ကျောက်ကပ်ရောဂါ
Vol. 3 Ch. 32
“ဒီဘက်ကိုကြွပါခင်ဗျာ” ဖန့်ကြွယ်ယွီတို့အား ပြတင်းပေါက် ဘေးနားရှိ နေရာလှလှလေးဆီသို့ မန်နေဂျာကိုယ်တိုင် ခေါ်ဆောင်သွားသည်။
ထိုပြတင်းပေါက်မှ ကြည့်လျှင် မြို့တစ်မြို့လုံး၏ ရင်သပ်ရှုမော ဖွယ်ကောင်းသော ညခင်းအလှကို မြင်ရနိုင်သည်။ ထို့အပြင် တခြားစားပွဲများနှင့် ခပ်ဝေးဝေးအနေအထားမှာ ရှိတာမို့ တိတ်ဆိတ်ငြိမ်သက်သော အခြေအနေကို ဖန်တီးပေး နေသည်။
ထိုကဲ့သို့စားပွဲလေးလုံးရှိပြီး အထူးဧည့်သည်တော်များ အတွက် သီးသန့်ဖယ်ထားခြင်းဖြစ်သည်။ ထိုနေရာများသည် သာမန်လူများရရှိနိုင်သော နေရာမျိုးမဟုတ်ပေ။
“ခုနက ကျွန်တော်တို့ဆိုင်ရဲ့ စားပွဲထိုးက ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိခဲ့ရင် ကျွန်တော်ကပဲ သူ့ကိုယ်စားတောင်းပန်ပါတယ် ခင်ဗျာ။ သူ့ရဲ့ မရိုမသေဆက်ဆံပုံကြောင့် ဒီနေ့ညရဲ့ ညစာ သုံးဆောင်တဲ့အပေါ်မှာ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ မျှော်လင့်မိပါတယ်ခင်ဗျာ”
မန်နေဂျာက ကောင်တာရှိ စားပွဲထိုးကို သူတို့နှစ်ဦး ရှေ့မှောက်ကို ခေါ်လာသည်။ သူ့အမှားသူ သိနေပုံရပြီး ခေါင်းကို ငုံ့ထားသည်။
ဖြစ်ပျက်ခဲ့သည့်အရာများ အပေါ် မန်နေဂျာက သူမအား ဆူပူကြိမ်းမောင်းပြီးနောက် သူမက ခွင့်လွှတ်ပေးရန် တောင်းဆိုသည်။
ထိုကဲ့သို့ ဧည့်သည်များအပေါ် ဒေါသတကြီးပြုမူဆက်ဆံ နေမည်ဆိုပါက ဆိုင်ပိုင်ရှင် ဒုက္ခရောက်ရလိမ့်မည်။
“ရပြီ။ ထားလိုက်တော့” ဖန့်ကြွယ်ယွီက လက်ကို ဝှေ့ရမ်းပြသည်။
“မင်းရဲ့ အလုပ်က ပင်ပန်းမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းရဲ့ ဧည့်သည်တွေအပေါ် စိတ်ခံစားချက်အတိုင်း ပြုမူ ဆက်ဆံလို့မရဘူး။ မင်း အလုပ်မှာ ပင်ပန်းသမျှ စိတ်မကြည် သမျှ ဧည့်သည်တွေအပေါ် ပုံချပစ်လိုက်လို့မရဘူး။ ဒီအချက် က ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးမှာ ထားရှိတဲ့ အကြီးမား ဆုံး တားမြစ်ချက်ပဲ။ နောက်တစ်ခါ ဒီထပ်ပိုပြီး သတိထားပါ”
“ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်” ဖန့်ကြွယ်ယွီက ထိုဖြစ်ရပ်ကို ကြေအေးပေးလိုက်မှသာ မန်နေဂျာလည်း စိတ်အေးရတော့သည်။
“ကျွန်တော်တို့ဆိုင်ဘက်က တောင်းပန်တဲ့အနေနဲ့ ဒီနေ့ည ညစာအတွက် လူကြီးမင်းတို့ နှစ်ဦးလုံးကို ဆိုင်ဘက်က ကျွေးပါရစေ။ စားပွဲပေါ်မှာရှိတဲ့ QR အမှတ်အသားကို စကန် (scan) ဖတ်ပြီး အစားအစာတွေမှာနိုင်ပါတယ်။ လူကြီးမင်းတို့ မှာတဲ့အစားအသောက်တွေကို အမြန်ဆုံးရအောင် ဆောင်ရွက် ပေးပါ့မယ်”
“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်”
စားပွဲထိုးလည်း ယခုမှသာစိတ်အေးရတော့သည်။ ထို့နောက် သူမသည် ဆိုင်မန်နေဂျာနှင့် အတူထွက်သွားတော့သည်။
ဒီကနေ့ ဖြစ်ရပ်သည် သူမ၏ တစ်သက်တာအမှတ်ရနေမည့် သင်ခန်းစာတစ်ခုဖြစ်သည်။ သူမ၏ စိတ်အခြေအနေမည်သို့ပင် ဖြစ်စေကာမူ နောက်ပိုင်းတွင် ဧည့်သည်များအပေါ် ထိုကဲ့သို့ အပြုအမူဖြင့် ဘယ်သောအခါမှ ဆက်ဆံဝံ့လိမ့်မည် မဟုတ် ပေ။
“ဖန့်ကြွယ်ယွီ..ဒီနေ့ည ညစာကို ကျွန်မကျွေးမယ်လို့ ပြောထား တယ်မဟုတ်လား။ ခုတော့ ဆိုင်ဘက်က ဧည့်ခံကျွေးမွေးတာ ဆိုတော့ ဘယ်လိုလုပ်မလဲ”
“မင်းဧည့်ခံတာပဲလေ..ဟုတ်တယ်မလား။ ဘာမှ မကွာခြား တာပဲ.. ဟားး ဟား”
“မဟုတ်ဘူးလေ။ တူမှ မတူနေတာ” ကောရှင်းယွီသည် စိတ်အလိုမကျဖြစ်နေပုံရသည်။
ဖန့်ကြွယ်ယွီ၏ အကူအညီပေးမှုအပေါ် ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် သူမက ညစာကျွေးရန် စီစဉ်ခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီက ထိုမျှ အာဏာရှိမှန်း သူမ မသိခဲ့ပေ။ သူတို့က ဆိုင်တစ်ဆိုင်ကိုဝင်လိုက်ရုံနှင့် အလကားစားရသည်။
“နောက် ကျွန်မတို့အားရင် ထပ်ဆုံကြမယ်လေ။ နောက်တစ်ခေါက်ကျ ထပ်ပြီးဝယ်ကျွေးပါ့မယ်။ ဒီတစ်ကြိမ်ကတော့ ထားလိုက်ပါတော့” ကောရှင်းယွီက ဆိုသည်။
“မင်းနောက်ထပ်တစ်ဆိုင်ထပ်ရွေးရင်လည်း ငါပိုင်တဲ့ စားသောက်ဆိုင်ဖြစ်ချင်ဖြစ်နေမှာ ဒါမှမဟုတ် ဆိုင်ဘက်က ပိုက်ဆံမယူတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ မင်းအချိန် ကုန်မခံတာ ပိုကောင်းတယ်”
သူသည် စားသောက်ဆိုင်မည်မျှ ပိုင်ဆိုင်လဲဆိုတာ သူကိုယ်တိုင်တောင် မသိနေပေ။
ဤပင်လယ်စာ စားသောက်ဆိုင်သည်လည်း သူ၏ ပိုင်ဆိုင်မှု ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ရမည်။
“ဟမ် ရှင်တို့လို လူချမ်းသာတွေနဲ့ အပြင်ထွက်ရဖို့ ခဲယဉ်း လိုက်တာ” ကောရှင်းယွီက စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
“ဟုတ်ပါပြီ။ အရင်ဆုံးစားကြစို့။ ဗိုက်အောင့်နေလိမ့်မယ်” ဖန့်ကြွယ်ယွီက သူ၏ ဖုန်းကိုထုတ်ကာမှာလိုက်သည်။
“ဂွီး” တစ်နေကုန်အလုပ်များပြီးနောက် ကောရှင်းယွီ၏ ဗိုက်ထဲမှ တဂွီဂွီ မြည်သည့်အသံများထွက်လာသည်။ ထိုအသံများထွက်လာသောအခါ ကောရှင်းယွီက ရှက်ရွံ့ပြီး အလျင်အမြန် ခေါင်းငိုက်စိုက်ထားသည်။
“ရှင် ဘာအသံမှ မကြားလိုက်ရဘူးမလားဟင်”
“မကြားဘူး။ မကြားပါဘူး။ ဟား ဟား ဟား” ဖန့်ကြွယ်ယွီက အားပါးတရရယ်မောသောအခါ ကောရှင်းယွီက ရှက်လာသည်။
“ဒါနဲ့ ရှင်းယွီ မင်းအိမ်မှာဘာတွေဖြစ်နေတာလဲဟင်။ မင်း တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ရတာက မင်းရဲ့ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်တွေနဲ့ပတ်သက်ပြီး အိမ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ် စေချင်လို့ဆိုပြီး မင်းတစ်ခါပြောဖူးတာ ငါမှတ်မိတယ်”
ထိုအချိန်မှာ ကောရှင်းယွီ၏ မျက်နှာလေး ညှိုးသွားရသည်။
“ကံကြမ္မာကြောင့်ပဲ ဆိုပါတော့ရှင်”
သူမ၏ ဖခင် ကောရွှင်သည် ဆောက်လုပ်ရေးကန်ထရိုက် လုပ်သူတစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်ထဲက အလုပ်သမားနှစ်ဦးသည် မတော်တဆထိခိုက်ပြီး သေဆုံးခဲ့တာမို့ ကောရွှင်အနေနှင့် ယွမ်နှစ်သန်းကျော် လျော်ကြေးပေးခဲ့ရသည်။
ထို့ကြောင့် မိသားစုစီးပွါးရေးလုပ်ငန်း ပျက်စီးခဲ့ရပြီး ငွေရေးကြေးရေးအကြပ်အတည်းလည်းဖြစ်ခဲ့ရသည်။ နောက်ဆုံးမှာ သူတို့မိသားစုသည် သန်းပေါင်းများစွာ အကြွေးတင်ခဲ့ရသည်။
ပုံမှန်ဆို ကောရွှင်၏ အရည်အချင်းနှင့်ဆို ထိုပြသနာများကို အေးအေးဆေးဆေးဖြေရှင်းပေးနိုင်သော်ငြား ယခုအခါမှာ ကောရွှင်ကိုယ်တိုင်က ကျောက်ကပ်ရောဂါကို နာတာရှည် ခံစားနေရသည်။
ကောရွှင်သည် ကျောက်ကပ်ဆေးခြင်းဖြင့် အသက်ဆက် နေရသူဖြစ်ပြီး ကျောက်ကပ်အစားထိုးဖို့ စောင့်ဆိုင်းနေရ သည်။ ထိုအရာများကြောင့် မိသားစု၏ စီးပွါးရေးအခြေအနေ သည် ပိုမိုဆိုးရွားလာသည်။
ကံကောင်းထောက်မစွာဖြင့် ဖန့်ကြွယ်ယွီနှင့် ဆုံတွေ့ရပြီး နောက် သူမရရှိသော ဘောနပ်စ်ကြေးနှင့် ဆုကြေးငွေ များပေါင်းလိုက်ပါက များပြားသော ပမာဏတစ်ခုဖြစ်ခဲ့သည်။ ထိုပမာဏနှင့်ဆို သူမတို့ မိသားစု ဆပ်ရမည့် အကြွေး တစ်ဝက်လောက်ကို ပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူမသည် ဖန့်ကြွယ်ယွီကို အမြဲကျေးဇူးတင်ခဲ့ရသည်။
“ဒါဆို အစားထိုးလို့ရမဲ့ ကျောက်ကပ် ရပြီ လား”
ထိုအရာသည် အလွန်တရာခဲယဉ်းသော ကိစ္စတစ်ခုဆိုတာ ဖန့်ကြွယ်ယွီ သိနေသည်။ ကျောက်ကပ်ရောဂါဝေဒနာရှင်များ သည် အစားထိုးနိုင်မည့်ကျောက်ကပ်ကိုစောင့်ဆိုင်းရင်း သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရသည်။
“မတွေ့သေးပါဘူးရှင်” ကောရှင်းယွီက ခေါင်းကို တွင်တွင် ခါသည်။
“ဘယ်တော့များမှ ရှာတွေ့နိုင်မလဲဆိုတာ မသိသေးဘူး”
သူမတို့မိသားစု၏ စီးပွါးရေးအခြေအနေပြန်လည်ပြေလည် လာသောအချိန်မှာ ယခင်ကလို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း မိသားစုဘဝကို ပြန်လည်လိုချင်မိသည်။
“တစ်ရက်လောက် မင်းအဖေကို လာကြည့်ပါဦးမယ်” ရုတ်တရက်ဆိုသလို သူ၏ ဘိုးဘေးများ ဖော်စပ်ခဲ့သော ဆေးလုံးများကို ဖန့်ကြွယ်ယွီ သတိရသွားသည်။
ထိုဆေးလုံးများသည် ကင်ဆာရောဂါကိုတောင် ကုသနိုင် သဖြင့် ကျောက်ကပ်ရောဂါလောက်တော့ အသာလေး ကုသပေးနိုင်လိမ့်မည်။
သို့သော် ယခုအခါမှ သူတို့နှစ်ဦး ပထမဆုံးတွေ့ဆုံဖူးတာမို့ သူမ၏ အဖေထံ ဖန့်ကြွယ်ယွီကို ခေါ်သွားရန်မှာ အခုချိန်မှာ တော့ မသင့်တော်သေးဘူးဟု ခံစားမိသည်။
“အဖေ့ကိုယ်စား ကျွန်မက ရှင့်ကို ကျေးဇူးတင်ပါတယ်”
ဖန့်ကြွယ်ယွီ၏ စေတနာကောင်းမှုက သိသာထင်ရှားသည်။ ထို့ပြင် သူမ၏ မိသားစုအခြေအနေသည် ဖန့်ကြွယ်ယွီကြောင့် များစွာတိုးတက်ပြောင်းလဲခဲ့ရသည်။
သိပ်မကြာခင်မှာ သူတို့မှာထားသော အစားအစာများ ရောက်လာသည်။ ပင်လယ်စာအစားအစာများကို ဖွယ်ဖွယ် ရာရာ ပြင်ဆင်ပေးထားသော်လည်း သူမစားခဲ့ဖူးသော ပင်လယ်စာခေါက်ဆွဲအရသာနှင့် လုံးဝမယှဉ်နိုင်ပေ။ ဖန့်ကြွယ်ယွီလည်း သူ၏ စားဖိုမှူးများပြင်ဆင်ပေးသော စားသောက်ဖွယ်ရာများကို သတိရမိသည်။
“ဪ ဒါနဲ့ မင်းအားတယ်ဆို ငါ့အိမ်လာလည်ပါလား။ ငါ့စားဖိုမှူးတွေက မင်းတစ်သက်တာလုံး သတိရနေမဲ့ ဟင်းလျာတွေပြင်ဆင်ပေးလိမ့်မယ်”
သူ့အိမ်ကို ဖိတ်ခေါ်ခြင်းအပေါ် ကောရှင်းယွီဘက်က နားလည်မှုလွဲသွားမှာကို သူ ဂရုမစိုက်ပေ။ သူ့စာဖိုမှူးများ၏ ဟင်းချက်စွမ်းရည်ကို မျှဝေပေးရုံသက်သက်သာ ဖြစ်သည်။
“လာလည်မှာ လာလည်မှာပေါ့” ကောရှင်းယွီတစ်ယောက် ရင်ခုန်လာသည်။
ဖန့်ကြွယ်ယွီက တစ်စုံတစ်ရာကို လမ်းကြောင်းပေးနေတာ လား!!
အမှန်အတိုင်းပြောရလျှင် ဖန့်ကြွယ်ယွီကဲ့သို့ ရုပ်ရည်ချောမော ပြီး ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံရှိသူတစ်ဦးအား ရင်မခုန်နိုင်ဖို့ဆိုတာ ခဲယဉ်းလှသည်။ ထို့ပြင် ဖန့်ကြွယ်ယွီက ပျက်စီးနေသော သူဌေးသားတစ်ဦး မဟုတ်ဘူးဆိုတာ သူမခံစားမိသည်။
ဒါပေမဲ့ သူမလိုအနေအထားက ဖန့်ကြွယ်ယွီနှင့် ထိုက်တန်ရဲ့ လား!
“ဟော ရှင်းယွီ၊ မင်း ဒီနေ့ည တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိတယ်မလာ။”
ဖန့်ကြွယ်ယွီက စားသောက်နေရင်း သူမကို မေးလိုက်သည်။ သူက ကောရှင်းယွီ၏ တင်ဆက်မှုကို အချိန်အတော်ကြာ အားပေးခဲ့သူဖြစ်သည်။ သူမမှာအကြောင်းကိစ္စမရှိခဲ့လျှင် ညတိုင်းလိုလို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေကျဖြစ်သည်။
“အို..ဟုတ်သား ကျွန်မမေ့နေတာ” ကောရှင်းယွီက နဖူးကို ဖြန်းခနဲမြည်အောင်ရိုက်လိုက်သည်။
“ဒီနေ့ ရှိုးပွဲပြီးတော့တောင်မှ ညကျရင် ဆုံကြဦးမယ်လို့ ပရိတ်သတ်တွေကို ကတိပေးခဲ့သေးတာ”
“ညစာစားပြီးလျှင် တင်ဆက်မယ်ဆိုရင်ရော” ကောရှင်းယွီ၏ အလုပ်သဘောအရ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပါက သူက ကင်မရာထဲပါသွားနိုင်သော်လည်း ကိစ္စမရှိပေ။ သူတို့နှစ်ဦးကို ပရိတ်သတ်များက ဓာတ်ပုံရိုက်သွားခဲ့ကြပြီဖြစ်သည်။
“ဒါဆို…ကျွန်မ liveလွှင့်လို့ ရမလား။ ရှင်အဆင်ပြေရဲ့လား” ကောရှင်းယွီ မေးသည်။
“အဆင်မပြေစရာဘာရှိမှာလဲ။ လုပ်ပါ ဘာမှ မဖြစ်ဘူး”
ဖန့်ကြွယ်ယွီက သဘောတူသဖြင့် ကောရှင်းယွီလည်း ဖုန်းကိုထုတ်ပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တော့သည်။
သူမက ညခုနှစ်နာရီမှာ live လွှင့်မည်ဟု ကတိပေးထား သော်လည်း ယခုအခါ အချိန်က (၇) နာရီခွဲနေပြီး ဖြစ်သည်။ သို့သော်လည်း သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကောမန့်ပေးနေကျ အမာခံပရိတ်သတ်များစွာရှိနေဆဲ ဖြစ်သည်။
“ရှင်းယွီ။ မင်းငါတို့ကိုညာတယ်။ မင်း ဘယ်သူနဲ့ တိတ်တိတ်လေး တွဲနေတာလဲ”
“ထင်တဲ့အတိုင်းပဲ ကြောင်ကြာကြာ ရေမငုပ်နိုင်ပါဘူး။ ခုတော့ ပေါ်လာပြီလေ”
“မင်းတို့မသိဘူးလား။ ဒီကနေ့ ချိုင်းနားဂျွိုင်းပွဲမှာ ရှင်းယွီကို ကောင်လေးတစ်ယောက်နဲ့ တွဲသွားတာတွေ့လိုက်ကြတယ်။ ပြောကြတာတော့ အဲ့ကောင်လေးက သူဌေးလုတဲ့”
“ဟာ မဖြစ်နိုင်တာ ငါတို့ရှင်းယွီလေး ပါသွားပြီလား”
“ရှင်းယွီကို သူဌေးလုက ဒီနေ့ည ဘာလုပ်တော့မှာလဲဆိုတာ တွေးမိပြီး သေချင်စိတ်ပေါက်လာပြီ”
“ရှင်းယွီ..ပြပါဦး”
“ဟားဟားဟား” ဖန့်ကြွယ်ယွီ၏ ရှေ့မှာ သူမ၏ ဖုန်းကို ထောင်ထားသည်။
“ရှင်တော့ သွားပြီ။ ကျွန်မပရိတ်သတ်တွေရဲ့ ပစ်မှတ်က ရှင်ဖြစ်သွားပြီ”