လေပြင်းတိုက်ခတ်နေတဲ့ လမိုက်ညက လူသတ်ဖို့အတွက် ကွက်တိပဲ။
Vol. 4 Ch. 44
ရှောင်ဟူကို ကောလာဟလလွှင့်ရန် ခိုင်းစေပြီးနောက်တွင် ချန်ကျဲ့သည် သမားတော်ပိုင်၏အိမ်သို့ သွားခဲ့သည်။
“ကောင်းသောမနက်ခင်းပါ ကျိုစစ်”
ခြံထဲသို့ဝင်လိုက်သောအခါ ချန်ကျဲ့ ဝူကျုံးကို တွေ့လိုက်ရသည်။
ဒီနေ့၏ဝူကျုံးသည် မနေ့ကနှင့် လုံးဝကွာခြားနေ၏။ ဝူကျုံးသည် တက်ကြွဖျတ်လတ်မှုများ တောက်ပနေကာ မျက်လုံးအစုံမှာလည်း တောက်ပနေသည်။ ငယ်ရွယ်မှုကို ပြန်လည်ဖမ်းဆုပ်နိုင်ခဲ့သည့် အမျိုးသားတစ်ဦးကဲ့သို့ အငွေ့အသက်မျိုး လွှမ်းခြုံနေပေသည်။
အသက်သုံးဆယ်ဝန်းကျင်အရွယ်၏ အကောင်းမွန်ဆုံးသောအခြေအနေကို ပြန်လည်ပိုင်ဆိုင်သွားပုံရ၏။
ဝူကျုံးသည် ချန်ကျဲ့ကိုမြင်သောအခါ အတော်လေးဖော်ရွေစွာ ပြုမူ၏။
“ဦးလေးကျုံး ဒီနေ့ အရမ်းတွေတောက်ပနေတယ်နော်”
ချန်ကျဲ့ ဝူကျုံးကို ချီးမွမ်းလိုက်သည်။ ဝူကျုံးမှ ရယ်မောလျက်ပြော၏။
“ဟုတ်တယ်မလား။ ငါလည်း ငါ့ကိုယ်ငါ ခံစားချက်ကောင်းနေတယ်လို့ ခံစားရတယ် ဟားဟား…”
စကားအနည်းငယ်ဖလှယ်ပြီးနောက်တွင် သမားတော်ပိုင်သည် အပြင်သို့ထွက်လာ၍ ဒီနေ့အတွက် ချန်ကျဲ့၏သင်ခန်းစာများကို စီစဉ်ပေးသည်။ သို့တိုင် သိုင်းပညာလေ့ကျင့်ရန်အချိန်လည်း ချန်ထားပေးသည်။
မနေ့က ဝူဟုန်သည် ချန်ကျဲ့တွင် သင့်တင့်လျောက်ပတ်သော အထုံပါရမီရှိပြီး သိုင်းပညာရပ်၌ အလားအလာရှိသော ပျိုးပင်တစ်ဖြစ်ကြောင်းကို သမားတော်ပိုင်အား ပြောပြခဲ့သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ သမားတော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် သမားတော်ပိုင်သည် သိုင်းပညာရှင်များ၏ အဆင့်အတန်းသည် သမားတော်များထက် များစွာပို၍ အဆင့်အတန်းမြင့်မားကြောင်းကို ကောင်းကောင်းသိထားပါ၏။ ထို့ပြင် သိုင်းပညာကျွမ်းကျင်သည့် သမားတော်များသည် ပို၍ရိုသေလေးစားခြင်းခံရပေသည်။
သူ၏အားနည်းသည့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့် မဟုတ်ခဲ့လျှင် သမားတော်ပိုင်သည် ငယ်ရွယ်စဉ်အချိန်ကာလများ၌ သိုင်းပညာကို သင်ယူထားခဲ့မည်ဖြစ်၏။
ထို့ကြောင့် သမားတော်ပိုင်သည် ချန်ကျဲ့ သိုင်းပညာသင်ကြားခြင်းအား အထူးအားပေးသည်။
သို့ဖြင့် ဤတစ်နေ့တာသည်လည်း အရင်နေ့များအတိုင်း ကုန်ဆုံးသွားခဲ့သည်။
ညနေအချိန် ညစာစားပြီးနောက် ချန်ကျဲ့ အိမ်ပြန်လာခဲ့သည်။ သမားတော်ပိုင်သည် သူ၏ ငွေတုံး၁၂၀ကို ဆေးဝါးများ ဝယ်ယူထားပြီးကြောင်းပြောပြသည်။ ထိုဆေးဝါးများရောက်လာသည်နှင့် သမားတော်ပိုင်သည် ချန်ကျဲ့အတွက် သိုင်းပညာလေ့ကျင့်ရေးကို အကူအညီဖြစ်နိုင်မည့် ဆေးဖက်ဝင်ချိုးရေအဖြစ် ဖော်စပ်ပေးမည်ဖြစ်သည်။
ထိုဆေးဝါးများသည် နောက်ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်၏။
ချန်ကျဲ့ ချက်ချင်း ကျေးဇူးတင်စကားဆိုခဲ့သည်။
ညနေစာကို အားရပါးရစားသောက်ပြီးနောက် ချန်ကျဲ့သည် ပုံမှန်နေ့များအတိုင်းပင် ကျန်ရစ်သည့်ဟင်းပွဲများကို အိမ်သို့ယူဆောင်ခဲ့သည်။
ဒီနေ့ညစာသည် အလွန်ကောင်းမွန်၏။ အသားနှပ်နှင့် အစာသွပ်မပါသည့် ဂျုံပေါက်စီတို့ဖြစ်သည်။
ဝူကျုံးသည် သူ၏ငယ်ရွယ်မှုအား ပြန်လည်ရရှိခဲ့ရာ ပိုင်မိသားစုသည် ၎င်းအား ပျော်ရွှင်ဝမ်းမြောက်ဖွယ် အဖြစ်အပျက်တစ်ခုအဖြစ် အောင်ပွဲခံကြသည်။ ထို့ကြောင့် ဒီနေ့ညနေစာသည် အသားနှပ်ဖြစ်နေခြင်းပင်။
သို့ဖြင့် ကြွင်းကျန်ရစ်သည့် အသားနှပ်တစ်ဝက်ကို ချန်ကျဲ့သည် ကလေးမလေးအတွက် အိမ်ယူလာပေးခဲ့သည်။
“အစ်ကိုကြီး အရမ်းစားကောင်းတယ်”
နှုတ်ခမ်းများတွင် အဆီဝေ့နေသည့် ကလေးမလေးကိုကြည့်၍ ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ သူမ၏ခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
စူးယွင်ကျင်းသည်လည်း ပျော်ရွှင်ဝမ်းမြောက်စွာ ညစာစားနေ၏။ မာလျို့၏အကြွေးပြဿနာလည်း ဖြေရှင်းပြီးဖြစ်ကာ ပိုင်မိသားစုသည်လည်း တပည့်ဖြစ်သူ ချန်ကျဲ့အား အခက်တွေ့အောင် မလုပ်ကြလေရာ ကိစ္စများသည် နေ့စဉ်နေ့တိုင်း အခြေအနေကောင်းမွန်လာခြင်းပင် မဟုတ်ပါလော။
နောက်၂နှစ်အတွင်း၌ ချန်ကျဲ့သည် ပညာသင်ယူခြင်းပြီးဆုံးမည်ဖြစ်ပြီး ဆေးပညာအား တစ်ဦးတည်း စတင်လေ့ကျင့်နိုင်ပြီဖြစ်သည်။ ဆိုလိုသည်မှာ ချန်ကျဲ့ ဝင်ငွေရှာနိုင်ပြီဟူ၍ဖြစ်၏။
အိမ်၌ ဝင်ငွေတစ်ခုရှိနေလျှင် ဤမိသားစုသည် အထိန်းအကွပ်မဲ့သည့် လှေတစ်စင်းကဲ့သို့ ဖြစ်မနေတော့ဘဲ အေးဆေးတည်ငြိမ်သွားမည်ဖြစ်ပေသည်။
အဲဒီလိုရိုးရှင်းတဲ့ဘဝကလည်း အတော်လေး ကောင်းမွန်တာပဲမဟုတ်လား။
သူက ဆေးပညာလေ့ကျင့်ပြီး ငါက သူ့အတွက် ချက်ပြုတ်ပေးမယ်။ ပြီးတော့ အားလပ်ချိန်မှာ ကဗျာစာအုပ်တစ်အုပ်၊နှစ်အုပ် ဖတ်ကြမယ်- အဲဒီလိုဘဝမျိုးကလည်း အရမ်းကောင်းတာပဲ မဟုတ်ဘူးလား။
စူးယွင်ကျင်းသည် သူမ၏ကျေးလက်ဒေသ နေထိုင်မှုဘဝလေးကို စတင်၍ စိတ်ကူးမျှော်မှန်းနေခဲ့သည်။
ချန်ကျဲ့သည် စိတ်ကျေနပ်နေဟန်ရှိသည့် အမျိုးသမီးနှစ်ဦးကို ချစ်မြတ်နိုးသည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးသည် အမှန်တကယ်ပင် အလွယ်တကူ စိတ်ကျေနပ်ရောင့်ရဲတတ်သူများ ဖြစ်ကြပေသည်။
သူတို့ ချမ်းသာကြွယ်ဝတဲ့ ဘဝမျိုးကို တစ်ခါလေးတောင်မှ မမက်မောမိကြဘူးလား။
အမှန်စင်စစ်မှာမူ လူတိုင်းသည် ချမ်းသာကြွယ်ဝါမှုနှင့် ခမ်းနားထည်ဝါမှုတို့ကို လိုချင်တပ်မက်ကြပါ၏။ သို့သော် အခက်အခဲများစွာကို လုံလုံလောက်လောက် ခံစားရပြီးနောက်တွင် ရိုးရိုးစင်းစင်းဘဝလေးသည် အကောင်းဆုံးဖြစ်ကြောင်းကို နားလည်သွားခဲ့ကြခြင်း ဖြစ်ပါ၏။
လက်ရှိနေ့ရက်များသည် ချန်ကျဲ့ မျှော်လင့်ချက်မရှိသည့် လောင်းကစားသမားဖြစ်နေခဲ့သည့် အချိန်ကာလများထက် အဆတစ်ရာပို၍ ကောင်းမွန်နေသည်မဟုတ်ပါလော။
ညီအစ်မနှစ်ဦးသည် ရောင့်ရဲတင်းတိမ်တတ်ကြသော်ငြား ချန်ကျဲ့သည် ဤလောကကြီးမှာ လူလူချင်းစားသုံးလေ့ရှိသည့်ကမ္ဘာကြီးဖြစ်ကြောင်းကို နားလည်ထား၏။ ကောင်းမွန်စွာ အသက်ရှင်သန်နေထိုင်လိုပါက တောတောင်ရေမြေ၏ နိယာမများနှင့် ညှိယူနိုင်ရပေမည်။
ယခုကဲ့သို့ပင်- ညီအစ်မနှစ်ဦးသည် ဤအခြေအနေမျှနှင့် ရောင့်ရဲကျေနပ်နိုင်ကြသည်။ သို့သော် သူတို့သည် မိစ္ဆာနှစ်ကောင်ဖြစ်သော ယွီစန်းလျို့နှင့် မာလျို့တို့မှ သူတို့အား ပစ်မှတ်ထားနေသည်ကို မသိကြပေ။
သူတို့သည် ဘဝတွင် ရိုးရှင်းမှုနှင့် အမှန်တရားကို ရှာဖွေ၍ရှင်သန်သည်။ သို့တိုင် မိစ္ဆာကောင်များသည် သူတို့ကို တိတ်တဆိတ်ချောင်းမြောင်းနေကြ၏။ သို့ဖြစ်ရာ မိမိကိုယ်ကိုယ် အင်အားကြီးမားလာစေခြင်းဖြင့်သာ မိမိ၏မိသားစုအား ကာကွယ်နိုင်ပေလိမ့်မည်။
ဘဝနှစ်ခုကို ရှင်သန်ခဲ့ပြီးဖြစ်ရာ ချန်ကျဲ့သည် အခြေခံသဘောတရားတစ်ခုကို နားလည်ထား၏။
သင်သုံးဆောင်သည့်အရာကိုသာ သင်ရရှိ၏။ ဆင်းရဲဒုက္ခကို စားသုံးသူသည် ဆင်းရဲဒုက္ခခံစားရလိမ့်မည်။ လူသားစင်စစ်ဖြစ်ရန်အတွက် သင်သည် အခြားသူများကို စားသုံးရန် ဆန္ဒရှိရပေမည်။
“ဗိုက်ဝပြီလား။ ဗိုက်ဝပြီဆို သွားအိပ်တော့လေ”
ညစာကို ကျေနပ်နှစ်သက်နေသည့် ညီအစ်မနှစ်ယောက်အား ချန်ကျဲ့ပြောလိုက်သည်။ ကလေးမလေးသည် သူမ၏ဗိုက်ပူလေးကို ပွတ်သပ်၍ပြော၏။
“ရွေ့ရွေ့ ဗိုက်ဝပြီ။ အသားနှပ်က အရမ်းစားကောင်းတာပဲ။ နေ့တိုင်းစားရရင် ကောင်းမှာပဲ”
စူးယွင်ကျင်းသည် ကလေးမလေးကို တစ်ချက်ပုတ်လိုက်၏။
“အိပ်မက်မက်လေ။ အဲဒါမျိုးကို နေ့တိုင်းစားရင် ဝလာပြီးတော့ သေသွားမှာပေါ့”
ကလေးမလေးမှ ပြန်ပြောသည်။
“အသားနှပ်ကိုသာ နေ့တိုင်းစားနိုင်မယ်ဆိုရင် ရွေ့ရွေ့တော့ ဝပြီးသေလည်း ကိစ္စမရှိပါဘူး ဟီးဟီး…”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အမ်း ရွေ့ရွေ့ အသားနှပ်စားချင်တယ်ဆိုရင် လိမ္မာတဲ့ကလေးလေးဖြစ်မှရမယ်။ ကဲ အခု အစ်မကြီးနဲ့အတူ အိပ်ရာဝင်ဖို့ အချိန်ကျပြီ”
“အမ်း”
ကလေးမလေး ခေါင်းညိတ်သည်။
“ရွေ့ရွေ့က အလိမ္မာဆုံးလေးပါ”
သို့သော် စူးယွင်ကျင်းသည် ချန်ကျဲ့အား အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သည်။
သူဒီနေ့ အရမ်းထူးဆန်းနေတယ်။
ပုံမှန်ဆို ညစာစားပြီးရင် သူငါ့ကို အမြတ်ထုတ်ဖို့ကြိုးစားနေတတ်တာကို။ ငါ့ကို စနောက်ခွင့်မရလိုက်မှာစိုးလို့ ငါနဲ့ရွေ့ရွေ့နဲ့ အိပ်ရာစောစောဝင်မှာကို စိုးရိမ်နေတတ်တာလေ။
ဒါပေမဲ့ ဒီနေ့ကျဘာလို့ ငါတို့ကို အိပ်ရာဝင်ခိုင်းဖို့ အလျင်လိုနေရတာလဲ။
သူငါ့ကို တစ်ခုခုဖုံးကွယ်ထားတာလား။
စူးယွင်ကျင်း ချန်ကျဲ့ကို မော့ကြည့်လိုက်သည်။
“ယောက်ျား ရှင်ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား”
“ငါ ငါက ဘယ်လိုလုပ်ပြီး မင်းကိုဖုံးကွယ်ထားတာ ရှိနိုင်မှာလဲ။ အတွေးမလွန်ပါနဲ့ကွာ”
စူးယွင်ကျင်းမှ ပြောသည်။
“တစ်ခုခု မူမမှန်နေဘူး။ ရှင်ဒီနေ့ အပြုအမူတွေ ထူးဆန်းနေတယ်”
“ငါ ငါကလား? ရွေ့ရွေ့ အစ်ကိုကြီး ဒီနေ့ထူးဆန်းနေတယ်လို့ထင်လား”
ချန်ကျဲ့ ကလေးမလေးကို မေးလိုက်သည်။
“အမ်.. ထူးထူးဆန်းဆန်းပြုမူတယ်ဆိုတာ ဘာကိုပြောတာလဲ”
ရွေ့ရွေ့သည် အချိန်ခဏမျှတွေးတော၍ မေးခွန်းထုတ်လာ၏။
“ပုံမှန်နဲ့ မတူတာတွေ လုပ်နေတာကိုပြောတာ ဟုတ်တယ်မလား”
တစ်ဖန်ထပ်စဉ်းစားပြီးနောက် ရွေ့ရွေ့မှ ပြောသည်။
“အစ်ကိုကြီး ဒီနေ့ မမကို အနှောင့်အယှက်မပေးဘူး….”
အာ အဲဒီလောက်တောင် သိသာတာလား။
ချန်ကျဲ့ မျက်မှောင်ကြုတ်သွားရသည်။ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ပြန်လှည့်ကြည့်၍ ပြောသည်။
“ရှင်ကျွန်မကို တစ်ခုခုဖုံးကွယ်ထားတယ် ဟုတ်တယ်မလား”
“ငါမပြောလို့ ရမလား”
ချန်ကျဲ့ ပြန်ပြောသည်။
စူးယွင်ကျင်း တိတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းညိတ်၍ ပြောသည်။
“ရှင်တောင် ကျွန်မကို အကျပ်မကိုင်တာ ကျွန်မလည်း ရှင့်ကို ဘယ်လိုလုပ် အကျပ်ကိုင်နိုင်ပါ့မလဲ။ ရှင်ဘာလုပ်လုပ် ကျွန်မ မမေးဘူး။ ဒါပေမဲ့ အဲဒါက အန္တရာယ်များတယ်၊ မများဘူးတော့ ရှင်ကျွန်မကို ပြောပြရမယ်”
ချန်ကျဲ့ စူးယွင်ကျင်းကိုကြည့်၍ သူမ၏ကိုယ်လေးကို ထိကိုင်ကာ ညင်သာစွာ ခေါင်းညိတ်ပြသည်။
“အန္တရာယ်မများပါဘူး။ ကိစ္စသေးသေးလေးပါပဲ။ အရုဏ်တက်ချိန်မတိုင်ခင် ငါအိမ်ပြန်ရောက်လောက်မှာပါ”
“အင်း”
စူးယွင်ကျင်း ခေါင်းညိတ်သည်။ ထို့နောက် ချန်ကျဲ့၏ ညနေခင်းဝတ်သည့် အပြင်ဝတ်ရုံများကို သိမ်းဆည်းသည်။
“အပြင်မှာ လေပြင်းနေတယ်။ ရှင်သွားတဲ့အခါ အပေါ်ဝတ်ထပ်ဝတ်သွားဦး။ အအေးမမိစေနဲ့။ ဒါနဲ့ ရှင်ဘယ်အချိန်သွားမှာလဲ”
“ငါအခု သွားတော့မှာ”
“ချက်ချင်းကြီးပဲ။ အင်းပါ ဒါဆိုလည်း ဂရုစိုက်သွား။ ကျွန်မနဲ့ ရွေ့ရွေ့ ရှင်ပြန်လာတာကို စောင့်နေမယ်”
စူးယွင်ကျင်းမှ ထိုသို့မှာကြားသည့်အခါ ချန်ကျဲ့ ပြုံးလိုက်သည်။
ညကောင်းကင်ထက်တွင် ချိတ်ကောက်တစ်ခုကဲ့သို့ လခြမ်းကွေးလေး တောက်ပနေသည်။ ထိုစဉ် ချန်မိသားစု၏ ခြံဝင်းတခါးပွင့်ဟသွား၏။ ချန်ကျဲ့သည် အပြင်ဝတ်ရုံကို တစ်ကိုယ်လုံးဖုံးလွှမ်းသည်အထိ ဝတ်ဆင်ထားကာ ခြံတံခါးဝတွင်ရပ်နေသည့် စူးယွင်ကျင်းကို ပြောလိုက်သည်။
“အထဲဝင်တော့ အပြင်မှာအေးတယ်”
“ငါသွားပြီးရင် တံခါးကိုသေချာပိတ်ထား။ ဘယ်သူ့ကိုမှ ဖွင့်မပေးနဲ့ ဟုတ်ပြီလား။ ငါပြန်လာတာကိုပဲ စောင့်နေ”
ချန်ကျဲ့ ကြင်နာယုယစွာ ပြောခဲ့သည်။
စူးယွင်ကျင်းမှ ခေါင်းညိတ်၏။
“ကျွန်မ နားလည်ပါတယ်။ အိမ်ကို စိတ်ပူမနေနဲ့၊ ကျွန်မတို့ အဆင်ပြေပါတယ်။ ရှင်အပြင်သွားနေတဲ့အချိန်မှာ ကျွန်မတို့ကို စိတ်ပူပြီး အာရုံမပျံ့လွင့်စေနဲ့”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
“ငါသွားပြီ”
စူးယွင်ကျင်းမှ လက်ဝှေ့ရမ်း၍ နှုတ်ဆက်သည်။
“သွား.. ညဘက် လမ်းမှောင်တယ် ဂရုစိုက်သွား”
“စိတ်မပူနဲ့ အထဲပြန်ဝင်တော့”
“အင်း”
“ဝင်တော့ ဝင်တော့”
ချန်ကျဲ့သည် ညအမှောင်လမ်းတွင် လမ်းလျှောက်ရင်း စူးယွင်ကျင်းကို နောက်ပြန်လှည့်ကြည့်၍ အထဲပြန်ဝင်ရန် လက်ဟန်ပြနေခဲ့သည်။
ချန်ကျဲ့၏ပုံရိပ်မှာ ပို၍ဝေးကွာသွားခဲ့၏။ မှိန်ဖျော့ဖျော့လရောင်သည် လမ်းလျှောက်ထွက်ခွာသွားသူ၏ နောက်ကျောပြင်ထက် ဖြာကျနေကာ တံခါးဝ၌မူ တင့်တယ်သော အလင်းနောက်ခံအရိပ်တစ်ခု ရပ်နေသည်။ ထိုအရိပ်သည် လမ်းမထက်ရှိ အမျိုးသား၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ သူမ၏မျက်လုံးအစုံတို့၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပေသည်။
သို့သော် သူမသည် ချန်ကျဲ့ကို ဟန့်တားရန် မကြိုးစားခဲ့ပေ။ သူမအတွက် ရပ်တန့်ပေးပါရန်လည်း မတောင်းဆိုခဲ့။
ဤအမျိုးသားသည် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးများစွာကို လုံလုံလောက်လောက် ပခုံးထမ်းထားခဲ့ပြီးဖြစ်သည်။ သူမအနေဖြင့် ထိုအမျိုးသားအတွက် ဘာမျှကူညီမပေးနိုင်လျှင်သော်မှ ဝန်ထုပ်ဝန်ပိုး မဖြစ်လိုပေ။ သူမအတွက်နှင့် သူ့အား ရပ်တန့်စေခြင်းငှာ ပို၍ပင် မဖြစ်နိုင်ပေ…။
သူမ,လုပ်နိုင်သည့်အရာမှာ သူထွက်ခွာသွားချိန်တွင် သူ၏အဝတ်များကို သိမ်းဆည်းပေးပြီး သူပြန်ရောက်လျှင် သောက်သုံးရန်အတွက် စွပ်ပြုတ်ရည်ပူပူလေး ပြင်ဆင်ပေးထားခြင်းသာ ဖြစ်သည်။ သူ မရှိချိန်တွင် သူမ,အနေဖြင့် တိတ်တဆိတ် ဆုတောင်းနေရုံသာ တတ်နိုင်ပါ၏…
ဘေးကင်းလုံခြုံရန်အတွက်ဖြစ်စေ၊ ခရီးလမ်းချောမွေ့စေရန်အတွက်ဖြစ်စေ၊
ထို့နောက် အိမ်သို့ စောစောပြန်လာနိုင်ရန်အတွက်ဖြစ်စေ…