← Chapters

ကျောက်တုံးလား စက္ကူလား သေမလား

Vol. 1 Ch. 12

ကျောက်တုံးလား စက္ကူလား သေမလား

Vol. 1 Ch. 12

"စနစ် မင်းကအမြင်ရှိသားပဲ"

[တင်! အဟမ်း သိပ်မဆိုးပါဘူး]

ယဲ့ကျွင်းလင် ပုခုံးတစ်ချက်တွန့်လိုက်သည်။ မဟုတ်လည်း သူတောင်ပေါ်မှာ စားလိုက်အိပ်လိုက်နှင့် မှိုဆက်ရုံသာရှိတော့သည်ပင်။ အခုတော့ အပြင်ထွက်ကစားဖို့ အခွင့်အရေးကောင်းတစ်ခု ရလာလေပြီ။ လမ်းကြုံတုန်း အမှိုက်ပုံထဲကကောက်ရလာသော တပည့်လေးကိုလည်း ဆွဲခေါ်သွားရမည်။

"ဟုတ်တယ် ငါလည်း ဝေ့တိုင်းပြည်ကပဲစတာလို့ထင်တယ်"

ရှယိုနျန်ကလည်း ခေါင်းညိတ်ထောက်ခံလာသည်။

"ဂိုဏ်းချုပ် ကျွန်တော်သီးသန့်ခရီးတစ်ခုထွက်ပြီး ဒီကိစ္စကိုဖြေရှင်းမယ်ဆိုရင်‌ရော ဘယ်လိုလဲခင်ဗျ"

ယဲ့ကျွင်းလင်က အဆိုပြုလိုက်သည်။

ခန်းမထဲရှိ မျက်လုံးတိုင်းမှာ ယဲ့ကျွင်းလင်ထံသို့ ဝှစ်ခနဲရောက်ရှိလာ၏။

ရှယိုနျန်က မုတ်ဆိတ်ကိုအသာသပ်လျက် ပြုံးသည်။ "ဆရာတူညီလေးယဲ့ကတော့ တည့်တိုးချတာပါပဲလား အင်း မင်းသွားရင်ဒီအရေးက ပိုမြန်မြန်ပြီသွားလောက်မယ်ထင်တယ်"

"ဟုတ်ပြီ ဒါဆိုနောက်မှတွေ့ကြမယ်နော်"

ထို့နောက် ယဲ့ကျွင်းလင် ခန်းမမှထွက်လာလိုက်တော့သည်။

ထွက်သွားသောနောက်ကျောပုံရိပ်ကို လိုက်ကြည့်ရင်း ဓားဝှက်တောင်ထိပ်သခင်က စိုးရိမ်တကြီးပြောလာသည်။ "အာ ဆရာတူညီလေးယဲ့က ဒီပြဿနာကို ကိုင်တွယ်နိုင်ပါ့မလား"

"ဟဲ့ ငတုံးကောင် ဟိုကဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလေ ဒီဟွမ်ကျိုးပြည်နယ်လေးမှာ သူမကိုင်တွယ်နိုင်တာ ဘာရှိဦးမလဲ" ‌နတ်ပန်းရနံ့တောင်ထိပ်သခင်မက မျက်ဆံလှန်လျက် ပြောလာသည်။

ဟွမ်ကျိုးနယ်တွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူဆိုသည်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပေတည်း။

"သူသာမကိုင်တွယ်နိုင်ရင်တော့ ဟွမ်ကျိုးက မျှော်လင့်ချက်မရှိတော့ဘူး" ရှယိုနျန်ပြောရင်း အပြုံးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားရသည်။

ထို့နောက် သူခပ်မာမာဆိုလာသည်။ "အားလုံးပဲ အမြန်ကျင့်ကြံအားထုတ်ဖို့ပြင်ကြ မဆိုင်တဲ့အရာတွေ ခေါင်းထဲအရမ်းမထည့်နဲ့ ဆရာတူညီလေးရဲ့ ငါတို့အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို မဖျက်ဆီးမိစေနဲ့"

"ဟုတ်ကဲ့"

အားလုံး တုံ့ပြန်လိုက်ကြ၏။

*******

အရှေ့ပိုင်းစီရင်စုတွင် ဟွမ်ကျိုးပြည်နယ်မှာ အလွန်သေးငယ်သည်ဟုဆိုနိုင်သည်။ ထို့အပြင် ခြောက်သွေ့ခေါင်ခိုက်ကာ အစွန်အဖျားကျသောကြောင့် အခြားပြည်နယ်မှ ကျင့်ကြံသူများက ခေတ်နောက်ကျသောနေရာဟု ခေါ်ဆိုသတ်မှတ်ခြင်းခံရတတ်သည်။

သို့သော် ထိုသတ်မှတ်ချက်မှာ ကျင့်ကြံရေးလောကအတွက်သာပင်။

သာမန်လူများအတွက်တော့ ဟွမ်ကျိုးပြည်နယ်သည် အဆုံးအစမဲ့ကျယ်ပြောလှ၏။ တိုင်းပြည်တစ်ခုမှ တစ်ခုကို နေ့မနားညမနား ပင်ပင်ပန်းပန်းခရီးဆက်လျှင်တောင် အမြန်ဆုံး နှစ်လ၊ သုံးလတော့ ကြာတတ်သည်သာ။ ထို့ထက်ပိုဝေးသောသူများမှာတော့ တစ်သက်လုံး တွေ့ဆုံရဖို့ကိုလမ်းမမြင်တော့ပေ။

ကောင်းကင်တွင် တိမ်တိုက်များနှင့် မြူခိုးများ ရောယှက်ရွေ့လျားလျက်ရှိသည်။

ထိုခပ်မှိုင်းမှိုင်းကောင်းကင်ယံထက်တွင် ကြယ်တံခွန်နှစ်စင်းကဲ့သို့ ရှေ့ဆင့်နောက်ဆင့်ပျံသန်းနေကြသော ပုံရိပ်နှစ်ခုရှိသည်။

ယဲ့ကျွင်းလင်မှ အဝေးရှိ တောင်တန်းမြစ်ချောင်းများ၏ သဘာဝအလှတရားကိုခံစားရင်း သီချင်းလေးတညည်းညည်းဖြင့် ခရီးဆက်နေလေသည်။

ဟုန်ချန်ယဲ့ကတော့ အရှေ့ကပုံရိပ်ကို စူးစိုက်ကြည့်ရင်း မြူခိုးတောင်ထိပ်‌ပေါ်တွင်ဖြစ်ပျက်ခဲ့သော ကိစ္စများကိုပြန်သတိရကာ မကျေနပ်မှုများ ပိုလို့တိုးပွားလာ‌တော့၏။

(ထားလိုက်ပါ လမ်းမှာအခွင့်အရေးပေါ်လာနိုင်ပါသေးတယ်)

(ငါ့လက်ထဲသာကျလာလို့ကတော့ သေအောင်နှိပ်စက်ပစ်ဦးမယ်)

ယဲ့ကျွင်းလင် မသိမသာလေးပြုံးလိုက်မိသည်။ အ‌နောက်မှလူပစ်လွှတ်နေသော လေဆာအကြည့်များကို သူရှင်းရှင်းလင်းလင်းခံစားမိပါသည်။

(သူ့ကြည့်ရတာ အတော်လေးမကျေနပ်နေပုံပဲ ဟိဟိ)

(ဒီလိုဆို‌‌တော့လည်း ငါမင်းကိုဖြည်းဖြည်းချင်း လေ့ကျင့်ပေးရသေးတာပေါ့ကွာ)

သိပ်မကြာခင်အချိန်အတွင်းမှာပင် သူတို့ ဝေ့မင်းဆက်ပြည်ထောင်ကို ရောက်ရှိလာခဲ့သည်။

ဝေဟင်မှ ငုံ့ကြည့်လိုက်သော မြို့ကြီးမြို့ငယ်များကို စီစီရီရီ စနစ်တကျပိုင်းခြားထားသော တိုင်းပြည်တစ်ခုကို တွေ့လိုက်ရ၏။

သွားလာလှုပ်ရှားနေသော တိုင်းသူပြည်သားများမှာမူ သူတို့အမြင်တွင် ပုရွက်ဆိတ်လေးများအလား သေးငယ်လှပေသည်။

လူသားတို့၏ကံကြမ္မာမှာ မွေးဖွားလာစဥ်ကတည်းက ဆုံးဖြတ်ပြီးသားပင်။ အချို့လူများက ဇိမ်ခံပစ္စည်းများကြားတွင် မွေ့လျော်နိုင်ပြီး စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေကို မက်မောကြသည်။ အချို့လူများကတော့ ဆင်းရဲနွမ်းပါးလှကာ ဆန်ကြမ်းနှင် ဟင်းသီးဟင်းရွက်များကိုသာ စားသောက်နိုင်လေသည်။ အချို့လူများမှာတော့ ပင်ပန်းဆင်းရဲစွာ ကြိုးစားရုန်းကန်နေရပြီး နောက်ဆုံးတော့လည်း ဝေဒနာပြင်းထန်စွာပင် သေဆုံးသွားရပြန်၏။

ဤလောကတွင် ကံကြမ္မာကိုလွန်ဆန်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံရေးပင်ဖြစ်၏။

"ဟင်? အောက်မှာတစ်ခုခုဖြစ်နေကြပုံပဲ"

ယဲ့ကျွင်းလင်က မျက်လုံးများကိုမှေးကျဥ်း၍ကြည့်ကာ ဆိုလာသည်။

ဟုန်ချန်ယဲ့လည်းလိုက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင်တုံ့ပြန်လိုက်သည်။ "ကြည့်ရတာ ရွာတစ်ရွာ ဓားပြတိုက်ခံနေရတယ်ထင်ပါ့"

သူ့အတွက်တော့ ထိုကိစ္စများက မြင်ဖူးနေကျပင်။

"အဲ့လိုလား အောက်ဆင်းပြီး တစ်ချက်လောက်သွားကြည့်ရအောင်"

ယဲ့ကျွင်းလင်ကတော့ မျက်နှာထားပြောင်းသွားကာ ထိုရွာထံသို့ ဦးတည်ပျံသန်းလိုက်သည်။

"ပျင်းစရာကောင်းချက်"

ဟုန်ချန်ယဲ့ နှုတ်ခမ်းမဲ့ကာရေရွတ်လိုက်သော်ငြား အနောက်ကလိုက်သွားရုံသာတတ်နိုင်ခဲ့လေသည်။

ထိုအချိန်တွင် မက်မွန်ပန်း‌ကျေးရွာလေးတွင်တော့ မီးတောက်များက ကောင်းကင်ယံသို့ထိုးတက်နေကြပြီး လေထုမှာလည်း မီးခိုးလုံးများဖြင့် ပြည့်နှက်လို့နေသည်။

ရွာသူရွာသားအများအပြားမှာ ဓားပြများထံမှ ခွေးမောင်းဝက်မောင်း အမောင်းခံနေရပြီး ရွာလယ်ရှိကွင်းပြင်ကျယ်တွင် စုဝေးနေကြရသည်။

နာခံခြင်းမရှိသော၊ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသောသူတို့မှာ ထိုကြမ်းတမ်းလှသည့်ဓားပြများ၏ဓားချက်အောက်တွင် ပွဲချင်းပြီးအသက်ပျောက်ရပေမည်။

ပုံမှန်အားဖြင့် ငြိမ်းချမ်းသာယာလျက်ရှိသောရွာလေးမှာ အခုတော့ ငိုရှိုက်သံများ၊ အသနားခံတောင်းပန်သံများဖြင့် ပြည့်နှက်လို့နေလေပြီ။

"လူကြီးမင်းတို့ရေ ကျုပ်တို့ရွာကဆင်းရဲတဲ့နေရာမှာတော့ နာမည်ကြီးပါဗျာ ကျွန်တော်တို့မှာပိုင်ဆိုင်တာဆိုလို့ မွေးမြူထားတဲ့ ကျွဲနွားတွေ ကြက်တွေ ဘဲတွေ သိုးတွေပဲရှိတာပါ လူကြီးမင်းတို့ကြိုက်တာယူသွားနိုင်ပါတယ် အပြစ်မဲ့တဲ့လူတွေကိုတော့ မသတ်ကြပါနဲ့ခင်ဗျာ"

ဆံပင်များဖြူနေပြီဖြစ်သော မက်မွန်ပန်းရွာသူကြီးမှာ တောင်ဝှေးကိုအားပြုလျက် အရှေ့သို့ထွက်လာပြီး အသနားခံရှာလေသည်။

"ထွက်သွားစမ်း"

ဓားပြတစ်ဦးက စိတ်မရှည်စွာဖြင့် တစ်ချက်ဆောင့်ကန်လိုက်သော် ရွာသူကြီးမှာလဲကျသွားပြီး သွေးများအန်ထွက်လာရတော့၏။

ဓားပြအုပ်စုမှာ အယောက်တစ်ရာခန့်ရှိပြီး ကြောက်စရာမျက်နှာသွင်ပြင်များဖြင့် ထက်ရှသောဓားရှည်တို့ကိုကိုင်‌ဆောင်ထားကာ ရာပေါင်းများစွာသောရွာသားတို့အား ဖမ်းဆီးစုဝေးလျက်ရှိသည်။

ရွာသူရွာသားအားလုံးမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးလူကြီးမကျန် ကြောက်ရွံမှုဖြင့် တုန်ရီနေကြရှာတော့သည်။

"ခေါင်းဆောင် အားလုံးရောက်ပါပြီ"

ငယ်သားဓားပြတစ်ဦးက ဓားပြခေါင်းဆောင်ထံ ရိုသေစွာတင်ပြလိုက်သည်။

မုန်တိုင်းနက်ဓားပြအဖွဲ့ခေါင်းဆောင်သည် ကိုယ်ထည်မြင့်မားသောမြင်းတစ်ကောင်ကို စီးနင်းလာပြီး လူအုပ်ကြားထဲသို့ တည်ငြိမ်သောအမူအရာဖြင့် လျှောက်ဝင်သွားလိုက်သည်။

အံ့သြစရာကောင်းလောက်အောင်ပင် ထိုဓားပြခေါင်းဆောင်မှာတော့ လူကြမ်းလူမိုက်ပုံမဟုတ်ဘဲ ပညာတော်သင်တစ်ဦးကဲ့သို့ ပုံပန်းသဏ္ဍာန်ရှိလေသည်။ ဖျတ်ခနဲအကြည့်တွင် ကိုယ်ပိုင်စာသင်ကျောင်းတစ်ခု၏ ဆရာတစ်ယောက်လို အထင်ရောက်နိုင်ဖွယ်ပင်။

လူအုပ်ထဲတွင် မျက်စိဖမ်းစားဖွယ် အနီရောင်ဝတ်ရုံဆင်တူဝတ်ဆင်ထားသော စုံတွဲတစ်တွဲကို မြင်လိုက်ရသည်။ ကြည့်ရသလောက်တော့ ခန်းဆောင်ဝင်ခါနီး အသစ်စက်စက်မင်္ဂလာမောင်နှံဖြစ်ပုံရလေ၏။

မုန်တိုင်းနက်ဓားပြခေါင်းဆောင်သည် ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ပြီး ထိုစုံတွဲကိုလက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။ "သူတို့ကိုဆွဲထုတ်လာခဲ့စမ်း"

"ဟုတ်ကဲ့ ခေါင်းဆောင်"

ငယ်သားအချို့က ချက်ချင်းရှေ့ထွက်လာကြသည်။

"ဟင့်အင်း"

"မလုပ်ပါနဲ့ လွှတ်ပေးကြပါ"

အသစ်စက်စက် မင်္ဂလာမောင်နှံနှစ်ဖော်မှာ ‌မြေပြင်ထက် ဖိချခံလိုက်ရတော့၏။

သူတို့နှစ်ဦး၏မျက်လုံးများမှာ ရောက်ရှိလာတော့မည့်ကံကြမ္မာကို ကြောက်ရွံ့နေသကဲ့သို့ စိုးရိမ်စိတ်ပြည့်ဖြင့်ရှိလေသည်။

မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မြင်းပေါ်မှလွှားခနဲဆင်းပြီး သတို့သမီးလေးထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။ ထို့နောက် သူမ၏မေးစေ့ကိုဆွဲကိုင်မော့ကာ နူးနူးညံ့ညံ့မျက်နှာလေးကိုသေချာကြည့်ပြီး ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ "မင်းက ချစ်စရာလေးပါလား"

"ချမ်းသာပေးပါ ချမ်းသာပေးပါ"

သတို့သမီးက ကြောက်လန့်တကြားဖြင့် အသနားခံသည်။

"ငါ့မိန်းမကိုမထိနဲ့ အခုလွှတ်လိုက်စမ်း"

သတို့သားမှာ တစ်စုံတစ်ခုကိုတွေးလိုက်မိသကဲ့သို့ မျက်လုံးများပေါက်ထွက်လာမတတ် အော်ဟစ်လေသည်။

ရွာသားအပေါင်းမှာလည်း သတို့သမီး၏ကံကြမ္မာကို ကြိုသိနေသည့်အလား ခေါင်းများကိုတွင်တွင်ငုံ့ထားလိုက်ကြသည်။

သို့သော် မည်သူမျှထင်မှတ်မထားသည့်မေးခွန်းတစ်ခုကို ဓားပြခေါင်းဆောင်ကြမေးလာသည်။ "မင်းခင်ပွန်းကို မင်းချစ်လား"

သတို့သမီးမှာလည်း ဓားပြခေါင်းဆောင်ထံမှ ထိုစကားကိုမျှော်လင့်မထားဟန်ဖြင့် ကြောင်အသွားရ၏။

ထို့နောက် အသာအယာခေါင်းညိတ်လျက်ဖြေလိုက်သည်။ "ဟုတ် ကျွန်မချစ်ပါတယ်"

ဓားပြခေါင်းဆောင်က သတို့သားထံတစ်ဖန်လှည့်၍ ထပ်မေးသည်။ "မင်းကရော သူ့ကိုချစ်လား"

ရိုးသားသောမျက်နှာဖြင့် သတို့သားမှာ မုန်တိုင်းနက်ဓားပြခေါင်းဆောင်ကိုမျက်နှာချင်းဆိုင်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။ "သေချာပေါက် ကျွန်တော်သူ့ကိုသိပ်ချစ်တာပေါ့ ကလေးဘဝကလေးက အချစ်ဦးတွေဖြစ်ခဲ့ပြီး အရွယ်ရောက်လာရင် သူ့ကိုလက်ထပ်ဖို့ရည်ရွယ်ထားခဲ့တာ အခုအဲ့ဒီဆန္ဒပြည့်မြောက်သွားပြီမလို့ ကျွန်‌တော်သူ့ကို တစ်ဘဝလုံး ကောင်းကောင်းဆက်ဆံပေးသွားမှာ"

"အစ်ကိုထျဲကျူး"

‌ရှောင်မေ၏မျက်လုံးများမှာ မျက်ရည်များဖြင့်ဝေဝါးနေကာ ရှိုက်သံဖြင့်ခေါ်ဆိုလာသည်။

မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ အခိုက်အတန့်မျှတိတ်ဆိတ်သွားပြီးနောက် အခြားရွာသားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။

ငယ်သားတစ်‌ယောက်က အမိန့်ကိုချက်ချင်းနားလည်စွာဖြင့် ထိုရွာသားကို ချက်ချင်းရှင်းထုတ်ပစ်လိုက်သည်။ ကြောက်ရွံ့တုန်လှုပ်နေကြသော မရေမတွက်နိုင်သည့် အကြည့်များစွာကြားတွင် ထိုရွာသား၏လည်ပင်းကို ဓားဖြင့် ရွှိခနဲလှီးဖြတ်ချလိုက်ခြင်းပါပေ။

သွေးများမှာ မြေပြင်ထက်အိုင်ထွန်းသွားပြီး လိမ့်ကျလာသောခေါင်းပြတ်ကြီးမှာ သနားစဖွယ်မျက်နှာအမူအရာကြီးဖြင့်ပင်။

"အားးး"

လူအုပ်ကြီးမှာလည်း ကြောက်လန့်တကြား အာမေဋိတ်များပြုမိကြတော့၏။

ငြိမ်းချမ်းစွာ မသေဆုံးခဲ့ရသော ထိုသူ၏ခေါင်းပြတ်မှာလည်း မျက်လုံးတောင်မမှိတ်နိုင်ခဲ့ရှာ၊ ပြူကျယ်စွာပွင့်ဟလျက်ပင်။

ဓားပြခေါင်းဆောင်က ခပ်မြူးမြူးပြုံးလျက် ထိုခေါင်းပြတ်ကို မင်္ဂလာမောင်နှံ၏အရှေ့ရောက်အောင် ကန်ထုတ်ပေးလိုက်သည်။

ရှောင်မေမှာ ကြောက်လွန်း၍ မျက်နှာတစ်ပြင်လုံးအသွေးအရောင်မရှိတော့ဘဲ ထိုခေါင်းပြတ်ကိုလည်း စေ့စေ့မကြည့်ရဲပေ။

ထျဲကျူးမှာလည်း ဖြူဖျော့နေသောမျက်နှာအရောင်ဖြင့် ရင်တဒုန်းဒုန်းတုန်လျက်ရှိသည်။

"ဟေ့နှစ်ယောက် ငါရုတ်တရတ်ကြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြံဉာဏ်တစ်ခုရလာတယ် သိလား"

ဓားပြခေါင်း‌ဆောင်က ရယ်သွမ်းသွေးလျက်ဆိုသည်။ "မင်းတို့နှစ်ယောက် ကျောက်တုံး စက္ကူ ကတ်ကြေးဆော့ကြလေ တစ်ပွဲနိုင်ရင်နိုင်ပြီပဲ ရှုံးတဲ့သူက အသတ်ခံရမယ် ဘယ်လိုလဲ"

"ဒါပေမယ့် မင်းတို့နှစ်ယောက်ကို သီးသန့်ဆွေးနွေးချိန်နည်းနည်းလောက်ပေးပါ့မယ်ကွာ"

ထျဲကျူးနှင့်ရှောင်မေမှာ ဘာကြောင့်ဒီလိုလုပ်ရမည်ကို နားမလည်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။

ဓားပြခေါင်းဆောင်ကတော့ တွေဝေနေသောနှစ်ယောက်ကိုကြည့်ကာ အပြုံးကအေးစက်သွားပြီး ဒေါသတကြီးပြောလာသည်။ "ဘာလဲ မဆော့ချင်ဘူးလား အဲ့ဒါဆိုလည်းသေကြကွာ"

"မဟုတ် မဟုတ်ပါဘူ ကျွန်တော်တို့‌ဆော့ပါ့မယ်"

ထျဲကျူးက အမြန်ဖြေလိုက်သည်။ နှစ်ယောက်လုံးသေသည်ထက် တစ်ယောက်ရှင်ကျန်ခဲ့သည်က ပိုကောင်းပေမည်။

"ကောင်းပြီ ဒါဆိုစကြတော့"

ဓားပြခေါင်းဆောင်ကို လက်ကိုဝှေ့ယမ်းလျက်ပြောလိုက်သည်။

ထျဲကျူက ရှောင်မေကိုထောင့်တစ်ထောင့်သို့ဆွဲခေါ်ကာ အ‌လေးအနက်ပြောသည်။ "ရှောင်မေ ငါကကျောက်တုံးထုတ်မှာမလို့ မင်းကစက္ကူထုတ်လိုက်နော် ဒါဆိုအသက်ရှင်နိုင်သွားလိမ့်မယ်"

ရှောင်မေမှာ နီရဲနေသောမျက်လုံးများဖြင့် ရှိုက်ငိုလျက်ပြောလာသည်။ "အစ်ကိုထျဲကျူး အဲ့လိုမလုပ်ပါနဲ့ ကျွန်မရှင့်ကိုမသေစေချင်ဘူး"

ထျဲကျူက ရိုးစင်းစွာပြုံးပြလိုက်ပြီး ရှောင်မေ့ခေါင်းလေးကိုပွတ်လျက်ပြောလိုက်သည်။ "ငါမင်းကိုတစ်ဘဝလုံးကောင်းကောင်းဆက်ဆံပါ့မယ်လို့ ပြောခဲ့တယ်လေကွာ"

"အစ်ကိုထျဲကျူး နောက်ဘဝလည်း ကျွန်မတို့ဇနီးမောင်နှံထပ်ဖြစ်ကြမယ်နော်"

ရှောင်မေက ကြေကွဲစွာဆိုလာသည်။

ချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက်မှီလျက် ခေတ္တမျှငြိမ်သက်နေခဲ့ကြသည်။

အချိန်တိုလေးမှာ ခဏချင်းအတွင်း ကုန်ဆုံးသွားရလေပြီ။

အေးစက်သောအသံတစ်သံထွက်လာသည်။ "အချိန်စေ့ပြီ သူတို့ကိုခေါ်ခဲတော့"

"ဟုတ်ကဲ့"

ထို့နောက်ငယ်သားအချို့က ထျဲကျူးနှင့်ရှောင်မေကို ဓားပြခေါင်းဆောင်ထံ ဆွဲခေါ်သွားကြလေသည်။

ဓားပြခေါင်းဆောင်က တည်ငြိမ်စွာဆိုသည်။ "အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ရအောင်"

"နေပါဦး"

ထျဲကျူးက သတ်လတ်ပိုင်းဓားပြခေါင်းဆောင်ကိုကြည့်လျက် ရဲဆေးတင်ကာမေးခွန်းထုတ်လာသည်။ "အနိုင်ရတဲ့သူကို တကယ်အသက်ချမ်းသာပေးမှာလား"

"မင်းကများ ငါတို့ခေါင်းဆောင်ကို မေးခွန်းထုတ်ရဲတယ်?" ငယ်သားတစ်ဦးက ဒေါသတကြီးဖြင့်အော်လိုက်သည်။

ဓားပြခေါင်းဆောင်ကတော့ အသာပြုံးလျက်ပြောသည်။ "ဒါပေါ့ မင်းကိုလိမ်လို့ ဘာအကျိုးအမြတ်ရမှာမလို့လဲ"

"ကောင်းတယ်"

ထျဲကျူး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူအရှေ့မှရှောင်မေကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။ "စလိုက်ကြရအောင်"

ထို့နောက် လူအများ၏ရှေ့တွင် သူတို့ ကျောက်တုံး စက္ကူ ကတ်ကြေးဂိမ်းကို ဆော့ကြလေသည်။

ထို့နောက် ရလဒ်ကိုကြည့်ပြီး ထျဲကျူးဆွံ့အသွားရ၏။

ရှောင်မေ၏မျက်နှာလှလှလေးတွင် အံ့သြထိတ်လန့်မှုများပြည့်နှက်သွားပြီး ငိုယိုလျက်အော်ဟစ်လာသည်။ "ကျွန်မမှားသွားတာပါ မသတ်ပါနဲ့ မသတ်ပါနဲ့"

ဟားဟားဟားဟား...

မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မျက်ရည်ထွက်ကျတော့မတတ် မဆုံးနိုင်အောင် လှောင်ပြောင်အော်ရယ်နေတော့လေသည်။

သူတို့သဘောတူညီထားတဲ့အတိုင်း ထျဲကျူးက ကျောက်တုံးကိုထုတ်ခဲ့ပါသည်။

သို့သော် ရှောင်မေက ကတ်ကြေးကိုထုတ်ခဲ့လေ၏။

All Chapters