← Chapters

ငါ့မှာသာ အင်အားရှိရင် သေချာပေါက် ချန်ကျိုစစ်ကို ကောင်းကောင်းမနေစေရဘူး။

Vol. 4 Ch. 51

ငါ့မှာသာ အင်အားရှိရင် သေချာပေါက် ချန်ကျိုစစ်ကို ကောင်းကောင်းမနေစေရဘူး။

Vol. 4 Ch. 51

“မင်းရဲ့ဝက်သားဖက်ထုပ် ရပါပြီ”

ဆိုင်ရှင်သည် ပုစွန်ခြောက်လေးများ ဖြူးထားသည့် ဖက်ထုပ်တစ်ပန်းကန်ကို ချန်ကျဲ့၏ရှေ့သို့ လာချပေးသည်။

သူတို့ဆိုင်၏ဖက်ထုပ်သည် အလွန်နာမည်ကြီး၏။ နေ့စဉ်နေ့တိုင်း စားသုံးသူများစွာ မပြတ်ရှိသည်။ တစ်ပန်းကန်လျှင် ပြားနှစ်ဆယ်ဖြစ်၍ ဈေးကြီးသော်ငြား ဖက်ထုပ်သားပါးပါးနှင့် အသားအစာသွပ်ကို ရက်ရက်ရောရော ထည့်ထားပေးသည်။

ချန်ကျဲ့ ခေါင်းငုံ့၍ သူ၏ဖက်ထုပ်တစ်ပွဲကို စားသုံးသည်။

သို့သော် သူ၏မျက်နှာချင်းဆိုင်ရှိ သိုင်းသမားသည် နံရိုးတွင် ဒဏ်ရာရထားခြင်းဖြစ်ကြောင်းကို ချန်ကျဲ့ သတိထားမိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းသမားသည် ဒဏ်ရာကို ရုန်းမိခြင်းမှ ကာကွယ်ရန်အလို့ငှာ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့မှီ၍ ထိုင်နေသောကြောင့်ဖြစ်ပေသည်။

ဤသိုင်းသမားသည် အမှန်တကယ်ပင် ဝရမ်းပြေးတစ်ဦးဖြစ်ပေသည်။

ရှလွတ် ရှလွတ်…

ချန်ကျဲ့သည် ဖက်ထုပ်တစ်ဖတ်ကိုစား၍ ဟင်းရည်နှစ်ငုံသောက်လိုက်သည်။ သူသည် ‌တစ်လျှောက်လုံး တည်ငြိမ်အေးဆေးနေခဲ့သည်။

သိုင်းသမားသည် မျက်မှောင်ကြုတ်၍ ပြောလာ၏။

“ကောင်လေး”

ဟမ်?

ချန်ကျဲ့ ခေါင်းမော့ကြည့်လိုက်သည်။ သိုင်းသမားမှ မေး၏။

“မင်း ငါဘယ်သူလဲ‌‌ဆိုတာ မသိချင်ဘူးလား”

ချန်ကျဲ့ ခေါင်းညိတ်ပြီးနောက် ခေါင်းခါရမ်းသည်။

သိုင်းသမားသည် ကိုယ်နေဟန်ထားကို ပြောင်းလိုက်ပြီး ချန်ကျဲ့ကို ကြည့်သည်။

“ခေါင်းညိတ်ပြီး ခေါင်းခါတာက ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့ ပြန်ပြောသည်။

“သိချင်ပေမဲ့ မသိချင်ဘူး”

“ဘာလို့လဲ”

“သေမှာကြောက်လို့”

ချန်ကျဲ့၏ ပွင့်လင်းသောစကားကြောင့် သိုင်းသမားမှာ ရယ်မောမိရလေသည်။

“ဟားဟား မင်းရူးချင်ယောင်မဆောင်တတ်မှန်း သိသားပဲ”

“ဟီးဟီး အစ်ကိုကြီး ခင်‌ဗျားဘယ်လိုသိတာလဲ။ ကျွန်တော် အသက်သုံးနှစ်တုန်းက ရှေ့ဖြစ်ဟောဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးပြဿနာက ရူးချင်ယောင်မဆောင်နိုင်တာပဲတဲ့”

…

ချန်ကျဲ့ ဖက်ထုပ်များကို ဆက်လက်စားနေသည်။

သိုင်းသမားသည် ချန်ကျဲ့ကို စောင့်ကြည့်နေခဲ့ပြီး မေးသည်။

“မင်းတကယ် မမေးချင်ဘူးလား”

ချန်ကျဲ့သည် နောက်ဆုံးသော ဖက်ထုပ်တစ်ဖတ်ကို စားလိုက်ပြီးနောက် ဆိုင်ရှင်အား ပြောလိုက်သည်။

“ဒီလူကြီးမင်းရဲ့ကုန်ကျငွေကိုလည်း ကျွန်တော့်ဆီက ယူလိုက်ပါ”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ပိုက်ဆံကို စားပွဲပေါ်သို့တင်လိုက်ပြီး သိုင်းသမားကို ဦးညွှတ်နှုတ်ဆက်ခဲ့သည်။

“သူရဲကောင်းကြီး ကျွန်တော်က သာမန်ရွာသားတစ်ယောက်ပါ၊ ဘာကိုမှ အများကြီး မသိချင်ပါဘူး။ များများသိချင်လေ ပိုမြန်မြန်သေလေပဲတဲ့။ ကျွန်တော့်အိမ်မှာ ကျွန်တော့်ကိုမှီခိုနေတဲ့ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ရှိပါတယ်။ ကျွန်တော်က ဘဝကိုကောင်းကောင်းရှင်သန်ချင်ရုံပါပဲ။ အဲဒါကြောင့် သူရဲကောင်းကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”

ပြောပြီးသည်နှင့် ချန်ကျဲ့သည် လှည့်ထွက်လာခဲ့သည်။ သိုင်းသမားသည် ထွက်ခွာသွားသည့် ချန်ကျဲ့၏နောက်ကျောကိုကြည့်နေလျက် ရေရွတ်လိုက်သည်။

“စိတ်ဝင်စားစရာပဲ”

ချန်ကျဲ့သည် ဖက်ထုပ်ဆိုင်မှ ထွက်ခွာလာခဲ့ပြီးနောက် နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ငါက အရမ်းအားနည်းနေသေးတော့ ဒီလိုအင်အားကြီးတဲ့လူတွေအနားမှာဆိုရင် အရမ်းဖိအားဖြစ်ရတယ်။

မဖြစ်ဘူး၊ ငါမြန်မြန် လေ့ကျင့်ရမယ်။

ထိုအတွေးဖြင့် ချန်ကျဲ့သည် ရေချိုးကန်ကိုယူရန် ကုန်စုံဆိုင်သို့ ထွက်လာခဲ့သည်။

ချန်ကျဲ့ ရွာသို့ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်၌ လူများစွာသည် ပစ္စည်းများကို လှည်းအပြည့်ဝယ်ယူလာသည့် ချန်ကျဲ့အား အားကျသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။ လူတိုင်းလူတိုင်းမှာ ချန်မိသားစုကို အားကျနေကြပေသည်။ ချန်ကျိုစစ် သမားတော်ပိုင်၏တပည့် ဖြစ်သွားချိန်မှ စတင်၍ သူ၏နေ့ရက်များသည် ပို၍ကောင်းမွန်လာခဲ့သည်။

“ကျိုစစ် ပြန်လာပြီ”

“ဝိုး ကျိုစစ်ရယ် ပစ္စည်းတွေအများကြီး ထပ်ဝယ်လာပြန်ပြီလား”

“ကျိုစစ် နောက်တစ်ခါကျ သယ်ရမှာလေးတာတွေရှိရင် ငါကူသယ်ပေးနိုင်တယ်၊ မင်းဘာမင်း သယ်နေဖို့ မလိုပါဘူး…”

တစ်ယောက်ပြီးတစ်ယောက် ချန်ကျဲ့အား နှုတ်ဆက်ကြသည်။

ချန်ကျဲ့သည်လည်း ထိုလူများ၏ နှုတ်ဆက်မှုကို ယဉ်ကျေးစွာပြန်လည်တုံ့ပြန်သည်။

ထိုစဉ် မနီးမဝေးတွင် ရပ်နေသည့် လူတစ်စုသည် ချန်ကျဲ့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။ သူတို့၏မျက်နှာထက်၌ မနာလိုခြင်းနှင့် မုန်းတီးခြင်း အငွေ့အသက်များ ထင်ဟပ်နေသည်။

“ဟမ့် သူက ဘာတွေများ အရမ်းကောင်းနေလို့လဲ။ ကံကောင်းပြီး သမားတော်ပိုင်ကို ကပ်မြှောင်နေနိုင်ရုံလေးပဲကို နေ့တိုင်း စိတ်ကြီးဝင်လာနေတော့တာ”

လုချင်းစစ်သည် မျက်နှာကြီးသုန်မှုန်လျက် ပြောနေသည်။

ထိုစဉ် တုတ်တစ်ချောင်းကို အမှီပြုရပ်နေသည့် လုစန်းသည် ပြုံးလာ၏။ ထို့နောက် ချန်ကျဲ့၏နောက်ကျောကို အငြိုးအာဃာတများ ပြည့်နှက်နေသောအကြည့်များဖြင့် ကြည့်နေခဲ့သည်။

သူ၏မျက်နှာချင်းဆိုင်တွင် ချန်စန်းလျို့နှင့် သူ၏သားဖြစ်သူ ချန်ရှုံးတို့ ထိုင်နေကြသည်။

ထိုသားအဖနှစ်ဦးသည်လည်း ချန်ကျဲ့ကို အလွန်တရာ မလိုမုန်းတီးသော အကြည့်များဖြင့် ကြည့်နေကြသည်။

ဘာလို့ အဲဒီအသုံးမကျတဲ့ကောင်က ကောင်းမွန်တဲ့ဘဝမှာ နေနိုင်နေရတာလဲ။

ထိုစဉ် ချန်စန်းလျို့မှ ပြောသည်။

“ဟုတ်သား၊ အရင်တစ်ခေါက်က သူ့ဆီကို မာလျို့အကြွေးလာတောင်းသေးတယ် မဟုတ်ဘူးလား။ အဲဒါ ပြန်ဆပ်ပြီးသွားပြီလား”

လုစန်းမှ ထေ့ငေါ့ဟန်ရယ်မော၏။

“အဲဒီအကြွေးကို ပိုင်မိသားစုက ကြားဝင်ဖြေရှင်းပေးလိုက်တာလေ”

ချန်စန်းလျို့သည် ဒေါသလည်းထွက်ကာ အံ့အားသင့်လျက် ပြောလာသည်။

“သောက်ကျိုးနည်း ကောင်းလိုက်တဲ့ကံ! လူတိုင်းက သူ့ကိုကူညီနေကြတာပဲ။ ဒါနဲ့ လုစန်း မင်းပြောခဲ့တဲ့ အဲဒီကိစ္စက ယုံကြည်ရလား”

“ဘယ်လိုလုပ်ပြီး ယုံကြည်လို့ မရရမှာလဲဗျာ”

လုစန်းမှ ပြန်ပြောသည်။

“ခုတလော ငါးဖမ်းကုန်သည်အဖွဲ့က အရမ်းအလုပ်များနေတော့ အလုပ်သမားတွေ အများကြီးထပ်ခန့်ဖို့ လိုအပ်နေတာဗျ။ ကျွန်တော်လည်း ဒီလတ်တလောမှာ အဖွဲ့ဆီ နေ့တိုင်းသွားပြီး သင့်တော်တဲ့အဆက်အသွယ်တွေ လုပ်ထားပြီးပါပြီ။ ဒါပေမဲ့ ကံဆိုးပြီး ကျွန်တော့်ခြေထောက်က…”

လုစန်း သက်ပြင်းချသည်။

သူ၏စိတ်နှလုံးအတွင်းရှိ မကျေမချမ်းမှုတို့မှာ ယခုထိတိုင် ဖုံးကွယ်ရန်ခက်ခဲနေဆဲပင်။

ချန်စန်းလျို့နှင့် ချန်ရှုံးတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထို့နောက် ချန်စန်းလျို့မှ ပြောသည်။

“ငွေသုံးတုံး”

လုစန်းမှ ပြန်ပြောသည်။

“ငွေသုံးတုံးလား။ မဖြစ်နိုင်ဘူးဗျ။ ကျွန်တော်တို့ သဘောတူထားတာက ငွေငါးတုံးလေ။ တောက်ပတဲ့အနာဂတ်အတွက် ငွေငါးတုံးက အရမ်းများနေလို့လားဗျာ”

“ညီနောင်လုစန်း မင်းလည်း ငါ့မိသားစုအခြေအနေကို သိပါတယ်။ ငါတကယ် ဒီထက်ပိုပြီး မတတ်နိုင်တော့လို့ပါကွာ။ ငွေသုံးတုံးနဲ့ မင်းမိသားစုအတွက် ပြောင်းဆန် ပေါင်၅၀ ထပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”

လုစန်းသည် အချိန်ခဏမျှ တွေးတောနေပြီးနောက် လုချင်းစစ်ကို လှမ်းကြည့်သည်။

လုချင်းစစ်မှ ခေါင်းညိတ်ပြသောအခါ လုစန်းမှ ပြန်ပြောသည်။

“ကောင်းပြီ၊ ဒါပေမဲ့ ငွေအရင်ချေရမယ်”

ချန်စန်းလျို့သည် တွန့်ဆုတ်နေ၏။ နောက်ဆုံးတွင်တော့ မေးမြန်းလိုက်သည်။

“မင်းရဲ့ ဒီအဆက်အသွယ်က သေချာတယ်နော်”

“မစိုးရိမ်ပါနဲ့ဗျာ”

လုစန်းသည် ချန်သားအဖနှစ်ဦးအား စိတ်ချလက်ချဖြစ်စေရန် ပြောဆိုသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ကိစ္စတွေကို များသောအားဖြင့် သင်္ဘောကြီးရဲ့ခေါင်းဆောင်က စီစဉ်တာ၊ ကျွန်တော်နဲ့ အဲဒီခေါင်းဆောင်နဲ့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။ ကျွန်တော့်ရဲ့ခြေထောက်ကြောင့်သာ မဟုတ်ရင် အဲဒီအလုပ်ကို ကျွန်တော်ကိုယ်တိုင်ပဲ လုပ်လိုက်မှာဗျ။ မဟုတ်လို့ကတော့ ဒီလိုအခွင့်အရေးမျိုးက ဦးလေးတို့ဆီ ရောက်လာနိုင်ပါ့မလား”

“ဦးလေးစန်းလျို့ စဉ်းစားကြည့်နော်။ ချန်ကျိုစစ်က ပိုင်မိသားစုနဲ့ ဆက်ဆံရေးတည်ဆောက်လိုက်ပြီ။ ဦးလေးတို့မိသားစုအနေနဲ့ တစ်ခုခုမလုပ်ဘူးဆိုရင် ဦးလေးတို့တော့ ချန်ကျိုစစ်ထက် အမြဲနောက်ကောက်ကျကျန်ရစ်ခဲ့တော့မှာပဲ။ ဦးလေး အဲဒါကို ကျေနပ်နိုင်လို့လား”

ချန်စန်းလျို့သည် အံကိုတင်းတင်းကြိတ်လျက် တုံ့ပြန်သည်။

“ငါဘယ်လိုလုပ်ပြီး ကျေနပ်နိုင်မှာလဲ။ အဲဒီချန်ကျိုစစ်က တကယ့်ချန်မိသားစုဝင်လည်း မဟုတ်ဘူး။ ငါတို့ချန်မျိုးရိုးအဖိုးကြီးက ရှုပ်ထွေးကုန်အောင်လုပ်ခဲ့တာ!”

“ကောင်းပြီ ညီနောင်လုစန်း၊ ဒီကိစ္စကို ငါ့တာဝန်ထားလိုက်တော့။ ဒါပေမဲ့ ညီနောင် ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးက ဝူကျုံးနော်၊ မင်းတကယ် လုပ်နိုင်ရဲ့လား”

“ဘာစိုးရိမ်စရာရှိလို့လဲဗျာ။ ငါးဖမ်းကုန်သည်အဖွဲ့ကို ဝူကျုံးတစ်ယောက်တည်း အကုန်ထိန်းချုပ်ထားတာမှ မဟုတ်တာ။ အခု အလုပ်သမားခန့်တာနဲ့ သက်ဆိုင်တာအားလုံးကို သင်္ဘောကြီးရဲ့ခေါင်းဆောင်က တာဝန်ယူထားတာ။ ပြီးတော့လည်း သင်္ဘောကြီးရဲ့ခေါင်းဆောင်မှာ ခိုင်မာပြီးစိတ်ချရတဲ့ အဆက်အသွယ်တွေရှိတယ်။ သူ့ရဲ့ဝမ်းကွဲက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ကျားဖြူခန်းမမှာ ဦးစီးမှူးဗျ။ ဝူကျုံးထက် အများကြီးရာထူးမြင့်တယ်။ ပုံမှန်ဆို ဝူကျုံးက သူ့ကို တလေးတစားဆက်ဆံရတယ်”

“ဦးလေး စဉ်းစားကြည့်၊ ဦးလေးသာ သူနဲ့ အဆက်အသွယ်ရှိသွားရင် ချန်ကျိုစစ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေဖို့ လိုပါဦးမလား”

“ဝူကျုံးက ရှန်းထောင်မြို့မှာပဲ နည်းနည်းလေး အမည်ကျော်ကြားတာ။ ဒါပေမဲ့ စီရင်စုမှာဆိုရင် သူက ဘာမှဟုတ်မနေဘူး”

“ညီလေးချန်ရှုံး အကယ်၍ သင်္ဘောကြီးရဲ့ခေါင်းဆောင်က မင်းကိုသဘောကျသွားပြီး သူ့ရဲ့ဝမ်းကွဲနဲ့ မင်းကိုမိတ်ဆက်ပေးခဲ့ရင်၊ မင်းလည်း စီရင်စုမှာ နှစ်နည်းနည်းလောက် အလုပ်လုပ်နိုင်ခဲ့ရင်၊ နောက်ပိုင်းကျ မင်း ငါးဖမ်းကုန်သည်အဖွဲ့ကို ရာထူးနိမ့်နဲ့ ပြန်ရောက်လာခဲ့ရင်တောင်မှ သမားတော်တစ်ယောက်ပဲဖြစ်လာနိုင်တဲ့ ချန်ကျိုစစ်က မင်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်တော့မှာလဲ”

လုစန်းသည် ချန်စန်းလျို့တို့သားအဖနှစ်ဦးကို ရှင်းပြသည်။

ထိုအခါ ချန်စန်းလျို့၏မျက်လုံးများ တောက်ပသွား၏။

ငါတကယ် အမြင်ကျဉ်းနေခဲ့တာပဲ။ ဝူကျုံးကို အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးလို့ပဲ ငါအထင်ရောက်နေခဲ့မိတာ၊ တကယ်တော့ ငါးဖမ်းကုန်သည်အဖွဲ့ကြီးမှာ ဝူကျုံးက သေးနုပ်တဲ့လူတစ်ယောက်အဆင့်ပဲ ရှိသေးတာပဲ။ ငါ့သားသာ သင်္ဘောကြီးရဲ့ခေါင်းဆောင်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ရင် ချန်ကျိုစစ်က ဘယ်လိုများ ငါတို့နဲ့ယှဉ်နိုင်တော့မလဲ။

အဲဒီချန်ကျိုစစ် ထပ်ပြီး မောက်မာနေနိုင်ဦးမလား။

ထိုအတွေးဖြင့် ချန်စန်းလျို့မှ ပြတ်ပြတ်သားသား ပြောခဲ့သည်။

“ကောင်းပြီ ညီနောင်လုစန်း ငါမင်းပြောတဲ့အတိုင်း လက်ခံတယ်။ ငါမင်းကို အခုပဲ ပိုက်ဆံပေးလိုက်မယ်”

“ကောင်းတယ် ကောင်းတယ်… ညီလေးချန်ရှုံး အောင်မြင်လာတဲ့အခါကျ ကျွန်တော့်ကိုကူညီပြီး ချန်ကျိုစစ်ကို သေချာလေးကိုင်တွယ်ပေးရမယ်နော်”

“ညီနောင်လုစန်း စိတ်ချပါ။ ကျွန်တော့်မှာသာ အင်အားရှိလာရင် ချန်ကျိုစစ်ကို ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်စေရပါဘူး”

သူတို့အားလုံး စိတ်ကျေနပ်စွာ ရယ်မောလိုက်ကြသည်။ ချန်ကျဲ့သည် သူတို့၏ရယ်သံများကို ကြားလိုက်ရသည်တွင် သူတို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သူတို့အားလုံး ထိတ်လန့်သွားကြသည်။

လုစန်းမှ သတိပေးသည်။

“ဦးလေးစန်းလျို့၊ ညီလေးချန်ရှုံး ဒီကိစ္စပြီးပြတ်တဲ့အထိ သိုသိုသိပ်သိပ်နေနော်”

“အမ်း အမ်း”

သူတို့အားလုံး ခေါင်းညိတ်လိုက်ပြီးနောက် အလျင်စလိုဖြင့် ချန်ကျဲ့ကို စိတ်လှုပ်ရှားနေသည့် အပြုံးများဖြင့် သံသယကင်းစေရန် ကြိုးစားကြလေသည်။ ချန်စန်းလျို့သည် မတ်တပ်ထရပ်ကာပင် စကားပြောလာ၏။

“ကျိုစစ် မင်းပစ္စည်းတွေ အများကြီးဝယ်လာပြန်ပြီပဲ! အဲဒါကြောင့်လေ မင်းငယ်ငယ်ကတည်းက ငါအမြဲတွေးမိနေခဲ့တာ မင်းက အလားအလာရှိပါတယ်လို့ ဟားဟား…”

ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ထိုလူများသည် ကောင်းမွန်သည့်စိတ်မရှိနိုင်ဟု ချန်ကျဲ့ အမြဲလိုလို ခံစားမိနေခဲ့သည်ဖြစ်သည်။

သို့သော် လက်ရှိအချိန်တွင် ထိုအရာများသည် အရေးမကြီးသေးပေ။ အခုအချိန် အရေးအကြီးဆုံးမှာ အိမ်ပြန်ရန်ဖြစ်၏။

“မိန်းမရေ ကိုယ်ပြန်လာပြီ!”

All Chapters