တွန်ဆန်းအုပ်စု
Vol. 3 Ch. 34
“အမရီ..မော့မြို့တော်ရဲ့ အနီးအနားမှာ နေဖို့နေရာလေးဘာလေးရှိမလားဆိုတာ ကြည့်ပေးပါဦး”
သေချာပေါက်ရှိမည်ဆိုတာ သိထားသော်ငြား ဖန့်ကြွယ်ယွီက ကျွမ်းရီကို မေးသည်။
“ကျွန်မ စီစဉ်ပေးပြီးပါပြီ” ဖန့်ကြွယ်ယွီက ကျန်းနန်မြို့ကို ပြန်မှာမဟုတ်ဘူးဆိုတာ သိနေတာမို့ သူ့အတွက် နေထိုင်စရာတစ်နေရာစီစဉ်ပေးပြီးဖြစ်သည်။ နိုင်ငံ၏ စီးပွါးရေးအချက်အချာကျသော တည်နေရာဖြစ်တာမို့ အိမ်ခြံမြေစျေးနှုန်းများကလည်း ကြောက်ခမန်းလိလိဖြစ်သည်။ သို့သော် ဖန့်ကြွယ်ယွီအတွက်တော့ မမှုပေ။
“ဒီနေ့ည တစ်ယောက်ထဲနေမှာလား ဒါမှမဟုတ် တစ်ယောက်ယောက်ပါသေးလား”
“ဟာ တစ်ယောက်တည်းနေမှာပေါ့” ကျွမ်းရီဆိုလိုချင်သော အဓိပ္ပါယ်ကို သူသဘောပေါက်ပြီး ရှက်ရွံ့ လာသည်။
“ခစ်ခစ်ခစ်! သခင်လေး။ တစ်မျိုးမထင်ပါနဲ့။ သခင်လေးက ကောရှင်းယွီ လို့ခေါ်တဲ့ ကောင်မလေးကိုခေါ်လာမယ်လို့ ထင်လို့ပါ” ကျွမ်းရီက သူ့အား စနောက်သည်။
သူမ၏ အားလပ်ချိန်တွင် ဝီဘိုကို ဝင်ကြည့်သောအခါ ဖန့်ကြွယ်ယွီ နှင့် ကောရှင်းယွီတို့ နှစ်ဦး၏ အကြောင်းသည် လူပြောများသော အရာဖြစ်နေသည်။
“ကျွန်တော့်ကို အဲ့လိုလူမျိုးလို့ထင်နေလား။ ခုမှ ကျွန်တော်တို့ပထမဆုံး တွေ့ဖူးတာလေ။ ကျွန်တော်ရော သူရော အဲ့လောက်မရဲတင်းပါဘူး”
“ဟား။ ကြည့်ရတာ သခင်လေးက ကောင်မလေးအပေါ် အပီအပြင်ကြွေနေပုံပဲ။ သခင်မလေးဆီက မျက်နှာသာရဖို့ တစ်ခုခုလုပ်ဦးမှနဲ့တူတယ်” ကျွမ်းရီက တခစ်ခစ်ရယ်မောသည်။
“ခင်ဗျားဘာလုပ်မလို့လဲ။ လျှောက်မလုပ်နဲ့။ ဒီနေ့ ဖြစ်ရပ်နဲ့ပတ်သပ်ပြီး ခင်ဗျားနဲ့ မရှင်းရသေးဘူး”
ကျွမ်းရီမှာ ထူးထူးဆန်းဆန်း ပေါက်ကရ အကြံဥာဏ်များစွာရှိတာကို သူသိတာမို့ အနည်းငယ် စိုးရိမ်မိသည်။
ဖန့်ကြွယ်ယွီ၏ ပုံစံကိုကြည့်ပြီး သူ၏ ဒေါသအတိမ်အနက်ကို ကျွမ်းရီ သေချာပေါက် မှန်းဆနိုင်သည်။
သူမက စီးပွါးရေးစီမံခန့်ခွဲမှုဘွဲ့အပြင် စိတ်ပညာဘာသာရပ်ကိုပါ လေ့လာဖူးသည့်အကြောင်းကို ဖန့်ကြွယ်ယွီ မသိထားပေ။
“စိတ်ချပါ။ ကျွန်မပေါက်ကရတွေလျှောက်မလုပ်ပါဘူးရှင်။ မစ္စကော အဖေရဲ့ ကျန်းမာရေးအတွက် ပိုကောင်းတဲ့ကုသမှုခံနိုင်ဖို့ စီစဉ်ပေးချင်ရုံပါ။ သခင်လေးမှာ နိုင်ငံခြားဆရာဝန်အဖွဲ့ရှိတယ်လေ။ မစ္စတာကောရဲ့ အခြေအနေကိုသိနိုင်ဖို့ ခန္ဓာကိုယ်တစ်ခုလုံးစစ်ကြည့်ဖို့တော့ အချိန်လိုတယ်။ ဒါမှ ရောဂါနဲ့ကိုက်ညီတဲ့ ဆေးကုသမှုလုပ်နိုင်မှာ”
“အဲ့လိုမျိုးဆိုရင်တော့ ကျေးဇူးပါဗျာ” ဖန့်ကြွယ်ယွီ မှာ သူ့ဘိုးဘေးများချန်ထားခဲ့သော ဆေးရှိသည်။ သို့သော် ထို ဆရာဝန်အဖွဲ့က ကျောက်ကပ်ရောဂါကို ကုသပေးမည်ဆိုပါက ငြင်းဖွယ်ရာမရှိပေ။ သို့သော် ဆေးကုသမှုက သူ့လူများက ပြုလုပ်ပေးမည်ဆိုပါက အရာရာအဆင်ပြေပါလိမ့်မည်။
“အဲ့လိုတော့ လုပ်ပေးရမှာပေါ့။ ဒါနဲ့ ဟွမ်ဖူ မြစ်ဘေးက တွန်ဆန်းကျွန်းလေးပေါ်မှာ သခင်လေးပိုင်တဲ့ အိမ်တော့ရှိတယ်။ ဒါမဲ့ ဗီလာလိုချင်တယ်ဆိုရင်တော့ နည်းနည်းဝေးလိမ့်မယ်”
“အဲ့နေရာပဲအဆင်ပြေပါတယ်။ လိပ်စာပို့ပေးလေ။ ကျွန်တော့်ဘာသာ သွားလိုက်မယ်”
“ဟုတ်ပါပြီ။ အဲ့အိမ်မှာ လက်ဗွေနဲ့ လုပ်ထားတဲ့သော့ရှိတယ်။ သခင်လေး လက်ဗွေရာနဲ့ ပြင်ထားတာမို့ ခုချက်ချင်းသွားလည်းအဆင်ပြေပါတယ်။ ဒီနေ့ခင်းမှာလည်း အိမ်ကိုရှင်းခိုင်းထားပြီးသားပါ”
“ကောင်းပါပြီ။ ခုလို ပြင်ပေးထားတဲ့အတွက် ကျေးဇူးပါဗျာ”
ဖန့်ကြွယ်ယွီက အိမ်၏ တည်နေရာကိုကြည့်ပြီး ချက်ချင်းဆိုသလို ထိုနေရာဆီ သွားတော့သည်။ တွန်ဆန်းကျွန်းသည် တိုင်းသိပြည်သိ နာမည်ကြီးအိမ်ရာတစ်ခုဖြစ်သည်။ ထိုနေရာမှာ အားသာချက်များစွာရှိရုံသာမက စျေးနှုန်းကလည်း မြင့်မားသည်။
တိုက်ခန်းပုံစံအိမ်ရာဖြစ်သော်လည်း ကျန်းနန်မြို့ရှိ သူ၏ ဗီလာတန်ဖိုးထက်တော့ မလျော့နည်းပေ။ ကျွမ်းရီပို့ပေးသော အချက်အလက်အရ သူ၏တိုက်ခန်းသည် အပေါ်ဆုံးမှာရှိသဖြင့် စျေးကလည်း မှန်းမမတတ်အောင် မြင့်မားပေလိမ့်မည်။
ဖန့်ကြွယ်ယွီ၏ ကားနံပါတ်သည် ထိုအိမ်ရာ၏ လုံခြုံရေးစနစ်ထဲ ထည့်သွင်းပြီးဖြစ်သဖြင့် ထိုအိမ်ရာထဲသို့ ချောချောမွေ့မွေ့ မောင်းဝင်သွားနိုင်သည်။
နာမည်ကြီးနေရာတစ်ခုဖြစ်သည်နှင့်အညီ မြေအောက်ခန်း ကားပါကင်သည် ဇိမ်ခံကားပြပွဲတစ်ခုအလားထင်ရသည်။ လမ်ဘော်ဂနီ( Lamborghini)၊ ဖာရာရီ (Ferraris) နှင့် ရိုးရိုက်စ် (Rolls- Royce) ကားများကို နေရာအနှံ့တွေ့ရသည်။ ဒေါ်လာ တစ်သန်း သို့ နှစ်သန်းတန် ကားများသည် အနိမ့်ဆုံးအဆင့်ဖြစ်သည်။
သူ၏ မာစီရာတီ ကားသည် ဒေါ်လာနှစ်သန်းခွဲအထက်မှာရှိသဖြင့် အလယ်အလတ်အဆင့်ဟု ဆိုရမည်။
“ဟုတ်ပြီ။ ငါပြန်ရင် ဒီလိုကားမျိုးတစ်စီးစီဝယ်ပစ်မယ်။ ဒီလောက်ဝယ်မှတော့ ငါ့ပိုက်ဆံတွေ မကုန်ဘူးဆိုတာ မဖြစ်နိုင်ဘူး”
သူက အပေါ်ထပ်ကိုတက်ရန် ဓာတ်လှေကားကိုစီးသည်။ သူ၏ လက်ဗွေရာနှင့် တံခါးကိုဖွင့်သောအခါ မီတာလေးရာပတ်လည်ကျယ်ဝန်းသော အကောင်းစားတိုက်ခန်းတစ်လုံး သူ၏ ရှေ့မှာ ဘွားခနဲ ပေါ်လာသည်။
မီတာ ၁၅၀အမြင့်မှာရှိသဖြင့် သူသည် တစ်မြို့လုံးကို အပေါ်စီးမှ မြင်ရသည်။ ထို့အပြင် နာမည်ကျော် အာရှပုလဲမျှော်စင်ကိုတောင်မှ တိုက်ရိုက်မြင်နေရသည်။ ထိုကဲ့သို့နေရာမျိုးမှာနေထိုင်ခွင့်ရဖို့သည် မော့မြို့တော်ရှိ လူသန်းပေါင်းများစွာ၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်ရမည်။
“အမရီ၊ ဒီအိမ်က ဘယ်လောက်တန်လဲ” ဖန့်ကြွယ်ယွီက မေးသည်။
“ဒီအိမ်ရဲ့ အတွင်းခန်းက ၄၂၇ စတုရန်းမီတာရှိတယ်။ ခုကာလပေါက်စျေးက တစ်မီတာကို ၂၆၀,၀၀၀ နဲ့ ၃၀၀,၀၀၀ ကြားမှာရှိတယ်။ ဒါပေမဲ့ ဒီအဆောက်အဦးက သခင်လေးအတွက်ရည်ရွယ်ပြီး ဆောက်ပေးခဲ့တာမို့ သခင်လေးဘက်က တစ်ပြားမှ မကုန်ခဲ့ပါဘူး”
“ဘယ်လို ဘယ်လို တစ်ယောက်ယောက်က လက်ဆောင်ပေးတာလား”
“မဟုတ်ဘူးလေ။ တွန်ဆန်းအုပ်စုက သခင်လေးပိုင်တာလေ။ တွန်ဆန်းအုပ်စုရဲ့ အခုလက်ရှိ ဥက္ကဌက ကျွန်မဦးလေးပါ။ ဒါပေမဲ့ သခင်လေးက ဥက္ကဌဖြစ်ချင်တယ်ဆို ရှယ်ယာတွေကို သခင်လေးဆီ အချိန်မရွေး ပြန်လွှဲပေးမှာပါ”
“ဟား ။ မလိုပါဘူးဗျာ။ သူပဲ ဆက်ပြီး စီမံပါစေ”
အိမ်ကို သေချာလေးသန့်ရှင်းထားသဖြင့် ဖန့်ကြွယ်ယွီသည် ကြမ်းပြင်ပေါ်လှဲချလိုက်သည်။
သူက ဝီဘိုကို အရမ်းစွဲစွဲလမ်းလမ်းသုံးစွဲသူတစ်ဦးတော့ မဟုတ်ပေ။ သူက လွန်ခဲ့သော နှစ်နှစ်တုန်းက ကျောင်းကောင်စီဝင်ဖြစ်နေချိန်တွင် ကောင်စီနှင့်ပတ်သက်သော သတင်းများကို လူအများကို ဖြန့်ဝေပေးနိုင်ရန် ဝီဘိုအကောင့်ဖွင့်ခဲ့သည်။ ထိုအကောင့်ဖွင့်ပြီးချိန်မှစပြီး သေချာမသုံးခဲ့ပေ။
နာမည်ကြီး အနုပညာရှင်များက သူတို့၏ နာမည်ကြီးမှုကို ဝီဘိုမှတစ်ဆင့် ထိန်းသိမ်းထားသည်။ သူက ပထမအဆင့်ကို အောင်မြင်ဖို့ရာ သူ၏နာမည်ကြီးမှုကိုမြှင့်တင်ရမည်။ ထို့အဆင့်အတွက် ဝီဘိုက အသင့်တော်ဆုံးလမ်းကြောင်းဖြစ်သည်။
“ရှောင်းရင်ရေ၊ ငါက ဝီဘိုကိုဝယ်လိုက်လျှင် နာမည်ကြီး ပို့စ်တွေကို ငါ့စိတ်ကြိုက် ခြယ်လှယ်နိုင်မှာပေါ့ ဟုတ်လား”
“ပိုင်ရှင်၊ ဒါက လှည့်ဖျားတာပဲ။ အဲ့လိုအပြုအမူမျိုးတော့ မလုပ်သင့်ပါဘူး”
“တကယ်လို့ အဲ့လိုထိန်းချုပ်ချင်တာဆို ဝီဘိုဝယ်စရာတောင် မလိုပါဘူး။ ငါက ဒီကမ္ဘာလုံးမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ငါ့စိတ်ကြိုက်ပြောင်းလဲပစ်နိုင်တယ်”
“ဒါဆို မင်းငါ့ကို ကူညီပေးမလား”
“ဟင့်အင်း။ ဒါပေမဲ့ ပိုင်ရှင်နဲ့ပတ်သက်တဲ့ မကောင်းတဲ့မှတ်ချက်တစ်စုံတရာပေါ်လာမယ်ဆို ရှင်းပေးနိုင်တယ်”
“ဒါလည်း အလုပ်ဖြစ်တာပဲ”
ရှောင်းရီက ဝီဘိုကိုထိန်းချုပ်နိုင်ပါကလည်း ဘယ်မှာပျော်စရာကောင်းပါတော့မလဲ။
သူ၏ လက်ရှိအိပ်မက်က ပိုက်ဆံကို နေ့တိုင်း အလျှံအပယ်သုံးမည်။ ပြီးတော့ နည်းနည်း ကြွားဝါပြမည်။ မိန်းကလေးတွေနှင့် တွေ့မည်။ ဒီ့ထက်မပိုပေ။ ရိုးရိုးရှင်းရှင်း နှင့် ပျော်ပျော်ပဲ နေရန် စိတ်ကူးထားသည်။
ဖန့်ကြွယ်ယွီသည် သူ၏ ဝီဘိုအကောင့်ထဲဝင်ကြည့်သောအခါ လွန်ခဲ့သောနှစ်နှစ်ခန့်က ပရိုမိုးရှင်းပွဲနှင့် ပတ်သက်သော ပို့စ်ပဲရှိနေသည်။ သူက ပရိုဖိုင်ပုံကိုပြောင်းပြီး ဝီဘိုအကောင့်နာမည်ကိုပါ ပြောင်းပစ်သည်။
“တင်းတောင်” သူက အိပ်ဖို့ကြံရွယ်နေစဉ် ဝီချက်မက်စေ့ချ်တစ်စောင်ဝင်လာသည်။
ကောရှင်းယွီထံမှ မက်ဆေ့ချ် ဖြစ်သည်။
“ဖန့်ကြွယ်ယွီ.. ရှင်အိပ်ပြီလား”
“မဟုတ်ဘူး။ အိပ်ဖို့ ပြင်နေတုန်း”
“ကျန်းနန်မြို့ကို မနက်ဖြန် ပြန်မှာလား”
“ပြန်လောက်တယ်။ ဘာလို့ဆို ငါတက်ခဲ့တဲ့အထက်တန်းကျောင်းရဲ့ နှစ်ပတ်လည် နီးလာပြီ။ ငါ့ ဆရာမနဲ့ သူငယ်ချင်းတွေကို သွားတွေ့မလားလို့”
“ဪ ဟုတ်လား။ ဒါဆို ကျွန်မတို့ ကျန်းနန်မြို့မှာ ဆုံလို့ရမှာပေါ့”
“ဘာလို့လဲ။ မင်းက ငါနဲ့ မဆုံချင်လို့လား” ဖန့်ကြွယ်ယွီက သူမကိုစနောက်သည်။
“ဟာ မဟုတ်ပါဘူး” အမှန်တော့ ဖန့်ကြွယ်ယွီကို ချိုင်းနားဂျွိုင်း နောက်ဆုံးရက်မှာ သူမ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်စေချင်သေးသည်။
“ဒါဆိုလည်း ကျန်းနန်မြို့ရောက်ရင် မင်းအဖေဆီလာဦးမယ်။ သူ့ရောဂါကို ကုသဖို့ နိုင်ငံခြားက ကျွမ်းကျင်ပညာရှင် အဖွဲ့ကိုတောင် ဆက်သွယ်ထားပြီးပြီ”
“ကျေးဇူးပါရှင်”
“ရှင့်အပေါ် ကျေးဇူးကြွေးတွေ တစ်ခုပြီးတစ်ခု တင်နေတာမို့ ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး”
“ဟား။ စိတ်မပူပါနဲ့။ မေတ္တာနဲ့ပြန်ဆပ်မယ်ဆိုလည်း လက်ခံပါတယ်”
“ဟာ..ရှင်နော်။ ဘာတွေပြောမှန်းမသိဘူး”
“ကောင်းပြီ။ အိပ်တော့လေ။ မနက်ဖြန်ပြန်တော့မယ်။ အိမ်ပြန်ရောက်တာနဲ့ မင်းကို ဆက်သွယ်မယ်”
“ဟုတ်ပါပြီ။ ကောင်းသောညပါရှင်”
“ကောင်းသောညပါ။ အိမ်မက်လှလှမက်ပါစေ”
ဖန့်ကြွယ်ယွီက ဖုန်းချလိုက်သည်။ သူသည် မျက်နှာကျက်ကိုကြည့်ပြီး အတွေးကမ္ဘာထဲနစ်မျောကာ ပြုံးနေမိသည်။
ဒီခံစားချက်က တကယ်ကိုကောင်းတာပဲ!!