အနက်ရောင်ကတ်၏ ပါဝါ
Vol. 3 Ch. 31
“ရှင့်မိသားစုတွေက အနုပညာလုပ်ငန်းလုပ်တာလား” ဖန့်ကြွယ်ယွီဘက်က ထိုကဲ့သို့ ကမ်းလှမ်းလာမည်ဟု ကောရှင်းယွီ မထင်ထားမိပေ။
“အင်း…ရှိတယ်ပဲ ဆိုကြပါစို့” သူ့အနေနှင့် အနုပညာလုပ်ငန်း နှင့် မီဒီယာလုပ်ငန်းများကို အမှန်တကယ်မပိုင်ဆိုင်နေသဖြင့် ပြတ်ပြတ်သားသား မဖြေရဲပေ။
“ကျွန်မကို စာချုပ်ချုပ်လိုက်လို့ ရှင့်ပိုက်ဆံတွေ ဆုံးရှုံးသွားမှာ မစိုးရိမ်ဘူးလား” သူမက ပေါ့ပ်ဂီတကိုလေ့လာခဲ့သော်လည်း သူမလိုပင် လေ့လာသူများစွာရှိနေသည်။ နာမည်ကြီးဖို့ သည် တပ်များအထပ်ထပ်ကာရံထားသော သစ်လုံးတံတားတစ်စင်း ကို ဖြတ်နေရသလိုပင် ရင်တုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှ ပေသည်။
“ငါက ဘာကို စိုးရိမ်နေရမှာလဲ။ ပိုက်ဆံတွေဆုံးရှုံးရင် ငါက ပိုလို့တောင်ပျော်သေးတာ” ဖန့်ကြွယ်ယွီက တီတိုးရေရွတ် သည်။ သူ၏ ပိုင်ဆိုင်မှုသည် ယနေ့တစ်နေ့တည်းမှာ ဒေါ်လာ တစ်ဘီလီယံနီးပါး တိုးလာခဲ့သည်။ ဒီပုံစံအတိုင်းသာဆက်ပြီး တိုးနေပါက သူ့ပိုက်ဆံများသည် ပိုပိုများလာကာ သုံးမကုန်နိုင် ဖြစ်ရပေတော့မည်။
“ဟမ်..ရှင် ဘာပြောလိုက်တာလဲဟင်”
“အို ၊ ဘာမှ မဟုတ်ဘူး။ ငါ မင်းရဲ့အရည်အချင်းကို ယုံတယ်။ ဒါကြောင့်မို့လို့ မင်းသာဆန္ဒရှိတယ်ဆို မင်းကို သေသေချာချာ လေ့ကျင့်ပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ် ဆရာတွေရှာပေးမယ်။ ဒါကြောင့်မို့ မင်းဘက်က ကြိုးစားချင်စိတ်နဲ့ ဖြစ်ချင်တဲ့စိတ်ပဲ ရှိဖို့လိုတာ”
ထိုစကားကိုကြားပြီး ကောရှင်းယွီ အသံတိတ်သွားသည်။ ထိုအရာသည် သူမအတွက် မဟာအခွင့်အရေးဖြစ်သည်။ သူမက ဖန့်ကြွယ်ယွီနှင့် သိကျွမ်းတာ မကြာသေးသော်ငြား သူ့ဘက်က ကမ်းလှမ်းမှုသည် စစ်မှန်သည်ဟု ခံစားရသည်။
တိုက်ရိုက်ဖျော်ဖြေတင်ဆက်သူအဖြစ်လုပ်ကိုင်စဉ် အနုပညာ လုပ်ငန်းလေးများက သူမကိုချဉ်းကပ်ခဲ့သည်။ သို့သော် အင်တာဗျူးဖြေသောအခါ သူမ၏ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး သူမ မလိုက်လျောနိုင်သောလိုအင်များကို တောင်းဆိုကြသည်။ သူမက မလိုက်လျောနိုင်သဖြင့် ဘာမှဆက်မဖြစ်လာတော့ပေ။
သူမက ပညာတတ်ပီပီ နာမည်ကျော်ကြားလိုမှုကြောင့် သူမ၏ ခန္ဓာကိုယ်ကို မရင်းနိုင်ပေ။ သူမ၏ မိသားစုအခြေအနေ က လည်း သူမ၏ ခန္ဓာကိုယ်ကို ရောင်းစားရသည်အထိ မဆိုးဝါး နေပေ။ သူမကိုယ်သူမလည်း တန်ဖိုးထားပြီး ပြုမူနေထိုင် သည်။
“တကယ်ပါ။ မင်းသာ လိုက်လျောမယ်ဆို မင်းမကြိုက်တာတွေ ဘာမှမလုပ်ခိုင်းပါဘူး။ မင်းရဲ့ ဂီတအပေါ်ကိုသာ အာရုံစိုက် ထားရုံပဲ”
“တကယ်!”
“တကယ်ပေါ့ကွ။ မင်းကို လိမ်ပြောလို့ ငါက ဘာရမှာလဲ”
သူ၏ ကြွယ်ဝချမ်းသာမှုပုစံနှင့်ဆို အနုပညာလောကရှိ မင်းသမီးများက သူနှင့် ပတ်သက်ချင်သဖြင့် တန်းစီ စောင့်နေ ကြလိမ့်မည်။ ထို့ကြောင့် နာမည် မကြီးသေးသော အမျိုးသမီးတိုက်ရိုက်တင်ဆက်သူကို သူဘာကြောင့် ကမ်းလှမ်းမည်နည်း။
“ကောင်းပြီ။ ကျွန်မစဉ်းစားပြီးရင်ရှင့်ကိုပြန်ပြောပါ့မယ်”
“ကောင်းပြီ။ မင်းဆီက အဖြေကို မျှော်နေမယ်”
ကောရှင်းယွီ၏ မျက်နှာသည် ရှက်သွေးဖြာလာသည်။ ဖန့်ကြွယ်ယွီက ကားကိုအာရုံစိုက်ပြီး မောင်းနေသဖြင့် သူမ၏ ရှက်သွေးဖြာသောပုံစံကို သတိမထားမိပေ။
“တစ်ခုခုမေးစရာရှိနေရင် မေးပါ”
“ရှင် ဘာလို့ ကျွန်မကို ကူညီရတာလဲ။ ရှင် ကျွန်မကို ချဉ်းကပ်ဖို့ ကြိုးစားနေတာလား”
“မဟုတ်…မဟုတ်တာဗျာ။ လျှောက်မတွေးပါနဲ့” ဖန့်ကြွယ်ယွီ စကားများပင်ထစ်လာသည်။ သူ့ဘဝမှာ ကျန်းယွမ်ကိုသာ နှစ်နှစ်ကြာတွဲဖူးခဲ့သည်။ သူသာခံစားချက်ရှိနေပါကလည်း ကောရှင်းယွီဘက်ပင် စတင်ရလိမ့်မည်။ အကြောင်းမှာ သူ သည် ထိုကိစ္စရပ်များနှင့် ပတ်သက်ပြီး အတွေ့ အကြုံမရှိနေပေ
“မင်းက သီချင်းဆိုလည်း ကောင်းတယ်။ ဖျော်ဖြေတာလည်း ကောင်းတာမို့ ငါတွေးမိတာပါ။ မင်းက တိုက်ရိုက်တင်ဆက်သူ ချည်းပဲ လုပ်နေပြန်တော့ နှမြောစရာကောင်းလွန်းတယ်လို့ တွေးမိတာမို့ ငါမင်းကို ကူညီချင်လို့ ကမ်းလှမ်းခဲ့တာပါ”
ထိုအချိန်တွင် သူ၏ နှလုံးသားနားကို ကပ်ပြီးနားထောင်ပါက ပြင်းထန်ပြီး ကျယ်လောင်မြန်ဆန်နေသော သူ့နှလုံးခုန်သံကို အတိုင်းသားကြားလိမ့်မည်။ ညဘက်တဖြည်းဖြည်းရောက်လာပြီး မှောင်ရိပ်သမ်းလာသဖြင့် တော်သေးသည်။ ထိုသို့မဟုတ်ပါက ကောရှင်းယွီထက် ရှက်သွေးပိုဖြာနေသော သူ၏ မျက်နှာကို မြင်ကြလိမ့်မည်။
သူတို့နှစ်ဦးကြားရှိအနေအထားသည် ရှိုးတို့ရှန်းတန်း ဖြစ်လာ ကြသည်။ ကံကောင်းထောက်မစွာဖြင့် ဆိုင်ကိုရောက်ရှိလာကြ သည်။
ထိုပင်လယ်စာ စားသောက်ဆိုင်သည် ဘားရန့်ပင်လယ်စာ စားသောက်ဆိုင်ဖြစ်ပြီး ဝမ်ချုံးမိသားစု ပိုင်ဆိုင်သော ပိုင်သာ့ ပလာဇာမှာတည်ရှိသည်။ ခရီးသွားရာသီနှင့် အားလပ်ရက် ကာလနှင့် တိုက်ဆိုင်နေသဖြင့် ပလာဇာတစ်ခုလုံး လူများဖြင့် စည်ကားအသက်ဝင်နေသည်။
ကားပါကင်နေရာရှာဖွေရသည်မှာ အားလုံးအတွက် စိန်ခေါ်မှု တစ်ရပ်ကဲ့သို့ ဖြစ်နေသည်။ ဖန့်ကြွယ်ယွီသည် ကားပါကင် နေရာရဖို့အရေး ကြိမ်ပေါင်းများစွာ ကြိုးပမ်းရှာဖွေရသည်။
သူတို့က ပင်လယ်စာစားသောက်ဆိုင်၏ ဝင်ပေါက်ကို ရောက်သောအခါ စောင့်ဆိုင်းနေသောလူအုပ်ကြီးသည် အသက်ရှင်ရပ်တည်ဖို့ဂိမ်းပြိုင်ပွဲရှိ တိုက်ပွဲတစ်ခုနီးပါး ရှည်လျားသည်။
“အို.. သွားပါပြီ ကျွန်မတို့ အလှည့်ကျော်သွားပြီ” ကောရှင်းယွီ၏ နံပါတ်သည် ၁၂၅ဖြစ်သည်။ သို့သော် အောင်မြင်သောလုပ်ငန်းပီပီ စားပွဲဝိုင်းအလှည့်ကျနှုန်းက မြန်ဆန်သည်။ ဆိုင်ဘက်က နံပါတ် ၁၃၈ကို ခေါ်နေသည်။
“စိတ်မပူပါနဲ့။ကိုယ့်အလှည့်ကျော်သွားရင် သုံးဝိုင်းလောက် တော့ စောင့်ပေးရတယ်မလား”
“ကျွန်မမေးကြည့်လိုက်ဦးမယ်”
သူမ မသိလိုက်ခင်မှာပင် ကောရှင်းယွီသည် ဖန့်ကြွယ်ယွီ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် အားကိုးတကြီး ကိုင်ထားမိသည်။
“စိတ်မရှိပါနဲ့ရှင်။ ခုလတ်တလောကြုံတွေ့နေရတဲ့ အနေအထားတွေကြောင့် လူကြီးမင်းတို့ ညစာသုံးဆောင် ချင်တယ်ဆို နံပါတ်အသစ်ပြန်ယူပြီး အနောက်ဘက်ကနေ တန်းစီပေးပါရှင့်”
“ဟုတ်လား။ သိပါပြီ” ကောရှင်းယွီ စိတ်ပျက်သွားမိသည်။
သူမက ဖန့်ကြွယ်ယွီကို ညစာကျွေးရန် ဖိတ်ထားသော်လည်း အခြေအနေက အဆင်မပြေနေပေ။ ဒီပုံအတိုင်းသာဆို သူတို့ သည် အနည်းဆုံး နှစ်နာရီ သို့ သုံးနာရီလောက် စောင့်ပြီးမှ စားပွဲရနိုင်မည်။
သူမဖြစ်ပျက်သွားသောအမူအရာကိုကြည့်ပြီး ဖန့်ကြွယ်ယွီ ၏လက်က သူမ၏ ဦးခေါင်းကို ခပ်ဖွဖွပုတ်ပြီး အလိုအလျောက် နှစ်သိမ့်ပေးမိသည်။
တခဏကြာပြီးမှ သူလုပ်မိသည့်အပြုအမူကို ရှက်ရွံ့သွားသည်။ ထို့အတူ ကောရှင်းယွီလည်း ကြောင်အမ်းအမ်းဖြစ်လာသည်။
“အဆင်ပြေအောင် ငါလုပ်ပေးမယ် ဟုတ်ပြီလား။ ဒီည ဒီမှာ ညစာစားဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား”
ဖန့်ကြွယ်ယွီသည် စားပွဲထိုးတစ်ဦးကိုခေါ်ပြီး
“ဟဲလို။ မင်းတို့ မန်နေဂျာကို ခေါ်ပေးလို့ရမလား”
“ဘယ်သူလဲ မသိဘူးရှင့်”
စားပွဲထိုးက အလုပ်များနေသဖြင့် မောပန်းနွမ်းနယ်နေသည်။ ထို့ကြောင့် ဧည့်သည်များအပေါ်ဆက်ဆံသည့်ပုံစံလည်း စိတ်တိုသည့်ပုံပေါ်နေသည်။
“ငါတို့မန်နေဂျာက အလုပ်များတယ်။ ဒါကြောင့်မို့ ရှင်နဲ့တွေ့ဖို့ အချိန်မရှိနေဘူး။ ရှင်တို့ ဆိုင်မှာ ညစာစားချင်တယ်ဆို နံပါတ်ယူပြီး အလှည့်ကျရောက်ဖို့ စောင့်နေလေ”
“ဟက်ဟက်” ဖန့်ကြွယ်ယွီက ရယ်မိသည်။
ထိုစားပွဲထိုးကို သူ့အနေဖြင့်ကိုယ်ချင်းစာမိသည်။ သို့သော် စားပွဲထိုးက ဧည့်သည်အပေါ် ထိုကဲ့သို့ပြောဆိုဆက်ဆံပုံမျိုးကို သူ မနှစ်မြို့ပေ။
“ငါ ထပ်ပြောမယ်။ မင်းတို့မန်နေဂျာကိုသွားခေါ်ပေး။ မဟုတ်လို့ကတော့ နောက်ပိုင်းဖြစ်လာမဲ့ အကျိုးဆက်ကို မင်းရှင်းပေးရမယ်”
ဖန့်ကြွယ်ယွီ၏ ခြိမ်းခြောက်မှုအပေါ် စားပွဲထိုးက အံ့အားသင့် သွားသည်။
စားပွဲထိုးက ဖန့်ကြွယ်ယွီကို လှမ်းကြည့်ချိန်တွင် သူ၏ စိုက်ကြည့်နေသော အကြည့်က သူမကို ထိတ်လန့်စေသည်။
“ဧည့်ကြိုကောင်တာကပါ။ ကျေးဇူးပြုပြီး မန်နေဂျာကို ခေါ်ပေးပါ။ ဒီမှာ သူ့ကို လူတစ်ယောက်လာရှာနေပါတယ်” ဖန့်ကြွယ်ယွီ အလိုရှိသည့်အတိုင်း စားပွဲထိုးက ပြောလိုက် သည်။
သိပ်မကြာခင်မှာ အသက်သုံးဆယ်အရွယ် လူချောတစ်ဦး ပြေးထွက်လာသည်။
“မန်နေဂျာရှင့်…သူတို့က မန်နေဂျာကိုရှာနေတာပါ” ထိုသို့ပြောပြီးနောက် စားပွဲထိုးက ဖန့်ကြွယ်ယွီတို့ဘက်ကို တစ်ချက် လှမ်းကြည့် သည်။
“ဘာများကူညီပေးရမလဲခင်ဗျာ” မန်နေဂျာက ယဉ်ယဉ်ကျေးကျေးမေးသည်။
“ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဒီမှာ ညစာစားချင် တာဗျာ။ ဒါပေမဲ့ လူကများလွန်းတယ်။ ကျွန်တော်တို့ ညစာ စားဖို့ နေရာတစ်နေရာ အမြန်စီစဉ်ပေးလို့ရမလား”
ဖန့်ဟွိုက်က သူ့ကိုပေးခဲ့သော အနက်ရောင်ကတ်ကို ထုတ်ပြ သည်။
အမှန်က မန်နေဂျာက တစ်စုံတစ်ရာကို ပြန်ပြောရန် ဟန်ပြင် နေသည်။ သို့သော် ထိုအချိန်တွင် အနက်ရောင်ကတ်ကို တွေ့သောအခါ သူ့မျက်လုံးများပြူးကျယ်လာပြီး သူပြောမည့် စကားလုံးများကို မြိုသိပ်လိုက်ရသည်။
မန်နေဂျာတစ်ဦးအနေဖြင့် သူသည် အထူးမွမ်းမံသင်တန်း များနှင့် အစည်းအဝေးများ ကိုတက်ရောက်ရသည်။ ထိုသင်တန်းများတွင် အထူးဂရုစိုက်ရမည့် ဧည့်သည်များကို ဝတ်စားဆင်ယင်မှုနှင့် အနေအထားများကိုကြည့်ပြီး အကဲဖြတ်နိုင်ရုံသာမက သုံးစွဲသည့် အနက်ရောင်ကတ် နှင့်လည်း ဆုံးဖြတ်နိုင်သည်။
ဖန့်ကြွယ်ယွီကိုင်ထားသော အနက်ရောင်ကတ်သည် ဩဇာတိက္ကမကြီးမားသော လူချမ်းသာအသိုင်းအဝိုင်းသာ သုံးနိုင်သည့်ကတ်ဖြစ်သည်။
သင်တန်းတွင် သူတို့ကိုသင်ကြားပေးသောဆရာများက ထပ်တလဲလဲပြောနေသော တစ်ချက်ရှိသည်။
“ဟွမ်ဖူမြစ်ထဲကို ပစ်ချတာမခံချင်ဘူးဆို အနက်ရောင်ကတ် ကိုင်ထားသူတွေ တောင်းဆိုတဲ့အရာတွေပို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်”
“ဂုဏ်သရေရှိလူကြီးမင်း…ကြိုဆိုပါတယ်ခင်ဗျာ” မန်နေဂျာက ကိုးဆယ်ဒီဂရီ အနေအထားဖြင့် ဦးညွှတ်သည်။
“ဆရာ့အတွက် နေရာတစ်ခု ချက်ချင်းစီစဉ်ပေးပါ့မယ်ခင်ဗျာ”
“ကျေးဇူးပါ” ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြပြီး ကောရှင်းယွီကို ဆိုင်အတွင်းခေါ်လာသည်။
“မင်း ဒီဧည့်သည်နှစ်ယောက်ကို မချေမငံပြောမိသေးလား” မန်နေဂျာက အံ့အားသင့်နေသော စားပွဲထိုးကိုမေးသည်။
“ကျွန်…ကျွန်မ…”
စားပွဲထိုးက တစ်ကိုယ်လုံးတုန်ရီနေသည်။ ယခုဖြစ်ပျက်သွားသောအခြေအနေကိုကြည့်ပြီး သူမ မချေမငံ မပြောသင့်သောလူကိုမှ ပြောမိလေခြင်းဟု တွေးမိကာ သူမ ကိုယ်သူမ အရူးတစ်ယောက်လို ပြစ်တင်ကြိမ်းမောင်းနေမိတော့သည်။