ယောက်ျား ဒီလိုက အဆင်ပြေရဲ့လား
Vol. 4 Ch. 52
“အစ်ကိုကြီး!”
ချန်ကျဲ့ အိမ်ထဲသို့ မရောက်မီ၌ ကလေးမလေးသည် လက်နှစ်ဖက်ကိုဆန့်တန်းလျက် ချန်ကျဲ့ကို ပွေ့ဖက်ရန် ပြေးထွက်လာသည်။
ချန်ကျဲ့သည်လည်း ပြုံးလိုက်ပြီး ကလေးမလေးကို ပြောသည်။
“အစ်ကိုကြီးကို လွမ်းနေတာလား”
“လွမ်းတယ်”
“တကယ်လား။ အစ်ကိုကြီးကို လိမ်ပြောနေတာတော့ မဟုတ်ပါဘူးနော်”
“လိမ်ပြောရင် ခွေးလေးပဲ!”
ကလေးမလေးသည် ခိုင်မာစွာ ငြင်းဆန်သည်။
“ကောင်းပါပြီ၊ အစ်ကိုကြီး မင်းကိုယုံပါတယ်”
ချန်ကျဲ့ အပြုံးဖြင့် ပြော၍ ခေါင်းမော့ကြည့်လိုက်သည်။ စူးယွင်ကျင်းသည် တံခါးဝတွင် ရပ်နေ၏။ မကြာသေးမီကမှ အိမ်အလုပ်များကို လုပ်ကိုင်ပြီးစီးခဲ့သည်ဖြစ်ရာ ဆံပင်လေးများမှာ အနည်းငယ် မသပ်မရပ်ဖြစ်နေကာ နဖူးထက်တွင် ချွေးစလေးများ ထွက်နေသည်။ စူးယွင်ကျင်း နဖူးမှ ချွေးများကို သုတ်လိုက်သည်။
“ယောကျ်ား ပြန်လာပြီလား”
စူးယွင်ကျင်း နူးညံ့သိမ်မွေ့စွာ ပြောသည်။
ချန်ကျဲ့ပြုံးလိုက်သည်။
“အင်း”
“ရှင်ဘာလို့ ပစ္စည်းတွေ အများကြီးဝယ်လာပြန်တာလဲ”
“မြို့ကိုသွားတော့ အိမ်မှာလိုအပ်နေတာတွေကို တွေ့မိလို့ တချို့တလေ ဝယ်လာလိုက်တာ”
သုံးယောက်သားသည် အိမ်ထဲသို့ဝင်သွားခဲ့ပြီး ပစ္စည်းမျာကို စတင်နေရာရွှေ့သည်။ ချန်ကျဲ့သည် စူးယွင်ကျင်း ချွေးထွက်နေသည်နှင့် ခြံဝင်းထဲရှိ ပေါက်ပြားကို သတိထားမိလိုက်၏။
“မင်း အိမ်မှာ အလုပ်တွေလုပ်နေခဲ့တာလား”
“ခြံဝင်းက ဒီတိုင်းထားရင် အလဟသဖြစ်နေတာလေ။ အဲဒါကြောင့် အပြောင်းအလဲလုပ်ကြည့်ဖို့ တွေးလိုက်တာ။ နောက်ကျ အစေ့နည်းနည်းလောက် ဝယ်ပြီးတော့ အပင်စိုက်မယ်လေ။ ကျွန်မတို့မိသားစု စားဖို့ရတာပေါ့”
ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“အင်း ကောင်းပါတယ်၊ ဒါပေမဲ့ အလွန်အကျွံမလုပ်နဲ့ဦး”
စူးယွင်ကျင်းသည် အချိန်ခဏမျှ စဉ်းစားနေပြီးနောက် ပြောလာသည်။
“ယောကျ်ား ကျွန်မ– ရှင်ကျွန်မကို မြို့ပေါ် ခေါ်သွားပေးနိုင်မလား”
“အမ်? ဘာအတွက်လဲ”
“ကျွန်မ ကြက်နဲ့ဘဲ နည်းနည်းလောက် ဝယ်ချင်လို့။ ကျွန်မတို့ ကြက်တွေ၊ ဘဲတွေ မွေးထားရင် ကြက်ဥ၊ ဘဲဥတွေ စားဖို့ရတာပေါ့”
“ကောင်းပြီ၊ ငါမနက်ဖြန် အိမ်ပြန်ရောက်တဲ့အခါ ခေါ်သွားပေးမယ်”
“အစ်ကိုကြီး ရွေ့ရွေ့လည်း လိုက်ချင်တယ်”
“ဒါပေါ့ ရွေ့ရွေ့ကိုလည်း ခေါ်သွားမှာပေါ့”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
စကားပြောဆိုကြရင်းဖြင့် သုံးဦးသားသည် အိမ်ထဲသို့ ဝင်ခဲ့ကြသည်။ စူးယွင်ကျင်းသည် ချန်ကျဲ့အတွက် ရေတစ်ခွက်ထည့်ပေးသည်။ ချန်ကျဲ့သည် အလွန်ရေဆာနေခဲ့သည်ဖြစ်ရာ တစ်ကျိုက်တည်းဖြင့် အကုန်သောက်ချပစ်လိုက်သည်။
ထို့နောက် ချန်ကျဲ့သည် သူဝယ်လာခဲ့သည့် အသားပေါက်စီနှင့် ကြက်ကင်တို့ကို ထုတ်ယူလိုက်သည်။
အစားအစာများကိုမြင်သောအခါ ကလေးမလေး၏မျက်လုံးများသည် အပြင်ထွက်ကျတော့မည့်အလား ပြူးကျယ်သွားကာ ချန်ကျဲ့ကို ပွေ့ဖက်၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီးက အကောင်းဆုံးပဲ”
ချန်ကျဲ့ စနောက်ပြောလိုက်သည်။
“အဲဒီတော့ အရသာရှိတဲ့ အစားအသောက်တွေ ဝယ်လာမပေးရင် မကောင်းဘူးပေါ့လေ”
ကလေးမလေး တွန့်ဆုတ်သွား၏။
အချိန်အတော်ကြာပြီးနောက်မှသာ ကလေးမလေးသည် မဝံ့မရဲဖြင့် ပြန်ပြောလာသည်။
“အဲဒါ အဲဒါဆိုလည်း အဆင်ပြေလောက်ပါတယ်”
“ကျေးဇူးမသိတဲ့ကောင်မလေး”
ချန်ကျဲ့ ကလေးမလေး၏နှာခေါင်းလေးကို ဖွဖွညှစ်လိုက်သည်။ ကလေးမလေးသည်လည်း စိတ်လက်ပေါ့ပါးစွာ ရယ်မောလာသည်။
ဘေးမှကြည့်နေသည့် စူးယွင်ကျင်းမှ ပြောလာသည်။
“ယောကျ်ား သူ့ကို အရမ်းအလိုလိုက်မနေနဲ့တော့။ သူ အခုနောက်ပိုင်း ဂျေးများလာတယ်။ နောက်ဆို ပြောင်းဆန်ကိုပါ မကျေမနပ်ပြောလာတော့မယ်”
ကလေးမလေးမှ အမြန်ပြော၏
“မမက မဟုတ်တာတွေ လျှောက်ပြောနေတာ၊ ရွေ့ရွေ့က ပြောင်းဆန်ကို အကြိုက်ဆုံးပဲ”
ချန်ကျဲ့ ပြောလိုက်သည်။
“ကောင်းပြီ၊ ရွေ့ရွေ့က ပြောင်းဆန်ကို အဲဒီလောက်တောင် ကြိုက်တယ်ဆိုမှတော့ မိန်းမ.. ရွေ့ရွေ့စားဖို့ ပြောင်းဆန်တစ်အိုးချက်လိုက်ပါ။ အသားပေါက်စီနဲ့ ကြက်ကင်ကို ငါတို့ပဲစားကြမယ်”
“အာ မရဘူး!”
ကလေးမလေးသည် အလောတကြီး အော်ပြောတော့သည်။
ချန်ကျဲ့သည် ကလေးမလေးကို စနောက်နေ၏။
“ဘာဖြစ်လို့လဲ ရွေ့ရွေ့ရဲ့။ ရွေ့ရွေ့ကိုယ်တိုင်ပဲ ပြောင်းဆန်ကို အကြိုက်ဆုံးလို့ပြောတာလေ။ အဲဒီတော့ အသားပေါက်စီနဲ့ ကြက်ကင်က မင်းရဲ့ မမနဲ့ အစ်ကိုကြီးအတွက်ပဲပေါ့”
“တကယ်တော့ တကယ်တော့ ရွေ့ရွေ့ ပြောင်းဆန်ကို အဲဒီလောက်ကြီး မကြိုက်ပါဘူး”
ကလေးမလေးမှ ဖျော့တော့စွာ ပြောသည်။ ထို့နောက် ချန်ကျဲ့အား သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လျက် မော့ကြည့်နေတော့သည်။ ကလေးမလေးမှ ထပ်ပြောသည်။
“ရွေ့ရွေ့ကို အသားပေါက်စီတစ်လုံးပဲ ပေးပါ။ ရွေ့ရွေ့ အများကြီးမစားဘူးလို့ ကတိပေးတယ်”
ကလေးမလေးသည် လက်များကို ကျိန်ဆိုသည့်ဟန် ဆန့်ထုတ်ပြ၏။
ချန်ကျဲ့ ရယ်မောလိုက်သည်။
စူးယွင်ကျင်းလည်း ရယ်နေခဲ့သည်။
ဒီအစားပုပ်လေးကတော့¬
သူတို့သုံးဦးသည် ညစာကို အားရပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။ ညစာစားပြီးနောက်တွင် ချန်ကျဲ့သည် အနားတွင်ချထားသည့် အဝတ်အိတ်ထဲမှ အဝတ်နှစ်စုံကို ထုတ်ယူလိုက်သည်။
“မိန်းမ ရွေ့ရွေ့ ဒီကိုလာ”
ချန်ကျဲ့၏ခေါ်သံကြားသောအခါ စူးယွင်ကျင်းသည် ပန်းကန်ဆေးအဝတ်ဖတ်ဖြင့် လက်သုတ်လိုက်သည်။ ရွေ့ရွေ့လည်း အပြင်ဘက်အခန်းသို့ထွက်လာသည်။ ထိုအခါ ချန်ကျဲ့၏လက်ထဲမှ အဝတ်များကို မြင်လိုက်ရသည်။
“ဝါး အဝတ်အသစ်တွေပဲ!”
ကလေးမလေးသည် ပျော်ရွှင်မြူးတူးစွာဖြင့် အပြေးရောက်လာသည်။
စူးယွင်ကျင်း၏မျက်နှာလေးမှာ အံ့အားသင့်ဟန်ဖြစ်သွားခဲ့သော်ငြား ထိုအံ့အားသင့်မှုသည် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“မိန်းမ ဒီကိုလာ၊ မင်းကြိုက်ရဲ့လားဆိုတာ ကြည့်ကြည့်ပါဦး”
ချန်ကျဲ့ စူးယွင်ကျင်းကို အပြုံးဖြင့် ပြောခဲ့သည်။
“ယောက်ျား ကျွန်မက အပြင်လည်း သိပ်ထွက်တာမဟုတ်ဘူးကို ဘာလို့ ကျွန်မအတွက် အဝတ်အစားအသစ်တွေ ဝယ်လာရတာလဲ။ ကျွန်မတို့တွေ အခုက ချမ်းသာနေတာလည်း မဟုတ်ဘူး…”
စူးယွင်ကျင်းသည် အဝတ်ကို ညင်သာစွာပွတ်သပ်ကြည့်နေသည်။ သူမသည် အဝတ်ကို လက်မလွှတ်နိုင်သော်ငြား နှုတ်မှ မဖြစ်သင့်ကြောင်းကို ထုတ်ဖော်ပြောဆိုသည်။
“မင်းကြိုက်ရဲ့လား”
ချန်ကျဲ့ မေးလိုက်သည်။
“ဒီအဝတ်တွေက ဈေးကြီးမယ်ထင်တယ်”
စူးယွင်ကျင်းမှ ပြန်ပြောသည်။ ထိုအခါ ချန်ကျဲ့မှ ပြန်ပြောခဲ့သည်။
“ဈေးကြီးတာ မကြီးတာက အရေးမကြီးဘူး။ မင်း သဘောကျလား”
“ရွေ့ရွေ့ သေချာပေါက်ကြိုက်တာပေါ့! မမ မမ ရွေ့ရွေ့ ဒီဝတ်စုံလေးနဲ့ လှမယ်ထင်လားဟင်”
ကလေးမလေးသည် အဝတ်အသစ်လေးကို သူမ၏ကိုယ်လေးနှင့် တိုင်းကြည့်နေကာ နေရာတွင် ကိုယ်ကိုတစ်ပတ်လှည့်နေပေသည်။
“မလှည့်နဲ့တော့။ အဝတ်တွေ ညစ်ပတ်ကုန်မယ်”
စူးယွင်ကျင်းမှ ပြောသည်။
ကလေးမလေးသည် ကိုယ်တစ်ပတ်လှည့်နေခြင်းကို ရပ်တန့်လိုက်ပြီး ချန်ကျဲ့ကို စိတ်လှုပ်ရှားစွာဖြင့် ပွေ့ဖက်လျက် နမ်းလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“လိမ္မာတယ်၊ ရွေ့ရွေ့ က ဘယ်လိုကျေးဇူးတင်ရမလဲ ကောင်းကောင်းသိတာပဲ၊ တချို့သူတွေလို မဟုတ်ဘူး… တချို့သူတွေက ဘာမှ ပြောချင်တာ မရှိဘူးလား မသိနော်”
ကလေးမလေးသည် သူမ၏အစ်မဖြစ်သူအား မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။
ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်သည် သူမကို စိုက်ကြည့်နေလေရာ စူးယွင်ကျင်း၏မျက်နှာမှာ ရုတ်ချည်း နီရဲလာတော့သည်။ ထို့နောက် စူးယွင်ကျင်းသည် အဝတ်နှင့်အတူ အတွင်းခန်းထဲသို့ ပြေးဝင်သွားတော့သည်။
“ဟေး ဒီလိုပဲထွက်ပြေးသွားတော့မှာလား”
ချန်ကျဲ့ စူးယွင်ကျင်းကို လှမ်းအော်ပြောသည်။
စူးယွင်ကျင်းသည် ပြန်မဖြေပေ။
ထိုအခါ ချန်ကျဲ့သည် ကလေးမလေးကိုလှည့်ကြည့်၍ ပြောလိုက်သည်။
“မင်းမမကို အတုမယူနဲ့နော်။ သူက အတော်လေး ယဉ်ကျေးမှုမရှိဘူးရယ်”
“အစ်ကိုကြီး ယဉ်ကျေးမှုရှိတယ်ဆိုတာ ဘာကိုပြောတာလဲဟင်”
ကလေးမလေးမှ တွေးတွေးဆဆဖြင့် မေးသည်။
ချန်ကျဲ့ အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေသည်။
“ယဉ်ကျေးမှုမရှိဘူးဆိုတာက ဘယ်လိုပြုမူရမယ်ဆိုတာ မသိတာကိုပြောတာ။ ဥပမာ အစ်ကိုကြီးက ရွေ့ရွေ့ကို အဝတ်အစားအသစ်တွေ ဝယ်ပေးတယ်ဆိုရင် ရွေ့ရွေ့က ပျော်သွားပြီးတော့ အစ်ကိုကြီးကို နမ်းတယ်လေ။ အဲဒါကမှ မှန်တာပေါ့၊ မဟုတ်ဘူးလား”
“အမ်း”
“ပြီးတော့ အစ်ကိုကြီးက မင်းရဲ့မမကိုလည်း အဝတ်အစားအသစ် ဝယ်ပေးခဲ့တယ်လေ။ အဲ့တော့ မင်းရဲ့မမကလည်း အစ်ကိုကြီးကို နမ်းသင့်တယ်မဟုတ်ဘူးလား”
“အမ်း ဟုတ်တာပဲ’
“ဒါပေမဲ့ မင်းရဲ့မမက ကတိမတည်ဘဲနဲ့ ထွက်ပြေးသွားတယ်။ အဲဒီတော့ မင်းရဲ့မမက လုပ်သင့်တာကို မလုပ်တော့ မယဉ်ကျေးတာ မဟုတ်ဘူးလား”
“အမ်း အစ်ကိုကြီးပြောတာမှန်တယ်။ မမက တကယ် မယဉ်ကျေးတာပဲ”
ကလေးမလေးသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ချန်ကျဲ့ကို နောက်တစ်ကြိမ် ထပ်နမ်းသည်။ ထို့နောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြော၏။
“အစ်ကိုကြီး ရွေ့ရွေ့က ယဉ်ကျေးတယ်နော် ဟုတ်တယ်မလား”
“အင်း အရမ်းယဉ်ကျေးတယ်။ ရွေ့ရွေ့က အရမ်းယဉ်ကျေးတယ်”
ချန်ကျဲ့ ရယ်မောလျက်ပြောသည်။ ထို့နောက် အတွင်းခန်းသို့ ညွှန်ပြလျက် ထပ်ပြောသည်။
“မင်းမမကို အဝတ်အစားအသစ်တွေ ဝတ်ကြည့်ပြီး အစ်ကိုကြီးကို ထွက်လာပြဖို့ သွားပြောပေးပါဦး။ အစ်ကိုကြီး မနက်ဖြန်ကျ ရွေ့ရွေ့ကို သစ်သီးသကြားလုံးဝယ်ကျွေးမယ်”
“တကယ်လား”
ကလေးမလေးသည် စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့် မျက်လုံးများပြူးကျယ်လာသည်။
ချန်ကျဲ့ ရယ်မောလိုက်သည်။
“အစ်ကိုကြီးက ရွေ့ရွေ့ကို လိမ်ပြောဖူးလို့လား”
အချိန်ခဏမျှတွေးတောပြီးနောက် ကလေးမလေးမှ ပြန်ပြောသည်။
“အရင်က ဆိုးတဲ့အစ်ကိုကြီးဖြစ်နေတုန်းက လိမ်ဖူးတယ်၊ ဒါပေမဲ့ ကောင်းတဲ့အစ်ကိုကြီးက မလိမ်ဘူး”
“ဒါဆို သွားပြောပေးမှာလား”
ချန်ကျဲ့မေးလိုက်သည်။ ကလေးမလေးသည် နောက်တစ်ကြိမ်စဉ်းစားပြီးနောက် ပြောလာသည်။
“သစ်သီးသကြားလုံးအတွက် သွားပြောပေးလိုက်မယ်”
“ကောင်းပြီ သစ်သီးသကြားလုံးအတွက်!”
ကလေးမလေးသည် ချန်ကျဲ့ကိုကြည့်၍ ထပ်ပြောသည်။
“ကောင်းပြီ ရွေ့ရွေ့သွားပေးမယ်”
ကလေးမလေး အတွင်းခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သို့သော် အတွင်းခန်းထဲမှ စူးယွင်ကျင်း၏အသံကို ကြားလိုက်ရသည်။
“မရဘူး ရွေ့ရွေ့၊ မမတို့ ရေမချိုးတာ အတော်ကြာနေပြီ။ မနက်ဖြန် ရွေ့ရွေ့ရဲ့အစ်ကိုကြီး အပြင်သွားတော့မှ ရေချိုးကြရအောင်။ အဲဒီတော့မှ အဝတ်အသစ်တွေကို ဝတ်ကြမယ်။ မမပြောတာ နားလည်တယ်မလား။ အခုဝတ်လိုက်ရင် အဝတ်တွေ ညစ်ပတ်ကုန်မှာ”
“ဪ ဒါပေမဲ့ အစ်ကိုကြီးက ရွေ့ရွေ့ကို သစ်သီးသကြားလုံးဝယ်ကျွေးမယ်လို့ ကတိပေးထားတယ်”
“ကောင်းတယ်နော် ကလေးမလေး၊ သစ်သီးသကြားလုံးတစ်ခုအတွက် အစ်မကို ရောင်းစားပစ်တယ်ပေါ့”
“မဟုတ်ပါဘူး မမကလည်း၊ ဒါဆို မမပြောကြည့်, အစ်ကိုကြီးက မမအတွက် အဝတ်အသစ်ဝယ်လာပေးတာကို မမ မပျော်ဘူးလား”
အချိန်ခဏမျှတိတ်ဆိတ်သွားပြီးနောက်၌ စူးယွင်ကျင်းမှ တစ်စုံတစ်ရာပြောလိုက်ပုံရ၏။ သို့သော် အပြင်ဘက်ရှိချန်ကျဲ့မှာ ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ သို့သော် ထို့နောက်တွင် ကလေးမလေး၏အသံ ထွက်ပေါ်လာသည်။
“မမ ကြိုက်တယ်ဆိုရင် ဘာလို့ အစ်ကိုကြီးကို မနမ်းရတာလဲ။ မမ ဒီလိုလုပ်တာ အရမ်း မယဉ်ကျေးတာပဲ!”