← Chapters

ရှင် နာမည်ကြီးလာတော့မယ်

Vol. 3 Ch. 29

ရှင် နာမည်ကြီးလာတော့မယ်

Vol. 3 Ch. 29

“ရှင်ဘယ်မှာလဲဟင်။ ကျွန်မရဲ့ ဖျော်ဖြေမှုကပြီးခဲ့ပြီ” သူမ၏ ဖျော်ဖြေမှုပြီးသည်နှင့် တစ်ပြိုင်နက် ကောရှင်းယွီက ဖန့်ကြွယ်ယွီထံ အရင်ဦးဆုံး စာပို့ခဲ့သည်။

“ငါက ပရိတ်သက်တွေထဲမှာပဲရှိတယ်။ မင်းက စင်အနောက်မှာ စောင့်နေတာလား။ ငါက အခု မင်းဆီကိုလာရင်ရော အဆင်ပြေလား”

“ရပါတယ်။ ဒါပေမဲ့ ရှင်လာလို့ရပါ့မလား။ ကျွန်မအထင် စင်အနောက်ဘက်ကို ဝန်ထမ်းတွေနဲ့ ဖျော်ဖြေသူတွေကိုပဲ ဝင်ခွင့်ပြုတာ” ဟု ကောရှင်းယွီက ပြန်ပြောသည်။

“စိတ်မပူပါနဲ့။ ငါ့မှာ နည်းလမ်းရှိပါတယ်”

ဗီအိုင်ဗီ တံဆိပ်နှင့်ဆို ဖန့်ကြွယ်ယွီသည် စင်အနောက်ဘက်ကို လွယ်လွယ်ကူကူ ဝင်လို့ရနိုင်သည်။ ထိုနေရာတွင် ကောရှင်းယွီ ထက် နာမည်ပိုကြီးသော တင်ဆက်သူများစွာရှိနေသော်လည်း ဖန့်ကြွယ်ယွီသည် ထိုသူများကိုတစ်ချက်လေးတောင် မကြည့်ပေ။

နောက်ဆုံးတော့ သူရှာနေသော ကောရှင်းယွီကို မှန်တင်ခုံ ရှေ့တွင် တွေ့ရသည်။ ကောရှင်းယွီသည် တင်ဆက်မှု ပြီးဆုံးသောအခါ အင်္ကျီအဝတ်အစားလဲထားပြီး ဖြစ်သည်။ သူမသည် တီရှပ်အဖြူရောင်နှင့် စကပ်အရှည်ကိုဝတ်ထားပြီး မှန်ရှေ့တွင် မိတ်ကပ်ဖျက်နေသည်။

စင်မြင့်ထက်တွင် သူမသည် အလွန်တရာကျက်သရေရှိပြီး ချောမောလှပသောမင်းသမီးလေးတစ်ဦးနှင့် တူသည်။ သို့သော် စင်အနောက်ဘက်တွင် သူမသည် အလွန်တရာ သိမ်မွေ့နူးညံ့ သော ဘေးအိမ်က ကောင်မလေး ပုံစံဖြစ်နေသည်။

ဖန့်ကြွယ်ယွီသည် သူမကို မနှောင့်ယှက်တော့ဘဲ အနောက်မှာ နေပြီး စောင့်ဆိုင်းနေသည်။

“ဟမ်”

ကောရှင်းယွီသည် မိတ်ကပ်ဖျက်ပြီးနောက် အနောက်ကို လှည့်ကြည့်သောအခါ သူမ၏ အနောက်မှာရှိနေသော ဖန့်ကြွယ်ယွီကို ရုတ်တရက်တွေ့လိုက်ရသည်။

“ရှင်က..ရှင်က ဖန့်ကြွယ်ယွီလား”

တင်ဆက်မှုအတွင်း သူ့ကို ဖန့်ကြွယ်ယွီဟု အလိုအလျောက် သိနေသော သူမ၏ ခံစားချက်များကို အံ့အားသင့်ရသည်။

“ဘာလို့လဲ…ငါနဲ့မတူဘူးလား” ဖန့်ကြွယ်ယွီက ရယ်မောပြီး မေးသည်။

“မဟုတ်ပါဘူး။ ကျွန်မစိတ်ထဲမှာ တွေးထားတဲ့ရှင်က …..” သူမစိတ်ထဲမှာရှိနေသော အရာများကို မည်ကဲ့သို့ ပြောပြရမည်ကို မသိပေ။

“ဘရန်းဒတ်တွေဝတ်ထားပြီး ရွှေရောင်ကြိုးကြီးတွေနဲ့ နာရီအကောင်းစားကြီးတွေလည်း ဝတ်ထားမယ်။ ပြီးတော့ အနောက်ကနေ သက်တော်စောင့် နှစ်ယောက်လည်း လိုက်လာမယ်လို့ တွေးနေတာမလား” ဖန့်ကြွယ်ယွီက ဟားတိုက်ရယ်မောမိသည်။

အများအားဖြင့် ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော ကလေးများသည် ထိုကဲ့သို့ နေထိုင်ပြုမူကြသည်။

“ဟီး ဟုတ်ပါ့။ ကျွန်မပြောပြချင်တာနဲ့ တထပ်ထဲပဲ” ကောရှင်းယွီက ရယ်မောသည်။

“ဒါပေမဲ့ရှင်က သူတို့တွေနဲ့ လုံးဝမတူဘူး။ အဲ့လိုမျိုး ပုံစံ ရှင့်မှာ လုံးဝမရှိဘူး”

“ငါမင်းကို ပြောဖူးပါတယ်။ ငါ့မိသားစုက ချမ်းသာတယ်ဆိုတာ လွန်ခဲ့တဲ့အပတ်ကမှ သိခဲ့ရတာ။ ငါက အနှစ်နှစ်ဆယ်လောက် သာမန်လူလိုနေခဲ့ရတာ။ ဒါကြောင့်မို့ ငါ့မှာ မင်းတွေးထားတဲ့ ပုံစံမရှိနေတာ”

ထိုအချိန်တွင် ဖန့်ကြွယ်ယွီ ပြောသမျှကို ကောရှင်းယွီက လက်ခံချင်သလိုလို ဖြစ်လာသည်။

“ရှင်ဘယ်တော့မှ မပြောင်းလဲဖို့ မျှော်လင့်မိပါတယ်”

“ဒါနဲ့ စကားမစပ် ရှင်အကြာကြီး စောင့်လိုက်ရလား” ကောရှင်းယွီက အားနာသော ပုံစံဖြင့် မေးသည်။

“မဟုတ်ပါဘူး။ မင်း မိတ်ကပ်ဖျက်နေတာမြင်တော့ မနှောင့်ယှက်ချင်လို့ရပ်စောင့်နေတာပါ”

စင်မြင့်ထက်တွင် လှလှပပဖြစ်နေစေရန် ရှင်းယွီက မိတ်ကပ် အများကြီး လိမ်းရသည်။ ထို့ကြောင့် သူသည် မိနစ်နှစ်ဆယ် နီးပါးလောက်စောင့်ဆိုင်းခဲ့ရသည်။

“ကျွန်မကရော ရှင်ထင်ထားတဲ့ပုံစံနဲ့ ကွဲပြားလား” ကောရှင်းယွီက မေးသည်။

“မင်းက ငါထင်ထားတာထက် ပိုပြီးတောင်လှသေးတယ်”

ဖန့်ကြွယ်ယွီက အမှန်အတိုင်းပြောဆိုသည်။

“အခု မင်းက ပရိတ်သက်ရှေ့ထွက်လာပြီဆိုတော့ မင်းရဲ့ ဝီဘို (weibo) ဖော်လိုဝါတွေများလာမယ်ဆိုတာ ငါလောင်းရဲတယ်။ နောက်ကျရင် မင်းမှာ ပရိတ်သက်တွေပိုပြီးရလာမှာ”

ကောရှင်းယွီက သူ၏ ချီးကျူးသံများကြားတွင် မနေတတ် အောင် ဖြစ်လာတော့သည်။

“လေးနာရီတောင်မထိုးသေးဘူးဆိုတော့ ညစာစားဖို့ စောသေးတယ်။ လမ်းလျှောက်ကြရင်ရော ဘယ်လိုလဲ” ကောရှင်းယွီက အကြံပြုသည်။

“မင်း အလုပ်မများတော့ဘူးမလား”

“ဟင့်အင်း။ ဒီနေ့အတွက် တင်ဆက်မှုက ပြီးပြီ။ နောက်ရက်တွေမှာ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် ပါပဲ။ ဒါပေမဲ့ ပိတ်ပွဲနေ့မှာတော့ ဖျော်ဖြေတင်ဆက်မှုတစ်ခု ရှိသေးတယ်”

“ကောင်းတာပေါ့။ ဒါဆို ဟိုဟိုဒီဒီ လမ်းလျှောက်ကြတာပေါ့”

ကောရှင်းယွီသည် စင်အနောက်ဘက်ရှိ ဝန်ထမ်းများကို နှုတ်ဆက်ပြီး သူမ၏ ပစ္စည်းများကို ယူကာ ဖန့်ကြွယ်ယွီနှင့် အတူတူ ထွက်လာတော့သည်။

“ရှင်းယွီ၊ ရှင်းယွီ”

အံ့အားသင့်စွာဖြင့် ပရိတိသတ်အုပ်စုသည် စင်နောက်ဘက်ရှိ ထွက်ပေါက်တွင် စုဝေးပြီး သူမကိုစောင့်နေကြသည်။

သူမနှင့် ဖန့်ကြွယ်ယွီတို့ အတူတကွထွက်လာသည်ကို ပရိတ်သတ်များက မြင်ကြသည်။

ကောရှင်းယွီသည် ဖျော်ဖြေတင်ဆက်သူတစ်ဦးသာဖြစ်တာမို့ မင်းသမီးများကဲ့သို့ သွားရာတစ်လျှောက် စောင့်ရှောက် ပေးမည့် သက်တော်စောင့်များ မပါပေ။ သူမကိုယ်သူမလည်း ထိုမျှ နာမည်ကြီးမည်ဟု ထင်မထားချေ။

“ကြည့်စမ်း။ ရှင်းယွီ ဘေးနားမှာ ကောင်လေးတစ်ယောက် မလား”

“ကြည့်ရတာ သူ့ရည်းစားများ ဖြစ်နေမလားပဲ။ ချောလိုက်တာ”

“မဟုတ်နိုင်ပါဘူး။ သူ့မှာရည်းစားမရှိဘူးလို့ ရှင်းယွီ ပြောဖူးတယ်လေ။ ဒီတိုင်း သူ့ကို လိုက်နေတဲ့သူဖြစ်မယ်”

“ဒီလူက သူဌေးလု လို့ မထင်ကြဘူးလား”

“မဖြစ်နိုင်တာ။ သူဌေးလုက အရမ်းချမ်းသာတာ။ ဒီလောက် ငယ်တဲ့သူမဖြစ်နိုင်ပါဘူး”

“မင်းမသိပါဘူး။ ဆရာပတ်ရဲ့ နောက်ဆုံးတင်ဆက်မှုမှာ သူတို့ကအဖွဲ့တောင်ဖွဲ့ပြီး ဂိမ်းအတူတူကစားကြတာ။ အဲ့တုန်းက သူဌေးလုရဲ့ အသံကို ငါကြားဖူးတယ်။ လူငယ်အသံပဲ”

“ခုလိုအားပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။ ဒါပေမဲ့လမ်းလေးနည်းနည်းဖယ်ပေးလို့ရမလားရှင်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းသွားစရာလေးရှိနေလို့ပါ” ဟု ကောရှင်းယွီက ယဉ်ယဉ်ကျေးကျေးပြောဆိုသည်။

ကံကောင်းစွာဖြင့် သူမ၏ ပရိတ်သက်များက ယဉ်ကျေး ပျူငှါကြသည်။ ရှင်းယွီ၏ မျက်နှာကိုတစ်ခါမှ မမြင်ဖူးခဲ့တာမို့ ပရိတ်သတ်များက သူမ ဓာတ်ပုံကိုလိုချင်နေကြသည်။

“ရှင်းယွီ၊ ဒါက မင်းကောင်လေးလား” ယောကျာ်းလေး ပရိတ်သတ်တစ်ဦးက မေးသည်။

“မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်တို့သူ့ကို သိကြမှာပါ။ သူက ကျွန်မရဲ့ နံပါတ်တစ်ပရိတ်သတ်ပါ”

ထိုသို့ပြောရင်း ကောရှင်းယွီသည် ဖန့်ကြွယ်ယွီအားပြုံးပြသည်။

ထိုအဖြေသည် ဖန့်ကြွယ်ယွီ၏ သရုပ်မှန်ကိုလှစ်ဟပြသည်။ သူဌေးလု၏ သရုပ်မှန်သည် ကောရှင်းယွီထက်ပိုမိုပြီး လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုနိုင်သည်။ ယနေ့မှာ သူဌေးလု၏ သရုပ်မှန်ကို သိရလိမ့်မည်ဟု မထင်ထားပေ။

“ဟေ့။ လူချောလေး။ မင်းက သူဌေးလုလား”

“မိုက်တာပေါ့။ ငါတော့ ငါ့အမျိုးသားကို တွေ့ရပြီ”

“အချစ်ရေ။ ဒီဘက်ကိုကြည့်ပါဦး”

“တိတ်စမ်းပါ။ သူဌေးလု နဲ့ အမရှင်းယွီ အတူတူရှိနေတာ မမြင်ဘူးလား။ သူတို့တူတူရှိတယ် ဆိုကတည်းက နင့်အတွက် အခွင့်အရေးဆိုတာ မရှိတော့ဘူး”

“ငါတော့ အသည်းကွဲပါပြီ”

“ငါလည်း အတူတူပါပဲ”

ဖန့်ကြွယ်ယွီ နှင့် ကောရှင်းယွီသည် တစ်ဦးနှင့် တစ်ဦး အကြည့်ချင်းဖလှယ်ကြပြီး ပြုံးမိကြသည်။

ယနေ့တွေ့ရသောပရိတ်သတ်များသည် သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုအတောအတွင်းလည်း စကားများကြရုံသာမက ပြင်ပ ဘဝတွင်လည်း ဆူညံပွက်လောရိုက်နေကြသည်။

ပရိတ်သတ်များကြားထဲမှ တိုးထွက်လာရသည်မှာ အလွန် အားစိုက်ထုတ်ရသဖြင့် ပင်ပန်းနေကြသည်။ သူတို့နှစ်ဦး၏ ဓာတ်ပုံသည် ဝီဘို(weibo) တွင် ပလူပျံနေတော့မည်မှာ အံ့အားသင့်ဖွယ်မရှိပေ။ ထို့အပြင် ယနေ့ည ဖျော်ဖြေ တင်ဆက်မှုမှာလည်း ပိုမိုပြီး စည်ကားနေလိမ့်မည်။

“ဟားး”ကောရှင်းယွီက အားပါးတရရယ်မောသည်။

“ဘာတွေ ဒီလောက်တောင် ရယ်နေရတာလဲ” ဖန့်ကြွယ်ယွီက သိချင်ဇောဖြင့် မေးမိသည်။

“ကြည့်လိုက်ဦး” ကောရှင်းယွီက သူမ၏ဖုန်းကို လှမ်းပေးသည်။

သူတို့ထင်ထားသလိုပင် သူတို့နှစ်ဦး၏ ဓာတ်ပုံများသည် ဝီဘိုတွင် ပျံ့သွားပြီး ဖြစ်သည်။ ထို့ပြင် ပရိတ်သတ်များ၏ မှတ်ချက်များစွာလည်း ဖတ်မနိုင်အောင် ဖြစ်ရသည်။သို့သော် ဖန့်ကြွယ်ယွီကိုပြောသော မှတ်ချက်များက ကောရှင်းယွီကို ပြောသော မှတ်ချက်များထက် ပိုများနေသည်။

“အမရှင်းယွီ၊ ဒီလိုသစ္စာဖောက်လို့ရလား”

“အမ ရှင်းယွီ၊ ဒီကောင်လေးက ဘယ်သူလဲဆိုတာ သမီးအခန်းဖော်က သိချင်လို့ သေတော့မယ်”

“ညီမလေးတို့၊ သူ့ကို ယောကျာ်းလို့ အမပဲ အရင်ခေါ်ပါရစေ”

“ဟာ ဘာတွေလဲကွာ”

“ကြည့်ပါဦး။ ရှင်ကလေ ဥက္ကဌဝမ်ကိုကျော်တက်ပြီး တစ်နိုင်ငံလုံးက လိုချင်နေတဲ့ ယောကျာ်း ဖြစ်သွားရှာပြီ” ကောရှင်းယွီက တခစ်ခစ်ရယ်မောနေသည်။

“ဪ ဒါနဲ့ ဥက္ကဌဝမ်တို့အဖွဲ့နဲ့ နေ့လည်စာစားပြီးပြီလား”

“စားပြီးပြီးလေ။ မင်းကို ငါပြောတယ်မလား”

“သွားပြီ။ ရှင်တော့ နာမည်ကြီးပြီ” ကောရှင်းယွီက ဓာတ်ပုံ အတန်းလိုက်ကြီးကို ပြသသည်။ ဝမ်ချုံးနှင့်အခြားလူများက ဟိုတယ်အဝင်အထွက်လုပ်ပုံများနှင့် ကားအကောင်းစားကြီး ပေါ်တက်သွားသော သူ၏ ခပ်ဝါးဝါးပုံများဖြစ်နေသည်။

သို့သော် သူမနှင့် ရိုက်ထားသည့် ဓာတ်ပုံများနှင့် မတူဘဲ ထိုပုံ များက သူ၏ အခြေအနေမှန်ကို အတိုင်းသား ဖော်ပြနေ သည်။

“ဘမ်ဘူးချန်နယ်မှာမြင်နေကျ သူဌေးလုဆိုတာ နောက်ဆုံး တော့ပေါ်လာခဲ့ပြီ”

“သူဌေးလု နဲ့ သူဌေးဝမ်က ကြယ်ငါးပွင့်ဟိုတယ်မှာ တွေ့ကြ တယ်။ သူ့ကို ပိုက်ဆံနဲ့ ဖိသတ်တယ်လို့ သူဌေးဝမ်ကတောင် ပြောယူရတယ်”

“လု စီးတဲ့ကားက မာစီရာဆီ MC12”

“လုရဲ့ သရုပ်မှန်ပေါ်လာပြီ။ သူက ဟွာရှားက အချမ်းသာဆုံး လူရဲ့ တိတ်တိတ်ပုန်းသားများဖြစ်နေမလား”

ခဏလေးအတွင်းမှာ ဖန့်ကြွယ်ယွီ၏ အချက်အလက်များ အားလုံးသည် ဝီဘိုပေါ်တွင် ပလူပျံနေတော့သည်။

ကောရှင်းယွီပြောတာမှန်နေပါသည်။ သူက တကယ့်ကို နာမည်ကြီးလာတော့မည်။

All Chapters