စတာလင်ပေါင်ငါးသိန်းတန်ဝတ်စုံ
Vol. 3 Ch. 38
“အာ..ဘာလဲကွာ။ လမ်းပေါ်မှာ အမြန်နှုန်းသတ်မှတ်ထားလို့ ကားက တုံ့ခနဲဖြစ်ဖြစ်နေတာ”
တစ်နာရီ ၂၆၇မိုင်ပြေးနိုင်သော ကားက တစ်နာရီ ၂၅မိုင်သာ မောင်းရသော ခံစားချက်ကို ကားမောင်းသူတစ်ချို့သာ သိနိုင်မည်။
ဖန့်ကြွယ်ယွီသည် ကား၏ အမြန်နှုန်းကို အပြည့်အဝအသုံးချရန် ပရော်ဖက်ရှင်နယ်အပြေးပြိုင်လမ်းတစ်ခုကို ရှာဖွေပြီး မိုင်နှုန်းပြည့်မောင်းနှင်ရသည့် ခံစားချက်ကို အပြည့်အဝခံစားချင်သည်။
သို့သော် ဤကဲ့သို့ အနေအထားမျိုးမှာပင် သူ၏ကားကို တအံ့တဩဖြစ်နေကြသည်။
“အချစ်ရေ..ဒီကားက ဘာအမျိုးအစားပါလိမ့်။ လှလိုက်တာ”
“ဘုရားရေ၊အပိုလိုကားပါလား”
တစ်ခါတစ်ရံ ပြိုင်ကားများသည် မိန်းကလေးများထက် ယောကျာ်းလေးများကို
ပိုမိုဆွဲဆောင်နိုင်သည်။
“ဒါက မော်ဒယ်အသစ်လား။ ငါတစ်ခါမှ မမြင်ဖူးဘူး”
“အချစ်၊ ဒီကားက စျေးကြီးလား”
“စျေးကြီးလားဆိုတော့ ကြီးတာပေါ့။ ပိုက်ဆံရှိရင်တောင် မဝယ်နိုင်ဘူး”
ကောင်လေးသည် ခရမ်းရင့်ရောင် ပြိုင်ကားကို အားပါးတရကြည့်နေမိသည်။
“အနိမ့်ဆုံးစျေးတောင် ယွမ် သန်း ၂၀လောက်ရှိမယ်။ ဒါတောင် အော်ဒါမှာရတာ။ ပြီး ဒီကားရဖို့အရေး အကြာကြီးစောင့်ရသေးတာ။ ငါ့အထင် ဟွာရှားမှာ ဒီလိုကားမျိုးမရှိလောက်ဘူး”
“သန်း ၂၀” ကောင်မလေးက အလန့်တကြားရေရွတ်သည်။
သူတို့အတွက်တော့ နေ့မအိပ်ညမအိပ် မစားမသောက်ပဲ နှစ်တစ်ရာလောက် အလုပ်လုပ်မှ ထိုပမာဏကို ရနိုင်မည်။
“ဒီကားက သီးသန့်ထုတ်ထားတာ ဒါမှမဟုတ် အကန့်အသတ်နဲ့ပဲ ထုတ်တာ ဖြစ်နိုင်တယ်။ ဒေါ်လာ ဆယ်သန်းကျော်ထက် ပိုပြီး တန်ကြေးရှိလောက်တယ်။ ဒီလိုကားမျိုးကို ဒီနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ စိတ်တောင် မကူးဖူးဘူး။ အိမ်မက်မက်နေသလိုပဲ”
ဖန့်ကြွယ်ယွီက ဘေးနားပတ်လည်ရှိ လမ်းများတွင် စိတ်ကြိုက်ကားပတ်မောင်းသည်။ အခြား ကားများသည် မီးနီမိနေချိန်တွင် ၁၀မီတာကျော် အကွာမှာရပ်နေကြသည်။ သူကားမောင်းနေချိန်တွင်လည်း အခြားကားများက အနားကိုမကပ်ရဲပဲ ၁၀မီတာ အကွာမှာမောင်းနှင်ကြသည်။ အကယ်၍ မတော်တဆ သူ့ကားကို ခြစ်မိခြင်း သို့ ပွတ်တိုက်မိပါက ပြင်ဆင်စရိတ်သည် သူတို့၏ အိမ်နှင့်ကားကို ရောင်းချမှသာ ရလိမ့်မည်။
နာရီဝက်ကြာပြီးနောက် ဖန့်ကြွယ်ယွီက သူ၏ ဗီလာထံပြန်လာသည်။ သူသည် ဒီညကိုတောင် ကားပေါ်မှာသာ ကုန်ဆုံးချင်တော့သည်။
“ဒါဆို ဒီကားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျပါရဲ့လား မစ္စတာဖန့်”
ကျိုးလွေ့ရှန်းက မေးသည်။
“စိတ်တိုင်းကျတယ်။ အရမ်းကြိုက်တယ်” ဖန့်ကြွယ်ယွီသည် ကားအကြောင်းကို အများကြီး မသိသော်ပါ။ ကားနှင့်ပတ်သက်ပြီး သူကြည့်သောအချက်သုံးချက်သာရှိသည်။ ကားက မြန်ရမည်။ စတိုင်မိုက်ရမည်။ စိတ်လှုပ်ရှားမှုကို ပေးနိုင်ရမည်။ ယခုကားသည် ထိုအချက်သုံးချက်နှင့် ပြီးပြည့်စုံသည်။
“လူကြီးမင်းစိတ်တိုင်းကျတယ်ဆိုလို့ ကျွန်တော်တို့ဘက်က များစွာဝမ်းသာရပါတယ်”
“ဒါနဲ့ စကားမစပ် ဒီလိုကားမျိုးကို နောက်ပိုင်းရောင်းဖို့ရှိလား”
“ဟုတ်ကဲ့။ ကျွန်တော်တို့ရောင်းရင်တောင် စံသတ်မှတ်ထားတဲ့ပုံစံပဲရောင်းမှာပါ။ လူကြီးမင်းကားမှာ သုံးထားတဲ့ စျေးကြီးတဲ့သတ္ထုတွေတော့ သုံးပေးမှာမဟုတ်ပါဘူး။ ပြီးတော့ ပါဝါစနစ်ကလည်း နည်းနည်းလျော့ပါလိမ့်မယ်။ ဒီကားကကျတော့ လူကြီးမင်းအတွက် သီးသန့်ပြင်ပေးထားတာမို့လို့ပါ။ ဒါပေမဲ့ ပုံစံကတော့ ဒီပုံစံအတိုင်း အတူတူပဲဖြစ်မှာပါ။ စျေးကတော့ ဒေါ်လာ ၅.၂ သန်းလောက်ပဲရှိမှာပါ။ ကျွန်တော်တို့ရဲ့ အထူးဖောက်သည်တွေအတွက်ပဲ ဒီစျေးနဲ့ ရောင်းပေးမှာပါ”
“ဒါဆို ပုံစံအရကြည့်မယ်ဆို ကျွန်တော့်ကားမှာ ဘာမှထူးခြားတဲ့အသွင်အပြင် မရှိဘူးပေါ့” ဖန့်ကြွယ်ယွီ နည်းနည်းလေး စိတ်ပျက်သွားသည်။
“ဟဲဟဲ..မစ္စတာဖန့် ကျွန်တော်တို့ ဒီဇိုင်နာတွေက ဒီအကြောင်းကို စဉ်းစားထားပြီးသားပါ။ လူကြီးမင်းရဲ့ ဘယ်ဘက်နားက ကားလိုဂိုပါတဲ့ ခလုတ်လေးကို နှိပ်ကြည့်ပေးပါ ခင်ဗျ”
“ဟမ် ဒါလား”
ထိုခလုတ်ကိုနှိပ်သောအခါ ထူးခြားသည့်စက်အသံနှင့်အတူ ခရမ်းရောင်ကျောက်ဖြင့် ထုဆစ်ထားသော ရုပ်ထုသေးလေးတစ်ခုသည် ကားရှေ့တွင် ပေါ်လာသည်။ ထိုရုပ်ထုလေးသည် ရိုးရိုက်စ် (Rolls Royce) ကားတွင် မြင်တွေ့နေကျ ရွှေရောင်ရုပ်တုလေးလို ဖြစ်သည်။ ရုပ်ထုလေးသည် သိမ်းငှက်ပုံစံလေးဖြစ်ပြီး အပိုလိုပြိုင်ကားများ၏ အမှတ်အသားပုံစံဖြစ်သည်။
“ဒီ သိမ်းငှက်ပုံစံက ပုံမှန်ကားတွေမှာဆို ရွှေရောင်ပေါ့။ ဒါပေမဲ့ လူကြီးမင်းရဲ့ကားမှာတော့ အရည်အသွေးမြင့် ခရမ်းရောင်ကျောက်တွေနဲ့ပြုလုပ်ထားတာ။ ဒါက လူကြီးမင်းရဲ့ကားနဲ့ တခြားကားတွေကြားက အကြီးမားဆုံးကွာခြားချက်ပေါ့”
ထိုခရမ်းရောင်ကျောက်သည် ဖန့်ကြွယ်ယွီ၏ ဘိုးဘွားက ရတနာစုဆောင်းသူများထံမှ ဝယ်ယူထားသော ရှားပါးရတနာတစ်ခုဖြစ်သည်။ ထိုကျောက်ကို ဖန့်ကြွယ်ယွီအတွက် သီးသန့်ချန်ထားပြီး ကားပေါ်မှာ တပ်ဆင်ပေးခြင်းဖြစ်သည်။
တန်ဖိုးအရဆို ထိုရတနာကျောက်သည် အပိုလိုကား ဆယ်စီးစာလောက် တန်ကြေးရှိသည်။
“ဝိုး..ဒီကားကို မောင်းတောင် မမောင်းရဲတော့ဘူး” ဤကားက တစ်စုံတစ်ရာ ထိခိုက်မိပါက အချိန်မရွေးပြန်ပြင်နိုင်သဖြင့် သူဘာမှ မခံစားရပေ။
သို့သော် ထိုရတနာကျောက်သာ ပျောက်ဆုံးပါက ပိုက်ဆံဘယ်လောက်ပဲရှိနေပါစေ ပြန်ဝယ်လို့ မရနိုင်တော့ပေ။
“အဲ့အတွက်တော့မပူပါနဲ့ မစ္စတာဖန့်။ အထဲမှာ သေချာပြင်ဆင်ထားပါတယ်။ တစ်ယောက်ယောက်က ဒီကျောက်ကို ခိုးယူဖို့ကြိုးပမ်းမယ်ဆို လျှပ်စစ်လှိုင်းခပ်ပြင်းပြင်းဒဏ်ကိုခံရမှာပါ။ ပြီးတော့ ကားကလည်း အလိုအလျောက်အချက်ပေးသံထွက်လာမှာမို့ စိတ်ချလက်ချစီးနိုင်ပါတယ်”
“အဲ့လိုဆိုတော်သေးတာပေါ့ဗျာ” အခုမှသာ ဖန့်ကြွယ်ယွီသည် သက်ပြင်းချနိုင်တော့သည်။
“ဒါလေးတစ်ခု ကြေညာပေးပါဦး။ ဒီကားအတွက် စက်ရုံမှာ အချိန်ပိုဆင်းပေးတဲ့သူတွေအားလုံးကို နားရက် သုံးရက် ပေးပြီးတော့ တစ်လစာချီးမြှင့်ပေးလိုက်ပါ”
“အလုပ်သမားတွေအားလုံးကိုယ်စား မစ္စတာဖန့်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ”
“အို.ခဏ အမရီ မစ္စတာကျိုးကို နှစ်ကုန်ကျရင် ယွမ်တစ်သန်း ဘောနပ်စ်ပေးပေးပါ”
“ဟုတ်ကဲ့ပါ သခင်လေး”
“ကျေးဇူးတင်ပါတယ် မစ္စတာဖန့်” ကျိုးလွေ့ရှန်းသည် အပျော်ကြီးပျော်မိတော့သည်။ သူသည် ဟွာရှားမှာ ပြိုင်ကားရောင်းချရေးတာဝန်ခံဖြစ်သည်။သို့သော် ဟွာရှားမှာ လူအနည်းငယ်ကသာ ပြိုင်ကားစီးနိုင်သဖြင့် သူသည် နှစ်တိုင်းလိုလို အခြေခံလစာပဲရသည်။ တစ်သန်းတန်ဘောနပ်စ်သည် တကယ့်ကို များပြားလှသည်။
ဖန့်ကြွယ်ယွီသည်ကားကို မြေအောက်ကားပါကင်ထဲကို မောင်းလာသည်။ ကျွမ်းရီကိုပေးထားသော မာစီရာတီကားသည် သူမ၏ အဆောင်ရှေ့ တွင်ရပ်ထားသည်။ ဤဗီလာမှာ ကားပါကင် နေရာ နှစ်ဆယ်ရှိသည်။ ယခုအခါ ကားတစ်စီးပဲရှိနေသဖြင့် တစ်စုံတရာလပ်နေသလို ခံစားရသည်။
“ဒီ ကားပါကင်က နေရာအလွတ်တွေကိုဖြည့်ဖို့ ဘယ်ကားတွေကောင်းလဲဆိုတာ စစ်ကြည့်ရမယ်” ဖန့်ကြွယ်ယွီ စိတ်ထဲ ဘဝင် မကျနေပေ။
“သခင်လေး..မစ္စတာဟီရမ် စောင့်နေပါတယ်။ အကျီစမ်းဝတ်ကြည့်ချင်သေးလား” ကျွမ်းရီက မေးသည်။
“ဟာ ငါဘာလို့မေ့သွားတာပါလိမ့်”
ဖန့်ကြွယ်ယွီက နဖူးကို ခပ်ပြင်းပြင်းရိုက်ပစ်သည်။ လူတစ်ယောက်ကို တစ်နာရီခန့် စောင့်ခိုင်းရသဖြင့် တကယ်အားနာလှသည်။
“ဒါနဲ့ အမရီ.. အနောက်တိုင်းစတိုင် ညစာလေးပြင်ပေးပါဦး။ မစ္စတာ ဟီရမ်ကို ညစာဖိတ်ကျွေးချင်လို့”
“ဟုတ်ပြီ။ စိတ်ချပါ” ကျွမ်းရီက ထွက်သွားသည်။
ဖန့်ကြွယ်ယွီ အိမ်ထဲကိုရောက်ချိန်တွင် မစ္စတာဟီရမ်က ဆိုဖာမှာထိုင်ရင်း ကော်ဖီသောက်နေသည်။ စောင့်ဆိုင်းရသည့်အပေါ် သူ၏ မျက်နှာမှာ ငြိုငြင်သည့်ပုံစံ မမြင်ရပေ။
တော်ဝင်ဒီဇိုင်နာတစ်ဦးဖြစ်သောဟီရမ်သည် သူ၏ အထူးသီးသန့်ဧည့်သည်များအပေါ် အချိန်မည်မျှပင်စောင့်ဆိုင်းရပါစေ စောင့်နိုင်သည့်ပုံဖြစ်သည်။
“မစ္စတာဟီရမ်၊ ကျွန်တော်တောင်းပန်ပါတယ်။ ကားအသစ်တစ်စီးရတာနဲ့ အပျော်လွန်ပြီး ခင်ဗျားနဲ့ ချိန်းထားတာကို မေ့သွားတာပါ” ဖန့်ကြွယ်ယွီက အနူးအညွတ်တောင်းပန်သည်။
“ရပါတယ်။ စိတ်မပူပါနဲ့ မစ္စတာဖန့်။ ကော်ဖီက သောက်လို့အရမ်းကောင်းတာပဲ။ ဒီကော်ဖီနဲ့သာဆို ဘယ်လောက်ကြာကြာ စောင့်နိုင်ပါတယ်” မစ္စတာဟီရမ်က အရွှန်းဖောက်သည်။
“ဟား။ မစ္စတာ ဟီရမ်ကတော့ နောက်ပြီ။ ကျွန်တော့်စားဖိုမှူးကို ညစာပြင်ခိုင်းထားတယ်။ ဒီမှာ ညစာစားပြီးမှ ပြန်ပါ။ အပြန်ကျ ခင်ဗျားကို လိုက်ပို့ပေးဖို့ ကားဆရာတစ်ဦးစီစဉ်ပေးပါ့မယ်”
“မစ္စတာဖန့် စီစဉ်ထားသလို လုပ်ပါဗျာ”
“ဒါဆို အဝတ်အစားလေးတွေ ဝတ်ကြည့်ကြတာပေါ့”
“ဟုတ်ပါပြီ”
ဖန့်ကြွယ်ယွီသည် အထူးပြင်ဆင်ထားသော အထုပ်ထဲမှ အနောက်တိုင်းဝတ်စုံကို ထုတ်ပြီး ဝတ်လိုက်သည်။
နဂိုတုန်းက ဖန့်ကြွယ်ယွီသည် ခပ်ပိန်ပိန်ပါးပါးပုံစံဖြစ်သည်။ အခုတော့ သူ၏ပုံစံသည် ကြည့်ကောင်းလာသည်။
“လူမှာအဝတ် တောင်းမှာအကွပ်” ဆိုသည့်အတိုင်း ဝတ်စုံကို ဝတ်လိုက်ပြီးနောက် သူသည် သာမန်ကျောင်းသားပုံစံမှ ဂုဏ်သရေရှိလူကြီးမင်းတစ်ဦးအသွင် ပြောင်းလဲသွားသည်။
“မစ္စတာဖန့်။ ဒီဝတ်စုံကို ကတ်ရှ်မီးယားသိုးမွေး၊ ပိုးထည်နဲ့ ကျောက်မျက်ရတနာတွေကို သုံးပြီး ဖန်တီးထားပါတယ်။ ဟွာရှားကထွက်တဲ့ တွင်းထွက်ပစ္စည်းတွေကို အနောက်တိုင်းပုံစံ အသွင်ပြောင်းထားပါတယ်။ ဒီဝတ်စုံမှာ အကောင်းတကာ့အကောင်းဆုံးပစ္စည်းတွေကို သုံးထားပါတယ်။ အလိုအလျောက် အပူချိန်ထိန်းညှိပေးအောင် ပြုလုပ်ထားတဲ့အတွက် ရာသီမရွေးဝတ်ဖို့ သင့်တော်ပါတယ်”
“မိုက်လိုက်တာ” ဖန့်ကြွယ်ယွီက သူ့ကိုယ်သူမှန်ထဲမှာ ပြန်ကြည့်ရင်းကျေနပ်နေသည်။ ဝတ်စုံတွင် သုံးထားသောကြယ်သီးပေါ်တွင် ရွှေရောင်နဂါးပုံလေးများကို ထွင်းထုထားသဖြင့် ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိပြီး ခမ်းနားလှသော အသွင်အပြင်ရစေသည်။
ထိုကဲ့သို့ ဒီဇိုင်းပြုလုပ်နိုင်သော အရည်အချင်းနှင့်ပင် အင်္ဂလန်တော်ဝင်မိသားစု၏ ဒီဇိုင်နာအကြီးအကဲဖြစ်ထိုက်ပေသည်။
“မစ္စတာဟီရမ်..ဒီဝတ်စုံတန်ဖိုးက စျေးကြီးလောက်မယ်မလား”
ဘရန်းဒတ်အဝတ်အစားများတောင်မှ သောင်းဂဏန်းကျော်လောက် တန်ကြေးရှိသဖြင့် ဤဝတ်စုံမျိုးက ပိုပြီး စျေးကြီးလောက်မည် မဟုတ်ပေဘူးလား။
“မစ္စတာဖန့်။ ဒီဝတ်စုံမှာသုံးထားတဲ့ ကျောက် တွေရဲ့ အရောင်က G ဖြစ်ပြီးတော့ အရည်အသွေးကလည်း VS2လောက်ရှိတယ်။ ကျောက်ပေါင်းနှစ်ရာလောက်ဆိုတော့ ၁၅၀ ကာရတ်ရှိတယ်။ ဒါကြောင့်မို့ ဒီဝတ်စုံရဲ့ တန်ဖိုးက စတာလင်ပေါင် ငါးသိန်းရှိပါတယ်”
“စတာလင်ပေါင် ငါးသိန်း” ဖန့်ကြွယ်ယွီအံ့အားသင့်ရပြန်သည်။
သူက အိမ်တစ်လုံးစာတန်ကြေးရှိသော ဝတ်စုံကို ဝတ်ထားမိတာများလား!!!