← Chapters

မဟုတ်မှလွဲရော သူလား?

Vol. 1 Ch. 13

မဟုတ်မှလွဲရော သူလား?

Vol. 1 Ch. 13

"ဘာကြောင့်လဲ ဘာကြောင့်ဒီလိုလုပ်ရတာလဲ ကိုယ်မင်းကိုလိမ်မယ်လို့ မင်းထင်နေတာလား" ထျဲကျူးအမြင်အာရုံများ မှုန်ဝါးလာလျက် တုန်ယင်စွာရေရွတ်လေသည်။

သူ၏ဖြူစင်ရိုးသားသော ချစ်ခြင်းမေတ္တာများ ခွေးကျွေးခံလိုက်ရသည့်နှယ်။

"ဝူးး ကျွန်မမှားသွားတာပါ နောက်ထပ်မလုပ်တော့ပါဘူး" ရှောင်မေက မြေကြီးပေါ်ဒူးထောက်လျက် အော်ဟစ်ငိုယိုကာ တောင်းပန်လာသည်။ "အစ်ကိုထျဲကျူး ကျွန်မကိုကယ်ပါဦး ကျွန်မမသေချင်သေးဘူး"

မုန်တိုင်းနက် ဓားပြခေါင်းဆောင်ကတော့ နောင်တတရားများခြုံလွှမ်းနေသောအသံဖြင့် ဖြည်းညင်းစွာခေါင်းယမ်းလျက် ဆိုလာသည်။ "ငါလည်း အရင်တုန်းကတော့ ငယ်ချစ်ဦးတစ်ယောက်ရှိခဲ့ဖူးတာပါပဲ ငါတို့လက်ထပ်ပြီး ကလေးတွေအများကြီးယူကြမယ် အတူတူကြီးပြင်းသွားကြမယ်လို့ ကတိတွေထားခဲ့ကြတာ တော်ဝင်ပညာသင်ဆုစာမေးပွဲကို အောင်မြင်ပြီးမှ သူ့ကို လူရှစ်ယောက်ထမ်းဝေါယာဥ်နဲ့ တင်တောင်းလက်ထပ်မယ်လို့ တိတ်တဆိတ်ကတိပြုခဲ့ဖူးတယ်"

"ကံမကောင်းစွာနဲ့ပဲ တော်ဝင်စာမေးပွဲကိုမအောင်မြင်ခဲ့ဘူး ဒီတော့ ဆင်းရဲတဲ့စာသင်သားတစ်ယောက်အနေနဲ့ပဲ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုမှာ လစာနည်းနည်းနဲ့ ဆရာဝင်လုပ်ခဲ့ရတာပေါ့"

"ငါစာမေးပွဲမကျခင်အချိန်ကတည်းက သူက ငါနဲ့လက်ထပ်မယ့်နေ့ကို နောက်ဆုတ်ထားခဲ့တာ ငါကတော့ သူများအဆင်သင့်မဖြစ်သေးလို့လားဆိုတဲ့စိတ်နဲ့ အရင်လိုဂရုတစိုက်ဆက်ဆံပေးခဲ့တာပဲ ဒါပေမယ့် စာနာတတ်တဲ့ အစေခံတစ်‌ယောက်က အဲ့အပျက်မ ငါ့ကွယ်ရာမှာ စုမိသားစုက သခင်လေးနဲ့ ဇာတ်လမ်းရှုပ်နေတဲ့အကြောင်း ပြောပြလာခဲ့တယ်"

"အဲ့ဒီအချိန်ကျမှ သူငါ့အပေါ်စိတ်မရှိတော့ကြောင်း ငါနားလည်ခဲ့ရတာလေ"

သတ်လတ်ပိုင်းဓားပြခေါင်းဆောင်ဟာ ပြောရင်း‌ပြောရင်းဖြင့် တစ်ချိန်ကသူမြင်တွေ့ခဲ့ရသော သည်းမခံနိုင်လောက်သည့် ထိုမြင်ကွင်းကို ပြန်လည်မြင်ယောင်လာဟန်ဖြင့် မျက်လုံးတို့မှာ သွေးနီရောင်လွှမ်းလာကာ လေသံမှာလည်း နာကျည်းမှုများဖြင့် စူးနင့်လျက်ရှိလေသည်။

"ငါသူ့ကိုမေးခွန်းထုတ်ဖို့ ပြေးသွားလိုက်ပေမယ့် ဘာကိုပဲတွေ့လိုက်ရသလဲသိလား အိမ်ထဲမှာဖောက်ပြန်နေတဲ့ အဲ့ဒီစုံတွဲကိုပေါ့"

ထိုမြင်ကွင်းကို မျက်စိရှေ့မှာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပြီးနောက် ထိုစုမိသားစု၏သခင်လေးဟာ ဒေါသတကြီးဖြင့် သူ့ကိုချုပ်နှောင်ထားဖို့ လက်အောက်ငယ်သားများအား အမိန့်ပေးကာ ထိုရွံရှာစရာမြင်ကွင်းကို အတင်းအကျပ် ဖိအားပေးကြည့်ရှုခိုင်းစေလေသည်။

သူချစ်ရတဲ့မိန်းမက တစ်ခြားယောက်ျားတစ်ယောက်ကို သာယာမှုပေးနေတဲ့မြင်ကွင်း၊ သူမရဲ့ တပ်မက်မှုအပြည့်နဲ့ အော်သံတွေကို သူလုံးဝမေ့လို့ရတော့မည်မဟုတ်ပါ။

"တွေ့လား ဒါမင်းတစ်ဘဝလုံး ပျော်အောင်ထားချင်လှပါတယ်ဆိုတဲ့ မိန်းမရဲ့ အချိုးပဲ"

မုန်တိုင်းနက်ဓားပြခေါင်းဆောင်က ထျဲကျူး၏နဖူးကို လက်ညှိုးဖြင့်ထောက်လျက် ရယ်မြူးပျော်ရွှင်စွာဆိုလေသည်။

ထျဲကျူးမှာတော့ အသက်မဲ့နေသောအလောင်းကောင်ကဲ့သို့ စိတ်ပျက်အားလျော့လျက်ရှိလေသည်။

အော်ဟစ်ငိုယိုနေသော ရှောင်မေမှာတော့ ဓားပြတစ်ဦး၏ဓားမြှောင်ဖြင့် ခေါင်းဖြတ်ခံလိုက်ရကာ သွေးများက ဒလဟောပန်းထွက်လာတော့၏။

ရွာသားများမှာတော့ ဆောင်းတွင်းပုရစ်များကဲ့သို့ တုတ်တုတ်ပင်မလှုပ်ရဲကြပါချေ။

အဝေးတစ်နေရာတွင်တော့ ရှည်သွယ်သွယ်ပုံရိပ်နှစ်ခုက တောင်ထိပ်ထက်တွင်ရပ်လျက် ပွဲကြည့်နေကြသည်။

ဖြစ်စဥ်တစ်ခုလုံးကို အစအဆုံးမြင်တွေ့လိုက်သော ဟုန်ချန်ယဲ့မှာ လက်ပိုက်လျက် ခပ်မြူးမြူးပြုံးကာဆိုသည်။ "စိတ်ဝင်စားစရာပဲ ဒီဇာတ်လမ်းကိုကြိုက်တယ်"

ယဲ့ကျွင်းလင်ကတော့ မျက်မှောင်ကြုတ်လျက် စဥ်းစားခန်းဝင်နေသည်။ ထိုမုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မြင်ရသလောက်ရိုးရှင်းပုံမရပေ။ တစ်ခုခုတော့ထူးဆန်းနေသည်။

ထိုအချိန်တွင် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏ စနောက်ချိန်မှာတော့ ပြီးဆုံးသွားလေပြီ။

"ကဲ စီးပွားရေးလေးစလိုက်ကြရအောင်"

သူက မျက်လုံးဆုံချက်ပျောက်ကာ ကိုမာဝင်သကဲ့သို့ မလှုပ်မယှက် မြေပြင်ထက်တွင်လဲကျနေသော ထျဲကျူးကို လက်နှစ်ချောင်းဖြင့်ညွှန်ပြလျက်ဆိုသည်။

"သဘောတူညီချက်အတိုင်း မင်းကိုမသတ်တော့ဘူး ဒါပေမယ့် ကျန်တဲ့သူတွေကတော့ ဟဲဟဲ"

မုန်တိုင်းနက်ဓားပြခေါင်းဆော၏အရှိန်အဝါ ဖြာထွက်လာပြီး မျက်လုံးများက သွေးနီရောင်အလင်းတန်းတစ်ခုဖြင့် ရက်စက်စွာတောက်ပလာကြသည်။ မြေပြင်ထက်တွင် ဒူးထောက်လျက်ရှိကြသောရွာသားအုပ်စုကြီးကိုကြည့်ရင်း နှုတ်ခမ်းတစ်ဖက်ကိုအပေါ်ပင့်လျက် မဲ့ပြုံးပြုံးလိုက်၏။

"မြန်မြန် ရှောင်ကြတော့ ဓားပြခေါင်းဆောင်က သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထုတ်သုံးတော့မယ်"

ဘေးပတ်လည်မှ ဓားပြငယ်သားများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အ‌နောက်သို့ဆုတ်သွားကြလေသည်။

မုန်တိုင်းနက်ဓားပြခေါင်းဆောင် စတင်စားသောက်ပါတော့မည်။

ရွှစ် ရွှစ် ရွှစ်

ဓားပြခေါင်းဆောင်၏ရင်ဘတ်မှ သွေးကြောများ ထူထပ်သိပ်သည်းစွာ ဖောက်ထွက်လာကာ အသက်ဝင်နေသကဲ့သို့ ရွာသားများထံ ပြေးဝင်သွားကြလေတော့၏။

ထို့နောက် အမျိုးသမီး၊ အမျိုးသား၊ ကလေးများနှင့် သက်ကြီးရွယ်အိုအပေါင်းတို့ဟာ မျက်စိဖြင့်မြင်နိုင်လောက်သည့်အရှိန်ဖြင့် ခြောက်ကပ်ဖြူရော်သွားခဲ့ကာ သွေးပမာဏများစွာသည် သွေးကြောများမှတစ်ဆင့် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏ရင်ဘတ်ထဲသို့ စီးဝင်သွားကြလေသည်။

"ဟုတ်တယ် ဒါပဲလေ သွေးတွေကိုအကုန်အစင်စုပ်ယူနိုင်သရွေ့ ချီသန့်စင်ခြင်းအဆင့်ကနေ အခြေတည်ထောင်ခြင်းအဆင့်ကိုတက်ဖို့ ယုံကြည်မှုပိုရှိလာတယ်"

ဓားပြခေါင်းဆောင်သည် ကိုယ်တွင်းမှပြောင်းလဲမှုများကိုခံစားကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့်ဆိုလာသည်။

"ကယ်ကြပါဦး ကျွန်မကိုမသတ်ပါနဲ့!"

"အမေရေ သားကြောက်တယ်!"

"တစ်ယောက်လောက် ကယ်ကြပါဦး!"

"မကောင်းဆိုးဝါးကြီး အဲ့ဒါမကောင်းဆိုးဝါးကြီးပဲ!"

အော်ဟစ်ငိုကြွေးသံများ ဆက်တိုက်ထွက်ပေါ်လို့လာသည်။

"ဒီလောက်ဆိုသေချာပြီး ပြဿနာအရင်းအမြစ်က အဲ့ကောင်ပဲ"

ယဲ့ကျွင်းလင်၏မျက်လုံးထဲမှ စူးရှရှအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ဝေ့တိုင်းပြည်အတွင်း လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့်ဖြစ်ရပ်များမှာ တစ်စုံတစ်ဦးက တမင်တကာဖန်တီးနေမှန်း သိသာလှပေ၏။

မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏အင်အားအဆင့်အရ ထိုသူမှာ‌ နောက်ကွယ်ကကြိုးကိုင်သူတော့ မဖြစ်တန်ရာ၊ သို့သော် သွေးဆောင်ခံရမည့်သူထဲတွင်တော့ ပါနိုင်ချေရှိသည်။

"အင်း... ဒီနတ်ဆိုးကျင့်စဥ်က..."

ဟုန်ချန်ယဲ့၏စိတ်နှလုံးမှာ တုန်လှုပ်လျက်ရှိသည်။ တစ်ဖက်လူအသုံးပြုနေသော နတ်ဆိုးကျင့်စဥ်မှာ သူတစ်ခါက ရင်းနှီးကျွမ်းဝင်ဖူးသော မိတ်ဆွေတစ်ဦး၏နည်းလမ်းနှင့် ဆင်ဆင်တူနေသည်ပင်။

(ဒါပေမယ့် လွန်န်ခဲ့တဲ့နှစ်၂၀၀လောက်ကတည်းက အလယ်ပိုင်းစီရင်စုက သူတော်ကောင်းဂိုဏ်းတွေရဲ့ရှင်းလင်းမှုအောက်မှာ သူသေဆုံးသွားခဲ့ပြီးပြီမဟုတ်လား)

ဟုန်ချန်ယဲ့မျက်မှောင်ကြုတ်လျက် အသည်းအသန်စဥ်းစားနေရတော့သည်။

ထိုသူ၏နည်းလမ်းများမှာ လွန်စွာယုတ်မာကောက်ကျစ်ပြီး သူနှင့်တန်းတူအဆင့်အတန်းရှိခေါင်းဆောင်တစ်ဦးလည်းဖြစ်၏။

ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏မျက်နှာထက်မှအပြောင်းအလဲကို သတိပြုလိုက်မိပြီး မျက်ခုံးပင့်ကာမေးလိုက်သည်။ "ဒီကျင့်စဥ်ကို မင်းသိလို့လား"

ဟုန်ချန်ယဲ့ကတော့ ခေါင်းယမ်းလျက်သာ တိုက်ရိုက်ငြင်းဆိုလာသည်။ "ကျွန်တော်မသိပါဘူး"

"ဟဟ"

ယဲ့ကျွင်းလင်က အဓိပ္ပာယ်တစ်မျိုးဖြင့်ခပ်သာသာရယ်မောလိုက်ပြီး ဘာမှထပ်မမေးလာတော့ပေ။

ဝှစ်

ယဲ့ကျွင်းလင်နေရာမှ ချက်ချင်းပျောက်သွားလေပြီ။

တစ်ခဏမျှအကြာတွင် ယဲ့ကျွင်းလင်သည် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏‌ဘေးတွင်ရပ်နေပြီဖြစ်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ တစ်ဖက်လူ၏ပုခုံးထက်တင်လျက် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ညီလေးရာ နာကျည်းချက်တွေမှာ လုပ်ခဲ့တဲ့တရားခံဆိုတာရှိသလို အကြွေးတွေမှာလည်း အကြွေးယူသွားတဲ့သူကသက်သက်ရှိတယ် အပြစ်မရှိတဲ့လူတွေကိုလိုက်သတ်ပြီး မင်းမကျေနပ်ချက်တွေကို ဖြေသိမ့်နေလို့မရဘူးလေ"

သွေးစုပ်ပြီး စိတ်ချမ်းသာစွာအရသာခံနေဆဲဖြစ်သော ဓားပြခေါင်းဆောင်မှာ ဘေးတွင်ဘွားခနဲပေါ်လာသောလူကြောင့် သေမတတ်ကြောက်လန့်သွားကာ ဒေါသတကြီးဖြင့်အော်လိုက်သည်။ "ဘယ်ကကောင်လဲကွ"

ဘုန်း!

ယဲ့ကျွင်းလင်၏လက်ဝါးမှ ပြင်းထန်သောဖိအားတစ်ခု ဝုန်းခနဲပွင့်ထွက်လာလေသည်။

ဂျွတ် ဂျွတ်

ဓားပြခေါင်းဆောင်မှာ အရိုးကျိုးတော့မတတ် ဖိအားပေးခံလိုက်ရပြီး ဒူး‌ထောက်ကျသွားရတော့၏။ သူကနာကျင်စွာဖြင့် ငိုညည်းလာတော့လေသည်။

မှော်တန်ခိုးကိုသုံးနေရာမှ နှောင့်ယှက်ခံလိုက်ရခြင်းဖြစ်သဖြင့် ကျန်ရွာသားများမှာတော့ လွတ်မြောက်သွားခဲ့ပြီး မျက်စိရှေ့မှမြင်ကွင်းကို တုန်လှုပ်စွာကြည့်ရှုနေရလေသည်။

"ခေါင်း-ခေါင်းဆောင်"

ဓားပြအဖွဲ့မှာလည်း အံ့သြတကြီးဖြင့် တောင့်ခဲလျက်ရှိကြလေသည်။

ရုတ်တရတ်ထွက်ပေါ်လာသော ထိုငွေရောင်ဆံပင်နှင့်လူငယ်သည် ကမ္ဘာမြေပေါ်ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့အသွင်ရှိပြီး သူတို့၏ပြိုင်ဘက်ကင်းခေါင်းဆောင်ကြီးကို လက်တစ်ဖက်တည်းဖြင့်ဖိနှိပ်ထားနိုင်လေသည်။

"မင်းသုံးနေတဲ့နတ်ဆိုးကျင့်စဥ်ကို ဘယ်ကနေသင်ခဲ့တာလဲ ငါ့ကိုပြောစမ်း" ယဲ့ကျွင်းလင် မေးလိုက်သည်။

ချန်ရှို့ရယ်၏မျက်နှာမှာ ရှုံ့မဲ့လျက်။ သူဒီတစ်ကြိမ်တွင်ကံဆိုးကာ စွမ်းအားရှင်အစစ်အမှန်တစ်ဦးဖြင့် ကြုံလိုက်ရပြီမှန်း သူသိလိုက်သည်။

လက်ရှိအခြေအနေအရ သူ့အနေနှင့် မူလအရင်းအမြစ်ကိုပြောပြရုံမှလွဲ၍ အခြား‌ရွေးချယ်စရာမရှိပေ။

ချန်ရှို့ရယ်တစ်ယောက် ဖောက်ပြန်သည့်မြင်ကွင်းကို မျက်လုံးဖြင့်တပ်အပ်မြင်တွေ့ရပြီးနောက် စုမိသားစုမှသခင်လေးက သူ့မိသားစုအဆက်အသွယ်များကိုအသုံးပြုကာ ချန်ရှို့ရယ်အား ထိုနယ်တွင်ဆက်နေလို့မရအောင် တွန်းအားပေးတော့၏။ အသက်ကိုပါခြိမ်းခြောက်ခံရပြီးနောက်တွင် သူလည်းမတတ်သာတော့ဘဲ ဇာတိမြို့လေးကိုစွန့်ခွာခဲ့ရတော့သည်။ ခြေဦးတည့်ရာလှည့်လည်နေထိုင်ရင်း နောက်တော့ ထူးဆန်းသည့်လူတစ်စု၏ စုဆောင်းခေါ်ယူခြင်းခံခဲ့ရကာ ဤနတ်ဆိုးကျင့်စဥ်အား သင်ကြားပေးခံခဲ့ရလေသည်။

ကျင့်စဥ်ကျင့်ဖို့အတွက် လိုအပ်ချက်ကား ရိုးရှင်းပါ၏။ ကျင့်ကြံဆင့်တက်ဖို့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရဲသည့်စိတ်ရှိဖို့ပင်။

ဖြစ်ရပ်ဆိုးများကိုကြုံတွေ့ပြီးနောက် စိတ်နေစိတ်ထားပိုင်းတွင် ကြီးမားစွာပြောင်းလဲသွားခဲ့သူ ချန်ရှို့ရယ်သည် အပြစ်မဲ့သူများကို အရူးအမူးလိုက်လံသတ်ဖြတ်တော့သည်။ နောက်ပိုင်းတွင် ဇာတိမြို့သို့ပြန်ကာ ထိုဖောက်ပြန်ခဲ့ပါသည့်စုံတွဲအား သတ်ဖြတ်လက်စားချေခဲ့သေးသည်။

ထိုသတ်ဖြတ်မှုကို ဖော်ထုတ်ခံခဲ့ရပြီးနောက် ချန်ရှို့ရယ်ဟာ ဝေ့ပြည်ထောင်မှ အလွတ်တမ်းကျင့်ကြံသူတစ်ချို့၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရှက်ရွံ့စွာဖြင့် ထွက်ပြေးလာခဲ့ကာ ဓားပြတစ်ဦးအဖြစ် နေထိုင်ခဲ့ရတော့သည်။

"ဒီဖြစ်ရပ်နောက်မှာ အစီအစဥ်အကြီးကြီးတစ်ခုတော့ ရှိရမယ်"

"အကျိုးအမြတ်လည်းမရှိပါဘဲ လူတွေကိုဒီကျင့်စဥ်လိုက်သင်ပေးပြီး လိုအပ်ချက်ကလည်း အရမ်းရိုးရှင်းလွန်းတယ် အသုံးပြုသူတွေအနေနဲ့ ကျင့်ကြံဆင့်တိုးဖို့အတွက် လူသားတွေရဲ့အဆီအနှစ်နဲ့သွေးတွေကို အဆက်မပြတ်စုပ်ယူစားသုံးနေရမယ်တဲ့"

"‌ရှောင်ဟုန် မင်းရော ဒီကိစ္စကိုဘယ်လိုထင်လဲ"

ကောင်းကင်ထက်မှဆင်းသက်လာသော အနီရောင်ဝတ်ရုံဝတ်ပုံရိပ်လေးကိုကြည့်ရင်း ယဲ့ကျွင်းလင်က အလေးအနက်မေးခွန်းထုတ်လိုက်သည်။

လူအပေါင်းမှာ ဟုန်ချန်ယဲ့ကို အံ့သြဘနန်းဖြင့် ငေးမောကြည့်ရှုကြကုန်လေ၏။

လှလိုက်တဲ့ မိန်းမပျိုလေးပါလား!

နတ်သမီးလေး နတ်သက်ကြွေလာတဲ့အတိုင်းပဲ!

ဟုန်ချန်ယဲ့၏မျက်နှာထားက တည်ငြိမ်နေသော်ငြား စိတ်နှလုံးထဲတွင်တော့ မုန်တိုင်းထန်နေပြီဖြစ်သည်။

နှင်း‌ဘောလုံးနှင့်တူသော ထိုနည်းလမ်းမျိုးမှာ သူ၏ထိုမိတ်ဆွေအသုံးပြုတတ်သော နည်းလမ်းမျိုးပင် ဖြစ်လေသည်။ (နှင်းဘောလုံးနည်းလမ်း - နှင်းဘောလုံးလုပ်တဲ့အခါ လှိမ့်ရင်းလှိမ့်ရင်းပိုကြီးသွားသလိုမျိုး ပြဿနာကိုမီးစထည့်လိုက်ပြီး တဖြည်းဖြည်း ပိုဆိုးရွားကျယ်ပြန့်သွားစေတဲ့နည်းလမ်းမျိုးကို ဆိုလိုပါတယ်)

သူတကယ်ပဲ အသက်ရှင်နေသေးတာလား?

"ဆရာသခင် ဒီတပည့်ဘာကိုမှမစဥ်းစားတတ်ပါဘူးခင်ဗျာ"

ထိုအဖြေကိုကြားသော် ယဲ့ကျွင်းလင်ခေါင်းသာယမ်းမိရတော့၏။

သူလက်ကိုမြှောက်ကာ ချန်ရှို့ရယ်၏ခေါင်းထက်တွင် တင်ထားလိုက်သည်။

ထို့နောက် ဝိဉာဥ်ရှာဖွေခြင်းလုပ်ငန်း စတင်လေတော့သည်။

"အားးး" ချန်ရှို့ရယ်သည် နာကျင်စွာငြီးတွားလျက် မျက်ဖြူများပင်လန်လျက်ရှိတော့သည်။ သူ့ဦးနှောက်မှာ စုပ်ယူဆွဲထုတ်ခံရတော့မည်ဟု ခံစားနေရ၏။

ယဲ့ကျွင်းလင်သည် ဝိဉာဥ်ရှာဖွေခြင်းနည်းလမ်းဖြင့် တစ်ဖက်လူ၏မှတ်ဉာဏ်များကိုစစ်ဆေးနေရင်း အနက်ဝတ်ရုံဝတ်လူတစ်ခုကို ခပ်ဝါးဝါးတွေ့လိုက်ရပြီး ထိပ်ဆုံးကလူမှ ချန်ရှို့ရယ်အား ထိုကျင့်စဥ်သင်ကြားပေးနေသင်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် မြင်ကွင်းကပျောက်ကွယ်ကာ မှောင်အတိကျသွားတော့၏။

ဘန်း

ချန်ရှို့ရယ် အသက်ရှူရပ်လျက်‌ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းလဲကျသွားသည်။

"သွားကြစို့"

ယဲ့ကျွင်းလင်ပြောလိုက်သည်။

ဟုန်ချန်ယဲ့က လက်ဖျောက်တစ်ချက်တီးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားပြများအားလုံးမှာ အလျှံတငြီးငြီးတောက်လောင်နေသောမီးတောက်များဖြင့် အလောင်ကျွမ်းခံနေရပြီး ကြောက်ရွံ့ပူလောင်နေသောမျက်လုံးများနှင့် အော်ဟစ်လို့နေကြတော့၏။

မကြာမီပင် သူတို့အားလုံး ပြာကျသွားခဲ့လေပြီ။

စွမ်းအားကြီးလိုက်တဲ့ နတ်ဘုရားကျင်စဥ်ကြီးပါလား...

ထိုနေရာရှိ ရွာသားအပေါင်းတို့မှာ ဆွံ့အသွားကြလျက်။

"မင်း..." ယဲ့ကျွင်းလင်မျက်မှောင်ကြုတ်လျက် တစ်ချက်မာန်လိုက်သည်။

"ဆရာသခင် ဒီတပည့် အမှားတစ်ခုခုများလုပ်မိလိုက်လို့လား ဒီဓားပြတွေအားလုံး သေသင့်တယ်လေ" ဟုန်ချန်ယဲ့က စိတ်ရှုပ်နေဟန်အမူအရာဖြင့် မေးလာသည်။

ယဲ့ကျွင်းလင်လည်း တဟွတ်ဟွတ်ချောင်းဆိုးပြီးမှ ပြန်ဖြေလိုက်သည်။ "တော်တယ် ဟုတ်ပြီလား"

ဟုန်ချန်ယဲ့၏မျက်လုံးများထဲတွင် စိတ်ကျေနပ်သွားဟန်အရိပ်အယောင်များ ပေါ်လာသည်။

သူဒီလိုလူသတ်ပွဲကိုမကျင်းပဖြစ်တာ အလွန်ကြာခဲ့လေပြီ။ ထို့ကြောင့် အခွင့်အရေးရှိတုန်း နည်းနည်းအပျော်ရှာချင်ရုံ သက်သက်ပါပေ။

ထို့နောက် တစ်ယောက်ယောက်ဦးဆောင်လျက် အော်ဟစ်လာလေသည်။ "နတ်သမီးလေးက အကြမ်းဖက်မှုကိုဖယ်ရှားပြီး ငြိမ်းချမ်းမှုကိုယူဆောင်လာပေးတယ် ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကိုယူဆောင်လာပေးတဲ့အတွက် ကျွန်တော်တို့မက်မွန်ပန်းရွာက မျိုးရိုးစဥ်ဆက် ကျေးဇူးတင်ရှိနေမှာပါ"

"နတ်သမီးလေးကို ကျေးဇူးတင်ပါတယ်"

ရွာသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အရိုအသေပြုဦးချလာကြတော့၏။

နတ်သမီးလေး?

ဟုန်ချန်ယဲ့၏မျက်နှာလှလှလေးမှာ ဒေါသမီးတောက်သွားပြီး ထိုရွာသားငတုံးတစ်သိုက်ကိုပါပြာချဖို့ လက်တစ်ဖက်ကိုမြှောက်လိုက်လေသည်။

ရုတ်တရတ် သူ့လက်ကောက်ဝတ်ကို လက်ကြီးကြီးတစ်ဖက်က ဆွဲတားလိုက်လေသည်။

ယဲ့ကျွင်းလင်ကပြုံးလျက်ဆိုသည်။ "ငါ့ရဲ့သူတော်ကောင်းတပည့်လေးရေ သူတို့တွေကရော သေသင့်ပြန်ပြီလား?"

ထိုအပြုံးကြီးကိုမြင်လိုက်ရသောသူအပေါင်းမှာ စိတ်ထဲထင့်ခနဲဖြစ်သွားရ၏။

ဟုန်ချန်ယဲ့မှာ သေလောက်အောင်ဒေါသထွက်နေသော်ငြား ခံစားချက်များကိုလွှတ်ချရမည့်အချိန်မရောက်သေးမှန်း သူသိပါသည်။

ခဏအကြာတွင် ဟုန်ချန်ယဲ့ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ပြလိုက်သည်။

"ဆရာသခင်ကတော့ အထင်လွဲနေပါပြီ ကျွန်တော်ကသူတို့ကို တာ့တာပြချင်ရုံလေးပါ"

All Chapters