အဲဒီလိုလူ တကယ်ရှိနေတယ်
Vol. 4 Ch. 50
“ကျိုစစ် ဆေးကျမ်းကို အကြိမ်ရေအများကြီး ကူးရေးပြီးသွားတော့ ဘာအသိအမြင်တွေများ ရလိုက်သလဲ”
ပိုင်မိသားစုနေအိမ်၌ သမားတော်ပိုင်သည် ချန်ကျိုစစ်ကို မေးမြန်းနေသည်။
ချန်ကျိုစစ် ပြန်ဖြေသည်။
“ကျွန်တော် အများကြီးသင်ယူနိုင်ခဲ့ပါတယ်။ ဆရာ ကျွန်တော့်ကို ဆွေးနွေးစေချင်တဲ့ အကြောင်းအရာအတိအကျကို သိခွင့်ရမလား”
“ဟားဟား ဒါတွေအားလုံးက ငါ့ရဲ့ဆေးဝါးတွေပဲဆိုပေမဲ့ တချို့အရာတွေက မရှိမဖြစ်လိုအပ်တယ်။ ငါတို့ပိုင်မိသားစုရဲ့ အမှတ်တံဆိပ်ဆေးဝါးက ဘာလဲဆိုတာ သိသလား”
“ကြာပန်းဝါနဲ့ မဟာအားဖြည့်ဆေးပါ။
ချန်ကျဲ့ ခဏမျှစဉ်းစားပြီးနော် ပြန်လည်တုံ့ပြန်ခဲ့သည်။
သမားတော်ပိုင်သည် မပြောင်းလဲသော မျက်နှာအမူအရာဖြင့် မေးသည်။
“ဒီနှစ်ခုက ဘာလို့ ထူးခြားသလဲ”
ချန်ကျဲ့ အချိန်ခဏမျှတွေးတော၍ ပြောသည်။
“ကြာပန်းဝါက ခါးသက်ပြီးအေးပါတယ်၊ နှလုံးသန့်စင်ဖို့အတွက် အစာအကြွင်းအကျန်တွေကို ဖယ်ရှားရှင်းလင်းစေတယ်၊ မျက်လုံးကြည်လင်စေဖို့အတွက် အပူလျှော့ချပေးတယ်၊ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပြီး ချီစွမ်းအင်ကို အလိုအလျောက် တက်လာစေပါတယ်”
“မဟာအားဖြည့်ဆေးက ခါးသက်ပြီး နွေးထွေးပါတယ်။ ဗိုက်ပွခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်တယ်၊ ယန်ဓာတ်နဲ့ ခန္ဓာကိုယ်အောက်ပိုင်း လိုအင်တောင့်တမှုတွေကို တိုးမြှင့်စေနိုင်တယ်။ ဒီနှစ်ခုကို ပေါင်းစည်းလိုက်တဲ့အခါ အာနိသင်အလွန်ကောင်းမွန်တဲ့ အခြေခံအကျဆုံး ဆေးဝါးကို ဖန်တီးနိုင်ပါတယ်။ သာမန်ဆေးဝါးပဲလို့ ထင်ရနိုင်ပေမဲ့ အရေးပါတဲ့အခန်းကဏ္ဍတွေကို လုပ်ဆောင်ပေးနိုင်ပြီး အသုံးချနိုင်တဲ့ကဏ္ဍတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိပါတယ်။ ကျွန်တော်တို့နေ့တိုင်းစားသုံးနေတဲ့ သာမန်ဂေါ်ဖီထုပ်နဲ့ မုန်လာဥဖြူလိုပါပဲ။ အရမ်းရိုးရှင်းပေမဲ့ အဓိကဟင်းပွဲအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်”
“ဟားဟား ကောင်းတယ် ကောင်းတယ်။ မင်းဒီအချက်ကို နားလည်တယ်ဆိုတော့ ဆေးကျမ်းရဲ့အနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့ပြီလို့ ဆိုလိုနေတာပဲ။ တော်တယ် အရမ်းတော်တယ်”
သမားတော်ပိုင်သည် ချန်ကျဲ့၏ရှင်းပြချက်အား အလွန်ကျေနပ်အားရသည်။
“ချီးမွမ်းပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ”
သမားတော်ပိုင် ခေါင်းညိတ်လိုက်ပြီးနောက် ချန်ကျဲ့အား ပြောသည်။
“ကျိုစစ် မင်း မနက်ဖြန်က စပြီးတော့ ဆေးညွှန်းတွေကို စတင်လေ့လာနိုင်ပြီ။ လူနာရှိလာလို့ အိမ်မှာကုသဖို့ ပင့်ဖိတ်ခံရတဲ့အခါ မင်းငါ့နောက်ကိုလိုက်ပြီး အဖော်ပြုပေးပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
ချန်ကျဲ့ ခေါင်းညိတ်တုံ့ပြန်သည်။
“ကောင်းပြီ၊ ဒီနေ့သင်ခန်းစာကတော့ ဒီလောက်ပဲ။ ဪ ပြီးတော့ ဒီဆေးအိတ်ကို မင်းအိမ်ပြန်ယူသွားပြီး ရေထဲစိမ်လိုက်။ မင်းသိုင်းလေ့ကျင့်ဖို့အတွက် အရမ်းအကျိုးရှိလိမ့်မယ်”
ချန်ကျဲ့သည် သမားတော်ပိုင် ပေးသည့် ဆေးထုပ်ကို ကြည့်လျက် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းသည်။
“ဆရာ ဆေးညွှန်းအဆင်သင့်ဖြစ်သွားပြီလားဗျ”
“အမ်း ဖြစ်ပြီ။ ဒါပေမဲ့ ဒီဆေးညွှန်းက အရမ်းအကျိုးရှိနိုင်ပေမဲ့ အတော်လည်း ပြင်းတယ်။ မင်းအတွက် အရမ်းပြင်းလွန်းတယ်လို့ ခံစားရရင် ငါ့ကိုပြန်ပြော၊ ငါမင်းကို ဆေးညွှန်းကို ပြန်ညှိပေးမယ်”
“ဆရာ ဆေးညွှန်းကို ပြောင်းလဲလို့ရတယ်လား”
“ဒါပေါ့ ဘာလို့ မရရမှာလဲ”
သမားတော်ပိုင်မှ ပြောသည်။
“မင်းက ဆေးပညာကိုလေ့လာနေတဲ့သူ၊ အဲဒါကြောင့် မင်းအနေနဲ့ ရောဂါအလိုက် ကုသမှုနည်းလမ်းတွေကို နားလည်ရမယ်။ ဆေးညွှန်းတစ်ခုက လူတိုင်းအတွက် မသင့်တော်နိုင်ဘူး။ ဥပမာပြောရရင် ဆေးညွှန်းရဲ့သဘာဝက အေးလွန်းနေတယ်၊ လူနာက အေးတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုရှိမယ်ဆိုရင် ဒီဆေးညွှန်းကို အသုံးမပြုသင့်ဘူး။ ဆေးညွှန်းကို လူနာအတွက် အသုံးမပြုခင်မှာ နွေးအောင် ညှိဖို့လိုတယ်”
“သိုင်းပညာရှင်တွေအတွက် ဒီဆေးညွှန်းက ပြင်းကောင်းပြင်းနိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့နောက်ကွယ်က ဆေးဖော်စပ်မှုနည်းလမ်းကတော့ မပြောင်းလဲဘူး။ အဖိုးတန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုရမြဲပဲ”
“ဒီအရေပြားသန့်စင်ဆေးရည်လိုပေါ့၊ ငါဒီဆေးညွှန်းကို ပျက်စီးနေပြီဖြစ်တဲ့ ရှေးစာအုပ်တစ်အုပ်ကနေ ထုတ်နုတ်ယူထားတာ။ စာအုပ်က မပြည့်စုံတော့တာကြောင့် ပါဝင်ပစ္စည်း၅ခုပဲ ကျန်တော့လို့ အကျိုးသက်ရောက်မှုကလည်း သာမန်ပဲ။ ဒါပေမဲ့ စမ်းသပ်လေ့လာမှုအချို့ ပြုလုပ်ပြီး နောက်ဆုံးမှာတော့ ဒီဆေးကို ပါဝင်ပစ္စည်း၁၂မျိုးပါဝင်တဲ့ အရေပြားသန့်စင်ဆေးရည်အဖြစ် ဖော်စပ်နိုင်ခဲ့တယ်”
“ဒီဆေးညွှန်းရဲ့ကျေးဇူးကြောင့်ပဲ ငါလည်း ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမရဲ့ သမားတော်၈ဦးထဲက တစ်ဦးဖြစ်လာနိုင်ခဲ့တယ်”
သမားတော်ပိုင်သည် သူ၏အတိတ်ကာလများမှ ဂုဏ်ဝင့်ဖွယ်ဖြစ်ခဲ့သောနှစ်များကို ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောရင်းဖြင့် စိတ်ခံစားချက်များ ပြည့်နှက်နေပေသည်။
ချန်ကျဲ့ သေချာဂရုတစိုက်နားထောင်၍ ဆေးရည်များပင်လျှင် တသမတ်တည်းမဟုတ်သည်ကို မှတ်သားလိုက်သည်။ အကောင်းဆုံးအကျိုးသက်ရောက်မှုကို ရရှိရန်အတွက် ပါဝင်ပစ္စည်းများကို ပေါင်းထည့်ခြင်း၊ လျှော့ချခြင်းတို့ဖြင့် ညှိနှိုင်းရပေသည်။
ဆေးပညာသင်ကြားခွင့်ရရှိခြင်းအတွက် မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ချန်ကျဲ့ခံစားမိသည်။ သို့မဟုတ်ပါက သူသည် မိမိကိုယ်ကိုယ်အတွက် တူညီသည့်ဆေးနည်းကိုသာ အသိဉာဏ်ကင်းမဲ့စွာ ဆက်လက်အသုံးပြုနေမိပေလိမ့်မည်။
အမှန်တကယ်ပင် သမားတော်ပိုင်ထံမှ အဖိုးတန်သည့်အရာများကို သင်ယူနိုင်ပေသည်။
ဆေးထုပ်ကိုယူပြီးနောက် ချန်ကျဲ့သည် သူ့အား ညစာစားသွားရန် ဖိတ်ခေါ်နေသည့် သမားတော်ပိုင်ကို နှုတ်ဆက်ခဲ့သည်။ မြို့ပေါ်သို့သွား၍ ဆေးစိမ်ရန်အတွက် ရေချိုးကန်ဝယ်ရမည်ဟုဆိုကာ ငြင်းဆန်ခဲ့သည်။
ထိုအခါ သမားတော်ပိုင်မှ ပြောသည်။
“မင်းမှာ ပိုက်ဆံလုံလုံလောက်ရှိရဲ့လား။ မင်းလိုအပ်ရင် ငါ့မှာနည်းနည်းရှိတယ်…”
“ဆရာ ကျွန်တော့်မှာ ပိုက်ဆံလောက်ပါတယ်”
ချန်ကျဲ့ လိမ္မာပါးနပ်စွာငြင်းဆန်သည်။ သမားတော်ပိုင်သည်လည်း ထပ်မံ၍ မတိုက်တွန်းတော့ပေ။ သမားတော်ပိုင်၏နေအိမ်မှ ထွက်လာသောအခါ ပစ္စည်းများ ဝယ်ပြန်လာသည့် သခင်မပိုင်နှင့် ပက်ပင်းတိုးသည်။
“ကျိုစစ် ညစာစားချိန်ရောက်တော့မယ်။ ဘယ်သွားမလို့လဲ”
“အဒေါ် ဆရာက ကျွန်တော့်ကို ဆေးပေးလိုက်လို့ ကျွန်တော် မြို့ပေါ်တက်ပြီး ရေချိုးကန်ဝယ်မလို့…”
“ဪ သိပြီ။ မြန်မြန်သွား မြန်မြန်ပြန်ခဲ့နော်။ အဒေါ်တို့ ညစာစားဖို့စောင့်နေမယ်”
“ရပါတယ် အဒေါ်၊ ကျွန်တော် အိမ်ကိုတန်းပြန်လိုက်တော့မယ်။ ရေချိုးကန်ကို သယ်ပြန်ရမှာဆိုတော့ အရမ်းဒုက္ခများတယ်လေ”
“ဒါဆိုလည်း ကောင်းပြီ။ အဒေါ် မင်းကို ဆွဲမထားတော့ဘူး။ လမ်းမှာ ဂရုစိုက်သွား”
“အာ နားလည်ပါပြီ အဒေါ်…”
ချန်ကျဲ့ အနောက်ဘက်သို့ ဦးတည်သွားခဲ့သည်။ ရွာမှထွက်ခွာ၍ ရှန်းထောင်မြို့သို့ ဦးတည်သွားခဲ့သည်။ မြို့ထဲသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဦးစွာ ကုန်စုံဆိုင်တစ်ဆိုင်တွင် ရေချိုးကန်တစ်ကန် မှာယူလိုက်သည်။ ထို့နောက် အမျိုးသမီးအဝတ်အထည်ဆိုင်မှ အရွယ်အစားအကြီးတစ်စုံနှင့် အရွယ်အစားအသေးတစ်စုံကို ဝယ်ယူသည်။ ထို့နောက် စားသောက်ကုန်အချို့ ဝယ်ယူသည်။
အိမ်တွင် ပြောင်းဆန်ပေါင်၇၀ခန့်သာ ကျန်ရှိတော့ရာ လုံလောက်ရန် မလွယ်ကူပေ။
ချန်ကျဲ့သည် နောက်ထပ် ပြောင်းဆန်ပေါင်တစ်ရာနှင့် မကြိတ်ခွဲရသေးသည့်ဂျုံ ပေါင်တစ်ဆယ်ကို ဝယ်ယူခဲ့သည်။ ဂျုံမှုန့်သည် အလွန်ဈေးကြီး၏။ သို့သော် မကြိတ်ခွဲရသေးသည့်ဂျုံ၏ ဈေးနှုန်းသည်တော့ လက်ခံနိုင်ဖွယ်ရှိသည်။
ချန်ကျဲ့သည် ဟင်းချက်ဆိုင်သို့သွား၍ ကြက်ကင်တစ်ကောင် ဝယ်ယူသည်။ ပေါက်စီဆိုင်မှ ပေါက်စီအလုံးကြီးဆယ်လုံးနှင့် သားသတ်သမားထံမှ ဝက်သား၁၀ပေါင်ကို ဝယ်ယူသည်။
ချန်ကျဲ့သည် တွန်းလှည်းအသေးလေး၏ နှုတ်ခမ်းဝသို့ ရောက်ရှိသည်အထိ ပစ္စည်းများကို ဝယ်ယူခဲ့သည်။ ၎င်းသည် အရင်တစ်ခေါက်က ငှားရမ်းခဲ့သည့် တွန်းလှည်းဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ ချန်ကျဲ့သည် တွန်းလှည်းငှားခအဖြစ် ငွေဆယ်စ ပေးခဲ့သည်။
ဈေးအနှံ့လျှောက်သွားခဲ့ပြီးနောက်၌ ချန်ကျဲ့မှာ အမျိုးမျိုးသော ပစ္စည်းများဖြင့် စုပုံနေတော့သည်။
ချန်ကျဲ့သည် ရေချိုးကန်ကို တွန်းလှည်းပေါ်တင်ယူရန်အတွက် ကုန်စုံဆိုင်သို့ ပြန်သွားခဲ့ပြီး အိမ်သို့ပြန်တွန်းလာခဲ့စဉ် လမ်းတစ်ဝက်၌ ရပ်တန့်သွားခဲ့သည်။
လမ်းမဘေးရှိ ဖက်ထုပ်ဆိုင်တစ်ဆိုင်တွင် သိုင်းသမားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် လူတစ်ဦးကို ချန်ကျဲ့ မြင်တွေ့လိုက်ရသည်။ ဖုန်တလိမ်းလိမ်းပေကျံ၍ ခရီးပန်းနေသည့်ဟန်ဖြစ်နေသည်။ ဦးခေါင်းတွင် ဝါးခမောက်ဆောင်းထားကာ မျက်နှာထက်တွင် ကြမ်းကြုတ်သောအမာရွတ်ကြီးရှိသည်။
ထိုအခိုက်အတန့်၌ ထိုလူသည် ဖက်ထုပ်စားနေ၏။
မျက်လုံးများသည် ဖြတ်သွားသည့် လမ်းသွားလမ်းလာများကို သတိဖြင့်စောင့်ကြည့်နေသည်။
ရုတ်တရက်ပင် ထိုလူ၏အကြည့်များသည် စူးရှလာခဲ့ကာ တစ်နေရာသို့ ဦးတည်ကြည့်လာသည်။ ချန်ကျဲ့နှင့် အကြည့်ချင်းဆုံသွားသည်။
ချန်ကျဲ့ တွန့်ဆုတ်သွား၏။ ခေါင်းငုံ့၍ အကြည့်လွှဲရန် စဉ်းစားလိုက်သော်ငြား ထိုသို့အပြုအမူသည် မလုံမလဲဟန်ဖြစ်သွားနိုင်သောကြောင့် ပို၍ သံသယဖြစ်စေနိုင်ပေသည်။
ထို့ကြောင့် ချန်ကျဲ့သည် စိတ်ကိုတည်ငြိမ်အောင်ထား၍ ထိုလူ၏အကြည့်ကို ရင်ဆိုင်သည်။ ထို့နောက် ဖက်ထုပ်ဆိုင်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့သည်။
ထိုလူသည် သူ၏ဖက်ထုပ်ကို ဆက်စားနေရင်း ချန်ကျဲ့ကို မျက်လုံးအနည်းငယ်မှေးကျဉ်း၍ သဘောကျဖွယ်တစ်စုံတစ်ရာကို မြင်တွေ့လိုက်သည့်အလား ကြည့်နေပေသည်။
ချန်ကျဲ့ ဖက်ထုပ်ဆိုင်သို့ ရောက်သွားခဲ့ပြီး အော်ပြောလိုက်သည်။
“သူဌေးရေ ကျွန်တော့်ကို အသားဖက်ထုပ်တစ်ပွဲပေးပါ”
“ကောင်းပါပြီ”
ဆိုင်ရှင်မှ ပြန်လည်တုံ့ပြန်သည်။ ချန်ကျဲ့ ထိုလူအနီးသို့ ချဉ်းကပ်သွားလိုက်သည်။ ရွာထဲမှအဒေါ်ကြီးများ လုပ်ကြံပြောဆိုခဲ့သည့် အသွင်အပြင်ရှိသော သိုင်းသမားအနီးသို့ ချဉ်းကပ်သွားကာ ထိုင်ခုံတွင် ဝင်ထိုင်၍ မေးလိုက်သည်။
“ကျွန်တော် ဝင်ထိုင်လို့ရမလားဗျ”
သိုင်းသမားမှ ပြုံး၍ပြောသည်။
“ရတာပေါ့”
ချန်ကျဲ့ ထိုင်ချလိုက်သည်။ သိုင်းသမားသည် ချန်ကျဲ့ကို စေ့စေ့စပ်စပ်ကြည့်ရှုနေသည်မှာ ခြင်္သေ့ကြီးမှ ယုန်တစ်ကောင်အား ကြည့်နေသည့်အလားပင်။
ထိုသိုင်းသမား၏ ကြောက်မက်ဖွယ်အငွေ့အသက်သည် ချန်ကျဲ့အား အသက်ရှူကြပ်စေသည်။
နောက်ဆုံးတွင်တော့ သိုင်းသမားမှ စကားပြောလာ၏။
“မင်းငါ့ကိုသိလား”
“မသိဘူး”
ချန်ကျဲ့ ပြန်ပြောလိုက်သည်။
သိုင်းသမားမှ ပြောသည်။
“မသိဘူးလား။ မင်းငါ့ကို မသိဘူးဆိုရင် ဘာလို့ငါ့ကို အကြာကြီးစိုက်ကြည့်နေရတာလဲ။ မင်းငါ့ကို မသိဘူးဆိုရင် ဘယ်လိုလုပ်ပြီး ငါ့ရှေ့မှာ ဝင်ထိုင်ရဲရတာလဲ”
ချန်ကျဲ့ ပြောလိုက်သည်။
“အင်း.. ကျွန်တော် ခင်ဗျားကို လုံးဝမသိဘူးလို့ပြောရင်တော့ အပြည့်အဝ မမှန်ဘူးပေါ့ဗျာ။ မနက်က ခင်ဗျားအကြောင်း လူတွေပြောနေတာ ကြားခဲ့တယ်”
“ငါ့အကြောင်း ပြောနေကြတယ်လား။ ငါ့သတင်းတွေက ဒီနေရာအထိ ပျံ့နှံ့နေပြီလား”
သိုင်းသမားသည် ချန်ကျဲ့ကို စိုက်ကြည့်နေသည်။ ချန်ကျဲ့မှာ မွန်းကြပ်သွားရ၏။
ဒီလူကလည်း ကိုယ်ပိုင်ဇာတ်လမ်းရှိတဲ့လူတစ်ယောက်ပဲ။ ဒါပေမဲ့ ကျုပ် ခင်ဗျားရဲ့ သိုင်းလောကဇာတ်လမ်းတွေကို နားထောင်ချင်မနေဘူးဗျ။
“ဟုတ်တယ် တကယ့်ကို ကျွန်တော်တို့ရွာအထိ သတင်းတွေပျံ့နေပါတယ်။ ဒီမနက် လူတချို့က ခင်ဗျားကို တွေ့ဖူးလားဆိုပြီး လိုက်စုံစမ်းနေကြတယ်လေ”
ချန်ကျဲ့သည် တည်ငြိမ်အေးဆေးနေမြဲပင်။
“အို? ဘယ်သူက ငါ့အကြောင်း စုံစမ်းနေတာတဲ့လဲ”
ချန်ကျဲ့ ပြောလိုက်သည်။
“ယွီရတနာစံအိမ်ရဲ့ သခင်ကြီယွီပါ”
“သခင်ကြီးယွီ? ဟက် ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သခင်ကြီးလို့သုံးနှုန်းဖို့ သတ္တိရှိတဲ့သူက သိပ်ရှိတာမဟုတ်ဘူး။ အဲဒီသခင်ကြီးယွီရဲ့ နောက်ကြောင်းရာဇဝင်က ဘယ်လိုများလဲ”
“အဲဒီသခင်ကြီးယွီက တကယ့်ကို တစ်ခုခုပဲ- ကျွန်တော်တို့မြို့မှာ အကြီးဆုံးလောင်းကစားရုံကိုဖွင့်ထားတာလေ။ သူ့ကို မြို့တစ်ဝက်စားယွီလို့တောင် ခေါ်ကြတယ်။ သူ့လက်အောက်မှာ ကြမ်းတမ်းတဲ့အိမ်အစေခံတွေနဲ့ လူမိုက်တွေ ဒါဇင်နဲ့ချီရှိတယ်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ဖို့ကောင်းတယ်ဗျ။ ကျွန်တော်တို့တွေဆိုတာ အဲဒီသခင်ကြီးယွီကို မလွန်ဆန်ရဲကြပါဘူးဗျာ။ သူက ဒီမြို့ရဲ့ ချောင်ကုန်သည်အဖွဲ့သားတစ်ယောက်လို့လည်း ပြောကြတာမလို့လေ”
“ဟားဟား ဒီလိုမြစ်လက်တက်ဒေသလေးမှာ ဒီလိုလူမျိုးတဲ့လား– မြို့တစ်ဝက်စားယွီ.. ဒါဆို သူက အတော်လေးချမ်းသာမှာပေါ့?”
ချန်ကျဲ့ ပြန်ပြောသည်။
“အရမ်းချမ်းသာတာပေါ့”
“ကောင်းတယ်၊ ညီငယ်လေး မင်းရဲ့သတင်းက အတော်လေး အသုံးဝင်တယ်။ ငါအခု ပိုက်ဆံလိုနေတာလေ၊ အဲဒီတော့ ဒီမြို့တစ်ဝက်စားယွီဆီကနေပဲ ငွေတချို့ယူရတော့မှာပဲ”
ချန်ကျဲ့ အံ့အားသင့်စွာဖြင့် ပြောသည်။
“အိုး မဖြစ်ဘူးနော် အစ်ကိုကြီး၊ မလုပ်တာကောင်းလိမ့်မယ်။ အဲဒီသခင်ကြီးယွီက အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့် သိုင်းပညာရှင်ဗျ၊ တကယ်ရှိန်ဖို့ကောင်းတဲ့လူ။ အစ်ကိုကြီး ခင်ဗျားသူ့ကို တကယ် ရန်သွားမစသင့်ဘူးနော်”
“အရေပြားသန့်စင်ခြင်းနယ်ပယ်အဆင့်လား။ အဲဒါက ဘာမလို့လဲ”
သိုင်းသမားကြီးသည် အနည်းငယ်သော်မျှ စိုးရိမ်ပူပန်ဟန် မရှိပါချေ။