ထွက်သွား
Vol. 014 Ch. 1340
“ဘုန်း” ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီးနောက် ယွင်မော့၏ အရိုးများက အပိုင်းပိုင်း ကျိုးပဲ့သွားခဲ့ကာ မည်သည့် အားအင်မှ မကျန်ရှိတော့ဘဲ ထိုနေရာ၌ပင် အသေကောင်ကဲ့သို့ လဲလျောင်း နေခဲ့သည်။
သူသည် ယူချင်း၏ ခုခံကာကွယ်မှုကို မထိုးဖောက်နိုင်ခဲ့သော်လည်း ယူချင်း၏ တိုက်ခိုက်မှုသည်တော့ တစ်ချက်တည်းနှင့်ပင် သူ၏ ခုခံကာကွယ်မှုကို ချိုးဖျက်ခဲ့ကာ သူ့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်နိုင်ခဲ့သည်။
ဤ နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သည် မိမိကိုယ်ကို သိမြင်ခြင်းအဆင့် ဖြစ်သည့် ယွင်မော့ကို ထိထိရောက်ရောက် အနိုင်ရရှိခဲ့ပေသည်။
ဤတိုက်ပွဲက နန်းတော်စစ်ဆေးပွဲတွင် ပါဝင်ခဲ့သည့် လူတစ်ဦး၏ အစစ်အမှန် ခွန်အားကို သက်သေ ပြပေးခဲ့သည်လား။
မတိုက်ခိုက်ခင်က ရီဖူရှင်း၏ သရော်မှုက ယခုတွင် ပို၍ပင် ထိခိုက်ရသည်ဟု လူအများက ခံစားမိကြပေသည်။
အခြားတစ်ဖက်တွင် များပြားလှသော မျက်လုံးအစုံများ၏ အောက်၌ ရီဖူရှင်းနှင့် ယွင်ချုံး အကြားမှ ထိပ်တိုက်ရင်ဆိုင်တွေ့မှုသည် ထိတ်လန့်ဖွယ်ရာ ဖြစ်ခဲ့ရသည်။
သံသယ ကင်းစင်ခြင်းအဆင့် ဖြစ်သည့် ယွင်ချုံးသည် ယွင်ကလန်သားများ စုစည်းနေရာသို့ တုန်လှုပ်စွာ ဆုတ်ခွာ သွားခဲ့ရသည်။
သူသည် ရှန့်ထိုအဆင့်မှ တတိယအဆင့်ဖြစ်သော သံသယကင်းစင်ခြင်း အဆင့် ဖြစ်သည်။
ငွေဖြူရောင် ဆံပင်နှင့် ရီဖူရှင်းသည် ရတနာလှံကို လက်ထဲတွင် ကိုင်ထားပြီး ထိုနေရာတွင် ခန့်ထည်စွာ ရပ်နေသည်။ သူ၏ အဖြူရောင် အဝတ်အစားတို့က လေထဲတွင် လွင့်နေပြီး သူ၏ အရှိန်အဝါက ထူးကဲ သာလွန်လှသည်။
သူသည် ထောင်ပေါင်းများစွာသော လူများ၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်သကဲ့သို့ ဖြစ်သည်။
ယွင်မော့က သူနှင့် တိုက်ခိုက်ရန် အဆင့်မမီပေ။
သံသယကင်းစင်ခြင်း အဆင့် ဖြစ်သည့် သူ့အဖေ ယွင်ချုံးပင်လျှင် အဝေးသို့ ဆုတ်ခွာ သွားရသည် ဖြစ်ရာ ယွင်မော့က ရီဖူရှင်းနှင့် မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။
“ခင်ဗျားက ခင်ဗျားသားရဲ့ အနာဂတ်အတွက်နဲ့ ကျုပ် တပည့်ကို အလဲအလှယ် အဖြစ် ရောင်းစားခဲ့တယ်” ရီဖူရှင်းက အေးစက်စွာ အော်လိုက်သည်။ သူ၏ အသံတွင် ခြိမ်းခြောက်မှုများ ပြည့်နေပြီး လှံရှည်က တည်ငြိမ်စွာနှင့် ကောင်းကင်သို့ မြောက်တက် လာခဲ့သည်။
“မင်းတို့နဲ့ သူမက တန်လို့လား”
ရီဖူရှင်း၏ အသံက ယွင်ကလန်မှ တန်ခိုးရှင်များ အားလုံး၏ မျက်နှာများကို ဖြတ်ရိုက် လိုက်သကဲ့သို့ ဖြစ်သည်။
သူတို့သည် ရီဖူရှင်း၏ တပည့်အား ယွင်မော့ အနာဂတ်အတွက် အလဲအထပ် ပြုကာ အသုံးတော်ခံ အဖြစ် ခစားရန် စေလွှတ်ခဲ့သည်။ သို့သော်လည်း ဖြစ်ချင်တော့ ယွင်မော့သည် တိုက်ခိုက်မှု တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။
ထို့အပြင် ရီဖူရှင်း၏ တပည့်က ယွင်ကလန်မှ မိန်းကလေး ဖြစ်နေခြင်းက ယွင်ကလန်သား တို့ကို ပို၍ပင် စက်ဆုပ်ဖွယ် ကောင်းစေ၍ အသုံးမကျ ဖြစ်သွားစေသည်။
ထိုမြင်ကွင်းက ယွင်ကလန်မှ တန်ခိုးရှင်များကို အလွန်ပင် အရှက်ရစေပြီး သူတို့အတွက် ထို့ထက်ပို၍ အရှက်ရဖွယ် ရှိနိုင်တော့မည် မဟုတ်ပေ။
သူတို့သည် ယွင်မော့ကို ပါရမီရှင်ဟု ပြောခဲ့ကြပြီး ယွင်ကလန်၏ မျိုးဆက်များကြားတွင် အသန်မာဆုံး တန်ခိုးရှင်အဖြစ် ဆုံးဖြတ်ခဲ့သည်။ သူတို့သည် ယွင်မော့က ပိုမိုကောင်းမွန်သည့် ကျင့်ကြံရေး အခွင့်အလမ်းများ ရရှိစေရန် ကလန်မှ မိန်းကလေးကိုပင် အလဲအထပ် ပြုပေးခဲ့သေးသည်။
သို့သော် ယခုတွင် ရီဖူရှင်းက တလောကလုံး ရှေ့၌ သူတို့၏ မျက်နှာကို ဖြတ်ရိုက်ခဲ့သည်။
ထို့အပြင် ရီဖူရှင်းနှင့် ယူချင်းသည် အလွန်အစွမ်းထက် နေမည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ကြပေ။
“သူ့လို လူမျိုးက ကျင့်ကြံဖို့ မထိုက်တန်ဘူး။ သူသာ အင်ပါယာ ချီလက်အောက်မှာ သင်ယူမယ်ဆိုရင် အရှင်မင်းကြီးရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေလိမ့်မယ်” ရီဖူရှင်းက ပြောလိုက်သည်။ “သူ့ရဲ့ ကျင့်ကြံခွင့်ကို ပိတ်ပင် လိုက်သင့်တယ်”
“မင်းက အတော် စိတ်ကြီးဝင်နေတာပဲ” ယွင်ကလန်၏ ခေါင်းဆောင်က အော်ဟစ်လိုက်ပြီး ရှေ့သို့ ထွက်လာခဲ့သည်။ ပြန်လည် မွေးဖွားခြင်း အဆင့်၏ ကြောက်မက်ဖွယ် အသက် စွမ်းအားများက ရီဖူရှင်းနှင့် ယူချင်းထံသို့ တိုးဝင်လွှမ်းခြုံသွား၏။
ရီဖူရှင်းသည် ပြန်လည်မွေးဖွားခြင်း အဆင့်၏ အသက်စွမ်းအားများကို ခံစားမိပေသည်။ သူသည် ရတနာလှံကို ထိုသူ့ထံ ချိန်ရွယ်လိုက်သည့် တစ်ချိန်တည်းမှာပင် လူအုပ်ထဲမှ လူတစ်ယောက်က လေထဲသို့ ခုန်တက် လာခဲ့သည်။ ယင်းသည် ဝူယုံး ထွက်ပေါ်လာခြင်း ဖြစ်၍ သူ၏ ခန္ဓာကိုယ်မှ တူညီစွာပင် ပြန်လည် မွေးဖွားခြင်းအဆင့် အသက်စွမ်းအားများ ထုတ်လွှတ်ထားသည်။
“ခင်ဗျားက ကျုပ်ကို ကလန်တစ်ခုလုံး သုတ်သင်စေချင်တာလား” ရီဖူရှင်းသည် ထိုအေးစက်သည့် စကားလုံးများကို ထုတ်ပြောလိုက်ကာ သူ့လက်ထဲမှ ရတနာလှံသည် လေဟာနယ် စွမ်းအားများကို ဝါးမျို၍ ကြောက်မက်ဖွယ် အလင်းများ ထုတ်လွှတ်နေသည်။
သူ့အသံက ယွင်ကလန်မှ တန်ခိုးရှင်များအားလုံးကို တုန်ယင်သွားစေသည်။
ထိုသည်က ယွင်မော့ တစ်ယောက်တည်းကိုသာ ရည်ရွယ်သည်မဟုတ်တော့ပေ။
သူက စကားတစ်ခွန်းတည်းသာ ပြောလိုက်လေသည်။ 'ခင်ဗျားက ကျုပ်ကို ကလန်တစ်ခုလုံး သုတ်သင် စေချင်တာလား' တဲ့လေ။
မည်မျှ မောက်မာလိုက်သနည်း။
သူသည် လောမြို့မှ ယွင်ကလန်၏ သေခြင်းရှင်ခြင်းကို စကားတစ်ခွန်းတည်းနှင့် ဆုံးဖြတ်နိုင်ပြီး ကလန်တစ်ခုလုံးကို သုတ်သင် နိုင်ပေသည်။
ပြန်လည် မွေးဖွားခြင်းအဆင့် တစ်ယောက်က သူ၏ ဘေးနား၌ ရပ်၍ နေသေးပေသည်။
သူက အနီးအနားတွင် စောင့်ကြပ်ပေးနေ၍သာ ရီဖူရှင်းက မည်သည့် စကားမှပင် ပြောစရာ မလိုလိုက်ဘဲ သူက ချက်ချင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေမည်။
သူတို့ အားလုံးသည် ရီဖူရှင်း၏ သရုပ်မှန်ကို ခန့်မှန်းနေခဲ့ကြသည်။ သူ့တွင် ပြန်လည် မွေးဖွားခြင်း အဆင့် စောင့်ရှောက်သူပင် ရှိနေပေသည်။
သူတို့သည် ယခင်က ရီဖူရှင်းသည် သူတို့၏ အကူအညီကို လိုအပ်သည်ဟု တွေးခဲ့ကြခြင်းမှာ ရယ်စရာပင် ဖြစ်သည်။ သူက ဟန်ဆောင်နေခြင်း ပေလား။
ရီဖူရှင်းသည် စကားတစ်ခွန်းတည်းနှင့် ယွင်ကလန်ရှိ တန်ခိုးရှင် အားလုံးကို မလှုပ်ရှားနိုင် ဖြစ်သွားစေသည်။ ပြန်လည် မွေးဖွားခြင်းအဆင့် ဖြစ်သည့် ယွင်ကလန်၏ ခေါင်းဆောင်ပင်လျှင် သူ့ထံမှ ဖိအားကို ခံစားရပေသည်။
သူသည် တစ်ချိန်က ရီဖူရှင်းကို အဆင့်အတန်း မြင့်မားသည့် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်ခဲ့မိသည်မှာ အံ့သြစရာ မရှိတော့ပေ။
ယခု သူ၏ ခံစားချက်မှာ မှန်ကန်ပုံရကာ အတုအယောင် မဟုတ်ပေ။
“သူက အပြင်လူပဲ၊ သူ့မှာ ယွင်ကလန်အရေးကို ဝင်စွက်ဖက်ဖို့ အခွင့်မရှိဘူး” ကလန် ခေါင်းဆောင်က လက်ရှောင်မည့် အရိပ်အခြေကို မြင်လျှင် ယွင်ချုံးက အော်ဟစ် လိုက်သည်။
ထိုသည်မှာ သူ့တွင် သတ္တိရှိလွန်းသောကြောင့် မဟုတ်သော်လည်း သူ့သား ယွင်မော့သည် ယူချင်း၏ လက်ထဲ၌ ရှိနေပြီး အချိန်မရွေး ထိခိုက်သွားနိုင်သည့် အတွက် သူ စိုးရိမ်ပူပန်ခြင်းတို့ ခံစားနေရသည်မှာ အံ့သြစရာ မရှိပေ။
စကားပြောပြီးနောက် ရီဖူရှင်းသည် အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ ယူချင်း၏ လက်က တစ်ဖန် အောက်သို့ ကျဆင်းလာပြီး ယွင်မော့သည် နာကျင်မှု အပြည့်ဖြင့် အော်ဟစ် လိုက်သည်။ ထို့နောက် ယူချင်းသည် သူ့ကို ယွင်ကလန်မှ လူများထံသို့ ပစ်ပေးလိုက်သည်။
“မိသားစုအတွက်ဆိုပြီး ခင်ဗျားပြောခဲ့ဖူးတဲ့ စကားကို သတိရလိုက်” ရီဖူရှင်းသည် ယွင်ချုံး ယခင်က ပြောခဲ့ဖူးသည့် စကားကို သတိပေးလိုက်သည်။
ထိုအသံက ကျေနပ်ဖွယ် မကောင်းပေဘူးလား။
အခြားသူများအစား စွန့်လွှတ် အနစ်နာခံရသည်မှာ မည်မျှ ကြီးမြတ် လိုက်သနည်း။
လူအများ၏ မျက်လုံးများ ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ ယနေ့သည် အင်ပါယာ ချီနယ်မြေ၏ ပွဲတော်ကြီးဖြစ်သော နန်းတော်စစ်ဆေးပွဲကို ကျင်းပသည့်နေ့ ဖြစ်သည်။
သို့သော် ဤအခိုက်တွင် ရီဖူရှင်းသည်သာ နန်းတော်စစ်ဆေးပွဲ၏ လူစွမ်းကောင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။
သို့ပေမယ့် မင်းသားချီယို ကိုယ်တိုင်က ရီဖူရှင်းကို ထိုသို့ လုပ်ခွင့်ပြုခဲ့သည်မို့ အခြားလူများက အထွန့်မတက် ရဲကြပေ။
ထိုအချိန်တွင် ရီဖူရှင်းသည် ရှေ့သို့ ဦးတည်သွားသည်။ သူသည် လီနတ်ဓားကလန်မှ လီရို့ရွှမ်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “လီနတ်ဓားကလန်က လီရို့ရွှမ်း ကျုပ်ကို သတ်ဖို့ လုပ်ဆောင်ခဲ့ပြီး ယွင်ကလန်က ကျုပ်ကို ဖမ်းဖို့ ခြိမ်းခြောက် ခဲ့တယ်။ လီနတ်ဓားကလန် အဲဒီကိစ္စ အခုရှင်းရအောင်”
သူသည် လီရို့ရွှမ်းကို မည်သည့်အခါကမှ စိတ်ထဲတွင် ထည့်မထားသကဲ့သို့ လမ်းလျှောက် နေသည့် ခြေလှမ်းများကိုပင် မရပ်တန့်ခဲ့ဘဲ အဆက်မပြတ် ပြောလိုက်သည်။
လီရို့ရွှမ်းသည် သူ့ကို သတ်ဖြတ်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပြီး ကျို့ချိုးကလန်၏ စွမ်းအားနှင့် ယွင်ကလန်ကို ဖိနှိပ်ပြီး သူ့ကို ဖမ်းဆီးရန် ခြိမ်းခြောက်ခဲ့သည်။
သူမ၏ ရည်ရွယ်ချက်အတွက်နှင့် အခြားလူများကို ချနင်းရန် ဝန်မလေးသူ ဖြစ်သည်။
သို့ဆိုလျှင် သူက ထိုအရာကို ဖျက်ဆီးပစ်နိုင်သည်။ သူမ၏ ပါရမီနှင့် သီးခြားဆန်မှုတို့ကို ရီဖူရှင်းက အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိပေ။
ရီဖူရှင်း၏ အေးစက်သော စကားလုံးများကို ကြားလျှင် လီရို့ရွှမ်းသည် ဖြူဖျော့ သွားခဲ့သည်။ သူက လီနတ်ဓားကလန်ကို ခြိမ်းခြောက် နေသည်လား။
စကား တစ်ခွန်းတည်းနှင့်လေ။
အလွန် ရဲတင်း လွန်းလှသည်။ သူသည် နန်းတော်စစ်ဆေးပွဲ၌ မည်သည့် ပါရမီရှင်ကိုမှ လုံးဝ မျက်နှာသာ မပေးခဲ့ပေ။
ကျို့ချိုးကလန်သည် လီနတ်ဓားကလန်နှင့် ပူးပေါင်းထားပြီး ယနေ့တွင် ရီဖူရှင်းသည် ကျို့ချိုးကလန်နှင့် ကျုံးကလန် နှစ်ခုလုံးကို ဆန့်ကျင်ရန် အဆင်သင့် ဖြစ်နေပုံ ရလေသည်။
“နန်းတော် စစ်ဆေးပွဲကို ကျင်းပလာတာ နှစ်ပေါင်းများစွာရှိနေပြီ။ ငါ မင်းလောက် ရဲတင်းလွန်းတဲ့ ကောင်မျိုး ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး” ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ် လာသည်။ ပြောလိုက်သည့်သူက ကျို့ချိုးယန် ဖြစ်နေသည်ကို မြင်သည့်အခါ လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
အင်ပါယာ ချီနယ်မြေမှ အထူးချွန်ဆုံး လူငယ်လေးသည် နန်းတော် စစ်ဆေးပွဲတွင် ကျုံးချိုးနှင့်အတူ အသန်မာဆုံး တန်ခိုးရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူတို့သည်လည်း ကျို့ချိုးကလန်နှင့် ကျုံးကလန်တို့၏ အနာဂတ်များ ဖြစ်ကြသည်။
ကျို့ချိုးယန်သည် ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ ရီဖူရှင်း ယက အင်ပါယာ ချီနယ်မြေတွင် အစွမ်းထက်တန်ခိုးရှင်များ မရှိဟု ဆိုခဲ့သည်ကို ထည့်မတွက်လျှင်ပင် လီရို့ရွှမ်းက ကျို့ချိုးကလန်မှ ရွေးချယ်ထားသည့် အမျိုးသမီးဖြစ်ပြီး တစ်ခုခုသာ အမှားအယွင်း မရှိခဲ့ပါက သူ၏ ဇနီး ဖြစ်လာမည့်သူ ဖြစ်သည်။
ရီဖူရှင်းသည် မည်သို့ဖြစ်၍ စကားလုံး အနည်းငယ်မျှနှင့် လီနတ်ဓားကလန်ကို ခြိမ်းခြောက်ကာ လီရို့ရွှမ်းကို ဤကဲ့သို့ ဆက်ဆံရဲရသနည်း။
ရီဖူရှင်းသည် သူ့ထံသို့ ခံစားချက်မဲ့နေသည့် အကြည့်တစ်ချက် ပို့လွှတ် လိုက်ပြီးနောက် လျစ်လျူရှူကာ ကျုံးကလန်သားများ ရှိနေသည့် အခြားတစ်ဖက်သို့ ဆက်၍ လျှောက်သွား ခဲ့လေသည်။
ကျို့ချိုးကလန်နှင့် ကျုံးကလန်တို့မှာ အင်ပါယာ ချီနယ်မြေတွင် အစွမ်းထက်ဆုံး အင်အားစုများ ဖြစ်ကြသည်။
ရီဖူရှင်းက ကျုံးကလန်၏ တန်ခိုးရှင်များရှေ့တွင် ရပ်လိုက်သည်။ သူသည် ကျုံးချိုး၏ နောက်တွင် ရှိနေသည့် လှပတင့်တယ်သော ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။ “ချန်းယွဲ့ ပြန်လာခဲ့”
ယွင်ချန်းယွဲ့သည် အဖြူရောင်နှင့် ထိုသူကို ကြည့်ကာ သူမ၏ မျက်လုံးများက စိုစွတ် လာသည်။
သူမသည် မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်သော်လည်း ထိုသူက ဤကဲ့သို့ ခန့်ညားထည်ဝါသည့် ပုံစံမျိုးဖြင့် တစ်လောကလုံးရှေ့တွင် ထွက်ပေါ်လာကာ သူမအတွက် တရားမျှတမှုကို ရှာဖွေ ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော် ရုတ်ချည်းပင် ယွင်ချန်းယွဲ့သည် သူမ၏ ရှေ့တွင် ရှိနေသည့် ကျုံးချိုး၏ ခန္ဓာကိုယ်မှ ထုတ်လွှတ် လိုက်သည့် အေးစိမ့်နေသည့် စွမ်းအားတို့၏ ဖိအားကို ခံစားမိလိုက်သည်။ အေးစက်မှုသည် သူမ၏ အရိုးများထိတိုင် စိမ့်ဝင်သွားကာ သွေးကြောများ ခဲတောင့် သွားသကဲ့သို့ သူမသည် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သူမသည် ငယ်ရွယ်လှပြီး ရှီအဆင့်သာ ရှိသေးသည့်အတွက် ကျုံးချိုးသည် သူ၏ စွမ်းအားများဖြင့် သူမကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပေသည်။
ကျုံးချိုးက သူမဘက်သို့ လှည့်မကြည့်ဘဲ ရီဖူရှင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “သူမက အခု ကျုံးကလန်က လူဖြစ်သွားပြီ”
သူက ရီဖူရှင်း မည်သူဖြစ်ဖြစ် ဂရုမစိုက်ချေ။ ဤနေရာက အင်ပါယာ ချီနယ်မြေ ဖြစ်သည်။
ကျို့ချိုးကလန်နှင့် ကျုံးကလန်သည် အင်ပါယာ ချီနယ်မြေတွင် နှစ်ပေါင်းများစွာ ကတည်းက အောင်မြင်စွာ ရပ်တည်နေခဲ့ခြင်း ဖြစ်သည်။ ကျို့ချိုးကလန်နှင့် ကျုံးကလန်သည် ဤနယ်မြေ အတွင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြပေသည်။
ရီဖူရှင်းသည် ဤနေရာသို့ ယခုမှ ရောက်လာခြင်း ဖြစ်ပြီး ရှိသမျှ စည်းမျဉ်း စည်းကမ်းများ အားလုံးကို လျစ်လျူရှုကာ လူတိုင်း၏ ရွံမုန်းခြင်းကို ခံနေရသည်။
ရီဖူရှင်းက ကျုံးကလန်ကို တောင်းဆိုသမျှ လိုက်လျောပေးလိုက်ပါက ကျုံးကလန်၏ ဂုဏ်သတင်းက ပျက်စီး သွားနိုင်သည်။
လော့မြို့မှ ယွင်ကလန်သည် ကျုံးကလန်အိမ်တော်သို့ သူတို့၏ သဘော ဆန္ဒအလျောက် ဤမိန်းကလေးအား ပို့ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင် သူသည် ကျုံးကလန်၏ မကောင်းသတင်း သက်သေခံအဖြစ် အသုံးချရပေမည်။
ရီဖူရှင်းသည် ကျုံးချိုး၏ စကားများကို ကြားသည့်အခါ သူ့ကို တည့်တည့် ကြည့်လိုက်သော်လည်း သူက ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။
များပြားလှသည့် မျက်လုံးများက သူ့ပေါ်သို့ ကျရောက်လာသည်။ သူ့ရှေ့မှ ကျုံးကလန်သည် အင်ပါယာ ချီနယ်မြေတွင် အသန်မာဆုံး အင်အားစုအဖြစ် ကျို့ချိုးကလန်နှင့် ပုခုံးချင်းယှဉ် ရပ်နိုင်သည့် ကလန်ဖြစ်သည်။
သူက သူတို့ကို တိုက်ရိုက်ပင် ထိပ်တိုက်ရင်ဆိုင်တော့မည်လား။
သို့သော် လူအများသည် သူ့လက်ထဲ၌ မည်သည့် ဝှက်ဖဲရှိနေသည်ကို မည်သူမှ မမှန်းဆနိုင်ကြပေ။ သူက ကျုံးချိုးကို နိုင်ခဲ့လျှင်ပင် သူက လူတိုင်းကို ဆန့်ကျင်သလို ဖြစ်နေပြီ ဖြစ်သည့်အတွက် ထိုအခြေအနေတွင် မည်သို့ အန္တရာယ်ကင်းအောင် ဖြေရှင်းနိုင်မည်နည်း။
“ကျုံးကလန်ကတဲ့လား။ ဘယ်သူက သူမရဲ့ ကံတရားကို ဆုံးဖြတ်လိုက်တာလဲ” ရီဖူရှင်းက ကျုံးချိုးကို ကြည့်ကာ မေးလိုက်သည်။ “ယွင်ကလန်က ငကြောင်အဘိုးကြီးလား မင်းလား”
“မင်းကို ပြောစရာမလိုဘူး” ကျုံးချိုးက ပြောလိုက်သည်။
ရီဖူရှင်းသည် ကျုံးချိုး၏ စကားများကို ကြားပြီးနောက် ရယ်မောလိုက်သည်။ သူက ရတနာလှံကို လက်ထဲတွင် ကိုင်စွဲလိုက်ပြီး ပြောသည်။ “မင်းက နန်းတော်စစ်ဆေးပွဲမှာ အသန်မာဆုံး တန်ခိုးရှင်မလား”
ရီဖူရှင်း၏ ငွေရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေပြီး တိုက်ပွဲ စင်မြင့်ပေါ်၌ တိုက်ခတ်နေသည့် လေကြောင့် သူ၏ အဝတ်အစားများကလည်း တဖျတ်ဖျတ် လွင့်နေပေသည်။ သူသည် ကျုံးချိုးကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ် ကြားတာတော့ မင်းက မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို အသုံးချခံအဖြစ် သုံးပြီး ကျင့်ကြံတယ်ဆို။ မင်းရဲ့ ကျင့်စဉ်နည်းလမ်းက ညစ်စုတ်ပြီး မင်းလုပ်နေတဲ့ အရာတွေက ပိုတောင် ညစ်စုတ် သေးတယ်။ မင်းရဲ့ စွမ်းရည်က ဘယ်လိုနေလဲ ကျုပ်မသိဘူး။ ဒါပေမဲ့ မင်းရဲ့ အပြုအမူကနေပြီးတော့ မင်းက ရှန့်ထိုတစ်ပါး ဖြစ်ဖို့ မတန်ဘူးဆိုတာ သိလိုက်ရတယ်။ ဖြစ်ချင်တော့ မင်းက နန်းတော်စစ်ဆေးပွဲမှာ ပြိုင်ဘက်ကင်းတဲ့လား”
သူက စကားပြောပြီးသောအခါ ပြန်လှည့်၍ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ ထိုသို့ လုပ်သည်ကို မြင်သော လူအများက တွေဝေသွားကြသည့် အချိန်တွင် သူက ပြန်လှည့်ကာ ကျုံးချိုးကို ကြည့်၍ ပြောလိုက်သည်။ “မင်းလို တန်ခိုးရှင်မျိုးကို ရင်ဆိုင်ဖို့ ကတော့ တစ်ချက်ဆို လုံလောက်တယ်”
လူအုပ်ကြီးသည် တဖန်ထပ်ကာ သုသာန် တစပြင်ကဲ့သို့ တိတ်ဆိတ် သွားခဲ့သည်။ ရီဖူရှင်းသည် လက်ကို နောက်ပစ်ထားလျက်နှင့် ရပ်နေဆဲဖြစ်ပြီး ကျုံးချိုးကို ပြောလိုက်သည်။ “ထွက်လာခဲ့စမ်း”
***