ငါ မြေတောင်မြှောက်ပေးတဲ့ အနုပညာရှင် ဖြစ်ဖို့ မင်း စဉ်းစားကြည့်မလား!
Vol. 3 Ch. 30
ပရိတ်သတ်များ၏ စိတ်ကူးယဉ်တွေးတောပုံများက တကယ့် ကို ဆန်းကြယ်လှသည်။ ဟွာရှားက အချမ်းသာဆုံးပုဂ္ဂိုလ်၏ တိတ်တိတ်ပုန်းသားဟူ၍ ဇာတ်လမ်းဆင်ကြသေးသည်။
ထိုစကားများသည် အခြေအမြစ်မရှိသော စကားများကို ပြော သည့် အကောင့်တုများက ထွက်လာသည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော်ငြား ယခုအချိန်ကစပြီး ဝမ်ချုံးကဲ့သို့ သူဌေးသားတစ်ဦး သည် အင်တာနက်ပေါ်တွင် နာမည်ကြီးလာတော့မည်။
လူအများအပြားသည်ဖန့်ကြွယ်ယွီ၏ ဝီဘိုအကောင့်ကို ဝင်ကြည့်ကြသည်။ သို့သော် သူ၏ပုံစံက သိသိသာသာ ပြောင်းလဲသွားတာမို့ ထိုမထင်မရှားပုံများကိုကြည့်ပြီး သူ၏ သူငယ်ချင်းများကတောင် မမှတ်မိနေပေ။ ထို့ကြောင့် သူ၏ အကြောင်းစုံကို မည်သူမှ ဂဃနန မသိပေ။
“မင်း ဗိုက်ဆာနေပြီလား။ ငါတို့ အရင်ဆုံးတစ်ခုခု စားကြရင် ရော”
ပရိတ်သတ်များဆီက လွတ်အောင် ရှောင်တိမ်းလာခဲ့ပြီးနောက် ငါးနာရီထိုးခဲ့ပြီဖြစ်သည်။ သူတို့နှစ်ဦးသည် ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် ဗိုက်ဆာလာကြသည်။
“ကျွန်မကတိပေးထားသလိုပဲ ဒီနေ့ည ညစာကို ကျွန်မကျွေးပါ ရစေ။ ရှင်ပိုက်ဆံရှင်းပါ့မယ်လို့ မတောင်းဆိုရဘူးနော်” ကောရှင်းယွီက ဆိုသည်။
“ဟုတ်ပါပြီ။ မင်းပဲ ဒီနေ့ညညစာရှင်းလိုက်ပါ။ သူဌေးမကြီး ရယ်” ဖန့်ကြွယ်ယွီက ရွှတ်နောက်နောက်ပြောသည်။
“မစပါနဲ့။ ကျွန်မက ဘယ်လိုလုပ်ချမ်းသာမှာလဲ။ ရှင့်လို သူဌေးနဲ့ယှဉ်လျှင် ကျွန်မကပါမွှားပါ”
“ကျွန်မကိုအမှန်အတိုင်းပြောပြပါ။ ဒီနေ့မနက် ဟယ်လီကော်ပတာဖြစ်ရပ်က ရှင်နဲ့ပတ်သတ်တယ်မလား”
“မင်းက အဲ့တာလည်း သိတာပဲလား” ဖန့်ကြွယ်ယွီတစ်ယောက်အံ့အားသင့်ရသည်။
ထိုဖြစ်ရပ်က ထူးခြားဆန်းပြားသည်ဟုထင်ရသော်လည်း သာမန်လူတစ်ဦး၏ အမြင်ဖြင့်ကြည့်ပါက လူချမ်းသာများ၏ မိုက်ရူးရဲဆန်သော အပြုအမူဟု ဆိုနိုင်သည်။
“ဟုတ်တယ်။ ငါပါပဲ” ဖန့်ကြွယ်ယွီက ဝန်ခံသည်။
“ဒါပေမဲ့ ဟယ်လီကော်ပတာကို စီစဉ်ပေးတာက ငါရဲ့လက်ထောက်ပါ။ ငါဖြင့် သိတောင်မသိဘူး။ နေ့တစ်ဝက် လောက် ကောင်းကင်မှာတွဲလောင်းကြီးနေရတာ သေတော့ မလိုပဲ။ အဲ့ဖြစ်ရပ်ကိုပြန်စဉ်းစားမိပြီး ကြက်သီးတောင် ပြန်ထ လာပြီ”
“ဪရှင်ကိုး” ကောရှင်းယွီက တအံ့တဩဖြစ်ရပြန်သည်။
ယနေ့ပွဲကို အလွန်ချမ်းသာကြွယ်ဝသော စီးပွါးရေးလုပ်ငန်းရှင် ကြီးများနှင့် သူဌေးမျိုးဆက်များ တက်ရောက်သည်မို့ သူမက စနောက်လိုက်ခြင်းဖြစ်သည်။
ထိုသူများက ကိုယ်ပိုင်ဟယ်လီကော်ပတာတစ်စီးကို ခေါ်ယူ နိုင်သော အနေအထားများရှိကြသည်။
“ဟုတ်ပါပြီ။ အဲ့တာတွေထားပါတော့။ နေရာကိုပြောလေ။ အဲ့ဒီကို သွားကြစို့”
ဖန့်ကြွယ်ယွီသည် ထိုအကြောင်းကို ဆက်မပြောလိုပေ။ ထိုအကြောင်းက အွန်လိုင်းမှာ ပျံ့နှံ့နေလိမ့်မည်ဆိုတာ သူခန့်မှန်းပြီးဖြစ်သည်။
“ဟမ်၊ခဏလေး ကြည့်လိုက်ဦးမယ်။ ကျွန်မက မော့သော မှာရှိတဲ့ နာမည်ကြီးပင်လယ်စာဆိုင်မှာ ကြိုတင်ပြီး ဘွတ်ကင် ယူထားတာ။ အရမ်းအဆင့်မြင့်တဲ့စားသောက်ဆိုင်မဟုတ်ပေမဲ့ အချိန်အကြာကြီးစောင့်ရတာ။ ကျွန်မတို့ကျောင်းနားမှာလည်း တစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်လည်း အရသာမဆိုးဘူး ပြောကြ တယ်”
ကောရှင်းယွီက သူမ၏ သူငယ်ချင်းများထံမှ သိရခြင်း ဖြစ်သည်။ သူမရှာဖွေသမျှ ပိုက်ဆံသည် အသုံးစရိတ်လောက် ရုံမျှသာရှိသည်။ ထို့ကြောင့် ထိုဆိုင်သည် အရမ်း အဆင့်မြင့် သောဆိုင်မဟုတ်သော်ငြား လူတစ်ဦးအတွက် ကုန်ကျစရိတ် သည် ထောင်သောင်းမကရှိသည်။ ထိုပမာဏသည် သူမ၏ တစ်ပတ်စာ ဝင်ငွေလောက်ရှိသည်။
“ကောင်းပြီ။ ဒီနားမှာခဏစောင့်ဦး။ ကားပါကင်ကနေ ကားထုတ်လာခဲ့မယ်”
“အင်းအင်း”
သိပ်မကြာခင်မှာပင် ခရမ်းရင့်ရောင် မာစီရာတီ MC12ကားသည် ကောရှင်းယွီရှေ့တွင် ရပ်လာသည်။ ထိုကား၏ အဆင့်မြင့်ပုံစံကချက်ချင်းဆိုသလို လူအားလုံး၏ အကြည့်ကို ဖမ်းစားနိုင်သည်။
“ဒါက..ရှင့်ကားက Porsche(ပေါ်ရှာ) မဟုတ်ဘူးလား။ ဒါက ဘယ်လိုဖြစ်တာလဲ” သူက ဘာကားပဲစီးစီး ကောရှင်းယွီ စိတ်မဝင်စားပေ။
သို့သော် ဤမျှလောက် ခမ်းနားသော ကားအကောင်းစားကို စီးရသည်မှာ သူမအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ရသည်။
“မတတ်နိုင်ဘူးလေ။ ငါ့ကားရဲ့ နံပါတ်ပြားက အွန်လိုင်းမှာ ပျံ့သွားတယ်လေ။ ငါသာ အဲ့ကားကိုစီးပြီးထပ်သွားရင် တစ်ရက်မှ အေးဆေးနေရမှာမဟုတ်ဘူး။ ဒါကြောင့်မို့ ငါ့ရဲ့ လက်ထောက်ကို ကားလဲပေးဖို့ ပြောခဲ့တာ”
“ငါလိုချင်တဲ့ကားမှာက ပြသနာနည်းနည်းရှိနေလို့ ကုမ္ပဏီ ဘက် က ပြန်သိမ်းသွားတာမို့။ ဒီကားကိုပဲ စီစဉ်ပေးခဲ့တာ”
ဖန့်ကြွယ်ယွီပြောပုံကိုကြည့်ပြီး ဤကားသည် သူရွေးချယ်သောကားမဟုတ်ဘူးဆိုတာ သိသာနေသည်။ ဝမ်ချုံးသာ ဘေးနားမှာရှိပါက ဝီဘိုအကောင့်တွင် ထပ်တင်ပြီး ဖန့်ကြွယ်ယွီအား ပြက်ရယ်ပြုလိမ့်ပေဦးမည်။
“ဒီကားကြီးကိုစီးပြီး သွားကြမှာလား” အမှန်ပြောရမည်ဆို သူမ၏ မိသားစုသည် စီးပွါးရေးအဆင်မပြေသဖြင့် သူမအဖို့ သာမန်ကားတစ်စီးတောင် မစီးနိုင်ပေ။ သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။
“မင်းမတက်ချင်ဘူးဆိုလည်း အနောက်မှာ တက်ဖို့တန်းစီပြီး စောင့်နေကြတဲ့လူတွေ အများကြီးရှိတယ်”
ဖန့်ကြွယ်ယွီက ခနဲ့တဲ့တဲ့ ပြောဆိုသည်။
အနီးအနားရှိ ချောမောလှပသော မိန်းကလေးများက ထိုကားကို ကြည့်နေကြသည်။ သူတို့အတွက်တော့ ယနေ့ပွဲ အခမ်းအနားသည် ချမ်းသာသောအသိုင်းအဝိုင်းနှင့် ရေစက်ဆုံ နိုင်သော အခွင့်အလမ်းကောင်းကြီးတစ်ခုဖြစ်သည်။
“ကောင်းပြီလေ” ကောရှင်းယွီက ကားပေါ်တက်လာသည်။
“သွားကြစို့”
ဖန့်ကြွယ်ယွီသည် ဆိုင်နေရာအတိအကျကိုမသိသော်လည်း ရှောင်းရီသည် လမ်းပြစနစ်တွင် အသင့်တော်ဆုံး လမ်းကြောင်း ကိုထည့်ထားပေးပြီးဖြစ်သည်။
ဝူးခနဲဟူသော ကားစက်သံနှင့်အတူ ကားမောင်းထွက်သွား သောအခါ လမ်းတစ်လျှောက်လုံးရှိ လူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ရုတ်တရက်ဆိုသလို ဖန့်ကြွယ်ယွီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ကောရှင်းယွီသည် အသံချိုချိုလေးနှင့် ဂီတနှင့် ပတ်သက်ပြီး ပါရမီပါသူတစ်ဦးဖြစ်သည်။
တိုက်ရိုက်တင်ဆက်မှုပြုလုပ်ခြင်းမှ ဝင်ငွေအတော်အသင့် ရသည်ဆိုသော်ငြား သူမ၏ အရည်အချင်းများမှာ နှမြောစရာ ကောင်းလှသည်။
ကောရှင်းယွီသာ အဆိုတော်တစ်ဦးဖြစ်နိုင်ပါက ထိုအရာသည် သူမအတွက် အကြီးမားဆုံးအိမ်မက်တစ်ခု ဖြစ်လာလိမ့်မည်။
အနုပညာလောကသည်ရှုပ်ထွေးလှပေသည်။ ထိုအကြောင်းကို ဖန့်ကြွယ်ယွီက ကောင်းကောင်းနားလည်သဘောပေါက်သည်။
အနုပညာလောကရှိ လူတိုင်းက ရှုပ်ထွေးလှသည်ဟု တပ်အပ် မပြောနိုင်သော်လည်း ထိုအသိုင်းအဝိုင်းကြားတွင် ကျင်လည် နေသည့် မိန်းမလှလေးများအဖို့ ခန္ဓာကိုယ်ကို ရောင်းချရသည့်အနေအထားကို မသိမသာရောက်သွားကြ သည်။
ကောရှင်းယွီကိုတော့ ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ကောရှင်းယွီအား သူ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိရန် ဖြစ်သည်။
“ရှောင်းရီ ငါ့နာမည်နဲ့ပိုင်တဲ့ အနုပညာထုတ်လုပ်ရေးရှိလား”
ဖန့်ကြွယ်ယွီက စိတ်ထဲမှမေးသည်။
“မရှိသေးဘူး။ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေနဲ့ယှဉ်ရင် အနုပညာလုပ်ငန်းမှာရင်းနှီးရတာက ပမာဏပိုများတယ်။ ပြီးတော့ ငွေပြန်ရဖို့ကလည်း ကြာတယ်။ ဒါကြောင့်မို့ ဟိုးလွန်ခဲ့တဲ့နှစ်တွေထဲက အနုပညာလုပ်ငန်းတွေကို ရပ်တန့်ပစ်ခဲ့တာလေ”
“ကောင်းတာပေါ့” ဖန့်ကြွယ်ယွီက သူ၏ ပေါင်ကို တဖြန်းဖြန်းရိုက်သည်။
သူသည် ငွေအများကြီးစိုက်ထားရပြီး အမြတ်ပြန်ရရန် ကြာရှည်သောလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံပါက ကောရှင်းယွီကို ကူညီနိုင်ရုံသာမက သူ လုပ်ဆောင်ရမည့်မစ်ရှင်လည်း အဆင်ပြေတာမို့ နှစ်ဦးနှစ်ဘက်အကျိုးရှိသည်ဟု ဆိုနိုင်သည်။
“ဖန့်ကြွယ်ယွီ၊ ရှင်ဘာလုပ်နေတာလဲ”
“အမ်..ခြင် ခြင်တွေ့လို့” ဖန့်ကြွယ်ယွီက အူကြောင်ကြောင် အဖြေကိုပေးသည်။
“ရှင်းယွီ၊ မင်းမှာ အိမ်မက်ရှိလား”
“ဟမ်” သူ၏ ရုတ်တရက် မေးခွန်းက ကောရှင်းယွီ ကြောင်အမ်းအမ်း ဖြစ်ရသည်။
ဘာလို့ ရုတ်တရက်ကြီး အိမ်မက်အကြောင်း ထပြောနေရ သနည်း။
“ဒါပေါ့ ရှိတာပေါ့။ ကျွန်မမိသားစုကို စီးပွါးရေး ပြေလည်စေ ချင်တယ်။ ပြီးတော့ ကျွန်မညီမလေးကို ကျောင်း ကောင်းကောင်းမှာထားချင်တယ်”
“အဲ့တာကို ပြောတာမဟုတ်ဘူးလေ.. မင်းရဲ့ ကိုယ်ပိုင် အိမ်မက်… ဆန္ဒပေါ့ကွာ”
“မင်း တဘဝလုံး တိုက်ရိုက်တင်ဆက်သူဘဝနဲ့ နေချင်တာ လား”
“ဘယ်နေချင်ပါ့မလဲ။ မနေချင်ဘူးလေ” ကောရှင်းယွီက နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားသည်။ ဂီတကိုလေ့လာသူတိုင်း ခမ်းနားလှသောစင်မြင့်ထက်တွင် များပြားလှစွာသော ပရိတ်သတ်များ၏ အားပေးသံကိုလိုချင်တောင့်တကြသည်။
“ကျွန်မအိမ်မက်က အဆိုတော်ဖြစ်ချင်တာ”
“ငါကြားချင်တာ အဲ့လိုအဖြေကွာ” သူအကြားချင်ဆုံးအဖြေကို ဖန့်ကြွယ်ယွီ ကြားလိုက်ရသည်။
“ဒီလိုဆိုရင်ရော။ ငါ မြေတောင်မြှောက်ပေးတဲ့ အနုပညာရှင် ဖြစ်ဖို့ မင်း စဉ်းစားကြည့်မလား”