ရန်လိုခြင်း
Vol. 014 Ch. 1339
သူက နန်းတော်စစ်ဆေးပွဲ ပြိုင်ပွဲဝင်တွေ၏ စွမ်းရည်ကို လှောင်ပြောင် နေသည်လား။
သူက အင်ပါယာ ချီနယ်မြေမှ ဤလက်ရွေးစင်များကို သရော်နေသည်လား။
မရေတွက်နိုင်သည့် မျက်လုံးအစုံတို့သည် လူအုပ်ကြီးပေါ်မှာ လွှမ်းခြုံနေပြီး စကားပြောသူကို ရှာဖွေနေကြသည်။ မကြာခင်တွင် သူတို့၏ မျက်လုံးများက လူတစ်ယောက် ပေါ်တွင် ကျရောက် သွားခဲ့သည်။
ငွေဖြူရောင်ဆံပင်နှင့် လူငယ်လေးသည် ရှေ့သို့ လှမ်းလာခဲ့သည်။ သူသည် လူအုပ်ကြားထဲတွင် တစ်ယောက်တည်း လျှောက်လာနေပြီး အလွန်ပင် ပေါ်လွင် ထင်ရှားနေပေသည်။
ထိုစကားကို ကြားလိုက်သည့်အခါ အခြားလူများကို မဆိုထားနှင့် ရီဖူရှင်း၏ ဘေးတွင် ရပ်နေသော ယွင်ထန်နှင့် ယွင်နီသည်ပင် သူတို့၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာသည်။
ရီဖူရှင်းကပဲ သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ သိုသိုသိပ်သိပ်နေရန် ပြောခဲ့သည်မဟုတ်ပါလား။
သူက သူတို့ကို စိတ်အေးအေး ထားရန် ပြောခဲ့သော်လည်း ယခုတွင် သူက ဤနည်းလမ်းဖြင့် စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။
ရုတ်ချည်းပင် သူသည် အင်ပါယာချီနယ်မြေမှ ပုဂ္ဂိုလ်ကြီးများ အပါအဝင် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင် သွားခဲ့ပေသည်။
ယူချင်းသည် ရီဖူရှင်း၏ နောက်နားမှ နီးကပ်စွာ လိုက်ပါလာသည်။ ထိုမြင်ကွင်းကို ကြည့်၍ ယွင်ထန်နှင့် ယွင်နီသည်လည်း သူတို့ကိုယ်သူတို့ သတ္တိမွေးလိုက်ကြသည်။ ဝူယုံးသည် သူတို့နှင့် ခပ်လှမ်းလှမ်းမှ တိတ်ဆိတ်စွာ လိုက်ပါလာသည်။
လူအများက သတိမပြုမိမီ ရီဖူရှင်းသည် အားလုံး၏ အကြည့်ပေါက်၌ နန်းတော်စစ်ဆေးပွဲ၏ တိုက်ပွဲစင်မြင့်ထက်သို့ လှမ်းသွားခဲ့လေသည်။
“ဆရာရီ” ယွင်ချန်းယွဲ့က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူမသည် ကျုံးကလန်၏ တန်ခိုးရှင်များ ဘေး၌ ရပ်နေခဲ့ခြင်းဖြစ်သည်။ ငွေဖြူရောင် ဆံပင်နှင့် လူက စင်မြင့်ထက်သို့ လျှောက်လာ နေသည်ကို ကြည့်ကာ စိုးရိမ်ပူပန်မှုတို့ကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ ကလန်က ကျုံးကလန်သို့ အတင်းအဓမ္မ စေလွှတ်ခဲ့သည့်အခါတွင် သူမ၏ ကံကြမ္မာကို လက်လျှော့ လိုက်ရပြီဟု တွေးထင်ခဲ့သည်။ သူမ ဖခင်၏ သေဆုံးခြင်းကပင် သူမ၏ နှလုံးသားတစ်ခုလုံး ကြေမွနေခဲ့ပြီး ဖြစ်သည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် လက်လျှော့ရန် ရွေးချယ်လိုက်စဉ်က တစ်နေ့တွင် သူမ သန်မာသည့်သူ ဖြစ်လာပြီးနောက်တွင် ဤ အကြွေးအားလုံး အတွက် ကိုယ်တိုင် လက်စားချေမည်ဟု ဆုံးဖြတ် ထားခဲ့သည်။
သို့သော်လည်း သူမ ဆုံးဖြတ်ချက်ချပြီးသည့်အခါတွင် ထိုကြင်နာတတ်၍ ချောမောသော ပုံရိပ်က တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
သို့သော် ယခုချိန်၌ သူသည် ပုံမှန်ကဲ့သို့ ကြင်နာနူးညံ့သော အသွင်မဟုတ်တော့ဘဲ ထက်ရှသည့် မျက်ဝန်းအစုံနှင့် အရိုင်းဆန်သော ပုံစံပို၍ ပေါ်လေသည်။
ဤသည်က သူ၏ ပုံစံအမှန်လား။
သို့သော် ယနေ့ကဲ့သို့သော အခြေအနေတွင် သူက သူမအတွက် လာခဲ့သည်ဆိုလျှင် သူ့အသက် အန္တရာယ် ရှိနိုင်ပေသည်။
“မင်း သူ့ကို သိလား” ယွင်ချန်းယွဲ့၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို ကြည့်ကာ ကျုံးချိုးက ဖြည်းညင်းစွာ မေးလိုက်သည်။ သူ့အသံက သူ့ကဲ့သို့ပင် တစ်စုံတစ်ယောက်ကို တုန်လှုပ် သွားစေမည့် အေးစက်မှုတို့ ပြည့်နေပေသည်။
ယွင်ချန်းယွဲ့သည် သူ၏ အသံတွင်းမှ အန္တရာယ်ရှိသော ရည်ရွယ်ချက်တို့ကို ယွင်ချန်းယွဲ့ ခံစားနိုင်ပေသည်။ ထို့ကြောင့် သူမက ပြောလိုက်သည်။ “ဆရာရီက ကျွန်မတို့ မိသားစုရဲ့ ဧည့်သည်။ ဒါက သူနဲ့မဆိုင်ဘူး”
ကျုံးချိုးက မည်သည့်စကားမှ မပြောတော့ပေ။ မိသားစု၏ ဧည့်သည်က နန်းတော် စစ်ဆေးပွဲမှ လူများကို မည်ကဲ့သို့ လှောင်ပြောင် ရဲရသနည်း။
“မင်းက ဘယ်ကလာတာလဲ။ မင်းကို တိုက်ပွဲစင်မြင့်ဆီ တက်လာဖို့ ဘယ်သူက ခွင့်ပြုလို့လဲ” ကျုံးချိုးကလန်မှ နန်းတော်စစ်ဆေးပွဲ တင်ဆက်သူက ခြေလှမ်းလိုက်ပြီး ကောင်းကင်ထက်တွင် ရပ်ကာ ရီဖူရှင်း လုပ်လိုက်သည့် အပြုအမူအတွက် အော်ငေါက်လိုက်သည်။
သူသည် အတော်လေး အစွမ်းထက်ပုံရကာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် စွမ်းအားက ရီဖူရှင်းပေါ်သို့ ကျဆင်းလာသည်။
ရီဖူရှင်း၏ အဖြူရောင် အဝတ်အစားများက လေထဲတွင် ဝဲလွင့်နေပြီး သူ၏ ခြေထောက် များကတော့ မြေပြင်ထက်တွင် ခိုင်မြဲစွာ ရပ်တည်နေသည်။ သူသည် ထိုသူ့ထံသို့ အေးစက်စွာ ကြည့်လိုက်ပြီးနောက် လူအုပ်ရှိကာသို့ လှည့်ကာ ပြောလိုက်သည်။ “အရှင်မင်းသားက နန်းတော် စစ်ဆေးပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့် အတွေးကို မေးရင် ကျွန်တော် ပြောနိုင်တာက ဒီတစ်ခေါက် နန်းတော်စစ်ဆေးပွဲမှာ ပါဝင်တဲ့ လူတွေက ပါဝင်ယှဉ်ပြိုင်ခွင့် နေရာရဖို့အတွက် သူတို့ ကလန်က မိန်းကလေးကို ရောင်းစားတဲ့ သူတွေရယ်၊ စစ်ဆေးပွဲကို ပါဝင်နိုင်ဖို့ ရက်ရက်စက်စက် ညှဉ်းပန်းမှုကို သည်းခံရတဲ့ သူတွေရယ်၊ မိန်းကလေးတွေရဲ့ အသွေးအသားကို သုံးပြီး ကျင့်ကြံတဲ့ သူတွေရယ် ပါနေတာ။ အဲဒါကို ခင်ဗျားတို့က ဘယ်လိုလုပ်ပြီးတော့များ ဒီလူတွေက အင်ပါယာချီနယ်မြေရဲ့ အရည်အချင်း အရှိဆုံးတွေပါလို့ ပြောနိုင်ရတာလဲ”
ရီဖူရှင်း၏ စကားလုံးများက ချက်ချင်းပင် ပွက်လော ရိုက်သွားစေသည်။ လူများ အားလုံးသည် စတင်၍ ပြောဆိုလာကြပြီး ကျယ်ပြန့်သည့် နေရာတစ်ခုလုံးသည် တခဏချင်းတွင် ဆူညံသည့် အသံများ ပြည့်လျှံ သွားပေသည်။
နန်းတော်စစ်ဆေးပွဲ နောက်ကွယ်မှ အကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောရဲသူ တစ်ယောက် ရှိလာချေပြီ။
လူတိုင်းသည် နောက်ကွယ်မှ ထိုအကြောင်းအရာများကို ရှင်းရှင်းလင်းလင်း သိရှိကြသည်။ နှစ်စဉ်နှစ်တိုင်း ပါရမီရှင် ရွေးချယ်ပွဲ နောက်ကွယ်၌ အပေးအယူ လုပ်ရပ်များစွာ ရှိပြီး လူအများအပြားသည် အင်ပါယာချီ၏ ကိုယ်တိုင် သင်ကြားပြသပေးမှုကို ရရှိစေရန် အခွင့်အရေးအတွက် ဖြစ်နိုင်သမျှ အရာအားလုံး အသုံးပြု လုပ်ဆောင်ကြပေသည်။
နောက်ကွယ်၌ သူတို့ မည်မျှပင် ညစ်ပတ်သည့် အပေးအယူမျိုး လုပ်ကြပါစေ နောက်ဆုံး ရွေးချယ် ခံများကတော့ ထူးချွန် ထက်မြက်နေကြဆဲပင် ဖြစ်သည်။ နန်းတော် စစ်ဆေးပွဲသည် ကြီးမားသည့် ပွဲတော်ဖြစ်ပြီး သာမန်လူများသည်လည်း နောက်ကွယ်၌ မည်သည့် အဖြစ်အပျက်တို့ ဖြစ်နေသည်ကို ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။
အမှန်တရားကို ပြောဆိုသည့် မည်သူမဆို အင်အားစုကြီးများကို ဆန့်ကျင်မိသည့် အတွက် သူတို့၏ ပျက်စီးကို ကိုယ်တိုင် ရှာဖွေခြင်းနှင့် တူညီလေသည်။
အကြွင်းမဲ့ သာတူညီမျှခြင်းက လောကကြီးတွင် မရှိသည်ကို မဆိုထားနှင့် လောကကြီး၏ လည်ပတ်ပုံအရ နေမင်း၏ အနောက်တွင်ပင် အမြဲတစေ အရိပ်ကျသည် မဟုတ်ပါလား။
ထိုအရာအားလုံးကို ကောင်းမွန်စွာ ဖုံးအုပ်ထားခြင်းသာ ဖြစ်သည်။
အင်ပါယာချီက ထိုသည်ကို အမှန်တကယ် မသိရှိဘဲ နေပါမည်လား။
သူသည် ထိုအရာ အားလုံးကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူသည် နေ့စဉ်နေ့တိုင်း ဤကဲ့သို့ များမြောင်လှသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးနေရပါက သူ့တွင် ကျင့်ကြံရန်ပင် အချိန်ရှိလိမ့်မည် မဟုတ်ပေ။ လူအများအတွက် ထိုပွဲတော်ကြီးသည် သူတို့ အနာဂတ်ကို သက်ရောက် နိုင်သော်လည်း အင်ပါယာ ချီအတွက်ကတော့ သူ့ဘဝတွင် တနေ့တာအတွက် ဖြစ်ပျက်ခဲ့သည့် ကိစ္စလေးတစ်ခုသာ ဖြစ်သည်။
ယွင်ကလန်မှ တန်ခိုးရှင်များသည် သွေးဆုတ်ဖြူရော် ကုန်ကြပေသည်။ ယွင်မော့သည် ပန်းတိုင်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ယခု ရီဖူရှင်းက လာရောက်ကာ နှောင့်ယှက်နေပေသည်။
သူတို့သာလျှင် မဟုတ်ဘဲ လီနတ်ဓားကလန်မှ လီရို့ရွှမ်း၊ ကျို့ချိုးကလန်မှ တန်ခိုးရှင်များနှင့် ကျုံးကလန်သည်လည်း တင်းမာလှသည့် မျက်နှာထားများနှင့် ရီဖူရှင်းကို အေးစက်စွာ စိုက်ကြည့် နေကြပေသည်။
ရီဖူရှင်းက စကားလုံးလေး နည်းနည်းနှင့် လူတိုင်းကို ဆန့်ကျင်လိုက်ပြီဟု ခန့်မှန်း မိကြလေသည်။
ထိုသည်က သေခြင်းတရားကို ရှာဖွေနေသည်နှင့် တူညီပေသည်။
“အဓိပ္ပာယ် မရှိလိုက်တာ” ကျို့ချိုးကလန်မှ တန်ခိုးရှင်က ဆင်းချလာသည်။ သူ၏ အသက်စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကြေမွ ပျက်စီးသွားစေရန် ဖိအားပေးနေသည်။
ရီဖူရှင်းသည် ခေါင်းကိုမော့ကာ ထိုသူကို ကြည့်လိုက်သည်။ မင်းသားချီက အမိန့်ပေးလိုက်၏။ “နောက်ဆုတ်စမ်း”
ကျို့ချိုးကလန်၏ ခေါင်းဆောင်က မင်းသားချီယိုကို ကြည့်လိုက်သည်။ ယခုတွင် ချင်ရွှမ်ကန်းက သူ့ကို တစ်စုံတစ်ခု ပြောလိုက်ပုံရသည်။
ချီယိုသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူ၏ စိတ်ဝင်စားမှုက နိုးကြားလာသည်။ မတိုင်ခင်က ဆရာချင်သည် တစ်စုံတစ်ယောက်ကို တွေ့နိုင်မည့် အခွင့်အရေး ရှိမည်ဟု ပြောခဲ့သည်။
သူ ဆိုလိုသည်က ဤလူ့ကိုများလား။
ကျို့ချိုးကလန်မှ တန်ခိုးရှင်က နောက်သို့ ပြန်ဆုတ်လိုက်သည်။ ရီဖူရှင်းသည် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူ၏ မျက်လုံးများက ယွင်မော့ပေါ်ကို ကျရောက်သွားကာ ပြောလိုက်သည်။ “လော့မြို့ ယွင်ကလန်က ယွင်မော့.. နန်းတော်စစ်ဆေးပွဲမှာ ပါဝင်နိုင်မယ့် အခွင့်အရေးကို ဖန်တီးဖို့ အင်အားကြီးတဲ့ အဆက်အသွယ် ရှာခဲ့တယ်။ အဖိုးအခ အနေနဲ့ သူ့ကလန်က မိန်းကလေးကို အဲဒီ အင်အားကြီး ကလန်ဆီ အသုံးတော်ခံ အနေနဲ့ ပို့ပစ်ခဲ့တယ်။ အဲဒါက သူ နန်းတော်စစ်ဆေးပွဲ စင်မြင့်ထက်မှာ ရပ်ပြီး အများတကာရဲ့ ချီးကျူးမှုကို ခံယူနေနိုင်တဲ့ အကြောင်းရင်းပဲ”
“သူက ဒီနေရာမှာ ရပ်နေဖို့ တန်တယ်လို့ ခင်ဗျားတို့ ထင်လား” ရီဖူရှင်းက မေးလိုက်သည်။
ယခု ယွင်မော့၏ မျက်နှာက အလွန်အမင်းကို သွေးဆုတ်ဖြူရော် နေခဲ့သည်။ သူသည် ယွင်ကလန်မှ မျိုးဆက်များကြားတွင် အထူးချွန်ဆုံး ဖြစ်သည့်အတွက် သူက အင်ပါယာချီ၏ လက်အောက်တွင် ပညာသင်ယူနိုင်ရန် ကလန်က တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူက ရည်မှန်းချက်ပန်းတိုင်သို့ ရောက်လုနီးပါး ဖြစ်နေသည့်အခါမှ ရီဖူရှင်း ထွက်ပေါ်လာပြီး ကိစ္စအားလုံးကို ဖော်ထုတ်ခဲ့သည်။
သူသည် သူ၏ မျက်နှာက လူအများ၏ အကြည့်အောက်တွင် လောင်ကျွမ်းနေပြီဟု ခံစားနေရသည်။ ထိုအစုံပေါင်း များစွာသော မျက်လုံးများက သူ့ကို ထုတ်ချင်းပေါက်အောင် ထိုးဖောက် နေသကဲ့သို့ ဖြစ်သည်။
“ကျုပ်တို့ ကလန်က မိန်းကလေးကို ကျင့်ကြံဖို့အတွက် ဘယ်နေရာကို ပို့မယ်ဆိုတာ ကလန်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ။ မင်း ပါးစပ်ကနေ အဲဒီလို သရော်တော်တော် အသံတွေ ဘာလို့ ထွက်လာလဲ ကျုပ်မသိဘူး။ ကျုပ်က နန်းတော် စစ်ဆေးပွဲကို တက်ရောက်နိုင်ပြီး တိုက်ပွဲစင်မြင့်မှာလည်း သက်သေပြနိုင်ခဲ့တယ်။ မင်းရဲ့ မျက်လုံးထဲမှာ အင်ပါယာချီနယ်မြေရဲ့ နန်းတော်စစ်ဆေးပွဲက ဘာမှမဟုတ်တဲ့ အပေးအယူ သဘောပဲလို့ ထင်နေတုန်းလား” ယွင်မော့က တစ်လှမ်းချင်း ရီဖူရှင်းအနီးသို့ ချဉ်းကပ်လာရင်း မေးခွန်းထုတ်လိုက်သည်။ မိုးကြိုးလျှပ်စီး အလင်းများက ကောင်းကင်တွင် တောက်ပနေပြီး လေဟာနယ်ကို ဝါးမျိုရန် ကြိုးစားနေသည်။ ထိုမြင်ကွင်းက တုန်လှုပ်ချောက်ချားဖွယ်ပင် ဖြစ်သည်။
“မင်းက ကျုပ်တို့ ကလန်ရဲ့ ကာကွယ်မှုနဲ့ သေဘေးကနေ ထွက်ပြေးခဲ့တာနဲ့တင် မလုံလောက်လို့ ကျေးဇူးတင်ရကောင်းမှန်း မသိ ဒီနေရာမှာလာပြီး ကျုပ်တို့ ကလန်နာမည်ကို ဖျက်ဆီးနေတယ်။ မင်းကို ကျုပ်တို့ ဘာလုပ်သင့်လဲ”
ယွင်မော့၏ အသံက အလွန် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ မဟာလမ်းစဉ်၏ ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများက ကျဆင်းလာပြီး အားကောင်းသထက် အားကောင်း လာသည်။
“ယွင်ကလန်ရဲ့ ယွင်ချန်းယွဲ့က ကျုပ်ရဲ့ တပည့်ပဲ” ရီဖူရှင်းက ပြောလိုက်သည်။ “သူမရဲ့ မိဘ ခွင့်ပြုချက်၊ သူမရဲ့ အဖိုး ခွင့်ပြုချက်၊ သူမရဲ့ ဆရာ ခွင့်ပြုချက်တွေ မရှိဘဲ ယွင်ကလန်က သူမရဲ့ ကံတရားကို စီရင်ပိုင်ခွင့် မရှိဘူး။ ချန်းယွဲ့ကို ပြန်ပေးဖို့ ကျုပ် ယွင်ကလန်ကို တောင်းဆိုတယ်”
“မင်းက အဲဒီလိုပြောဖို့ မထိုက်တန်ဘူး” ယွင်မော့၏ အသံက ရန်လိုနေဆဲပင် ဖြစ်သည်။
ရီဖူရှင်းသည် ယွင်ကလန်ဘက်သို့ ကြည့်လိုက်ပြီး ယွင်ချုံးနှင့် အခြားလူများ၏ အေးစက်သော မျက်နှာများကို ကြည့်လိုက်သည်။ သူတို့သည် ရီဖူရှင်းကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စူးစူးဝါးဝါး ကြည့်နေကြသည်။ သူတို့ထဲက မည်သူကမှ သူတို့လုပ်ခဲ့သည့် ကိစ္စအတွက် နောင်တ မရှိကြပေ။
သူတို့အတွက်တော့ ယွင်မော့၏ အနာဂတ်က အခြား မည်သည့်အရာ အားလုံးထက်မဆို ပို၍ အရေးကြီး ပေသည်။ ယွင်ချန်းယွဲ့၏ အနာဂတ်က မိသားစု အကျိုးအမြတ်အတွက် စတေးခံရန် ထိုက်တန်သည်။
သူတို့အားလုံးသည် သူတို့၏ ရပ်တည်မှုများမှသာ တွေးတော ကြသောကြောင့် ဖြစ်ပေသည်။
ဤကိစ္စက ထိုသို့ ဖြစ်လာလျှင်...
ရီဖူရှင်း သည် ချီယို ရှိနေသည့်ဘက်သို့ ကြည့်လိုက်သည်။ သူက အနည်းငယ် ဦးညွှတ်ရင်း ပြောလိုက်သည်။ “အရှင်မင်းသား၊ အခုလို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။ အဲဒါက ကျွန်တော့် တပည့်လေးကို ဖိအားပေးပြီး အတင်းခေါ်ဆောင်သွားခံရတဲ့ အတွက်ပါ။ ကျွန်တော် သူမအတွက် တရားမျှတမှု ပြန်ယူပေးချင်ပါတယ်။ ခွင့်ပြုပေးနိုင်မလား။”
“မင်း သဘောပါပဲ” ချီယိုက အတော်လေး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူက ရီဖူရှင်း အုတ်အော်သောင်းနင်း ဖြစ်သွားစေသည့်အပေါ်တွင် စိတ်မရှိပေ။
သူ့တွင် ထူးချွန်သော စွမ်းရည်ရှိနေသရွေ့ ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အရှင်မင်းသား” သူက အရိုအသေပေးသည့် ပုံဖြင့် လက်များကို ဆုပ်ကာ ဂါရဝ ပြုလိုက်သည်။ သူ၏ စကားလုံးများက အတော်လေး မောက်မာသည်ဟု ထင်မှတ် ရသော်လည်း သူ၏ အပြုအမူ အမူအရာကတော့ အလွန်ကောင်းမွန်လေသည်။
“မင်းက ကျုပ်နဲ့ တိုက်ချင်တာလား...”ယွင်မော့က မေးလိုက်သည်။ သူသည် ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူ၏ ကျင့်ကြံဆင့်က ရီဖူရှင်းနှင့် ယှဉ်နိုင်ပေသည်။
ရီဖူရှင်းသည် ယွင်မော့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ “မင်းက မတန်ဘူး”
ရီဖူရှင်း၏ စက်ဆုပ်ရွံရှာသော အကြည့်ကို ကြည့်ကာ ယွင်မော့က ဖြူဖျော့ သွားလေသည်။ ကျယ်လောင်သည့် ပေါက်ကွဲသံက ထွက်ပေါ်လာပြီး ရုတ်ခြည်းပင် သတ်ဖြတ်ခြင်း စွမ်းအားများက လောကတစ်ခွင်ကို လွှမ်းခြုံသွားပေသည်။
သူသည် ယွင်ကလန်မှ မျိုးဆက်များအတွင်း အသန်မာဆုံး တန်ခိုးရှင် ဖြစ်သည်။ အဲဒါတောင် သူက မထိုက်တန်ဘူးတဲ့လား။
ဘုန်း…
ကျယ်လောင်သည့် ပေါက်ကွဲသံက လူများ၏ နှလုံးသားကို လျင်မြန်စွာ ခုန်လှုပ် သွားစေသည်။ ရီဖူရှင်း၏ နောက်မှ ပုံရိပ်တစ်ခုက ရှေ့သို့ တစ်ဟုန်ထိုး ထွက်လာခဲ့သည်။ ထိုသူမှာ ယူချင်း ဖြစ်ပေသည်။
တိုက်ပွဲစင်မြင့်သည် ကျိုးကြေပျက်စီးတော့မလို တုန်ခါနေသည်။ ယူချင်းသည် ခြေလှမ်း အနည်းငယ်နှင့် ယွင်မော့၏ အရှေ့သို့ ရောက်ရှိလာသည်။
သူ လာနေသည်ကို ကြည့်၍ ယွင်မော့သည် လက်ဝါးရိုက်ချက် တစ်ချက်ကို ဖော်ထုတ်လိုက်ပြီး ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးအကြားရှိ မဟာလမ်းစဉ် မိုးကြိုး စွမ်းအားများက သူ့လက်ဝါးတွင် စုစည်းလာသည်။ မရေတွက်နိုင်သည့် နတ်မိုးကြိုးများက ကျဆင်းလာကာ ယူချင်း၏ ခန္ဓာကိုယ်ဆီသို့ တိုးဝင်သွားသည်။
သို့သော်လည်း ယူချင်းသည် နတ်ဆိုးလမ်းစဉ်၏ ချပ်ဝတ်နှင့် သူ့ခန္ဓာကို ဖုံးအုပ်ထားသကဲ့သို့ ထင်မှတ်ရပေသည်။ မိုးကြိုးများက ကျဆင်းလာပြီး သူ့ခန္ဓာကိုယ် အထက်တွင် ရစ်ဝဲနေသည်။ ထို့အပြင် ယင်းတို့သည် တဖြည်းဖြည်း ဝါးမျို ခံနေရပေသည်။
နတ်ဘုရား ဆေးကြော သန့်စင်ခြင်း အဆင့်က မိမိကိုယ်ကို သိမြင်ခြင်း အဆင့်၏ တိုက်ခိုက်မှုကို လျစ်လျူရှူရဲသည်လား။ များလှစွာသော လူများသည် တွေးနေကြပြီး အံ့သြမှင်တက်စွာ ကြည့်နေကြသည်။ သူ၏ လူသား ခန္ဓာကိုယ်က မည်ကဲ့သို့ ထိုမျှ သန်မာရသနည်း။
ယွင်မော့၏ အကြည့်များက ထိတ်လန့် တုန်လှုပ်သွားသည်။ မရေတွက်နိုင်သည့် မိုးကြိုး စွမ်းအားများက သူ၏ လက်ဝါးအလယ်တွင် စုစည်းလာပြီး ဖျက်ဆီးခြင်း အလင်းများကို ဝါးမျိုခဲ့သည်။
ဘုန်း…
မိုးကြိုးအလင်းတန်းသည် မယုံနိုင်လောက်စရာ မြန်ဆန်သည့် အရှိန်နှုန်းနှင့် ကောင်းကင်ကို ဖြတ်သန်း၍ ကျဆင်း လာသည်။
ရုတ်ချည်းပင် သူ့လက်ဝါးထဲမှ မိုးကြိုးက ပေါက်ကွဲသွားပြီး ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင် သွားသည်။ ရုတ်ချည်းပင် မိုးကြိုးလျှပ်စီး အလင်းများက ကောင်းကင်တွင် ထွန်းလင်း လာစေသည်။
ယူချင်းသည် လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ခဏချင်းအတွင်းတွင် ထောင်သောင်း ချီသော နတ်မိစ္ဆာများ ထွက်ပေါ်လာသည်။ သူသည် မြေပြင်ကို ဖိနှိပ်၍ ကောင်းကင်ကို ချိပ်ပိတ်နိုင်သော နတ်ဆိုးလက်ဝါးကို ဖော်ထုတ်လိုက်သည်။
ထိုတိုက်ခိုက်မှု နှစ်ခုသည် အချိန်တိုအတွင်း ထိခတ်သွားခဲ့သည်။ အဆက်မပြတ် ထွက်ပေါ်လာသည့် ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်နေပြီး လူတိုင်း၏ နားစည်များကို တုန်ခါနေစေသည်။
ဘန်း…
အခြားသော ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက ကွဲကွာသွားခဲ့သည်။ ယူချင်းသည် ခိုင်မြဲစွာ ရပ်နေပြီး သူ့ခန္ဓာကိုယ်မှ နတ်ဆိုးချပ်ဝတ်က မိုးကြိုးကြောင့် ပျက်စီး သွားပုံရကာ သူ၏ အင်္ကျီလက်ကလည်း စုတ်ပြဲသွားသည်။
သို့သော် ယွင်မော့၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားခဲ့သည်။ သူ၏ တိုက်ခိုက်မှုက အစွမ်းထက် ပါသော်ငြားလည်း သူ၏ ခုခံမှုက မသန်မာခဲ့ပေ။ ထို့ကြောင့် သူသည် ထိုကဲ့သို့ ပြင်းထန်လှသည့် ရိုက်ချက်ကို ခံနိုင်ရည် မရှိခဲ့ခြင်း ဖြစ်ပေသည်။
သူသည် ယူချင်းကို တစ်ချက်တည်းနှင့် မသတ်နိုင်ရုံသာ မကဘဲ သူ၏ လက်မောင်းကလည်း အဆစ် လွဲသွားခဲ့သည်။
ယူချင်းသည် နောက်တစ်ကြိမ် ရှေ့သို့ တစ်ဟုန်ထိုး လှမ်းလာခဲ့ပြီး ယွင်မော့၏ အဆစ် လွဲထားသော လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။ ယွင်မော့၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားခဲ့၏။ ယူချင်းသည် သူ၏ လက်မောင်းကို ဖမ်းဆုပ်ကာ ယွင်မော့၏ ခန္ဓာကိုယ်ကို မလိုက်သည်။
မရေတွက်နိုင်သော မျက်လုံးအစုံတို့မှာ နေရာတွင်ပင် အေးခဲ သွားကြလေသည်။
“ယွင်မော့” ယွင်ချုံးက အော်ဟစ်လိုက်သည်။ သူသည် မိုးကြိုး တစ်စင်းကဲ့သို့ တိုက်ပွဲစင်မြင့်တက်သို့ တဟုန်ထိုး ပြေးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဖြူရောင် ပုံရိပ်တစ်ခုက ရှေ့သို့ ထွက်လာပြီး ကြယ်စွမ်းအားများနှင့် ပေါင်းစပ်ကာ ရတနာလှံကို ပစ်လွှတ်လိုက်၍ ယွင်ချုံး၏ လမ်းကို တားဆီး ပိတ်ဆို့ လိုက်သည်။
“သွားစမ်း” ယွင်ချုံးက အော်ဟစ် လိုက်သည်။ မိုးကြိုးစွမ်းအားများက ကျဆင်းလာပြီး ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ကြိုးစား လိုက်သော်လည်း လှံရှည်က ကောင်းကင်သို့ ထိုးဖောက် သွားသည်။ ယင်းသည် အရာအားလုံးက ဖျက်ဆီး၍ သူ၏ အရှေ့သို့ တစ်ဟုန်ထိုး ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်ကို ရပ်တန့် သွားစေသည်။
စင်မြင့်ထက်တွင်တော့ ယူချင်း၏ လက်သီးက ကျဆင်းလာသည်။ ကျယ်လောင်သည့် အသံထွက်ပေါ် လာပြီးနောက်၌ ယွင်မော့၏ ခန္ဓာကိုယ်သည် အားနည်းလှစွာဖြင့် အောက်သို့ ပစ်ကျ သွားခဲ့ပေသည်။
***