← Chapters

ကားကဘယ်လောက်တန်တန် ရိုက်ခွဲပစ်မယ်

Vol. 3 Ch. 36

ကားကဘယ်လောက်တန်တန် ရိုက်ခွဲပစ်မယ်

Vol. 3 Ch. 36

“ငါ့အဖေဘယ်သူလဲဆိုတာ မင်းသိလား”

လူငယ်လေးက ရင်ဘတ်ကိုဖိရင်း ကြမ်းပြင်မှ ဖြည်းဖြည်းချင်း ထလာသည်။

ဖန့်ကြွယ်ယွီ၏ ကန်ချက်က သူ့ကို သေချာပေါက် အထိ နာစေသည်။

“မင်း အဖေဘယ်သူလဲ ငါမသိဘူး” ဖန့်ကြွယ်ယွီက ပုခုံးကိုတွန့်ပြသည်။

“ဒါပေမဲ့ ငါသိတာကတော့ မင်းက မူးပြီးကားမောင်းပါတယ် ဆိုတာကို ရဲက သိသွားလျှင်တော့ မင်း ဒုက္ခရောက်မှာ အသေအချာပဲ။ ပြီးတော့ မင်းအဖေက လီကန်း ဖြစ်နေလျှင် တောင် သူလည်း မင်းကြောင့် ဒုက္ခရောက်လိမ့်မယ်”

ရာထူးကြီးပုဂ္ဂိုလ်များက လာဘ်ထိုးပြီး အပြစ်ကို ဖျောက်သော ခေတ်သည် ကုန်သွားခဲ့ပြီဖြစ်သည်။ သက်သေအထောက်အထားခိုင်မာပါက မည်သူမှ ဥပဒေ၏ အထက်မှာမရှိတော့ပေ။

“မင်း အပြစ်မင်းဝန်ခံမလား။ ဒါမှမဟုတ် ငါ မင်းကို ရဲလက်ထဲ အပ်ရမလား”

ကျန်းနန်မြို့မှာ ဖြစ်ခဲ့ဖူးသော ဖြစ်ရပ်တစ်ခုကို ဖန့်ကြွယ်ယွီ အမှတ်ရမိသည်။ မာစီရာတီပိုင်ရှင်သည် အရက်မူးပြီး ကားမောင်းသဖြင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ဖန့်ကြွယ်ယွီသည် လူစွမ်းကောင်းတစ်ဦးတော့မဟုတ်ပေ။ ဤကဲ့သို့ဖြစ်ရပ်မျိုးက ထပ်ပြီးဖြစ်ပျက်နေဦးမှာဖြစ်သည်။ ယခုအခါမှာ ဒီလူငယ်လေးကြောင့် မည်သူမှ မထိခိုက် သော်ငြား နောက်တစ်ကြိမ်ထပ်မဖြစ်နိုင်ဘူးဟု မည်သူ တပ်အပ်ပြောနိုင်မည်နည်း။

အနည်းဆုံးတော့ ထိုလူငယ်လေးသည် သူလုပ်ခဲ့သောအရာ၏ အကျိုးဆက်များကို ရင်ဆိုင်ရမည်။

“ငါတို့ကြားကကိစ္စကိုအရင်ရှင်းတာပေါ့” ဖန့်ကြွယ်ယွီက ထိုလူငယ်လေးထံ လျှောက်လာသည်။

“ဘာ။ မင်း ဘာလုပ်ချင်လို့လဲ” လူငယ်လေးက အနောက်ကို ခြေနှစ်လှမ်းဆုတ်သွားသည်။

“မင်း ပါးစပ်ကိုပိတ်ထား”

ဖန့်ကြွယ်ယွီသည် သူ၏ ပိုက်ဆံအိတ်ကို အိတ်ကပ်ထဲမှ လှမ်းယူသည်။ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံများစွာမပါသော်ငြား ဘဏ်ကတ်များနှင့် အိုင်ဒီကတ်တော့ရှိနေသည်။

“ဟေ့။ အမ ကျွမ်းရီရေ။ ကျွန်တော်ပို့လိုက်တဲ့ ၆၂၂၂၀၂xxxxxx ဒီအကောင့်ထဲကို ပိုက်ဆံ ၁၄ သန်းလွှဲပေးလိုက်ပါဦး။ ဟုတ်တယ် ကျွန်တော် သူများကားကိုရိုက်ခွဲမိလို့”

“ဟာ ကျွန်တော်က ဘယ်လိုလုပ်ပြသနာရှာရမှာလဲ။ ဒီ ခွေးကောင်က အရက်မူးပြီး ကျွန်တော့်ကားရှေ့မှာ ပိတ်ရပ်နေတာ။ ကျွန်တော်က ကားကိုရွှေ့ခိုင်းတာပဲလေ။ သူမှ မရွှေ့တာ။ အဲ့ဒီ့တော့ မတတ်နိုင်ဘူးလေ။ ရိုက်ခွဲရုံပဲရှိတာပေါ့”

“ဟုတ်ပါပြီ။ ပိုက်ဆံဝင်လာမှာပါ”

ဖန့်ကြွယ်ယွီက ပိုက်ဆံအိတ်ကို ပြန်ပစ်ပေးသည်။ ထိုကောင်လေး၏ နာမည်မှာ စွန်းယွီဟွေ ဖြစ်ကြောင်း သိလိုက်ရသည်။

နှစ်မိနစ်ကြာသောအခါ စွန်းယွီဟွေ၏ အကောင့်ထဲကို ပိုက်ဆံ ၁၄ သန်းဝင်လာခဲ့သည်။

သူက တစ်ချက်လေးတောင် မတွေဝေဘဲ ကားကိုရိုက်ခွဲပစ်ပြီး သန်းချီသော ပိုက်ဆံများကိုချက်ချင်းလွှဲပေးနိုင်သည်။

စွန်းယွီဟွေ၏ မိဘများက ချမ်းသာသော်ငြား ထိုကဲ့သို့အရာမျိုး ကိုတော့ မတတ်နိုင်ပေ။

သူက ဤနယ်တစ်ဝိုက်မှာရှိသော သူဌေးသားများကို သိသည်။ သို့သော် သူ့ကိုတော့ အခုမှ မြင်ဖူးခြင်းဖြစ်သည်။

“မင်း ငါ့ကားကိုလည်း ရိုက်ခွဲပြီးပြီ။ ဘာထပ်လုပ်ချင်သေး တာလဲ”

ဖန့်ကြွယ်ယွီ၏ ပုံစံကို သူကြောက်ရွံ့နေပြီး တစ်ခုခု ထပ်ပြီး လုပ်မှာကို စိုးရိမ်နေသည်။ ဖန့်ကြွယ်ယွီ ထွက်မသွားသေး တာကိုလည်း စိုးထိတ်နေမိသည်။

“ငါ ပြောပြီးသား။ မင်းကို လျော်ရမှာတွေ အကုန်လျော်ပြီးပြီ။ ခု မင်းမူးရူးပြီး ကားမောင်းတဲ့ကိစ္စကိုရှင်းရမယ်။ မင်းကိုယ်တိုင်ဝန်ခံမလား။ ငါ ရဲခေါ်လိုက်ရမလား”

“မင်းကိုယ်မင်း အဟုတ်ကြီးထင်မနေနဲ့။ ငါ့ကြောင့်ဘယ်သူများ ထိခိုက်သွားလဲ။ သူများကိစ္စကို ဝင်စွက်ဖက်တာ ဟုတ်လှပြီ ထင်နေလား”

စွန်းယွီဟွေသည် ရဲဟူသော စကားလုံးကို ကြားလိုက်ရသော အခါ ဒေါသမထိန်းနိုင်ပေ။

သူက ညတုန်းက အရက်မူးနေသော်လည်း ကားမောင်းမိ ခဲ့သည်။ အယ်လ်ကိုဟော (alcohol) ပမာဏစစ်ကြည့်ပါက ခွင့်ပြုပမာဏထက် သေချာပေါက်ပိုများနေလိမ့််မည်။

သူ့တစ်ကိုယ်လုံးအရက်နံ့စွဲနေပြီး ကားပါကင်ရှိ cctvကို စစ်ကြည့်ပါက သူအရက်မူးနေသည်ဆိုတာ သေချာပေါက် ထင်ရှားလိမ့်မည်။

“ကြည့်ရတာ မင်းက ကိုယ့်အပြစ်ကိုယ်မသိသေးတာပဲ။ ဟုတ်ပြီ။ ဒီကိစ္စကို ငါဒီအတိုင်းမထားဘူး မှတ်ထား”

ဖန့်ကြွယ်ယွီက ဖုန်းကို ထုတ်ပြီး ရဲကိုလှမ်းခေါ်သည်။

“ဟေ့ ဖုန်းကို ချစမ်း” စွန်းယွီဟွေက ဖန့်ကြွယ်ယွီ၏ တိုက်ခိုက်စွမ်းရည်ကို မေ့သွားသည်။ ထို့ကြောင့် သူက ရင်ဘတ်နေရာကို နောက်ထပ်တစ်ချက် အကန်ခံလိုက်ရ ပြန်သည်။

“ဘာလဲဟ။ သူတို့က ရုပ်ရှင်ရိုက်နေကြတာလား” လှေကားပေါ်မှ ဆင်းလာသော ကောင်လေးတစ်ဦးက စွန်းယွီဟွေ အကန်ခံရသော မြင်ကွင်းကိုမြင်သောအခါ ထိုကဲ့သို့ မှတ်ချက်ပြုမိသည်။

ဤနေရာမှာ နေထိုင်သူအများစုသည် သူဌေးသားများ ဖြစ်ကြသည်။ မြင်နေကျ မြင်ကွင်းမျိုးမဟုတ်သဖြင့် သူက ဖုန်းကိုထုတ်ပြီး မှတ်တမ်းတင်လိုက်သည်။

“ဟေ့လူ။ ခင်ဗျား ကားကိုရိုက်ခွဲလိုက်တာလား” ပျက်စီးနေသော ကားကိုလက်ညှိုးထိုးပြီးမေးသည်။

“ဟုတ်တယ်။ ဒီခွေးကောင်က မူးရူးပြီး ငါ့ကားရှေ့ ပိတ်ရပ်ထားတာ။ ငါက ပြေပြေလည်လည်ပြောပါသေးတယ်။ ပြောမရတာနဲ့ပဲ ကားကိုရိုက်ခွဲပစ်လိုက်တာ”

“မိုက်လှချည်လား။ ဒီကားတန်ကြေးက မနည်းဘူး အနည်းဆုံး ၁၃ သန်းပဲ။ ဒါပေမဲ့ ဒီလိုလုပ်တာ တန်ရဲ့လားဗျာ”

ထိုကောင်လေးသည်လည်း လူချမ်းသာတစ်ဦးဖြစ်သည်။ သို့သော် သူသည် ပေါ်ရှာ ၉၁၈ ကားကို မစီးနိုင်ဘဲ လေးသန်း တန်ကားကိုသာ စီးနိုင်သည်။ ထို့ကြောင့် ပျက်စီးနေသော ပေါ်ရှာကားကိုကြည့်ပြီး နှမြောတသသဖြစ်နေသည်။

“ဘာမှမဖြစ်ဘူး။ ကားကိုရိုက်ခွဲတုန်းက ဒီကား ဘယ်လောက် တန်လဲဆိုတာ မတွေးဘူး။ ဘယ်လောက်ပဲတန်တန် ငါ ပြန်လျော်နိုင်တယ်”

ထိုအချိန်မှာ ရဲစခန်းမှ ဖုန်းကိုင်လာသည်။

“ဟဲလို။ ရဲစခန်းကလားဗျာ။ အရက်မူးပြီး ကားမောင်းတဲ့ ကိစ္စကို တိုင်ချင်လို့ပါ။ ဟုတ်တယ် တွန်ဆန်းအုပ်စု အဆင့်မြင့်အိမ်ရာရဲ့ ကားပါကင်မှာပါ။ ဒဏ်ရာရတာတော့ မရှိပါဘူးဗျ။ ဟုတ်ပါပြီ။ ကျွန်တော်ဒီမှာစောင့်နေပါ့မယ်”

ဖန့်ကြွယ်ယွီက ဖုန်းချလိုက်ပြီး စွန်းယွီဟွေကို တစ်ချက်ကြည့်ကာ “စောင့်နေ” ဟု ခပ်ပြတ်ပြတ်ပြောသည်။

ထိုကောင်လေးက ဖုန်းနှင့် ရိုက်ထားသည့်နှင့် အကြောင်း ဖန့်ကြွယ်ယွီ မသိပေ။

ဒေါ်လာဆယ်သန်းကျော်တန်သော ကားကိုဖျက်စီးသည့်အပြင် သူ၏ မှတ်ချက်များကို ကြားသိပါက ရှန်ဟိုင်းမှာ ထိုကဲ့သို့ လူမျိုးရှိပါလားဟု အားလုံးက မေးခွန်းထုတ်ကြပေတော့မည်။

တစ်မိနစ်အတွင်းမှာ ထိုဗီဒီယိုသည် လိုင်းပေါ်ပျံ့သွားသည်။

“ငါ ကားကိုဖျက်စီးတုန်းက ဒီကား တန်ကြေးကို မစဉ်းစားဘူး”

“အမလေး။ ဆယ်သန်းကျော်တန်တာ။ တကယ့်သူဌေးပဲ။ ငါသာအဲ့နေရာမှာဆို ရိုက်ခွဲရက်မှာမဟုတ်ဘူး”

“ဟေ့။ ဒီလူကို မြင်ဖူးတယ်လို့ မထင်ဘူးလား”

“ဟာ။ မာစီရာတီကား။ သူဌေးလု ပဲ။ သေချာတာပေါ့။ သူပဲ”

“အဲ့တာ သူဌေးလု စတိုင်လေ။ ဥက္ကဌ ဝမ်ကိုတောင် သူ့ပိုင်ဆိုင်မှုတွေနဲ့ ပါးစပ်ပိတ်စေတာ။ ဒီကောင်လေးက တကယ့်လူနဲ့မှ ဆုံရတယ်လို့”

“ကြည့်နေ။ သူဌေးလုက သူ့ကိုလွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး”

“ငါကတော့ သူဌေးလု ဘက်ကပဲ။ အရက်မူးပြီး ကားမောင်း တာ ပြစ်မှုကြီးပဲ။ ဒီကောင် ပြစ်ဒဏ်ကျခံသင့်တယ်”

“သူဌေးလု ထောက်ခံပါတယ်”

တခဏအတွင်းမှာ ထိုဗီဒီယိုသည် နာမည်ကြီးသွားပြန်သည်။ ဖန့်ကြွယ်ယွီတစ်ယောက် သူမသိလိုက်ခင်မှာပဲ နာမည်ကြီးသွားပြန်သည်။

သူ့အပြုအမူများက နည်းနည်းပိုသည်ဟု ဆိုနိုင်သော်လည်း ကြည့်ရှုသူများက သူ့ကိုအပြည့်အဝထောက်ခံကြသည်။

မင်းကားကို ဖျက်စီးမိလို့ တန်ရာတန်ကြေးပြန်ပေးမယ်!

မင်း မူးပြီး ကားမောင်းတာ။ မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ တရားဥပဒေအတိုင်းပဲ မင်းရင်ဆိုင်ရမယ်!

သိပ်မကြာခင်မှာ ကားပါကင်ထဲကို ရဲကားရောက်ချလာသည်။ ထောင်းခနဲထွက်လာသော အရက်နံ့ကြောင့် ရဲအရာရှိများက နှာခေါင်းရှုံ့ကြသည်။ မနေ့ညက အရက်ရှစ်ပုလင်းထက်မနည် သောက်ခဲ့တာဖြစ်မည်။ ထို့ကြောင့် အယ်လ်ကိုဟောစစ်ဆေးမှုတောင် လုပ်စရာမလိုပေ။

“သူ့ကိုခေါ်သွားစမ်း” ရဲနှစ်ဦးက စွန်းယွီဟွေကို ခေါ်ဆောင် သွားသည်။

“ဆရာ ဒီကိစ္စကို တိုင်ကြားတဲ့လူလား ခင်ဗျာ”

“ဟုတ်ပါတယ်”

“သူမူးပြီး မောင်းတဲ့ကိစ္စကို ရဲဌာနဘက်က ကိုင်တွယ်ပါ့မယ်။ ဒါပေမဲ့ ကားက….”

“အဲ့အတွက်တော့ မပူပါနဲ့။ သူ ကားအသစ်တစ်စီးပြန်ဝယ်နိုင်လောက်အောင် ပြန်လျော် ပေးပြီးပါပြီ။ ဒါပေမဲ့ ဒီ ကားအပျက်အစီးကိုရွှေ့ပေးဖို့ အကူအညီတောင်းခံပါရစေ”

ဖန့်ကြွယ်ယွီက ဆက်ပြီး “ဒုက္ခပေးမိလို့ တောင်းပန်တဲ့အနေနဲ့ ရဲဌာနကို ဆယ်သန်းလှူဖို့ စီစဉ်ထားပါတယ်။ ရဲဌာနဘက်က လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အဆင့်မြှင့်တင်နိုင်အောင်ပါ”

“ဒါက…” ရဲအရာရှိကြီးကအံ့အားသင့်နေသည်။

“ဆရာတို့ဌာနက လှူဒါန်းတာတွေကိုလက်မခံလို့လားဗျာ”

“မဟုတ်ပါဘူး လက်ခံပါတယ်”

သူတို့ဌာနလည်း ဘတ်ဂျက်ငွေက နှစ်တိုင်းလိုငွေပြေနေသဖြင့် စက်ပစ္စည်းကိရိယာနှင့် ရုံးဌာနများကို အဆင့်မမြှင့်တင်နိုင် သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

“ဒါဆို ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါဦး။ လှူဒါန်းတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အထက်အရာရှိက တိုက်ရိုက် ဆွေးနွေးဦးမှာမို့လို့ပါ”

“ရပါတယ်။ သွားကြစို့လေ”

ဖန့်ကြွယ်ယွီလည်း ရဲကားနောက်မှ လိုက်သွားသည်။ ရဲတစ်ဦးကိုထားခဲ့ပြီး ကားအပျက်အစီးကိုရှင်းခိုင်းထားခဲ့သည်။

“ဘုရားရေ..ဒါက ဖြစ်နိုင်ပါ့မလား” ဖန့်ကြွယ်ယွီက သန်းပေါင်းများစွာလျော်ပေးပြီး ရဲဌာနကိုပါ လှူဒါန်းသည်ကို မြင်ရသူများက အံ့ဩတကြီးဖြစ်ရသည်။

ထိုလူ၏ ကြွယ်ဝချမ်းသာမှုနှင့် ယှဉ်ပါက သူတို့က သူတောင်းစားသာသာပဲဖြစ်နေသည်။

All Chapters