← Chapters

အခြေအနေရှုပ်ထွေးစေခြင်း

Vol. 4 Ch. 43

အခြေအနေရှုပ်ထွေးစေခြင်း

Vol. 4 Ch. 43

လရောင်သည် တောက်ပ၍ ကြယ်များသည် ကျိုးတိုးကျဲတဲ လင်းလက်နေသည်။ ချန်ကျဲ့သည် ညဉ့်နက်အချိန်မှ မနက်အရုဏ်တက်ချိန်အထိ လေ့ကျင့်နေခဲ့သည်။ စူးယွင်ကျင်းသည်တော့ အိပ်ရာထဲတွင် လဲလျောင်းနေသော်ငြား အိပ်မပျော်‌နိုင်ဖြစ်နေခဲ့သည်။

အပြင်ဘက်မှ လက်ဝှေ့ထိုးသံများကို နားထောင်ရင်းဖြင့် မကြာမီက မြင်‌တွေ့ခဲ့ရသည့် လရောင်အောက်၌ သိုင်းလေ့ကျင့်နေသော အမျိုးသားငယ်၏ပုံရိပ်ကို တွေးမိသွားခဲ့သည်။

စူးယွင်ကျင်းသည် အတွေးထဲ နစ်မြောနေမိခြင်းအား မထိန်းချုပ်နိုင်ပေ။

သူမသည် အတိတ်ကာလများက ခက်ခဲကြမ်းတမ်းခဲ့မှုများအကြောင်းနှင့် လက်ရှိအချိန် ချန်ကျိုစစ်၏နူးညံ့မှုတို့ကို တွေးနေမိ၏။ ‌တွေးတောသည်နှင့်အမျှ မထိန်းချုပ်နိုင်စွာဖြင့် မျက်ရည်များ စီးကျလာရပြန်သည်။

ထိုနေ့ညတွင် သူမသည် မနက်၄နာရီအချိန်မှ တစ်မှေးသာအိပ်စက်နိုင်ခဲ့သည်။

ချန်ကျဲ့သည်လည်း မနက်၄နာရီ၌ လေ့ကျင့်ခြင်းကို ရပ်တန့်ခဲ့သည်။ ချန်ကျဲ့သည် အလွန်တရာပင်ပန်းနေသော်ငြား ပုံမှန်ထက်ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လက်သီးသိုင်းအား နောက်ဆုံးအကြိမ်လေ့ကျင့်ပြီးနောက်တွင် သူ၏လက်သီးသိုင်းမှာ တတ်မြောက်ခြင်းအဆင့်သို့ တိုးတက်သွားခဲ့သောကြောင့် ဖြစ်ပါ၏။

ဇယား :

[ချန်ကျဲ့]

[နယ်ပယ်အဆင့် : မရှိသေး]

[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ် (အခြေခံအဆင့်)၊ ဘိုးဘေးကြီးလက်သီးသိုင်း (တတ်မြောက်ခြင်းအဆင့်)]

[အကဲဖြတ်မှု : ဘိုးဘေးကြီးလက်သီးသိုင်း တတ်မြောက်ခြင်းအဆင့်ကို ရောက်ရှိပြီးတဲ့သင်ဟာ သိုင်းပညာရှင်တစ်ဦး ဖြစ်လုနီးနီး အခြေအနေကို ရောက်ရှိနေပါပြီ။ ခြေတစ်လှမ်းပဲ လိုပါတော့တယ်]

ဘိုးဘေးကြီးလက်သီးသိုင်း၏ နောက်ဘက်ရှိ တတ်မြောက်ခြင်းအဆင့်ဟူသော စကားလုံးကိုမြင်သောအခါ ချန်ကျဲ့ အလွန်စိတ်ကျေနပ်သွားခဲ့သည်။ သူ အမှန်တကယ် တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့လေပြီ။

ယခုတွင် သူ၏လက်သီးထိုးချက် တစ်ချက်စီတိုင်းသည် အရင်နေ့များနှင့် ယှဉ်လိုက်ပါက အင်အားအရာ၌ သိသာထင်ရှားသည့် တိုးတက်မှုကြီးကို ခံစားရပေသည်။ မိမိကိုယ်ကိုယ် အမှန်တကယ် သိုင်းပညာကျင့်ကြံသူတစ်ဦးကဲ့သို့ ခံစားရပေသည်။

ဤခေတ်အခါ၌ ချန်ကျဲ့၏လက်ရှိအဆင့်အတန်းသည် ယာလုပ်သားဖြစ်သော်ငြား ၎င်းသည် လူရမ်းကားများ၊ လူပျင်းများထက်ပို၍ သာလွန်သေးပေသည်။

ဤအဆင့်အတန်းဖြင့် မိသားစု၏ကြွယ်ဝသည့်ပိုင်ဆိုင်မှုများကို စောင့်ရှောက်ကာကွယ်ရန်အတွက် ပြဿနာမရှိနိုင်ပေ။

ထိုသို့တွေးလိုက်ပြီးနောက် ချန်ကျဲ့သည် ရေအချို့ခပ်ယူ၍ ခန္ဓာကိုယ်မှချွေးများကို ဆေးကြောသန့်စင်ပြီး အိမ်ထဲသို့ ပြန်ဝင်လိုက်သည်။ စူးယွင်ကျင်း အိပ်ရာမနိုးသေးကြောင်း သူသတိထားမိ၏။

ညက သူအရမ်းနောက်ကျမှ အိပ်သွားတာ ဘယ်လိုလုပ်ပြီး အစောကြီးထနိုင်ပါ့မလဲ။

အရေးတကြီးလုပ်စရာလည်း မရှိလေရာ ချန်ကျဲ့ ပြောင်းဆန်အချို့ ခပ်ယူလိုက်သည်။ နှစ်ကြိမ်ရေဆေး၍ အိုးထဲသို့ထည့်သည်။ ရေထည့်၊ မီးမွှေး၍ စတင်ချက်သည်။

ချက်ပြုတ်ခြင်းသည် ရိုးရှင်း၏။ ချန်ကျဲ့သည် ချက်ပြုတ်ခြင်းအား အမြဲနှစ်ခြိုက်ခဲ့သူဖြစ်သည်။

အိုးအောက်တွင် လုံလောက်သည့်ထင်းပမာဏ ထိုးထည့်ပြီးနောက် ခြံဝင်းထဲသို့ပြန်သွား၍ ကျောက်တုံးတစ်တုံးကို မ,ကြည့်ခြင်းဖြင့် လေ့ကျင့်သည်။

ချန်မိသားစု၏ခြံဝင်းထဲတွင် ပေါင်၃၀၀ခန့် အလေးချိန်ရှိသော ကြီးမားသည့်ကျောက်တုံးကြီးရှိ၏။ ချန်ကျဲ့ အရင်က ထိုကျောက်တုံးကို လုံးဝ မရွှေ့နိုင်ခဲ့ပေ။ ယခု၌ မ,နိုင်ခြင်းမရှိသော်ငြား အနည်းဆုံးတော့ ရွှေ့နိုင်ခဲ့သည်။

ဝူကျုံး၏ ကျောက်တုံးကြီးကို လက်တစ်ဖက်တည်းဖြင့် မ,နိုင်သည့်ပုံရိပ်ကို ပြန်စဉ်းစားမိလိုက်သောအခါ ချန်ကျဲ့မှာ ကြီးမားသည့်ကွာခြားမှုကြီးကို ခံစားလိုက်ရ၏။ ချန်ကျဲ့သည် သိုင်းပညာရှင်စင်စစ်တစ်ဦးဖြစ်ရန် အလွန်ဝေးကွာသေးသည်။ သို့သော် အင်အားလေ့ကျင့်မှုအဖြစ် ဆက်လက်၍ ကျောက်တုံးမ လေ့ကျင့်ရပေမည်။ ကျင့်ကြံမှုဟူသည် ညတွင်းချင်း အောင်မြင်ထွန်းပေါက်နိုင်သည့်အရာ မဟုတ်ချေ။

“အရေပြားသန့်စင်ခြင်းအဆင့်”ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရုပ်ပိုင်းဆိုင်ရာအရဆို အင်အားတည်ဆောက်တဲ့အနေနဲ့ နေ့တိုင်း ကျောက်တုံးရွှေ့လေ့ကျင့်ရတာပဲ။ ပြီးတော့ လက်နဲ့ တခြားနေရာတွေက အရေပြားတွေကို ကြံခိုင်အောင်လုပ်ရတာ။ “အရေပြားသန့်စင်ခြင်းအဆင့်”ဆိုတာ အဲဒီဖြစ်စဉ်ကို ရည်ရွယ်တာပဲ။

နောက်ထပ်အဓိပ္ပာယ်တစ်ခုကတော့ လူ‌တစ်ယောက်ရဲ့ အရှိန်အဝါကို သန့်စင်မွမ်းမံတာပဲ။

“ယောက်ျား!”

ချန်ကျဲ့ ကျောက်တုံးကြီးကို ရွှေ့နေစဉ် စူးယွင်ကျင်းသည် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် အိပ်ရာနိုးလာခဲ့သည်။

“ဪ မိန်းမ နိုးပြီလား”

ချန်ကျဲ့ စူးယွင်ကျင်းကို လှည့်ကြည့်လိုက်သည်။

“ယောက်ျား ကျွန်မတောင်းပန်ပါတယ် ကျွန်မ… ကျွန်မ အိပ်ရာထနောက်ကျပြီး ရှင့်ကို ချက်ပြုတ်စေမိတယ်”

စူးယွင်ကျင်းသည် အမှားတစ်ခုခု ကျူးလွန်ထားသည့်အလား ခေါင်းငုံ့နေ၏။

“ရပါတယ်ကွာ။ ဘယ်သူချက်ပြုတ်လဲဆိုတာက အရေးမကြီးပါဘူး”

ချန်ကျဲ့သည် စိတ်ထဲထားမနေဘဲ ကျောက်တုံးကို ဆက်ရွှေ့သည်။ သို့သော် စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အဲဒီလို ဘယ်ဖြစ်ပါ့မလဲ။ အနာဂတ်ရဲ့ သိုင်းပညာရှင်လောင်းဖြစ်တဲ့ ရှင်က ချက်ပြုတ်တယ်ဆိုတာသာ သတင်းပျံ့သွားကြည့်ပါလား။ လူတွေ ရှင့်ကို လှောင်ရယ်ကြလိမ့်မယ်”

“ရပါတယ် ငါဂရုမစိုက်ဘူး”

“ယောက်ျား ရှင် ဒီလိုတွေ နောက်ထပ်မလုပ်သင့်‌ဘူး”

အရေးမထားသည့် ချန်ကျဲ့၏ပုံစံကို မြင်သောအခါ စူးယွင်ကျင်းမှ မျက်နှာထားတင်းတင်းဖြင့် ပြောသည်။

စူးယွင်ကျင်းမှ ခေါင်းငုံ့လျက်ပြော၏။

“ရှင်က ကျွန်မတို့ရဲ့မျှော်လင့်ချက်ပဲ။ ရွေ့ရွေ့နဲ့ ကျွန်မရဲ့ မျှော်လင့်ချက်ပဲ။ လူတွေက ရှင့်ကိုလှောင်ရယ်နေရင် ကျွန်‌မတို့ ခေါင်းမော့ပြီး မနေနိုင်ဘူး… ယောက်ျား ကျွန်မအတွက်လည်း တွေးပေးပါ။ ချန်မိသားစုရဲ့ချွေးမက ထမင်းဟင်းမချက်ပြုတ်ဘူးဆိုတဲ့ စကားသာ ပြန့်သွားကြည့်ပါလား တစ်ရွာလုံးက ကျွန်မကို ပျင်းရိတဲ့ဇနီးတစ်ယောက်လို့ တံဆိပ်ကပ်ပစ်လိုက်လိမ့်မယ်”

“အဲဒီလောက်ပြင်းထန်တာလား။ ကောင်းပါပြီ။ ဒီတစ်ခေါက်က ငါ မဆင်မခြင်လုပ်မိသွားတာပါ၊ နောက်တစ်ခေါက် မဖြစ်စေရဘူး။ ဒါပေမဲ့ အရင်တစ်ခေါက် ငါယုန်သားချက်တုန်းက မင်းဘာလို့ ငါ့ကိုမတားခဲ့တာလဲ”

ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်လိုက်သည်။

စူးယွင်ကျင်းသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လာခဲ့ပြီးနောက် ပြော၏။

“အဲဒီတုန်းက ရှင်က တကယ်ကြီး ချက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ…”

ချန်ကျဲ့ ရယ်မောလျက် စူးယွင်ကျင်းကို ပြောသည်။

“နည်းနည်းလောက် ထပ်အိပ်လိုက်ဦး။ မင်းမနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလေ”

ယွင်ကျင်းမှ ပြောသည်။

“ယောက်ျား ရှင်လည်း အိပ်သင့်တယ်။ ရှင်က ညလုံးပေါက် မအိပ်ဘဲနေထားတာ”

ချန်ကျဲ့ ‌ပြန်ပြောလိုက်သည်။

“ငါက အဆင်ပြေပါတယ်။ တက်ကြွနေတယ်”

“ယောက်ျား ရှင် မအိပ်ဘူးဆိုရင် ကျွန်မလည်း မအိပ်တော့ဘူး။ ကျွန်မ ရှင့်ကို ခဏလောက် အဖော်ပြုပေးမယ်လေ”

စူးယွင်ကျင်းသည် အလွန်ခေါင်းမာသူဖြစ်သည်။ ပင်ပန်းနေသော်ငြား သူမကိုယ်သူမ နိုးကြားနေရန် ကြိုးစားနေသည့်ပုံစံလေးကို ကြည့်၍ ချန်ကျဲ့မှာ ရင်နာမိရသည်။

“ဒီလိုလုပ်ရင်ရော၊ ငါမင်းကို အသက်ရှူနည်းလမ်းတစ်ခု သင်ပေးမယ်။ မင်း ငါနဲ့အတူ လေ့ကျင့်‌ပေါ့”

“အင်း”

စူးယွင်ကျင်း ခေါင်းညိတ်သည်။

ချန်ကျဲ့သည် စူးယွင်ကျင်းအား ယန်ချွမ်ကျင့်စဉ်၏ အသက်ရှူနည်းလမ်းကို သင်ကြားပေးခဲ့သည်။ ယန်ချွမ်ကျင့်စဉ်သည် တိုက်ခိုက်ရေးအတွက် မဟုတ်ပါဘဲ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေပြီး အသက်ရှည်စေသည့် ကျင့်စဉ်ဖြစ်၏။

အသက်ရှူနည်းလမ်းအတိုင်း လုပ်ဆောင်ကြည့်ရာ အစပိုင်းတွင် မသက်မသာခံစားရ၏။ သို့သော် ဖြည်းဖြည်းချင်း ကျင့်သားရလာခဲ့ပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားခဲ့သည်။

“အာ မင်းသင်ပြီးသွားပြီလား”

“အမ်း ရပြီ”

“အခု မင်းရသွားပြီဆိုတော့ မကြာခဏလေ့ကျင့်ပေး။ ဒါပေမဲ့ ဘယ်သူ့ကိုမှ ပြန်သင်မပေးနဲ့။ ဒါက ချန်မိသားစုရဲ့ ထူးခြားတဲ့ကျင့်စဥ်တစ်ခုပဲ။ ပြီးတော့ အဲဒါကို ငါတို့အိမ်ရဲ့ချွေးမကိုပဲ လက်ဆင့်ကမ်းပေးတယ်”

“အမ်း”

စူးယွင်ကျင်း ခေါင်းညိတ်၏။ သူမ၏နှုတ်ခမ်းလေးများသည် ခပ်ဖျော့ဖျော့ပြုံးရယ်နေသည်။

အဲဒီတော့ ဒါက မိသားစုရဲ့ချွေးမတွေကိုပဲ သင်ပေးတဲ့အရာပေါ့လေ။

…

သို့ဖြင့် အရုဏ်တက်ချိန်ကုန်ဆုံးသွားပြီး အလွန်နှုတ်မြိန်သည့် မနက်စာကို စားခဲ့ကြသည်။

ချန်ကျဲ့သည် ပုံမှန်‌ထက် အချိန်စော၍ အိမ်မှထွက်လာခဲ့သည်။ လမ်းတွင် မနေ့က ရရှိခဲ့သည့် စနစ်၏ အချက်အလက်ကို အခြေခံ၍ အန္တရာယ်ကိုတုံ့ပြန်သည့်လုပ်ရပ်အချို့ စီစဉ်ရန်အတွက် ဦးလေးအာ့ပါး၏အိမ်သို့ ဝင်ခဲ့သည်။

ချန်ကျဲ့ ရောက်ရှိချိန်တွင် ရှောင်ဟူသည် အိပ်ရာထခါစ ဖြစ်၏။

“ညီလေးရှောင်ဟူ”

ချန်ကျဲ့ ရှောင်ဟူကို ခေါ်လိုက်သည်။

“ဟူဇစ် ငါမင်းကို တာဝန်တစ်ခုပေးချင်လို့”

“အစ်ကိုပြောပါ”

ရှောင်ဟူသည် အဆင်သင့်သဘောတူညီသည်။ ချန်ကျဲ့မှ ပြောသည်။

“ငါ့ကိုကူပြီး ရွာထဲမှာသတင်းလွှင့်ပေးစမ်းပါ။ မနေ့က မနက်က မင်းတို့အားလုံး ဝါးခမောက်နဲ့လူစိမ်းတစ်ယောက်က အိတ်တစ်အိတ်သယ်ပြီး အနောက်ဘက်တောင်ကနေ အလျင်စလိုထွက်သွားတာကို မြင်ခဲ့တယ်လို့ ပြောလိုက်၊ သူဘယ်လိုရတနာမျိုးရှာတွေ့ခဲ့လဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး အဲ့လိုမျိုးပေါ့”

“ဪ”

“နားလည်ပြီလား”

“ကျွန်တော် သိပြီ။ ဒီတိုင်းလူစိမ်းတစ်ယောက်က…”

ရှောင်ဟူမှ ချန်ကျဲ့ပြောခဲ့သည့်အတိုင်း ပြန်ပြောပြသည်။ ချန်ကျဲ့မေးလိုက်သည်။

“အဲဒီတော့ မင်းက ဘယ်လိုမြင်ခဲ့တာလဲ”

“ကျွန်တော် မနက်စောစော အနောက်ဘက်တောင်ကို ခြင်းတောင်းလုပ်ဖို့အတွက် နွယ်သွားခုတ်ရင်း မြင်ခဲ့တာပါ”

ရှောင်ဟူသည် လက်ခံယုံကြည်နိုင်ဖွယ်ဖြစ်အောင် ပြောနိုင်သည်။ ချန်ကျဲ့ ပြန်ပြောလိုက်၏။

“ကောင်းပြီ ရှောင်ဟူ၊ မင်းက တကယ့်ကို အရည်အချင်းရှိတာပဲ”

ရှောင်ဟူမှာ ရယ်မော၏။

“အစ်ကိုရာ ဒါက အားရပါးရအတင်းပြောရုံလေးပဲ မဟုတ်ဘူးလား။ ကျွန်တာ့်အမေက ဒီအပိုင်းမှာ စွမ်းဆောင်ရည် အရမ်းမြင့်မားပါတယ်။ သူကိုယ်တိုင်လည်း မြင်ခဲ့သလို ဖြစ်သွားလောက်မှာပါ။ ဒါ‌နဲ့ အစ်ကို ဒီကိစ္စက အလျင်လိုလား”

ချန်ကျဲ့မေးလိုက်သည်။

“ဘာကိုဆိုလိုတာလဲ”

“အစ်ကို အလျင်လိုနေတယ်ဆိုရင် ကျွန်တော် အမေ့ကို ပြောခိုင်းလိုက်မလို့။ နေ့လယ်လောက်ကျရင် တစ်ရွာလုံး သိနေစေရမယ်လို့ ကျွန်တော် အာမခံတယ်”

ရှောင်ဟူမှ ရယ်မောလျက် ပြောသည်။

ချန်ကျဲ့ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဟူဇစ် မင်း ဒီကိစ္စကို မင်းအမေကို ပေးသိလိုက်မလို့လား”

ရှောင်ဟူမှ ရယ်မောလျက် ပြောသည်။

“ကျွန်တော် မြင်ခဲ့တာလို့ပဲ ပြောမှာပါ။ ပြီးတော့ သေချာပေါက် အစ်ကိုကျိုစစ်ကို ပါဝင်မပတ်သက်စေရပါဘူး”

ချန်ကျဲ့ ဟူဇစ်၏ပခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။

“လူညစ်လေး၊ ဒါကိုအောင်မြင်အောင်လုပ်ပြီးရင် ဒီအစ်ကိုက မင်းကို မင်းရဲ့ကြိုးစားမှုနဲ့ ထိုက်တန်စေရပါ့မယ်”

“ဘာကို.. မလိုပါဘူး အစ်ကိုရာ။ ကျွန်တော် ငယ်ငယ်က အနိုင်ကျင့်ခံရတုန်းက အစ်ကိုပဲ ကျွန်တော့်ကို ကူညီပေးခဲ့တာ။ ကျွန်တော် အဲဒါကို မမေ့သေးပါဘူး”

“ဒါဆိုလည်း ကောင်းပြီ။ တခြားသူတွေ အဲဒီအကြောင်းကို‌ မေးလာရင်ရော ဘယ်လိုပြောမလဲ”

“ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာလို့ ပြောမယ်။ ပြီးတော့ မေးလာတဲ့လူတိုင်းကို အဲဒီအတိုင်းပဲ ပြန်ဖြေမယ်”

“ကောင်းတယ် ဟူဇစ်၊ ငါ ဒီတာဝန်ကို မင်းကိုအပ်နှံလိုက်ပြီ”

“ကျွန်တော် လုပ်တာကို စောင့်ကြည့်နေလိုက်ပါ အစ်ကို။ အို ဒါနဲ့ အစ်ကို မနက်စာစားပြီးပြီလား။ ကျွန်တော်တို့အိမ်မှာ အတူတူစားသွားပါလား”

“မစားတော့ဘူး၊ ကျေးဇူးပဲ။ ငါ သမားတော်ပိုင်အိမ်ကို သွားရတော့မှာ”

“ဒါဆိုလည်း ကောင်းပြီ အစ်ကို။ ကျွန်တော် ဒီကိစ္စကို သေချာလုပ်ထားပါ့မယ်”

ရှောင်ဟူသည် အိမ်ထဲပြန်ဝင်သွားပြီးသည်နှင့်တစ်ပြိုင်နက် သူ၏မိခင်အား ပြောသည်။

“အမေ ကျွန်တော် အမေ့ကို ပြောစရာရှိတယ်။ ကျွန်တော်တို့ရဲ့ ‌အနောက်ဘက်တောင်မှာ ရတနာတစ်ခုခုရှိတဲ့ပုံပဲ…”

All Chapters