ဆေလာ မက်ဒါနာ
Vol. 12 Ch. 17
ဖရာလီတာက အကြောက်အလန့်မဲ့စွာနဲ့ စင်ပေါ်ကို ပြေးပြီး တက်သွားလိုက်တယ်။ ကျောင်းအုပ်ကြီးက ဘုရင်ကို ကာကွယ်ဖို့အတွက် အဆင့် ၁၀ လေအမျိုးအစား အကာအကွယ်မှော်ပညာဖြစ်တဲ့ ကောင်းကင်လေတံတိုင်းကို အသက်သွင်းထားတယ်။
မီတာခြောက်ဆယ်လောက်မြင့်တဲ့ မြေဘီဘူးကြီးရဲ့ လက်သီးချက်တွေက ဘုရင်နဲ့ကျောင်းအုပ်ကြီးအပေါ် ကျဆင်းလာနေပေမဲ့ ပြင်းထန်တဲ့လေပြင်းတွေက တိုက်ကွက်များစွာကို နောက်ကိုပြန်တွန်းလှန်ပေးနေတယ်။ ဒါပေမဲ့ တိုက်ကွက်တစ်ကွက်ကို ခုခံပြီးတိုင်းမှာ ကျောင်းအုပ်က ပိုပြီးအားနည်းလာနေပါတယ်။
အဆင့် ၁၂ မြေအမျိုးအစားဆင့်ခေါ်မှော်ပညာဖြစ်တဲ့ မြေဘီလူးကိုရင်ဆိုင်ဖို့ ကျောင်းအုပ်ကြီးတစ်ယောက်နဲ့တင် မလုံလောက်သေးပါဘူး။ ကိုယ်ရံတော်တပ်မှူးကလည်း သူ့ကိုယ်ပိုင်မှော်စွမ်းအားကိုသုံးပြီး အတားအဆီးထဲ ပိုအားဖြည့်ပေးလိုက်ပေမဲ့ အချိန်နည်းနည်းပိုဆွဲနိုင်ရုံပဲ ရှိတာပါ။
“ ကျောင်းအုပ်၊ ကျွန်မကူညီပါရစေ။”
ဖရာလီတာက သူတို့နောက်မှာပြေးရပ်လိုက်ပြီးတော့ သူ့ရဲ့ မှော်နှင်တံနဲ့ မြေဘီလူးကြီးပေါ်က အနက်ရောင်ဂါဝန်နဲ့ အော်ရကယ်ကို ချိန်လိုက်တယ်။ စွမ်းအားကြီးမှော်ဆရာ နှစ်ယောက်က ခံစစ်ကိုအားစိုက်ထားပြီဖြစ်တဲ့အတွက် ဖရာလီတာက တန်ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်တာ။
“ပန်ဒရာဂွန်ကောင်မလေး၊ ဒါက လူကြီးတွေအလုပ်ပဲ။ တခြားကျောင်းသားတွေကို ကာကွယ်ပေးပြီး ထွက်ပြေးဖို့လုပ်။”
ကျောင်းအုပ်က ဖရာလီတာဟာ အဆင့်ရှစ် မှော်ဆရာမှန်း သိပေမဲ့ ဒီတိုက်ပွဲမှာ ဝင်မပါစေချင်ပါဘူး။ ကလေးမက ငယ်လေးပြီး တိုက်ပွဲအတွေ့အကြုံနည်းတယ်။ ပြီးတော့ အနာဂတ်မှာ အထွတ်အမြတ်မှော်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တဲ့ အရည်အချင်းမျိုးရှိတယ်။ သူတို့က ဒီမှာနေ အချိန်ဆွဲပြီး ဘုရင်ကြီးကို ခေါ်ပြီးတော့ ထွက်ပြေးခိုင်းရင် ရတယ်ဆိုပေမဲ့ အော်ရကယ်သာ သူတို့ကိုမတိုက်တော့ဘဲ ဖရာလီတာနောက်ကိုလိုက်လာမယ်ဆိုရင် ပိုပြီးပြဿနာ များပါတယ်။ အဆင့်တစ်ဆယ် မဟာမှော်ပညာရှင်တွေက အဆင့်ဆယ့်နှစ် အထွတ်အမြတ်မှော်ပညာရှင်ကို အချိန်ဆွဲထားဖို့ဆိုရင် လောင်းကစားလုပ်နေရသလိုပဲ။
“အဆင့်ခုနစ် မှော်ပညာ၊ မွန်မြတ်အလင်းလှံများ။”
ဖရာလီတာကတော့ ထွက်သွားဖို့ငြင်းဆန်တယ်။ ရွှေရောင် အလင်းလှံတချို့ သူ့နောက်မှာချက်ချင်းဖြစ်ပေါ်လာပြီး ဒုံးကျည်တွေလိုမျိုး ကောင်းကင်ပေါ်ကို ပြေးတက်သွားတယ်။
“အိုးဟိုးဟိုး... ဒါက အော်သာရီရာရဲ့ မြေးမလေးအစွမ်းပေါ့။ အလားအလာအများကြီးရှိပေမဲ့ အခုတော့ အတော်အားနည်းသေးတယ် ပြောရမှာပဲ။”
အော်ရကယ်က သူ့ဆီကိုတည့်တည့်ပြေးဝင်လာတဲ့ လှံတွေကို အကြည့်နဲ့ပဲကြည့်လိုက်တယ်။ မှော်နှင်တံနဲ့တောင် မရွယ်ဘူး။ ဒါပေမဲ့ သူနဲ့လှံတံတွေကြားထဲမှာ မြေစိုင်ခဲတစ်ခု ဖွဲ့တည်လာပြီး ဒိုင်းအဖြစ်ကာလိုက်တယ်။ ပထမဆုံးလှံတံက မြေစိုင်ဒိုင်းကိုထိမှန်ပြီး ပေါက်ကွဲသွားပေမဲ့ နောက်ထပ်ဒိုင်း တစ်ခုက ထပ်မံဖြစ်ပေါ်လာတယ်။ နောက်ထပ်လှံကလည်း ဒိုင်းကိုဝင်ဆောင့်မိပြန်ပြီး ပေါက်ကွဲသွားလေရဲ့။
လေးငါးခြောက်ကြိမ်လောက် အလင်းလှံနဲ့ပစ်ပြီးချိန်မှာ ဖရာလီတာက ပစ်နေတာကို ရပ်လိုက်တယ်။ ဒီထက်ပိုပြီး ဆက်ပစ်နေမယ်ဆိုရင်လည်း အော်ရကယ်ကို ထိခိုက်စေမှာ မဟုတ်မှန်း သူနားလည်ပါတယ်။ အလကား မှော်စွမ်းအင် ဖြုန်းတီးနေသလိုပဲ ဖြစ်လိမ့်မယ်။
“ကောင်မလေး ပြေးတော့။ အထွတ်အမြတ်အဆင့်က မှော်ပညာရှင်တွေက အဆင့်နိမ့်မှော်ဂါထာတွေကို ဂါထာ ရွတ်စရာမလိုပဲ ဖန်တီးနိုင်တယ်။ အော်သာရီယာကိုသာ ငါတို့အတွက် လက်စားချေဖို့ ပြောပေး။ ဘုရင်တစ်ပါးအနေနဲ့ သေရမှာငါမကြောက်ဘူး။”
ဘုရင်ကြီးကိုယ်တိုင် အမိန့်ပေးလာတဲ့အတွက် ဖရာလီတာ အခက်တွေ့သွားတယ်။ သူတကယ်ပဲ ဒီလူတွေကိုမကယ်ဘဲ ထားခဲ့ရမှာလား။
ဒါပေမဲ့ သူအတွေးများနေတဲ့အချိန်မှာပဲ ညင်သာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဂါထာရွတ်ဆိုသံကို ကြားလိုက်ရတယ်။
“အဆင့် ၉ အထောက်အပံမှော်ပညာ၊ လအလင်းနှင့်ကခုန်ခြင်း။”
ရုတ်တရက် ငွေရောင်အလင်းတန်းတစ်ခုက ရှေ့တန်းမှာ ရှိနေတဲ့ မှော်ဆရာသုံးယောက်လုံးပေါ် ကျဆင်းသွားပြီး သူတို့ခွန်အားတွေ ရုတ်တရက်တိုးပွားလာတယ်။ လေဒိုင်းက ပိုခိုင်မာလာပြီး မြေဘီလူးကြီးရဲ့ထိုးချက်တွေက ကန်ထွက် သွားရုံတင်မကဘဲ မြေသားတွေပါ ပဲ့ကျကုန်တယ်။ သူတို့တွေ လှည့်ကြည့်လိုက်တော့ ဆေလာကျောင်းသူဝတ်စုံ ဝတ်ဆင် ထားတဲ့ ငွေရောင်ဆံပင်ကို နှစ်ဖက်ခွစီးထားတဲ့ ချစ်စဖွယ် မှော်ဆရာမလေးကို သူတို့မြင်လိုက်ရတယ်။
“ လမှော်ဆရာမလေး မက်ဒါနာပဲ။” ဖရာလီတာက ဝမ်းသာ အားရနဲ့ အဲဒီမိန်းကလေးရဲ့နာမည်ကို ခေါ်လိုက်တယ်။
ဆေလာမက်ဒါနာကလည်း မှော်နှင်တံကို ရင်ဘတ်ရှေ့မှာ ထောင်ထားလိုက်ပြီး... “ကျွန်မ တရားမျှတမှုအတွက် ရပ်တည်မယ့် ဆေလာမက်ဒါနာပဲ။ လအလင်းရောင်ရဲ့ အမည်နာမနဲ့အတူ အသင့်ကို အပြစ်ပေးရလိမ့်မယ်။” လို့ အော်လိုက်တယ်။
“ လမှော်ဆရာမ၊ နင်က ငါ့ကိစ္စတွေမှာ လာရှုပ်ပြန်ပြီလား။”
အော်ရကယ်က အော်ကြီးဟစ်ကျယ်နဲ့ အော်ဟစ်လိုက်ရင်း မှော်နှင်တံနဲ့ ဆေလာမက်ဒါနာကို ချိန်လိုက်တယ်။ ချွန်ထက်တဲ့ မြေသားထုလုံးရှည်တွေက လှံတံတွေလိုမျိုး ဆေလာမက်ဒါနာဆီ ဦးတည်ဝင်လာတယ်။
“အဆင့် ၉ အထောက်အပံမှော်ပညာ၊ အရှိန်မြှင့်တင်ခြင်း။”
လမှော်ဆရာမလေးက သူ့ကိုယ်သူမှော်နှင်တံနဲ့ ညွန်ပြတယ်။ အလင်းစွမ်းအားတွေက သူ့အပေါ်ကျဆင်းလာပြီးတော့ ခန္ဓာကိုယ်ကို ငွေရောင်အလင်းလွှာလေးက ဖုံးအုပ်ထားတယ်။ နောက်တော့ သူက စပြေးတယ်။ အနီးအနားလေထုက ပေါက်ကွဲထွက်သွားပြီး မယုံနိုင်စရာ အသံထက်မြန်တဲ့နှုန်းနဲ့ စတင်လှုပ်ရှားပြီး မြေသားတိုင်တွေကို ရှောင်ပါတယ်။
“ထိခိုက်သွားသေးလား... ဒီကနေ အမြန်ဆုံး ထွက်ပြေးတော့နော်။”
“စိုးရိမ်စရာပဲ... ရှင့်ခြေထောက်က သွေးထွက်နေတယ်။ အဆင့် ၄ ကုသခြင်းမှော်ပညာ။”
“ဘာမှကြောက်စရာမလိုတော့ဘူးနော်၊ ဟောဒီက အစ်မကြီးက လူဆိုးတွေကို အနိုင်တိုက်တော့မှာ မလို့လေ။”
ဆေလာမက်ဒါနာက အော်ရကယ်ရဲ့တိုက်ကွက်တွေ အကုန်လုံးကို လစ်လျူရှုထားပြီးတော့ ခန်းမထဲမှာ မပြေးနိုင်လို့ ကျန်နေရစ်တဲ့သူတွေကို လိုက်လံကူညီနေတယ်။ ဒါကြောင့် အော်ရကယ်က ဒေါသထွက်လာပြီး ဘုရင်ကြီးကိုတိုက်ခိုက်နေတဲ့ မြေဘီလူးကိုရပ်ခိုင်းကာ မက်ဒါနာဆီ မြေသားလက်သီးကြီးနဲ့ ထိုးချခိုင်းလိုက်တယ်။ လက်သီးက ကြီးလည်းကြီးသလို မြန်လည်းမြန်တယ်။ ဆေလာမက်ဒါနာ ကိုယ်တိုင်တောင်မှ ရှောင်နိုင်မှာမဟုတ်ဘူးရယ်။
ကျန်တဲ့သူတွေအားလုံးလည်း အဆင့်ဆယ့်နှစ် ဆင့်ခေါ်ကောင်ကြီးရဲ့လက်သီးရန်က မလွတ်တော့ဘူးလို့ တွေးပြီး မျက်လုံးတွေမှိတ်ထားလိုက်ပေမဲ့ ပြန်ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့...
“အဆင့် ၁၀ အထောက်အပံမှော်ပညာ၊ ခွန်အားဆပွားခြင်း။”
ဆေလာမက်ဒါနာက သူ့လက်ဝါးကိုဖြန့်ပြီး ဧရာမမြေသား လက်သီးကြီးကို တားဆီးထားတာကို တွေ့လိုက်ရပါတယ်။ သူ့ခန္ဓာကိုယ်ကိုတော့ ငွေရောင်အလင်းမှုန်တွေများစွာက ဖုံးလွှမ်းထားပြီး ငွေရောင်မီးတောက်တစ်ခု လောင်ကျွမ်း တောက်လောက်နေတယ်လို့တောင် ထင်ရပါတယ်။
“ဟေး... မိစ္ဆာနတ်ဘုရားဂိုဏ်းက ကဝေမ။ အရေးပေါ် ကယ်ဆယ်ရေးဆိုတာ အချိန်မီလုပ်ရတယ်ဆိုတာ နားမလည်ဘူးလား။ လာပြီးနှောင့်ယှက်မနေနဲ့ဟ။”
ဆေလာမက်ဒါနာက အားနေတဲ့ လက်တစ်ဖက်ကနေ လက်သီးကိုဆုပ်လိုက်တယ်။ နောက်တော့ မြေသားဘီဘူးရဲ့ လက်သီးကြီးကို တိုက်ရိုက်ထိုးချလိုက်ရော။
ခက်... ခရက်...
မြေဘီလူးကြီးရဲ့ညာဘက်လက်သီးမှာ အက်ကြောင်းတွေ အများကြီးပေါ်လာပြီး ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲပြိုကျ သွားတယ်။ အော်ရကယ်လည်း မျက်ခုံးပင့်လိုက်ပါတယ်။
“အို.... နင့်လိုအဆင့်၁၀ မဟာမှော်ပညာရှင်တစ်ယောက်က လူတွေအမှိုက်လို့မြင်တဲ့ ထောက်ပံရေး မှော်ပညာတွေကိုသုံးပြီး ငါ့ရဲ့အဆင့်ဆယ့်နှစ် မြေဘီလူးကို ထိခိုက်အောင်လုပ်နိုင်မယ်လို့ ထင်မထားဘူး။”
အော်ရကယ်ကတော့ တည်ငြိမ်နေဆဲပါ။ သူက မှော်နှင်တံကို တစ်ချက်ယမ်းလိုက်တာနဲ့ မြေဘီလူးကြီးမှာလက်အသစ် ပြန်ပေါက်လာတယ်။
မှော်ဆရာမလေးလိုမဟုတ်တော့ဘဲ လမ်းဘေးမှာ ရန်ဖြစ်နေကျ ယောက်ျားလျာလိုဖြစ်နေတဲ့ ဆေလာမက်ဒါနာကလည်း ပြိုင်တူမှော်နှင်တံကို ဝေ့ယမ်းတယ်။ ဒီတစ်ခါတော့ သူ့ရဲ့မှော်ဂါထာက နည်းနည်းရှည်ပြီးကြာပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဂါထာစာလုံးကို အပြီးသတ်ပြီးချိန်မှာတော့ မြေပြင်အောက်က ရေအောက်ရေတွေ ပန်းထွက်လာပြီး ဧရာမမြွေနဂါးကြီးတစ်ကောင်အဖြစ်ကို ပြောင်းလဲကာ မြေဘီလူးကြီးကို ပတ်ထားလိုက်တယ်။
“အဆင့် ၁၀ မဟာမှော်ပညာ၊ ရေနဂါး။”
ဒါပေမဲ့ ဆေလာမက်ဒါနာက ဒီလောက်မှာတင်ရပ်မသွားဘဲ နောက်ထပ်မှော်ဂါထာတစ်ခုကိုပါ ထပ်ရွတ်ဆိုလိုက်တယ်။ “အဆင့် ၉ အထောက်အပံမှော်၊ ပေါ့ပါးခြင်း။”
ဆေလာမက်ဒါနာရဲ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး ခုန်တက် လိုက်တာနဲ့ နတ်သမီး တစ်ယောက်လိုမျိုး လေထုထဲမှာ မျောလွင့်ပျံသန်းနေတယ်။ သူက အောက်ကို ပြန်ငုံကြည့်ရင်း ပြောလိုက်တယ်။
“ ကျောင်းအုပ်ကြီး၊ ကျွန်မက ဒီကဝေမကို အချိန်ဆွဲထားပေးမယ်။ ရှင်ကတော့ ဘုရင်ကြီးကို ဘေးလွတ်ရာ ခေါ်သွားလိုက်တော့။”
“ပြီးတော့၊ ဟိုကောင်မလေး။ နင်က နင့်အစွမ်းအထက်ဆုံး မှော်ကိုသုံးပြီး မြေဘီဘူးကို အဆုံးသတ်လိုက်တော့။”
အဲဒီနောက်တော့ ဆေလာမက်ဒါနာက ဘီလူးကြီးရဲ့ပခုံးပေါ် ခုန်ချလိုက်ပြီး အော်ရကယ်ကို လက်သီးနဲ့လိုက်ထိုးတယ်။ အော်ရကယ်ကလည်း ဆေလာမက်ဒါနာရဲ့လက်သီးစွမ်းကို မြင်ဖူးပြီးသားမလို့ အသည်းအသန်ရှောင်ရှားနေရတယ်။
“နင်က မှော်ဆရာမ မဟုတ်ဘူးလား။ ဘာလို့လက်သီးသိုင်း သင်ထားရတာလဲ။ လောကကြီးတစ်ခုလုံး ရူးကုန်ပြီလား။”
အော်ရကယ်က ဆေလာမက်ဒါနာကို မယုံနိုင်စွာနဲ့အော်ဟစ် ပြောဆိုနေရင်း မြေသားဒိုင်းတွေကို တစ်ခုပြီးတစ်ခု ဖန်တီး နေပါတယ်။ ဆေလာမက်ဒါနာကတော့ ထောက်ပံရေးမှော် အားဖြည့်ထားတဲ့ လက်သီးချက်တွေကိုသုံးပြီး ဒိုင်းတွေကို စက္ကူချပ်တွေလိုမျိုး ထိုးဖောက်ပစ်နေတယ်။
ဒါကြောင့် အော်ရကယ်လည်း တဖြည်းဖြည်းလန့်လာနေပြီ။ အထွတ်အမြတ်မှော်ပညာရှင်တစ်ယောက်အနေနဲ့ အော်ရကယ်က မှော်စွမ်းအားတွေကိုသုံးပြီး မြို့ကြီးတစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်တယ်ဆိုပေမဲ့ ခန္ဓာကိုယ်ကတော့ အားနည်းပါတယ်။ ဆေလာမက်ဒါနာရဲ့ လက်သီးသာ သူ့ကိုယ်ပေါ်ကျလာရင် မတွေးဝံ့စရာပါ။ တစ်ခါတည်း ဝက်အူချောင်းဖြစ်သွားလိမ့်မယ်။
မြေဘီလူးကြီးက လမှော်ဆရာမလေးမက်ဒါနာရဲ့ ရေနဂါးကြီးရစ်ပတ်ထားတာခံရပြီး မလှုပ်နိုင်ဖြစ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ကျောင်းအုပ်ကြီးက အကာအကွယ်ကို ရုပ်သိမ်းလိုက်ပြီး နောက်ထပ်မှော်ဂါထာကို ရွတ်ဆိုလိုက်တယ်။
သူက မှော်ဂါထာကိုအသုံးမပြုခင် ဖရာလီတာကို အခုလို မှာလိုက်ပါသေးတယ်။ “သူ့ကို ကူညီပေးလိုက်၊ ဒါပေမဲ့ မနိုင်ဘူးထင်ရင် ပြေးသာပြေး။”
“အဆင့် ၁၀ မဟာမှော်ပညာ၊ လွတ်မြောက်ခြင်း။”
ဘုရင်၊ ကျောင်းအုပ်နဲ့ ကိုယ်ရံတော်တပ်မှူးတို့ကို အလင်းတန်းတစ်ခုက လွှမ်းခြုံသွားပြီး စင်မြင့်ပေါ်က ပျောက်ကွယ်သွားကြတယ်။ ဒါက ကျောင်းအုပ်ကြီးရဲ့ နာမည်ကျော်မှော်ပညာတစ်ခုဖြစ်ပြီး မိုင်တစ်ရာကို တစ်စက္ကန့်တည်းနဲ့သွားနိုင်တဲ့ အရေးပေါ်နေရာပြောင်းရွေ့ မှော်ပညာပါ။ သွားဖူးတဲ့နေရာတွေကိုပဲ သွားနိုင်တာဆိုပေမဲ့ ထွက်ပြေးတဲ့နေရာမှာတော့ ပြိုင်စံရှား အသုံးဝင်တဲ့ မှော်ပညာပါပဲ။
ကျောင်းအုပ်နဲ့တခြားသူတွေ ထွက်ပြေးသွားပြီးတဲ့နောက်မှာ ဖရာလီတာက အရူးအမူးမျက်နေတဲ့မျက်နှာနဲ့ ဆေလာ မက်ဒါနာကို မော့ကြည့်ရင်း...
“ မှော်ဆရာမလေးမက်ဒါနာနဲ့ လက်တွဲပြီး တိုက်ခိုက်ခွင့် ရတော့မယ်။ နောက်ဆုံးတော့ အတူတူတိုက်ခွင့်ရပြီ။” လို့ အရူးအမူးအော်ဟစ်ရင်း စင်အောက်ကို ခုန်ဆင်းတယ်။ နောက်တော့ မြေပြင်ကို မှောင်နှင်တံနဲ့ထိလိုက်ပြီး...
“အဆင့် ၁၀ မဟာအလင်းမှော်ပညာ၊ ခုနစ်စဥ်ကြယ် အလင်းဖောက်ခွဲခြင်း။”
မှော်စက်ဝိုင်းတစ်ခုက မြေပြင်မှာပေါ်လာတယ်။ ဒါပေမဲ့ ဖရာလီတာက ပြင်ဆင်လို့မပြီးသေးဟန်နဲ့ တခြားနေရာတစ်ခုကို ပြေးသွားပြန်ပြီး မှော်စက်ဝိုင်းတစ်ခု ထပ်ချတယ်။
ခုနစ်စင်ကြယ် အလင်းမှော်ပညာဆိုတာက မဟာမှော်ပညာ ဆိုတဲ့အတိုင်းပဲ အကြီးစားသက်ရောက်မှုတွေ ဖြစ်စေနိုင်တဲ့ မှော်ပညာဖြစ်လို့ စီရင်ရတာ ရှုပ်ထွေးတယ်။ နာမည်အတိုင်း ခုနစ်စင်ကြယ်ကို ကိုယ်စားပြုတဲ့ ကြယ်အမှတ်တွေကို ချရပြီး အချိန်ပေးရပါတယ်။
“မြန်မြန်လုပ်တော့... ငါကြာကြာ မထိန်းနိုင်တော့ဘူး။”
ဆေလာမက်ဒါနာက လှမ်းအော်တယ်။ တကယ်လည်း မြေဘီလူးကြီးက ရေမြွေနဂါးရဲ့ခေါင်းကို ဖမ်းကိုက်ပြီး အသေသတ်ဖို့လုပ်နေပြီ။ မက်ဒါနာက အော်ရကယ်ကို ဖိနှိပ်ထားပေမဲ့ မြေဘီလူးကြီးသာ လွတ်မြောက်သွားရင် နှစ်ယောက်လုံး ကိုယ်ကျိုးနည်းတော့မှာ။
“ပြီးပြီ။ အသက်ဝင်စမ်း။” ဖရာလီတာက နောက်ဆုံး မှော်စက်ဝန်းကို ချပြီးတဲ့နောက် မြေပြင်ကို ခြေနဲ့ဆောင့် လိုက်ပါတယ်။ ရုတ်တရက်ဆိုသလိုပဲ ပျက်စီးနေပြီဖြစ်တဲ့ ကျောင်းခန်းမကြီးနဲ့မြေဘီလူးကြီးကို အဖြူရောင် မှော်စက်ကွင်းတစ်ခုက ဖုံးလွှမ်းသွားပြီး ကောင်းကင်ပေါ်ကို အလင်းတိုင်ကြီးတစ်ခု ထိုးတက်သွားပါတော့တယ်။
“မဖြစ်နိုင်တာ... ငါက ရှုံးရတယ်လို့....” အော်ရကယ်ဆီကနေ အော်သံကျယ်ကြီးထွက်လာတယ်။ နောက်တော့ မြေဘီလူး ခန္ဓာကိုယ်တစ်ခုလုံး အငွေ့ပျံ ပျောက်ကွယ်သွားတယ်။
...
အဆင့်ဆယ့်နှစ် မြေဆင့်ခေါ်မှော်ကို ဖျက်ဆီးပြီးတဲ့ နောက်မှာတော့ ဆေလာမက်ဒါနာက မြေပြင်ပေါ်ကို သာသာယာယာလေး ဆင်းသက်လိုက်တယ်။ သူက မှော်စက်ကွင်းရဲ့သက်ရောက်မှုကို ရှောင်ဖို့အတွက် နောက်ဆုံးအချိန်လေးမှာပဲ ကပ်ပြီးခုန်ဆင်းခဲ့တာ။
“မဖြစ်နိုင်တာ... မဖြစ်နိုင်တာ... မဖြစ်နိုင်တာ...” ကဝေမကြီး အော်ရကယ်ကတော့ မြေပြင်ပေါ်မှာ ထိုင်လျက်သား လဲကျ နေပြီးတော့ တစ်ကိုယ်လုံးကနေ မီးခိုးနံတွေထွက်နေတယ်။ အလင်းတိုင်နဲ့အတူ ပေါက်ကွဲပြီး မသေသွားသေးတာ အံ့ဩစရာပါ။
“ဆေလာမက်ဒါနာ၊ ကျေးဇူးပြုပြီး ကျွန်မကို အမှတ်တရ လက်မှတ်လေးထိုးပေးပါ။” ဖရာလီတာက ဆေလာမက်ဒါနာ အနားကို အပြေးကလေးရောက်လာတယ်။
“ကဲ... မကောင်းမှုတွေအတွက် တရားစီရင်ခံရမယ့် အချိန်ရောက်ပြီ။” ဆေလာမက်ဒါနာက မှော်နှင်တံနဲ့ ချိန်လိုက်ပေမဲ့ အော်ရကယ်ရဲ့မျက်နှာက အရေပြားက ဖက်ခနဲပြုတ်ကျလာတယ်။ အဲဒီအောက်မှာတော့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ရုပ်သေးခေါင်းကိုမြင်လိုက်ရပြီး
“သေစမ်း၊ ဒါက သူ့ကိုယ်ပွားသက်သက်ပဲ။” ဆေလာ မက်ဒါနာက ချက်ချင်းအသိဝင်လာပြီး ဖရာလီတာကို ခါးကနေ ကောက်ချီကာ ဆန့်ကျင်ဘက်အရပ်ကို ထွက်ပြေးတယ်။
“နောက်တစ်ခါ နင့်ကိုထပ်တွေ့ရလို့ကတော့ မီးလောင်တိုက် သွင်းပစ်မယ်။”
ဘုန်း...
ကြောက်မက်ဖွယ်ရာ ကျိန်ဆဲသံကြီးနဲ့အတူ နားအူစရာ ပေါက်ကွဲသံကြီးထွက်ပေါ်လာပေမဲ့ ဆေလာမက်ဒါနာနဲ့ ဖရာလီတာက ဘေးလွတ်ရာ ရောက်နေပြီမလို့ အထိအခိုက် မရှိလိုက်ပါဘူး။
“ကယ်ပေးတဲ့အတွက် ကျေးဇူး.... အမ်... ဆေလာမက်ဒါနာ ဘယ်ရောက်သွားတာလဲ။” မြေပေါ်ကို အသာလေးပစ်ချ ခံလိုက်ရတဲ့ ဖရာလီတာက ဟိုကြည့်ဒီကြည့်နဲ့ ဆေလာမက်ဒါနာကို လိုက်ရှာရင်း ခေါင်းကုပ်လိုက်တယ်။
“ပြောခါမှ၊ ဝါ့ဇ်ရော။ အဲဒီသူရဲဘောကြောင်တဲ့ကောင် တစ်နေရာရာမှာ ပုန်းပြီးငိုနေပြီလားမသိဘူး။”