အပိုလိုကား
Vol. 3 Ch. 37
“မစ္စတာဖန့်၊ ခင်ဗျားကတကယ့်ကို ဟွာရှားရဲ့ ဂုဏ်ဆောင်ပါပဲ”
ရှန်ဟိုင်းမှာရှိ ပင်ကျန်းရိပ်သာလမ်းမှာရှိသော ပြည်သူ့လုံခြုံရေးဗျူရို၏ အကြီးအကဲဖြစ်သူက ချီးကျူးစကားဆိုသည်။
လူချမ်းသာမိသားစု၏ သားသမီးများ အရက်မူးပြီး ကားမောင်းသောကိစ္စကိုကိုင်တွယ်ရန် သိပ်ပြီးမခက်ခဲလှပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤမြို့တွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများက အလွန်ကိုတင်းကြပ်လှသဖြင့် အပြစ်ရှိသူကို ထိုင်သင့်သော ပြစ်ဒဏ်ချမှတ်ရန် မခက်ခဲပေ။
စွန်းယွီဟွေမှာ ပြစ်မှုမှတ်တမ်းလည်းမရှိသည့်အပြင် အရက်မူးပြီးကားမောင်းသောကြောင့် မည်သူမှ မထိခိုက်တာပေ။ ထို့ကြောင့် သူသည် ဒဏ်ငွေလောက်သာ ပေးဆောင်ရပြီး သူ၏ ယာဉ်မောင်းလိုင်စင်သည်လည်း ပြန်ရုပ်သိမ်းခံရမည်။
သူ၏မိသားစုက ချမ်းသာပါစေဦးတော့ ဆယ်ရက်မှ လဝက်အထိ အကျဉ်းချခံရမည့် ပြစ်ဒဏ်မှ လွတ်အောင် မလုပ်နိုင်ပေ။ ထို ပြစ်ဒဏ်ကို ဖန့်ကြွယ်ယွီက ကျေနပ်သည်။
သူသည် ပြည်သူ့လုံခြုံရေးဗျူရိုကို ၁၀သန်းလှူပါ့မည်ဟု ကတိပေးထားသည့်အတိုင်း ထိုလှူဒါန်းငွေကို မိနစ်ပိုင်းအတွင်း လွှဲအပ်ပေးခဲ့သည်။ ထိုပမာဏနှင့်ဆို ရဲဌာန၏ အင်အားကိုဖြည့်တင်းနိုင်မည့် ရဲကား များကဲ့သို့ စက်ပစ္စည်းကိရိယာများ လိုအပ်သလို ဝယ်ယူနိုင်တော့မည်။
အကြီးအကဲဖြစ်သူ ကျိုးမင်ချွမ်က ဖန့်ကြွယ်ယွီအား ရှန်ဟိုင်းသို့ မကြာခဏလာလည်ရန် ဖိတ်ခေါ်သည်။ နောက်တစ်ကြိမ်ထပ်မံဆုံကြပါက နေ့လည်စာလိုက်ကျွေးပါ့မည်ဟု ဆိုသည်။ ဖန့်ကြွယ်ယွီမှာ ဘာပြသနာပဲရှိရှိ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းလည်း သတင်းစကားပါးသည်။
“ဟမ်။ ကျွမ်းရီ ဖုန်းဆက်လာတာပဲ” သူ၏ ဖုန်းထဲတွင် missed call နှစ်ခုတွေ့သည်။
“ဟဲလို၊ အမရီ ။ ကျွန်တော့်ကိုခေါ်ထားသေးလားလို့”
“သခင်လေး။ ဝီဘိုကိုတစ်ချက်စစ်ကြည့်ပါဦး။ ဒီနှစ်ရက်လုံးက ဝီဘိုမှာ သခင်လေးအကြောင်းတွေချည်းပဲ”
“ဟာဟုတ်လား”
ဖန့်ကြွယ်ယွီက ဝီဘိုကိုဖွင့်ပြီးကြည့်သည်။ သူက ကားကိုရိုက်ခွဲနေသည့် ဗီဒီယိုသည် လူကြည့်များနေပြီး လူသန်းပေါင်းများစွာက ကြည့်ရှုပြီးဖြစ်သည်။ ဆက်လက်ပြီးလည်း ကြည့်ရှုသူများက တိုးတက်နေသည်။
သူက ကားကိုရိုက်ခွဲနေသော လုပ်ရပ်နှင့် ပတ်သပ်ပြီး ဝေဖန်သံများ သိပ်မရှိသော်လည်း သူလုပ်ဆောင်ခဲ့သောအရာအတွက် ချီးကျူးသံများ အစီအရီထွက်ပေါ်လာသည်။
ရှန်ဟိုင်းပြည်သူ့လုံခြုံရေးအဖွဲ့ကတောင် ထိုဗီဒီယိုကို ပြန်တင်ထားသည်။ ထို့ကြောင့် စွန်းယွီဟွေက အရက်မူးပြီး ကားမောင်းသည့်အကြောင်းလည်း ပျံ့နှံ့သွားသလို ဖန့်ကြွယ်ယွီအား ပြစ်တင်ပြောဆိုနေသံများကိုလည်း အသံတိတ်စေသည်။
“ကားကိုရိုက်ခွဲတုန်းက ကားတန်ဖိုးဘယ်လောက်ဖြစ်ဖြစ် ဂရုမစိုက်ဘူး”
ထိုစကားသည် ဥက္ကဌဝမ်၏ နာမည်ကြီးစကားဖြစ်သော “ငါ့ သူငယ်ချင်းတွေ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ စိတ်မဝင်စားဘူး။ ဘာလို့ဆို ငါ့ထက်ပိုပြီး ပိုက်ဆံရှိကြမှာမဟုတ်ဘူး”ဆိုသည့် စကားကို လွှမ်းမိုးသွားသည်။
ဝီဘိုသုံးစွဲသူများက ဖန့်ကြွယ်ယွီ၏ ဝီဘိုအကောင့်ကို အသည်းအသန်ရှာဖွေကြသည်။
“သခင်လေးဆီမှာ ဝီဘိုအကောင့်ရှိတယ်ဆိုနေ့ချင်းညချင်း ဖော်လိုဝါ သန်းပေါင်းများစွာတက်လာမှာ ကျွန်မ လောင်းရဲတယ်။ အများစုက မိန်းကလေးပရိတ်သတ်တွေပေါ့”
“ဟုတ်တယ်”
တခဏတာတွေးတောပြီးနောက် သူ၏ ဝီဘိုအကောင့် လူသိများလာတော့မည်ဆိုတာ သိလိုက်ရသည်။ ကောရှင်းယွီ၊ ဆရာပတ်နှင့် ဝမ်ချုံးတို့မှာ ဖော်လိုဝါသန်းပေါင်းများစွာရှိသည်။ သူတို့ကသာ ထိုစကားလုံးကို ဖြန့်ပေးပါက ဤသတင်းက ပိုပြီးနာမည်ကြီးလာတော့မည်။
“ငါပြန်ရောက်တာနဲ့ ချက်ချင်းလုပ်ရမယ်”
ရှောင်းရီက သူ၏ မစ်ရှင်အောင်မြင်မှုကို မည်သို့ အကဲဖြတ်လဲဆိုတာ သူမသိပေ။ သို့သော် ဖော်လိုဝါသန်းပေါင်းများစွာရလာပါက အဆင့်တစ်ခွင့်ပြုခြင်းလုပ်ငန်းကို အောင်မြင်လိမ့်မည်ဟု ထင်မြင်မိသည်။
“ဪ ပြောရဦးမယ်။ သခင်လေး ကျောင်းနှစ်ပတ်လည်ပွဲမှာ ဝတ်ဖို့ပြင်ထားတဲ့ ဝတ်စုံ အဆင်သင့်ဖြစ်နေပြီမလို့ နေ့လည်လာပို့ပါ့မယ်လို့ မစ္စတာဟီရမ်က ပြောပါတယ်။ ရောက်လာတဲ့အခါမှာ အင်္ကျီက အဆင်ပြေမပြေပြန်ပြောပေးဖို့လည်း မှာလိုက်ပါတယ်”
“ကောင်းသား! မစ္စတာဟီရမ်ကို ကျေးဇူးတင်ပါတယ်လို့ ငါ့ကိုယ်စားပြောပေးပါဦး”
သိပ်မကြာခင်မှာ ကျူးမင်က သူ့ကိုဖုန်းခေါ်ပြီး ကျောင်းနှစ်ပတ်လည်ပွဲတွင် ကျောင်းသားဟောင်းများကိုယ်စား မိန့်ခွန်းပြောရန် တောင်းဆိုသည်။ ထိုကဲ့သို့ စင်မြင့်ထက်တွင် မိန့်ခွန်းတက်ပြောပါက အနောက်တိုင်းဝတ်စုံကောင်းကောင်းတစ်စုံလိုအပ်ပေသည်။
ဖန့်ကြွယ်ယွီက ကားစက်နှိုးရန် ပြင်ချိန်တွင် နောက်ထပ်ဖုန်းတစ်လုံးဝင်လာပြန်သည်။
“ဒီမနက်ခင်းမှာ ဖုန်းတွေကလည်း တောက်လျှောက်လာနေတာ ပြီးကိုမပြီးတော့ဘူး။”
ဒီအချိန်ဆို သူသည် အဝေးပြေးလမ်းမပေါ်မှာ ရောက်နေရမှာဖြစ်သည်။ သို့သော် ခုတော့ ဟိုလုပ်ဒီလုပ်နှင့် အချိန်ကြာနေရသည်။
“မစ္စတာဖန့်၊ ကျွန်တော် ကျိုးလွေ့ရှန်းပါ။ လူကြီးမင်းမှာယူထားတဲ့ကားက တစ်နေ့ကတည်းက အကုန်ပြီးခဲ့ပါပြီ။ ကားက ဆိပ်ကမ်းမှာရောက်နေပါပြီ။ ဘယ်ကိုပို့ပေးရမလဲ ခင်ဗျာ”
“ဟာ တကယ်! မြန်လှချည်လား”
ကျိုးလွေ့ရှန်းက မှာယူထားသောကားကို နှစ်ပတ်အတွင်းရမည်ဟု ပြောထားခဲ့သည်။ သို့သော် ယခုတော့ နှစ်ပတ်တောင်မကြာလိုက်ပေ။
“ဟုတ်ကဲ့။ လူကြီးမင်းမှာတဲ့ ကားဆိုတော့ စက်ရုံကလည်း နောက်မကျရဲတာနဲ့ ရက်ပေါင်းများစွာ အချိန်ပိုဆင်းပြီး ထုတ်ထားတာပါ။ ဒါပေမဲ အရည်အသွေးပိုင်းတော့ စိတ်ချပါဗျ”
“မိုက်တယ်”
ဖန့်ကြွယ်ယွီလည်း ကျန်းနန်မြို့ကို အမြန်နှုန်းဖြင့် ပြန်ချင်နေသည်။
“ကားကို ကျန်းနန်မြို့ ကျန်းနန်ဥယျာဉ်က ဗီလာနံပါတ်တစ်ကို ပို့ပေးပါ”
“ဟုတ်ကဲ့ပါ။ ညနေ လေးနာရီအမီပို့လိုက်ပါ့မယ်ခင်ဗျာ”
“ဘုရားရေ။ ငါ့ကားလေးရောက်လာ့မယ်”
အမှန်တိုင်းပြောရလျှင် သူမောင်းသော မာစီရာတီကားသည် စျေးကြီးပြီး မော်ဒယ်ပိုမြင့်သော်လည်း သူ့အကြိုက်တော့မဟုတ်လှပေ။ ထိုအရာနှင့် ယှဉ်လျှင် သူ၏ ပေါ်ရှာကားဟောင်းလေးက ကျယ်ပြီး သက်တောင့်သက်သာရှိလှသည်။
သို့သော် အပိုလိုကားက သူ့အနှစ်သက်ရဆုံးကားဖြစ်သည့်အပြင် သူ့စိတ်ကြိုက်ဒီဇိုင်းဆွဲပြီး ပြုလုပ်ထားသည်။ ထိုကဲ့သို့ကားမျိုးကို မောင်းရမည်ဟု စဉ်းစားကြည့်ရုံနှင့် စိတ်လှုပ်ရှားရသည်။
အပြန်လမ်းတွင် သွားတုန်းကလောက် ကားမပိတ်တော့ပေ။ သို့သော် သူက ကျန်းနန်မြို့ကိုပြန်ရောက်သောအခါ လေးနာရီထိုးလုနီးပါးဖြစ်နေသည်။
မာစီရာတီကား၏ အင်ဂျင်သံက လမ်းသွားလမ်းလာများ၏ အာရုံကို ဖမ်းစားနိုင်သဖြင့် ဖုန်းများကိုထုတ်ကာ ဓာတ်ပုံရိုက်ကြသည်။
ထင်သည့်အတိုင်းပင် သူ၏ ဗီလာရှေ့မှာ ထရပ်ကားကြီးတစ်စီးရပ်ထားသည်။ ထိုကားကြီး၏
အတွင်းထဲတွင် ခရမ်းရင့်ရောင် ဇိမ်ခံကားတစ်စီးရှိနေသည်။ သူ့ဘဝတစ်လျှောက်လုံး အိမ်မက်မက်ရုံသာတတ်နိုင်ခဲ့သော အပိုလိုကားသည် ယခုအခါ သူ၏ ရှေ့မှောက်တွင် ရောက်နေသည်။
“မစ္စတာဖန့်ခင်ဗျာ။ လူကြီးမင်းအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အပိုလိုဆန်းဂေါ့ဒ် ကားနဲ့ မိတ်ဆက်ပေးပါရစေ”
ဖန့်ကြွယ်ယွီ၏ မျက်လုံးကိုကြည့်ရုံဖြင့် ထိုကားကိုမည်မျှ စိတ်ကျေနပ်နေကြောင်း ကျိုးလွေ့ရှန်းပြောနိုင်သည်။
“ဒီကားမှာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်တဲ့ စနစ်ပါပါတယ်။ ဒီကားရဲ့ အကြမ်းခံနိုင်မှုနဲ့ ကြံ့ခိုင်မှုကိုမြှင့်တင်ချင်လျှင် သတ္ထုတစ်မျိုးကိုလည်း အချိုးကျထည့်ထားပါတယ်။ တစ်နာရီ တစ်ရာကီလိုမီတာနှုန်းနဲ့သွားမယ်ဆို တစ်ခုခုနဲ့ တိုက်မိလျှင်တောင်မှ ကြီးကြီးမားမားထိခိုက်တာမဖြစ်ပါဘူး”
“ဒီကားက အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၁၂.၇ သန်းကုန်ကျပါတယ်။ ဒါပေမဲ့ သူ့ အလေးချိန်က ၁၂၅၀ ကီလိုဂရမ်ပဲရှိပါတယ်။ တစ်နာရီ ၄၃၀ ကီလိုမီတာထိ ပြေးနိုင်ပါတယ်။ ၁၀၀ကီလိုမီတာ အရှိန်နဲ့ဆို…”
ကျိုးလွေ့ရှန်းက အသေးစိတ်ရှင်းပြသော်လည်း ဖန့်ကြွယ်ယွီက အာရုံမရနေပေ။ သူ၏ အာရုံများက ကားကိုမောင်းချင်သည့်စိတ်အပေါ်မှာရှိနေသည်။
“ခု မောင်းလို့ရလား” ဖန့်ကြွယ်ယွီက မေးသည်။
“ရပါတယ် ခင်ဗျ။ ဒီကားကို လူကြီးမင်းအမည်ပေါက် စာရင်းသွင်းပြီး လိုင်စင်လည်း လုပ်ပြီးပါပြီ”
ကျိုးလွေ့ရှန်းက အချက်ပြသောအခါ ကားကို ထရပ်ကားထဲမှ မြေပြင်ပေါ်သို့ ဖြေးဖြေးချင်းချသည်။
ထိုအချိန်မှာ ဖန့်ကြွယ်ယွီက မျက်တောင်လည်းမခတ် အသက်လည်းရှုဖို့မေ့လျော့နေသည်။ သူ့စိတ်ထဲမှာ လွဲချောမှုတစ်ခုခုဖြစ်ပြီး ကားကို ထိခိုက်မည်ကို စိုးရိမ်နေရှာသည်။
“အမရီ၊ ဒီကားကို ပါကင်ထိုးပေးပါလား” ဖန့်ကြွယ်ယွီက သူ၏ မာစီရာတီကားသော့ကို ကျွမ်းရီအားပေးသည်။
“အဲ့ကားကို အမကြိုက်တယ်ဆို ယူလိုက်တော့”
ကျွမ်းရီက အံ့အားသင့်သွားသည်။ ဖန့်ကြွယ်ယွီက အပိုလိုကားကို ဤမျှလောက် နှစ်သက်မည်ဟု သူမမထင်မိပေ။
သူက မာစီရာတီကို တစ်ရက်နှစ်ရက်သာစီးရသေးသည်။ သို့သော် ဘာကြောင့်များ လွယ်လွယ်ကူကူ ပေးပစ်နိုင်ရသလဲ!
“သခင်လေး ဟားဟား ချစ်တယ်နော်”
ထိုကားသည် ဆယ်သန်းကျော်တန်ပြီး limited edition ( အရေအတွက်အကန့်အသတ်ဖြင့်သာထုတ်လုပ်ခြင်း) ဖြစ်သည်။ ကျွမ်းရီက ချမ်းသာသော်လည်း ထိုမျှ ပမာဏကို ကားတစ်စီးစာတွက် သုံးရန် မတတ်နိုင်ပေ။
သို့သော် အလကားရပါက ဘာကြောင့်မယူရမည်နည်း။
ဖန့်ကြွယ်ယွီက ခလုတ်ကိုနှိပ်သောအခါ ကားတံခါးပွင့်လာသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံမှာဝင်ထိုင်သည်။ သူက ကားစက်ကိုနှိုးလိုက်သည်။
“ဘွန်း”
သားရဲကောင်တစ်ကောင်၏ ဟိန်းဟောက်သံအလား ဇိမ်ခံကားထံမှ ကျယ်လောင်သောအသံ ထွက်လာသည်။