← Chapters

စိတ်ကူးယဉ် ရတနာရှာဖွေသူ

Vol. 4 Ch. 48

စိတ်ကူးယဉ် ရတနာရှာဖွေသူ

Vol. 4 Ch. 48

မနက်စာသည် ရိုးရှင်း၏။ ဆားရည်စိမ်တောဟင်းရွက်နှင့် ပြောင်းဆန်ပြုတ်ဖြစ်သည်။

ကလေးမလေးသည် သူမ၏ ထမင်းပန်းကန်လုံးလေးကိုင်၍ ဆန်ပြုတ်သောက်နေသည်။ မျက်လုံးအစုံသည်တော့ အချင်းချင်းအကြည့်ချင်း‌ဆုံနေကြသည့် လူကြီးနှစ်ယောက်ကို ကြည့်နေသည်။

တစ်ခုခု မူမမှန်နေဘူး။ ဒီနှစ်ယောက် သေချာပေါက် ထူးဆန်းနေတယ်။

“မမ”

“မမ”

“ဟင်”

စူးယွင်ကျင်း ကလေးမလေးကို လှည့်ကြည့်သည်။

“မမ‌ ‌မနေ့ညက ဘယ်သွားလိုက်တာလဲ။ ရွေ့ရွေ့ ညတုန်းက ရှူးပေါက်ဖို့ထတော့ မမကို မတွေ့ဘူး”

ထိုအခါ စူးယွင်ကျင်း၏မျက်နှာသည် နီရဲသွား၏။ သူမသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ပန်းကန်လုံးကို မြှောက်ကိုင်လိုက်သည်။

“မမ ဘာလို့ အစ်ကိုကြီးကို ကြည့်နေတာလဲ။ အစ်ကိုကြီး သိတယ်လား”

ကလေးမလေးသည် ချန်ကျဲ့ကို လှည့်ကြည့်လာ၏။

ချန်ကျဲ့သည် အလွန်တည်ငြိမ်အေးဆေး၏။ ဆန်ပြုတ်တစ်ငုံသောက်ပြီးနောက်မှ ပြောလာသည်။

“အို ရွေ့ရွေ့က အခု အရွယ်ကြီးနေပြီဆိုတော့ အိပ်ရာပေါ် ရှူးပေါက်မချတော့ဘူးလား။ မင်းမမပြောတာတော့ ရွေ့ရွေ့က အသက်၄နှစ်မှာတောင် အိပ်ရာပေါ် ရှူးပေါက်ချတုန်းပဲတဲ့”

“အမ် အစ်ကိုကြီး ရွေ့ရွေ့ အိပ်ရာပေါ် ရှူးပေါက်မချတော့ပါဘူး။ ရွေ့ရွေ့က အခု အရွယ်ကြီးနေပြီလေ”

ကလေးမလေးသည် ချက်ချင်း စိတ်လှုပ်ရှားလာပေသည်။

ထိုအခါ ချန်ကျဲ့ပြုံး၍ ပြောသည်။

“ဟုတ်လား။ ဒါပေမဲ့ ရွေ့ရွေ့က အစ်ကိုကြီးအတွက်တော့ အတော်လေး ငယ်နေသေးတယ်”

“အစ်ကိုကြီး ရွေ့ရွေ့ပြောမယ်၊ ရွေ့ရွေ့က ဒီနှစ်ဆို ၅နှစ်ပြည့်ပြီ။ ၅နှစ်ကလေးက အိပ်ရာပေါ် ရှူးပေါက်မချတော့ဘူးရယ်”

“တကယ်လား။ ရွေ့ရွေ့က အခု ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်နေပြီပေါ့လေ”

“ဒါပေါ့ ဒါပေါ့”

“ကောင်းတယ် အရမ်းကောင်းတယ်။ ရွေ့ရွေ့က အရမ်းလိမ္မာနေမှတော့ ဒီအစ်ကိုကြီးက ဒီနေ့ ရွေ့ရွေ့ကို မုန့်ဝယ်ကျွေးမယ် ဘယ်လိုလဲ”

“ကောင်းတယ်”

ကလေးမလေးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောသည်။ မနေ့ညက အစ်မဖြစ်သူ အနားတွင်မရှိသည့်ကိစ္စကို လုံးဝမေ့လျော့သွားတော့သည်။

စူးယွင်ကျင်းသည် ချန်ကျဲ့အား ကျေးဇူးတင်သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ချန်ကျဲ့သည် ရွှင်ပျသော မျက်နှာအမူအရာဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

အမှန်အတိုင်းဆိုရသော် ဤသည်မှာ ကလေးမလေးတစ်ဦးကို ရင်ဆိုင်ရသည့်ကိစ္စမျှ မဟုတ်ပါချေ။ ချန်ကျဲ့သည် သူ၏စီးပွားရေးလုပ်ငန်းပါတနာများပင် အပြစ်ရှာရန် ခက်ခဲသူဖြစ်၏။ သို့ဖြစ်ရာ ကလေးမလေးတစ်ယောက်၏ မေးခွန်းကြောင့် အကျပ်ရိုက်သွားရခြင်းမှာ မဖြစ်နိုင်ပါချေ။

မနက်စာစားပြီးနောက်တွင် ချန်ကျဲ့ စူးယွင်ကျင်းကို နှုတ်ဆက်ခဲ့သည်။

ချန်ကျဲ့သည် မနေ့က ရရှိခဲ့သည့် ငွေစများကို စူးယွင်ကျင်းအား ပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် တစ်ဖန်ပြန်စဉ်းစားလိုက်ပြီးနောက်၌ သူမကို ရုတ်တရက်ကြီး ငွေအမြောက်အများ ပေးလိုက်ခြင်းသည် ကောင်းမွန်သည့်အရာ မဖြစ်နိုင်ပေ။ သူမကို စိုးရိမ်ပူပန်စေလိမ့်မည်သာ ဖြစ်၏။

ထို့ကြောင့် ချန်ကျဲ့သည် စူးယွင်ကျင်းကို ပိုက်ဆံမပေးခဲ့ပေ။ နောက်မှ သူမကို တစ်ခုခုဝယ်ပေးခြင်းသည် ပိုကောင်းလိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ယခု၌ ချန်ကျဲ့၏လက်ထဲတွင် ငွေအမြောက်အများရှိနေလေရာ ညီအစ်မနှစ်ယောက်အတွက် အဝတ်အစားအသစ်နှစ်စုံ ဝယ်ပေးရန် စဉ်းစားလိုက်သည်။

စူးယွင်ကျင်း လက်ရှိဝတ်နေသော အဝတ်များသည် အဖာအထေးများပြည့်နှက်နေ၏။ သူမသည် သဘာဝအတိုင်းလေး လှပသူဖြစ်ရာ အဖာအထေးပြည့်နှက်နေသော အဝတ်များသည် သူမ၏အလှတရားကို မယုတ်လျော့စေနိုင်ပေ။ ယခု၌ ဘဝသည် ပို၍ကောင်းမွန်လာပြီဖြစ်၏။ သို့ဖြစ်ရာ အဘယ်ကြောင့်များ အလွန်ခက်ခက်ခဲခဲ ဆက်လက်နေထိုင်ရပါအံ့နည်း။

ချန်ကျဲ့ အိမ်အပြင်သို့ထွက်လာချိန်တွင် အိမ်အစေခံများ ဖြစ်ဟန်ရသည့် အနက်ရောင်ဝတ်အမျိုးသားများစွာကို မြင်တွေ့ခဲ့ရသည်။ ထိုလူများသည် ရွာသူများကို မေးခွန်းမေးမြန်းနေကြသည်။

ရွာသူများသည် ခြေဟန်လက်ဟန်များဖြင့် စကားများစွာကို ပြောဆိုနေကြရာ အိမ်အစေခံများမှာ သေချာနားမလည်နိုင်ဘဲ ရှုပ်ထွေးနေကြ၏။

ချန်ကျဲ့ ဖြတ်လျှောက်သွားစဉ် အမျိုးသမီးတစ်ဦး၏ ပြောစကားကို ကြားခဲ့ရသည်။

“ကျွန်မ ပြောမယ်၊ ရှင်တို့ပြောတဲ့ အဲဒီရွှေကြက်ဆိုတာကို မြို့ပြင်က ရတနာရှာဖွေသူက ယူသွားပြီနေမှာ”

“မြို့ပြင်က ရတနာရှာဖွေသူလား”

“ဟုတ်တယ် ကျွန်မတို့ ကိုယ်တိုင်မြင်လိုက်တာ”

“ခင်‌ဗျားတို့ ကိုယ်တိုင်မြင်လိုက်တာလား”

အိမ်အစေခံများသည် ရွာသူအမျိုးသမီးများကို အကဲခတ်ကြည့်နေကြသည်။ ထို့နောက် အမျိုးသမီးများထဲမှ တစ်ဦးမှပြောလာသည်။

“ကျွန်မတို့က လိမ်ပြောပြီးဘာလုပ်ရမှာလဲ။ အဲဒီလူက ဟိုးအပေါ်ဘက်ကနေ ပြန်ဆင်းလာတာပဲလေ။ ကျွန်မတို့ အဝတ်လျှော်နေကြတုန်း ‌ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတာပါနော်”

“ဘယ်အချိန်လောက်တုန်းက မြင်ခဲ့တာလဲ”

“မနက်၅နာရီကနေ ၇နာရီကြားလောက်ဖြစ်မယ်”

“ဟုတ်တယ်၊ ကျွန်မ အိမ်ကထွက်လာတော့ ၅နာရီ၄၅မိနစ်လောက် ဖြစ်လိမ့်မယ်။ အိမ်ကနေ အဲဒီနေရာကိုရောက်ဖို့အတွက်က အချိန်ဘယ်လောက်မှ ကြာတာမဟုတ်ဘူး…”

“အဲဒီရတနာရှာဖွေသူက ဘယ်လိုပုံစံမျိုးလဲ”

အိမ်အစေခံတစ်ဦးမှ မေးသည်။ ထိုအခါ အမျိုးသမီးတစ်ဦးမှ ဖြေသည်။

“အရပ်က ဒီလောက်လောက်ရှည်တယ်၊ ခန္ဓာကိုယ်လည်း တောင့်တင်းတဲ့ပုံပဲ၊ မပိန်ဘူး။ လယ်သမားတော့ မဖြစ်နိုင်လောက်ဘူး”

အမျိုးသမီးမှ ‌ခြေဟန်လက်ဟန်ဖြင့် ပုံဖော်ပြလျက် ပြောသည်။

“ကတော့ပုံဦးဆောင်းကို ဆောင်းထားတယ်၊ ရုပ်ကို သေချာတော့ မမြင်လိုက်ရပေမဲ့ အသက်၃၀ဝန်းကျင်လောက် ဖြစ်နိုင်တယ်။ ဟုတ်တယ်မလား အစ်မ၂”

“ဟုတ်တယ်။ လေဒဏ်နေဒဏ်ကြောင့် သူ့ကို အသက်ကြီးနေသလို ထင်စေတာလည်းဖြစ်နိုင်တယ်။ ၂၈နှစ်၊ ၂၉နှစ်လောက် ဖြစ်မယ်ထင်‌တယ်”

အမျိုးသမီးများသည် အပြန်ပြန်အလှန်လှန် ဆွေးနွေးပြောဆိုနေကြသည်။ သို့ဖြင့် နောက်ဆုံးတွင်တော့ သိုင်းသမားတစ်ဦး၏ပုံရိပ်ကို ပေါင်းစည်း၍ဖန်တီးလိုက်ကြပေသည်။

အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်သည်။ ကတော့ပုံဦးဆောင်းနှင့် အနက်ရောင်လက်တိုအဝတ်အစားကို ဝတ်ဆင်ထားကာ လျှော်အိတ်တစ်အိတ်ကို သယ်ဆောင်ထားသည်…

အိမ်အစေခံတစ်ဦး၏ဘေးတွင် ရပ်နေသည့် ပန်းချီဆရာသည် အမျိုးသမီးများ၏ ဖော်ပြချက်အတိုင်း ပုံတူရေးဆွဲနေ၏။ ရံဖန်ရံခါတွင် အသေးစိတ်ပုံပန်းသွင်ပြင်ကိုပါ မေးလိုက်သေးသည်။

အမျိုးသမီးသည်လည်း မဆိုင်းမတွ ပြောပြသည်။

“အစ်မ ထပ်ထည့်စရာ ရှိသေးလား”

“မျက်နှာက နည်းနည်းပိုသွယ်ရမယ်၊ ဟုတ်တယ်။ ပြီးတော့ သူ့မျက်နှာ ဘယ်ဘက်ခြမ်းမှာ ဓားဒဏ်ရာအမာရွတ်ရှိတယ်”

“အာ အစ်မ၂ ဒီနေရာမှာလား”

“ဟုတ်တယ်၊ နင်သတိမထားမိဘူးလား”

“အမ် အမာရွတ်က အဲဒီတော့ ရှိတာလား မရှိတာလား”

အိမ်အစေခံမှ မေးသည်။

“ရှိတယ် ရှိတယ်”

နောက်ဆုံးတွင်‌တော့ ပန်းချီဆရာသည် သိုင်းသူရဲကောင်းတစ်ဦး၏ ပုံတူပန်းချီတစ်ချပ်ကို ရေးထုတ်နိုင်ခဲ့လေသည်။ အိမ်အစေခံများသည် ဤသတင်းအချက်အလက်မှာ သခင်ဖြစ်သူအား ပြန်လည်တင်ပြသင့်သည်ဟု တွေး‌လိုက်သည်။

ထိုစဉ် ချန်ကျဲ့သည် ၎င်းလူစုဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။

“နေဦး၊ မင်းဘယ်သွားမလို့လဲ”

ချန်ကျဲ့ အိမ်အစေခံကိုကြည့်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ဘယ်သူတွေလဲ။ ဘာလို့ ကျုပ်ကို တားတာလဲ”

“စကားအပိုတွေ ပြောမနေနဲ့။ ငါမေးတာကိုပဲဖြေ!”

ထိုအခါ အနားရှိ အဒေါ်ကြီးတစ်ဦးမှ ပြောသည်။

“ကျိုစစ် သူတို့က ယွီမိသားစုအိမ်တော်က လူတွေ”

“ဪ ဟုတ် မေးပါ”

ချန်ကျဲ့သည် အခုမှ နားလည်သွားဟန်ဖြင့် ‌ခေါင်းညိတ်သည်။ အိမ်အစေခံမှ မေး၏။

“တစ်နေ့က တောင်ပေါ်ကနေ လျှော်အိတ်တစ်အိတ်နဲ့ လူတစ်ယောက်ဆင်းလာတာကို တွေ့မိသေးလား”

“ဒါက ကျွန်တော် မသိဘူးဗျ”

“ဟမ်?”

အိမ်အစေခံများသည် ရုတ်ချည်း သင်္ကာမကင်းဖြစ်လာကြကာ အမျိုးသမီးကြီးကို ကြည့်သည်။ အမျိုးသမီးသည် ချန်ကျဲ့ကို အလျင်စလိုကြည့်လာ၏။

“ကျိုစစ် သေချာစဉ်းစား‌ကြည့်ပါဦး။ မင်း ကတော့ပုံဦးဆောင်း ဆောင်းထားတဲ့ လူတစ်ယောက်ကို မတွေ့မိဘူးလား”

ထိုအခါ ချန်ကျဲ့သည် အပြစ်ကင်းစင်ရိုးသားဟန်ဖြင့် ပြောလိုက်သည်။

“အ‌ဒေါ်ရယ် ကျွန်တော်က အခုနောက်ပိုင်း သမားတော်ပိုင်အိမ်မှာ ဆေးပညာလေ့လာနေတာလေ။ နေ့တိုင်း ဆေးအမျိုးအစားတွေအများကြီးကို မှတ်နေရတာ။ ကျွန်တော့်ဦးနှောက်ထဲမှာ လုံးဝရှုပ်ယှက်‌ခတ်နေတာ၊ ကျွန်တော် တကယ် မမှတ်မိဘူး”

ထိုအခါ အမျိုးသမီးမှ ပြောသည်။

“ဟုတ်တယ် ဟုတ်တယ်။ ကျိုစစ်က ခုနောက်ပိုင်း ဆေးပညာလေ့လာတာနဲ့ အရမ်းအလုပ်များနေတာ။ ဘယ်လိုလုပ်ပြီး ဒါကို အာရုံစိုက်မိမှာလဲ”

ချန်ကျဲ့ အိမ်အစေခံများကို ကြည့်လိုက်ပြီး ပြောခဲ့သည်။

“လူကြီးမင်းတို့ ကျွန်တော် တကယ်ဘာမှ မမြင်ခဲ့ပါဘူးဗျာ။ ဒီလိုလုပ်၊ ခင်ဗျားတို့ ကျုပ်ဆရာရဲ့အိမ်ကို လိုက်ခဲ့ပါလား။ ကျုပ်ရဲ့ဦးလေးဝူကျုံးက အရာရာကိုနှံ့စပ်တယ်။ ခင်ဗျားတို့ ဦးလေးဝူကျုံးကို မေးကြည့်လို့ရတယ်”

“အဲ့လိုဆို အဆင်ပြေမလား”

ချန်ကျဲ့သည် ထိုစကားများကိုပြောနေစဉ် အိမ်အစေခံများကို အကြည့်မလွှဲပေ။ အိမ်အစေများ၏ မျက်နှာအမူအရာတို့မှာ ရုတ်ချည်း အကျပ်ရိုက်ဟန် ဖြစ်သွားကြလေသည်။

ငါတို့က ဘယ်သူမလို့ ဝူကျုံးကိုသွားပြီး မေးခွန်းထုတ်ရမှာလဲ။ အဲဒါက သေဖို့တောင်းဆို‌လိုက်တာနဲ့ အတူတူပဲမဟုတ်လား။

ဝူကျုံးက ဘယ်လိုလူမျိုးမလို့လဲ။ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူး၊ ငါတို့ရဲ့သခင်နဲ့ အဆင့်အတန်းညီမျှတဲ့သူလေ။ သူ့ကို သွားမေးခွန်းထုတ်တာက ကိုယ့်ဒုက္ခကိုယ်ရှာတာနဲ့ အတူတူပဲ။

ပြီးတော့ ရှေ့မှာရပ်နေတဲ့ ဒီလူငယ်ကလည်း သာမန်လူတစ်ယောက် မဟုတ်ဘူး။ သမားတော်ပိုင်ရဲ့တပည့်ပဲ။ သမားတော်ပိုင်က သူ့လူတွေကို အရမ်းကာကွယ်ပေးတတ်တာကို ဘယ်သူက မသိလို့လဲ။ ပြီးတော့ ဝူကျုံးကလည်း သမားတော်ပိုင်ရဲ့စကားကို အလေးထားတယ်မဟုတ်ဘူးလား။

ထိုအတွေးဖြင့် အိမ်အစေခံများသည် ရုတ်ချည်း လေ‌သံပြောင်းသွားတော့သည်။ ချန်ကျဲ့ကို အပြုံးဖြင့် ပြောလာ၏။

“ဟားဟား လူငယ်လေးရယ် ငါတို့က နောက်ပြောင်နေရုံပါပဲ။ မင်းက သမားတော်ပိုင်ရဲ့ တန်ဖိုးထားရတဲ့တပည့်တစ်ယောက်‌ဆိုတော့ ဒါမျိုးကိစ္စအတွက် အချိန်ရှိလောက်မှာ မဟုတ်ဘူး။ ငါတို့လည်း မင်းရဲ့အချိန်တွေကို ထပ်မဖြုန်းတီးတော့ပါဘူး။ မင်းသွားနိုင်ပါပြီ”

ချန်ကျဲ့ အပြုံးဖြင့် ပြန်လည်တုံ့ပြန်သည်။

“ကောင်းပြီ၊ ဒါဆိုလည်း ကျွန်တော် သွားလိုက်ပါဦးမယ်။ ဒါနဲ့ ခင်ဗျားကို ဒါတွေကို ဘာအတွက် လိုက်မေးနေကြတာလဲ”

အိမ်အစေခံများသည် ချက်ချင်း ခေါင်းခါရမ်းကြ၏။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး”

ချန်ကျဲ့ ပြောလိုက်သည်။

“အရမ်းလျှို့ဝှက်ကြတာပဲ‌ဗျာ”

ထို့နောက် ချန်ကျဲ့သည် သမားတော်ပိုင်၏နေအိမ်သို့ ထွက်လာခဲ့သည်။ အိမ်အစေခံများသည် ဆက်လက်စုံစမ်းမေးမြန်းနေကြသည်။

“တစ်နေ့က မင်းတို့ လူတစ်ယောက်ကို…”

ရှန်းထောင်တစ်ရွာလုံးကို မေးမြန်းပြီးနောက်တွင် ထိုနေ့က ကတော့ပုံစံဦးဆောင်းနှင့် လူစိမ်းတစ်ယောက် သေချာပေါက်ရှိခဲ့သည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။

အဘယ်သို့များ သိနိုင်ပါအံ့နည်း။

လူသုံးဦးမှ ဇာတ်ကြောင်းကို တစ်ပုံစံတည်း ထပ်ခါထပ်ခါပြောဆိုသောအခါ ယုံကြည်လက်ခံနိုင်ဖွယ်ဖြစ်လာ၏။ ထို့ပြင် ရွာတစ်ရွာလုံး၌ ကောလာဟလပျံ့နှံ့သွားသောအခါ ၎င်းသည် ကောလာဟလတစ်ခု မဟုတ်တော့ပေ။

ချန်ကျဲ့သည် ကောလာဟလများ၏ အန္တရာယ်ကို ကောင်းစွာနားလည်သည်။

အဲဒီတော့ ယွီပင်း၊ ခင်ဗျားကြီးတော့ လန်ကျုတ်လုပ်ထားတဲ့ ကတော့ပုံဦးဆောင်းနဲ့ မျက်နှာမှာ အမာရွတ်ရှိတဲ့ သိုင်းသူရဲကောင်းကြီးကို ရှာပေတော့ပဲ!

ကျုပ်ကတော့ လူမထင်ပေါ်အောင်နေပြီး ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်လိုက်ဦးမယ်!

All Chapters