← Chapters

သခင်လေး မကောင်းတော့ဘူး၊ မာလျို့သေပြီ။

Vol. 4 Ch. 49

သခင်လေး မကောင်းတော့ဘူး၊ မာလျို့သေပြီ။

Vol. 4 Ch. 49

“မြို့ပြင်က က‌တော့ချွန်ဦးဆောင်းနဲ့ မျက်နှာမှာအမာရွတ်ရှိတဲ့ ရတနာရှာဖွေသူ ဟုတ်လား”

ယွီစံအိမ်တော်၌ ယွီပင်းသည် မျက်မှောင်ကြုတ်လျက် ထိုင်နေသည်။

အိမ်အစေခံများသည် ယွီပင်းကို စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။

“ဟုတ်ပါတယ် သခင်ကြီး၊ ကျွန်တော်တို့ အထက်မက်မွန်ရွာ၊ ကျုံးထောင်၊ အောက်မက်မွန်ရွာနဲ့ ရှန်းထောင် ရွာလေးရွာစလုံးကို သွားခဲ့ပြီပါပြီ”

“အထက်မက်မွန်ရွာနဲ့ ကျုံးထောင်ရွာက ရွာသားတွေကတော့ အဲဒီလိုလူမျိုး တောင်ပေါ်က ဆင်းလာတာကို မတွေ့ဖူးဘူးလို့ ပြောကြပါတယ်။ ရှန်းထောင်ရွာနဲ့ အောက်မက်မွန်ရွာက ရွာသားတွေ အားလုံးနီးပါးကတော့ က‌တော့ချွန်ဦးဆောင်းနဲ့ မျက်နှာမှာအမာရွတ်ရှိတဲ့ ရတနာရှာသူလူစိမ်းတစ်ယောက်ကို တွေ့ခဲ့တယ်လို့ ပြောကြပါတယ်”

“ဒီကိစ္စက အခြေအ‌မြစ်မရှိတဲ့အရာ မဖြစ်နိုင်ဘူးလို့ ယုံကြည်တာကြောင့် သခင်ကြီးကို အရင်ဆုံးတင်ပြဖို့ လာခဲ့တာပါ”

ထိုအခါ ယွီပင်းသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ သူ၏အကြည့်များသည် တဖြည်းဖြည်းချင်း စူးရှလာနေသည်။

ယွီပင်းမှ လက်ဝှေ့ရမ်းလျက် ပြောသည်။

“အမ်း မင်းတို့အရင် ထွက်သွားနှင့်ကြပါ။ ဪ လီစစ် မင်းနေခဲ့”

“ဟုတ်ကဲ့”

အိမ်အစေခံများ ထွက်ခွာသွားကြပြီး လီစစ်နှင့် ကိုယ်ရံတော်ခေါင်းဆောင်သာလျှင် ကျန်ရစ်ခဲ့သည်။

“သခင်ကြီး?”

လီစစ်သည် သခင်ကြီးကို ကြည့်နေသည်။ ယွီပင်းမှ စားပွဲခုံသို့ ညွှန်ပြ၏။

“ငါ့စားပွဲပေါ်က ဖမ်းဝရမ်းသွားယူချေ”

“ဟုတ်ကဲ့ပါ သခင်ကြီး”

လီစစ်သည် စားပွဲပေါ်မှ ဖမ်းဝရမ်းကို ချက်ချင်းသွားယူသည်။ သို့သော် ဖမ်းဝရမ်းကို မြင်လိုက်ရသည်တွင် တစ်ကိုယ်လုံး တောင့်ခဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းဖမ်းဝရမ်းတွင် အလိုရှိသူတစ်ဦး၏ပုံတူအား ရေးဆွဲထားသောကြောင့်ဖြစ်သည်။

ထိုပုံတူပန်းချီမှာ ကတော့ချွန်ခမောက်ဆောင်းထားသော မျက်နှာတွင်အမာရွတ်ရှိသည့် သိုင်းလောကသားတစ်ဦး၏ ပုံတူဖြစ်သည်။

‌[နီမန့်ဇစ်၊ အသက်၂၉နှစ်။

တင်းပြည်နယ်၊ ဟွမ်ကျိုးစီရင်စု။

တရားရုံးတော်အပေါ် မကျေနပ်မှုရှိ၍ ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး အရာရှိအမှုထမ်းတွေကို သတ်ဖြတ်ကာ ပုန်ကန်ခဲ့သည်။ ပြစ်မှုကျူးလွန်ရာတွင် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းအကြောင်းကြောင့် ဖမ်းဆီးဝရမ်းထုတ်ပြန်သည်။ ဤအမျိုးသားအား အသက်ရှင်လျက်ဖြစ်စေ၊ သေဆုံးလျက်ဖြစ်စေ ဖမ်းဆီးနိုင်သူအား ငွေတုံးတစ်ထောင်ဆု‌ကြေးငွေပေးမည်။ အကူအညီပေးခဲ့သူများကို ငွေငါးတုံးဆုချမည်။ ဟွမ်ကျိုးစီရင်စုအစိုးရရုံးတော်၏ အထူးကြေညာချက်!]

“ဒါက?”

လီစစ်သည် ဖမ်းဝရမ်းကို ကြည့်လိုက်ပြီးနောက် ‌အံ့အားသင့်စွာဖြင့် ယွီပင်းသို့ ပြန်လှည့်ကြည့်သည်။

“အမ်း သူတို့ရဲ့တင်ပြချက်အရ အနီးစပ်ဆုံးတူတာက ဒီလူပဲ”

ယွီပင်းသည် စဉ်းစားတွေးတောနေရင်းဖြင့် လီစစ်ကိုကြည့်လျက် ပြောသည်။

လီစစ်မှ ပြော၏။

“သခင်ကြီးအထင် ဒီလိုသူခိုးကြီးတစ်ယောက်က ကျွန်တော်တို့မျန့်ရွှေစီရင်စုကို ရောက်လာတာပါလား”

“အမ်း ဘယ်လိုပဲဖြစ်ဖြစ် ဒီဖမ်းဝရမ်းက ဌာနချုပ်က ထုတ်ပြန်ထားတာပဲ”

“ဒါဆိုရင် သခင်ကြီး၊ ကျွန်တော်တို့တွေ လူအင်အားပိုဖြည့်တင်းထားသင့်ပါတယ်။ ဒီလူကြည့်ရတာ ကိုင်တွယ်ရခက်ခဲမယ့်ပုံပါပဲ”

ယွီပင်းသည် လီစစ်အား အံ့အားသင့်စွာ ကြည့်လာသည်။

“ကိုင်တွယ်မယ်? ဘယ်သူ့ကို ကိုင်တွယ်မှာလဲ”

“ဒီရာဇဝတ်သားကိုပါ”

“ဟက်…”

ယွီပင်းမှ လှောင်ရယ်သည်။

“လီစစ် မင်းက သေခြင်းဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိသေးဘူးထင်တယ်။ နီမန့်ဇစ်ဘာလုပ်ခဲ့လဲဆိုတာကို မင်းသိရဲ့လား”

“သူဘာလုပ်ခဲ့လို့လဲ”

ယွီပင်းမှ ပြောသည်။

“သူက အရာရှိအမှုထမ်းတွေကို သတ်ဖြတ်ပြီး ပုန်ကန်ခဲ့တာကွ! ပြီးတော့ ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်းဆီ ဝင်သွားခဲ့ပုံပဲ”

“သခင်ကြီးဆိုလိုတာက ရှန်းကျောက်ဂိုဏ်းလား”

ထိုအခါမှသာ လီစစ် နားလည်သွားခဲ့သည်။

ရှန်းကျောက်ဂိုဏ်းသည် အမှန်တကယ်ပင် ကြောက်ရွံ့ထိတ်လန့်ဖွယ် တည်ရှိမှုကြီးဖြစ်သည်။

တိုင်းတစ်ပါးမျိုးနွယ်စုများ သာ့ချန်အင်ပါယာကြီးကို စတင်တည်ထောင်ချိန်မှစတင်၍ ဟန်လူမျိုးများအပေါ် ဖိနှိပ်မှုများစွာရှိခဲ့သည်။ ဥပမာ အဆင့်လေးဆင့်စနစ်ကို စတင်ခြင်းကဲ့သို့ဖြစ်သည်: ပထမအဆင့်- မုလန်မျိုးနွယ်စု၊ ဒုတိယအဆင့်- ရှောင်ရှုမျိုးနွယ်စု၊ တတိယအဆင့်- ဟွမ့်ရွှယ်မျိုးနွယ်စု၊ စတုတ္ထအဆင့်- ဟန်မျိုးနွယ်စုဟူ၍ ဖြစ်သည်။

ဤအဆင့်အတန်းခွဲခြားမှုစနစ်သည် ဖိနှိပ်သောမူဝါဒအဖြစ် အကောင်အထည်ဖော်ဆောင်သည်။

ဥပမာ‌ဆိုရသော် ဟန်လူမျိုးများအား တော်ဝင်စာမေးပွဲများတွင် ပါဝင်ခွင့်ပိတ်ပင်ထား၍ တိုင်းပြည်ကိုအုပ်ချုပ်ရန်အတွက် ဟန်လူမျိုးအစေခံများကို အသုံးပြုခြင်း။

ဆိုလိုသည်မှာ လူတစ်ယောက်သည် စာပေတတ်ကျွမ်းပြီး အရာရှိတစ်ဦးဖြစ်လိုပါလျှင် တော်ဝင်စာမေးပွဲသည် နည်းလမ်းမဟုတ်ပေ။ မုလန်လူမျိုးတစ်ဦးကို ရှာဖွေ၍ သစ္စာခံရမည်၊ ၎င်းမုလန်လူမျိုး၏ အိမ်တော်သို့ အိမ်အစေခံအဖြစ် ခေါ်ယူခန့်အပ်ခံရပြီးနောက် အရာရှိရာထူးအတွက် ၎င်းမုလန်လူမျိုး၏ ထောက်ခံပေးမှုကို လိုအပ်ပေသည်။

ဤစနစ်သည် ကမ္ဘာပေါ်ရှိ ပညာရှိအားလုံး၏ အရင်းအမြစ်များကို လုံးဝချိုးဖျက်လိုက်ခြင်းဖြစ်ပေသည်။

ထို့ပြင် မုလန်လူမျိုးနှင့် ဟန်လူမျိုးများအတွက် မတူညီသော ဥပဒေများထားရှိခြင်းကဲ့သို့ ရက်စက်ပြင်းထန်သော မူဝါဒများစွာရှိခဲ့သည်။

ဥပမာဆိုရသော် ဟန်လူမျိုးတစ်ယောက်မှ မုလန်လူမျိုးတစ်ယောက်ကို သတ်ဖြတ်ခဲ့လျှင် အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အပြင် ဆွေမျိုးသားချင်းများကိုပင် ငြိစွန်းနိုင်ပေသည်။ သို့သော် မုလန်လူမျိုးမှ ဟန်လူမျိုးကို သတ်ဖြတ်ခဲ့လျှင် အသက်ဖြင့် ပြန်လည်ပေးလျော်ရန် မလိုအပ်ပေ။ မြည်းတစ်ကောင် လျော်ကြေးပေးရန်သာ လိုအပ်သည်။

၎င်းအကြောင်းအရာဖြင့်ပင် ဟန်လူမျိုးများမှာ အဘယ်မျှအထိ ဖိနှိပ်ခံရကြောင်း သိနိုင်ပေသည်။

သို့သော် ဖိနှိပ်မှုရှိပါက ခုခံမှုရှိသည်ဟူသော ဆိုရိုးစကား ရှိသည်မဟုတ်ပါလော။

ဟန်လူမျိုးများ၏ ထကြွမှုသည် ဘယ်သောအခါမျှ ရပ်တန့်မသွားခဲ့ပေ။ ထိုသို့ထကြွသူများထဲမှ စိုးရိမ်ထိတ်လန့်ကြစေရန် အစွမ်းဆောင်နိုင်ဆုံးမှာ မြောက်ပိုင်းဒေသ၏ ရှန်းကျောက်ဂိုဏ်းဖြစ်သည်။

ထိုရှန်းကျောက်ဂိုဏ်းသားများသည် အနီရောင်ခေါင်းစည်းပဝါများကို ဝတ်ဆင်လေ့ရှိကြသည်။ ထို့ကြောင့် ဟန်လူမျိုးများ၏ အနီရောင်ဦးဆောင်းစစ်တပ်ဟုလည်း အမည်တွင်သည်။ မုလန်လူမျိုးများ၏ အနီရောင်တစ္ဆေဟုလည်း ရည်ညွှန်းပြောဆိုလေ့ရှိကြသည်။

တိုင်းဒေသကြီးများကို တည်ငြိမ်စေရန်အတွက် တရားရုံးတော်သည် ဒေသခံများဆီသို့ အင်အားအချို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ သိုင်းပညာရှင်များအား အထူးအခွင့်အရေးများကို သွယ်ဝိုက်၍ ခွင့်ပြုထောက်ပံ့ပေးခြင်းဖြင့် ဂိုဏ်းအဖွဲ့များကို မုလန်လူမျိုးများ၏အရာရှိများ ဒေသကြီးများအား အုပ်ချုပ်ခြင်း၌ ကူညီစေခဲ့သည်။

သို့ဖြင့် “ဟန်လူမျိုးကို အုပ်ချုပ်ရန် ဟန်စနစ်”ဟု အမည်တွင်သည့် သာ့ချန်အင်ပါယာ၏ တိုင်းပြည်မူဝါဒကြီးသည် ဤသို့လက်ရှိအခြေအနေကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော်ငြား ထိုဒေသခံဂိုဏ်းအဖွဲ့များသည်လည်း မူလကပင် နှစ်ဖက်ချွန်၍ ဟန်ဆောင်တတ်သည့် ဗီဇလက္ခဏာကို ပိုင်ဆိုင်ထားကြရာ အပြင်ပန်းတွင် သစ္စာခံဟန်ပြသော်ငြား လျှို့ဝှက်စွာဖြင့် ဆန့်ကျင်သည့်လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိကြသည်။

ရှန်းကျောက်ဂိုဏ်းသည် သာ့ချန်အင်ပါယာကို အမှန်စင်စစ် အပြင်းအထန်ဆန့်ကျင်သည့် သူပုန်အဖွဲ့အစည်းတစ်ခုဖြစ်သောကြောင့် ဒေသခံဂိုဏ်းအဖွဲ့များသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို မထိခိုက်သ၍ မသိကျိုးကျွံပြုလေ့ရှိကြသည်။ သို့မဟုတ်သ၍ ထိုရူးသွပ်နေသည့်ဂိုဏ်းများကို မည်သူမျှ ရန်မစလိုကြပေ။

ယွီပင်းသည် ဖမ်းဝရမ်းကိုကြည့်၍ သက်ပြင်းချ၏။

“အားလုံးကို အကြောင်းကြားလိုက်၊ မျက်လုံးနီရွှေကြက်ကိစ္စကို စုံစမ်းတာ ရပ်လိုက်တော့လို့”

“သခင်ကြီး ကျွန်တော်တို့ နည်းနည်းလောက်ထပ်ပြီး မစစ်ဆေးသင့်ဘူးလား။ ကတော့ချွန်ဦးဆောင်းနဲ့ မျက်နှာပေါ်မှာ အမာရွတ်ရှိတဲ့လူတစ်‌ယောက်ဖြစ်တာနဲ့ပဲ အဲဒီလူက နီမန့်ဇစ်ဖြစ်လိမ့်မယ်လို့ မဆိုလိုဘူးလေ။ အကယ်၍ တစ်ယောက်ယောက်က အယောင်ဆောင်နေတာ ဒါမှမဟုတ် တမင်ရည်ရွယ်ပြီး သတင်းအမှားလွှင့်နေခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ”

လီစစ်သည် မဝံ့မရဲဖြင့် သူ၏သံသယကို ထုတ်ဖော်ပြောသည်။

ယွီပင်းသည်လည်း အချိန်ခဏမျှ ထပ်မံစဉ်းစားသည်။ ထို့နောက် ပြောလာသည်။

“စုံစမ်းဖို့ မလိုတော့ဘူး”

“သက်တမ်းသုံးဆယ်ရှိတဲ့ ရွှေကြက်လေးတစ်ကောင်ပါပဲ။ ရှန်းကျောက်ဂိုဏ်းရဲ့ ကြမ်းကြုတ်တဲ့ဂိုဏ်းသားတစ်ယောက်ကို ရန်စမိတဲ့အထိ မထိုက်တန်ဘူး။ မင်းပြောသလို အယောင်ဆောင်တာနဲ့ သတင်းအမှားလွှင့်တာကတော့ အင်း.. ဒီဖမ်းဝရမ်းက မျန့်ရွှေစီရင်စုရဲ့ အဖွဲ့ကြီးနှစ်ခုကိုပဲ ပေးဝေရသေးတာ။ အဲဒီတော့ ရှန်းထောင်တစ်မြို့လုံးမှာ ဒီဖမ်းဝရမ်းအကြောင်းကို သိတဲ့သူဆိုလို ငါနဲ့ ဝူကျုံးပဲရှိတယ်လို့ ဆိုလိုတာပဲ”

“အဲဒါကြောင့် သတင်းမှားလွှင့်နိုင်ချေရှိတဲ့သူက ငါတို့နှစ်ယောက်ပဲရှိတယ်။ ငါကတော့ မလုပ်ခဲ့တာသေချာတယ်။ အဲဒီတော့ ဝူကျုံးပဲ ဖြစ်နိုင်တော့မယ်”

“အခု မေးခွန်းက သတင်းမှားလွှင့်တာ ဝူကျုံးပါလို့ သိနေရင်တောင်မှ မင်းဘာလုပ်နိုင်မှာလဲ”

“ဒါမှမဟုတ် ရွှေကြက်ကိုခိုးယူသွားတာက ဝူကျုံးပါလို့ သိနေတော့ရော မင်းသူ့ဆီကနေ ပြန်ယူနိုင်မှာလား”

ယွီပင်းသည် နားထင်ကိုပွတ်သပ်လျက် ဆက်ပြောသည်။

“ကောင်းပြီ၊ ဒီပြဿနာကို ဒီတိုင်းထားလိုက်တော့။ ပြီးတော့ မင်းရဲ့အရေးအကြီးအဆုံးတာဝန်က မျန့်ရွှေမြစ်ထဲမှာ ပုန်းအောင်းနေတဲ့ နွားဦးချိုငါးကို ရှာဖို့ပဲ။ အဲဒီငါးရဲ့အာနိသင်က မျက်လုံးနီရွှေကြက်ထက် မနည်းဘူး”

“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော်တို့ရဲ့ လှေတွေ ရှာဖွေနေတာ သုံးရက်ရှိပါပြီ။ မနေ့က‌ ခန္ဓာကိုယ်မှာ အပေါက်ဖြစ်နေတဲ့ မြက်စားငါးကြင်းကို ရှာတွေ့ခဲ့ပါတယ်။ ငါးဖမ်းသမားအိုကြီးက အဲဒီငါးက နွားဦးဂျိုငါးရဲ့ ထိုးစိုက်ခံထားရတာဖြစ်နိုင်တယ်လို့ ‌အကဲဖြတ်ထားတာကြောင့် ကျွန်တော််တို့တွေ နီးစပ်နေပြီထင်ပါတယ်”

“ကောင်းပြီ၊ ဒီကိစ္စကို သေချာဂရုစိုက်။ ရွာအကြီးအကဲရွေးချယ်ပွဲက တစ်လကျော်ပဲ လိုတော့တယ်”

ထိုအခါ လီစစ် ခေါင်းညိတ်သည်။

ယွီပင်းမှ ဆက်ပြော၏။

“ဒါနဲ့ ခုရက်ပိုင်း စန်းလျို့ ပြဿနာရှာသေးလား”

“မရှာပါဘူး။ သခင်လေးက ကောင်းကောင်းမွန်မွန် ပြုမူနေပါတယ်”

ယွီပင်းမှ ပြောသည်။

“မင်း အချိန်ရတဲ့အခါ သူနဲ့စကားပြောလိုက်ဦး။ အခုအချိန်က ဝူကျုံးနဲ့ တိုက်ခိုက်သင့်တဲ့အချိန် မဟုတ်သေးဘူး။ သူ့ကို နည်းနည်းလောက် ထပ်သည်းခံထားဖို့ ပြောလိုက်ပါ။ ရှန်းထောင်မြို့က ငါတို့စိတ်တိုင်းကျ လုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာ မဟုတ်သေးဘူး”

“ဟုတ်ကဲ့ပါ သခင်ကြီး၊ ကျွန်တော် သခင်လေးကို အကြံပြုလိုက်ပါမယ်”

လီစစ်မှ ပြန်လည်တုံ့ပြန်သည်။

ထိုစဉ် ယွီစန်းလျို့၏ခြံဝင်းထဲ၌ ယွီစန်းလျို့သည် ကျောခင်းထက်တွင် လဲလျောင်း၍ မျက်လုံးများကို မှေးကျုံ့ထားနေ၏။ သူ၏နံဘေးတွင် လှပသောအမျိုးသမီးတစ်ဦးသည် လိုင်ချီးသီးများကို ခွာ၍ ယွီစန်းလျို့ကို ညင်သာနူးညံ့စွာ ခွံ့ကျွေးနေသည်။ လိုင်ချီးတစ်လုံးကို စားလိုက်ပြီးနောက်တွင် မျက်နှာသည် ရွှင်လန်းလာ၏။

ထို့နောက် ယွီစန်းလျို့သည် အိမ်တော်ထိန်းကိုကြည့်လိုက်ပြီး မေးမြန်းသည်။

“မာလျို့ကို ရှာတွေ့ပြီလား”

အိမ်တော်ထိန်းမှ ပြန်ဖြေသည်။

“မတွေ့သေးပါဘူး။ ကျွန်တော်တို့တွေ တစ်မနက်လုံး ရှာခဲ့ပြီးပါပြီ။ သခင်လေး သူထွက်ပြေးသွားတာများလား”

ယွီစန်းလျို့မှ ပြောသည်။

“သူက ဘယ်ကိုထွက်ပြေးမှာတဲ့လဲ။ ဆက်ရှာကြစမ်း”

“ဟုတ်ကဲ့”

အိမ်တော်ထိန်းမှ ပြန်ဖြေသည်။ ထိုအခိုက်တွင် အလျင်စလိုခြေသံများ ထွက်ပေါ်လာ၏။

“သခင်လေး မကောင်းတော့ဘူး… မာ မာလျို့သေပြီ!”

ယွီစန်းလျို့မှာ ထခုန်မိမတတ်ဖြစ်သွားရကာ အလောတကြီး မတ်တပ်ထရပ်မိရလေသည်။

All Chapters