်လာရလေသည်။ ထို့ကြောင့် သူတို့အားလုံးလည်း ယဲ့ကျွင်းလင်ကို လွန်စွာချစ်ခင်လေးစားလာကြ၏။

"အားလုံးပဲ ဂိုဏ်းမှာပြဿနာတစ်ခုခုများရှိနေလို့လား"

ယဲ့ကျွင်းလင်မေးလိုက်သည်။

ရှယိုနျန်က လေးနက်စွာရှင်းပြလာသည်။ "လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ရွှယ်ထျန်းဂိုဏ်းကကာကွယ်ပေးထားတဲ့ ဝေ့တိုင်းပြည်က သတင်းစကားတစ်ခုပို့လာတယ် သူတို့တိုင်းပြည်တွင်းမှာ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်နေတယ်တဲ့ နေရာအစုံကလူတွေ တစ်ယောက်ပြီးတစ်ယောက် သေနေကြတာတာတဲ့လေ သေဆုံးပုံတွေကထူးဆန်းပြီး အလောင်းတွေကလည်း သွေးတွေခြောက်ကပ်နေအောင် စုပ်ယူခံထားရတယ် သူတို့အစောပိုင်းအကဲဖြတ်ထားသ‌လောက်တော့ နတ်ဆိုးတွေလက်ချက်လို့ပဲ ကောက်ချက်ချထားတာပေါ့"

"ဒီအရေးကိုစုံစမ်းဖို့ ငါတပည့်တစ်အုပ်စု စေလွှတ်လိုက်ပေမယ့် ပျောက်ဆုံးသွားပြီ ပြန်ရောက်မလာခဲ့ကြတော့ဘူး ဝေ့တိုင်းပြည်မှာတော့ အခြေအနေတွေပိုပြင်းထန်လာပြီး လူသန်းပေါင်းများစွာနေထိုင်တဲ့ မြို့ကြီးတွေဟာလည်း သုသာန်တစပြင်အဖြစ် ပြောင်းလဲသွားခဲ့ရတယ်"

"ဒါနဲ့တင်မပြီးသေးဘူး ဝေ့တိုင်းပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာလည်း ဒီလိုအဖြစ်တွေကြုံလာရတယ် ဟွမ်ကျိုးပြည်နယ်အထိကိုပါပျံ့လာပြီး သေဆုံးပုံ၊သေဆုံးနည်းတွေကလည်း တစ်ပုံစံတည်းပဲ"

"ဒီလိုသာဆက်သွားနေရင်တော ဟွမ်ကျိုးလည်း မတည်မငြိမ်ဖြစ်လာတော့မှာပဲ နောက်ဆိုရင် ရွှယ်ထျန်းဂိုဏ်းကို တပည့်ခံချင်တဲ့ကျင့်ကြံသူတွေတောင် ဒီအရေးကိုကြောက်တာနဲ့မလာရဲတော့ရင် ဂိုဏ်းကပိုပြီးနာမည်ကျဖို့ပဲရှိတော့တယ် ဒီလိုတော့အဖြစ်မခံနိုင်ဘူး"

ယဲ့ကျွင်းလင် အစအဆုံးနားထောင်ပြီးသော် မျက်မှောင်ကြုတ်လိုက်မိသည်။ "အဲ့လောက်တောင်ဆိုးရွားနေတာလား ဘယ်သူလုပ်မှန်းလည်း မမြင်ဖူးကြဘူးပေါ့"

ရှယိုနျန် ခေါင်းယမ်းပြလိုက်သည်။ "မြင်တဲ့သူမှန်သမျှလည်း အသတ်ခံလိုက်ရတာဖြစ်ဖို့များတယ် အခင်းနေရာတွေမှာလည်း သွေးစုပ်ခံထားရတဲ့အ‌လောင်းတွေကလွဲပြီး ဘာမှမကျန်ခဲ့ဘူး"

ကျင့်ကြံရေးဂိုဏ်းတစ်ခုဟာ သင့်တော်တဲ့တပည့်သားတွေကို နှစ်တိုင်းမှန်မှန်မခေါ်ယူနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ ဂိုဏ်းကိုဆက်ခံမယ့်မျိုးဆက်သစ်လေးတွေရှားပါးလာပြီး နှစ်တွေကြာလာရင် ပျက်သုဥ်းခြင်းကိုပဲ ဆိုက်ရောက်သွားလိမ့်မယ်။

ထို့ကြောင့် ကျင့်ကြံရေးဂိုဏ်းကြီးများက သေမျိုးတိုင်းပြည်များကို အလွန်အလေးထားဆက်ဆံပေးကြခြင်းဖြစ်၏။ ဂိုဏ်းသားများကို အများဆုံးရှာဖွေခန့်အပ်နိုင်သောနေရာမှာ ထိုလူသားတိုင်းပြည်များသာဖြစ်သည်လေ။

ကံကောင်းလျှင် မျိုးစေ့ကောင်းကောင်းလေးများ (ပါရမီရှင်ငယ်လေးများ)ကို ရှာဖွေတွေ့ရှိနိုင်ပေသည်။

ဤအချက်ကိုလျစ်လျူရှုထားမိလျှင် ဂိုဏ်း၏လည်ပတ်ပုံက ပျက်သုဥ်းခြင်းသို့သာ ဦးတည်ပေမည်။

ဂိုဏ်းချုပ်ရှယိုနျန်မှာ ထိုအမှန်တရားကို ကောင်းစွာနားလည်လေသည်။

သူကိုယ်တိုင်သည်လည်း လွန်ခဲ့သောနှစ်၂၀၀အကြာက သာမန်တောင်ပေါ်ရွာလေးတစ်ခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရွှယ်ထျန်းဂိုဏ်း၏ အကြီးအကဲတစ်‌ဦးထံမှ အရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုအချိန်မှစကာ သူ၏ကျင့်ကြံရေးလမ်းစဥ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းပင်။

ယဲ့ကျွင်းလင် တွေးတွေးဆဆဖြင့်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ပြောတဲ့အတိုင်းဆိုရင် အဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဝေ့တိုင်းပြည့်ကနေစခဲ့ပြီးမှ အခုပိုဆိုးလာတာဆိုတော့ ပြဿနာအရင်းအမြစ်က ဝေ့တိုင်းပြည်မှာပဲရှိရမယ် အဲ့ကနေစဖြေရှင်းကြတာပေါ့"

သူ့မှတ်ဉာဏ်များအရ ဝေ့တိုင်းပြည်ကို ဝေ့မင်းဆက်ပြည်ထောင်ဟုလည်းခေါ်ဆိုပြီး လူဦးရေသန်း၈၀ခန့်ရှိသော တိုင်းပြည်ကြီးတစ်ခုဖြစ်၏။ ဟွမ်ကျိုးတွင် ထိုသို့သောတိုင်းပြည်မျိုး အနည်းဆုံး ရာချီတော့ရှိသည်သာ။

ထိုပြဿနာကို ဟွမ်ကျိုးတစ်လျှောက် ပျံ့နှံ့ခွင့်ပေးလိုက်မည်ဆိုပါက မျိုးသုဥ်းသည်အထိ မလွှဲမရှောင်သာ ပျက်ဆီးယိုယွင်းသွားပေတော့မည်။

ထိုအချိန်တွင် စနစ်၏သတိပေးသံထွက်ပေါ်လာသည်။

[တင်! တာဝန်အသစ်ရောက်ရှိပါတယ် ဝေ့တိုင်းပြည်ကိုသွားပြီး ကပ်‌ဘေးရဲ့အရင်းအမြစ်ကိုရှာဖွေစုံစမ်းပါ ပိုင်ရှင်အနေနဲ့ စိတ်ကူးလို့တောင်မရတဲ့ဆုလာဘ်များစွာကို ရရှိပါမယ်]

All Chapters