အမိုက်စားကံစမ်းမဲ…
Vol. 3 Ch. 40
“သခင်လေးမှာခိုင်းထားတဲ့ ကားတွေမှာပြီးပါပြီ။ နောက်အပတ်လောက်ဆို ကားတွေရောက်ပါပြီ”
ကျွမ်းရီဆီမှ မက်ဆေ့ချ်ဝင်လာသည်။
“ဟာ မိုက်သား” ဖန့်ကြွယ်ယွီသည် ကျွမ်းရီ၏ အလုပ်လုပ်တာမြန်ဆန်မှုနှင့် ထက်မြက်မှုတို့အပေါ် ချီးကျူးမိသည်။ ချက်ချင်းဆိုသလို သူ၏ ပိုင်ဆိုင်မှုဇယားကို ရှောင်းရီက ထုတ်ပြသည်။
ထိုဇိမ်ခံကားများအားလုံး၏ တန်ကြေးသည် ဘီလီယံနှင့် ချီပြီးရှိလောက်မည်။
သို့သော် ကိန်းဂဏန်းများကို မြင်လိုက်ရသောအခါ အံ့ဩရပြန်သည်။ ငွေပမာဏက မလျော့သွားသည့်အပြင် ဒေါ်လာသန်းပေါင်းများစွာတောင် တိုးလာသေးသည်။
“ရှောင်းရီ..ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြပါဦး”
ဖန့်ကြွယ်ယွီသည် တွေးမတတ်အောင်ဖြစ်ရသည်။ သူသည် ဇိမ်ခံကား အစီး၂၀လောက် ဝယ်ပြီး ပိုက်ဆံကိုဖြုန်းသော်လည်း ပိုက်ဆံက မလျော့သွားပေ။
“ပိုင်ရှင်..ကျုပ်ကိုအပြစ်မပြောပါနဲ့။ ဘယ်သူကများ ကိုယ့်မိဘပိုင်တဲ့ဆိုင်ကနေ ပိုက်ဆံပေးပြီး မုန့်ဝယ်စားရလို့လဲ”
ရှောင်းရီ၏ တုံ့ပြန်ချက်က သူ့ကိုဆွံ့အစေသည်။
“ဝူလင်းဟုန်ကွမ်း ဆိုတဲ့ ကားတစ်စီးကလွဲပြီး ကျန်တဲ့ကားတွေထုတ်တဲ့ ကုမ္ပဏီတွေမှာ ပိုင်ရှင်က ရှယ်ယာတွေဝင်ထားတာလေ။ သီးသန့်ထုတ်ပေးရတဲ့ကားအတွက်တောင် တစ်ပြားမှမကုန်တာ။ အကယ်၍ ပိုင်ရှင်က ပိုက်ဆံပေးလည်း အဲ့ပိုက်ဆံက ပိုင်ရှင့်အိတ်ထဲပဲ အချိန်တန်ရင်ပြန်ရောက်လာမှာ။ ဘာမှ မထူးဘူးလေ”
“ဝိုး..ပိုက်ဆံကုန်အောင် သုံးရတာ ဒီလောက်တောင်ခက်ခဲရသလားကွာ”
ဖန့်ကြွယ်ယွီသည် စိတ်ရှုပ်ရှပ်နှင့် ကွန်ပျူတာမောက်စ် (mouse) ကိုရိုက်ခွဲပစ်သည်။ သို့သော် စျေးကြီးသည့်သတ္ထုနှင့် ပြုလုပ်ထားသည့် မောက်စ်မှာ ခြစ်ရာတစ်ခုတောင် မကျန်ခဲ့ပေ။ ကြမ်းခင်းပေါ်မှာ အရာလေး တစ်ခုသာကျန်ခဲ့သည်။
သူက ဝီဘိုကို တစ်ချက်ပြန်ကြည့်သည်။ ဖော်လိုဝါအရေအတွက်သည် တစ်သန်းကျော်ပြီး တစ်စတစ်စ တိုးပွါးလာသည်။
သူ၏ လူငယ်အသင်း အပေါ် ပရိုမိုးရှင်းဆင်းထားသည့်ပို့စ်မှာ ကောမန့်ပေါင်းများစွာ ရေးကြသည်။
“မစ္စတာလုက အသင်းအဖွဲ့တွေကိုချစ်တဲ့သူလို့ ဘယ်သူထင်မှာလဲ”
“ဖန့်ကြွယ်ယွီ..ဒါက မစ္စတာလုရဲ့ နာမည်အရင်းလား။ မူလတန်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ နာမည်တူနေတာပဲ”
“ငါ့သူငယ်ချင်းက ကံစမ်းမဲဘယ်တော့ဖောက်ပေးမလဲဆိုတာ မေးချင်တာ တစ်ပိုင်းသေနေပြီ”
“မလိမ်ပါနဲ့..အဲ့ သူငယ်ချင်းဆိုတာ နင်ပဲမလား”
“လူငယ်အသင်းက ဟွာရှားမှာ တကယ့်ကိုအဖွဲ့အစည်းကောင်းပဲ”
မိနစ်နှစ်ဆယ်ကြာပြီးသည့်နောက် သူ၏ ဖုန်းထပ်မြည်လာပြန်သည်။ ဝမ်ချုံးက သူ၏ ကိစ္စများ ပြီးမြောက်သွားလို့ ဖုန်းပြန်ခေါ်တာဖြစ်ရမည်။
“ဖန့်ကြွယ်ယွီ..မင်းငါ့ကို ရှင်းပြဖို့ တစ်မိနစ်ပေးရမလား ဒါမှမဟုတ် ငါကိုယ်တိုင် နှစ်ရက်အတွင်း ကျန်းနန်ကိုအရောက်လာပြီး မင်းကိုလာသတ်ရမလား”
“ဟေ့လူ..ကျုပ်ရဲ့ ဝီဘိုအကောင့်ကို ကြေညာခိုင်းချင်လို့ ဆက်ခဲ့တာ။ ခင်ဗျားမှာ ဖော်လိုဝါအများကြီးရှိတော့ ခင်ဗျားပြောရင် ပိုထိရောက်မယ်လို့ထင်တယ်လေ”
“မင်း ငါ့ကို လာနောက်နေတာလား။အဲ့လောက်ကိစ္စလေးအတွက်နဲ့ ငါ့ကိုဖုန်းခေါ်တယ် ဟုတ်လား” ဝမ်ချုံးက ဖုန်းပြောရင်း သူ့ကို အမှုန့်ကြိတ်ချင်စိတ်များ တဖွားဖွားပေါ်လာနေသည်။
“မင်း ငါ့ဆီ စာပို့တာဖြစ်ဖြစ် ဝီချက်(we chat) ကနေ မက်ဆေ့ချ်ပို့တာဖြစ်ဖြစ် လုပ်လို့ရတယ်လေ”
“ဟုတ်ပါပြီ။ စိတ်လျှော့ပါ ကိုယ့်လူရာ။ ခင်ဗျားလိုချင်တဲ့ ဟယ်လီကော်ပတာကို ၂၀% စျေးလျှော့ပေးမယ် ဟုတ်ပြီလား”
“မရဘူး။ ငါးဆယ်ရာခိုင်နှုန်းလျော့ပေးမှရမယ်။ မဟုတ်ဘူး ၇၀ % လျော့ကွာ”
“မရဘူး။ ၆၀%ပဲ လျော့ပေးမယ်”
“၆၅%လောက်တော့ ထားပါ။ ဘာမှ မကွာတော့တာ”
“ဟုတ်ပြီ ရပြီလေ” ဝမ်ချုံးက ဒေါ်လာသန်းပေါင်းများစွာ သက်သာသွားသဖြင့်ပျော်နေသည်။ ခုနက ခေါ်ဆိုသောဖုန်းကို အခုတော့ အပြစ်မမြင်နိုင်ဘဲ ကျေးဇူးတင်နေမိသည်။
“ဒါဆို ကျုပ်အကောင့်ကို ကူညီပြီး ဖြန့်ပေးဦး”
“ကောင်းပါပြီ။ ဒါနဲ့ နောက်အပတ်ကျရင် ငါ ကျန်းနန်မြို့ကိုလာဖို့ရှိတယ်။ မင်းအိမ်ကိုလည်း အလည်လာရင်းနဲ့ ရုပ်ရှင်အကြောင်းလည်း ဆွေးနွေးကြစို့လေ။”
“အဆင်ပြေတယ်။ ခင်ဗျားဘာကြိုက်တတ်လဲဆိုတာပြောပါဦး။ ကျွန်တော့်စားဖိုမှူးကို ပြင်ခိုင်းမလို့”
“ဟာ မိုက်လှချည်လား။ ငါ့အိမ်မှာတောင် သီးသန့်စာဖိုးမှူးမရှိဘူး။ မင်းရဲ့ စာဖိုမှူးလက်ရာကို မြည်းစမ်းကြည့်ရတာပေါ့လေ”
ဝမ်ချုံးက ဖုန်းချပြီးသည်နှင့် ဝီဘိုကိုဖွင့်သည်။
“အားလုံးပဲ။ မိတ်ဆွေတစ်ဦးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကောင်လေ မနေ့ကတုန်းကပေါ့ သူ့ပိုင်ဆိုင်မှုတွေနဲ့ ငါ့ကို ဖိသတ်လို့ရတယ်လို့ပြောတာလေ။ သူက ဖန့်ကြွယ်ယွီပါ”
ဝမ်ချုံးမှာ ဖော်လိုဝါ သန်း၂၀ကျော်ရှိသည်။ သူ၏ ပို့စ်က ဆရာပတ်နှင့် ရှင်းယွီထက်ပိုပြီး ထိရောက်သည်ဟု ဆိုနိုင်မည်။
“ဟား နောက်ဆုံးတော့ ဥက္ကဌဝမ်က သူဌေးရဲ့ အကောင့်ကို ချပြပါပြီ။ ကဲ ညီအကိုတို့ သူ့ ဝီဘိုအကောင့်ကို သွားမွှေကြမယ်”
…..
ဝမ်ချုံးကိုယ်တိုင်က ချမ်းသာသည်ဟုချီးကျူးးသော ဖန့်ကြွယ်ယွီ၏ အကောင့်ကို လူပေါင်းများစွာက မွှေနှောက်ကြသည်။
ခဏအကြာမှာတင်လာသောပို့စ်ကြောင့် အားလုံးတအံ့တဩဖြစ်ကြရသည်။
“ကျွန်တော့်အကောင့်ကို ဖောလိုးလုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ရံဖန်ရံခါ ကံစမ်းမဲတွေ ဖောက်ပေးသွားမှာပါ။ ဒီကနေ့မှာတော့ ပွဲဦးထွက်ကံစမ်းမဲအနေနဲ့ အိုင်ဖုန်း 11 ပရိုမက်စ် ၂၅၆ gb အလုံး ၅၀၀ နဲ့ လမ်ဘော်ဂနီတစ်စီး မဲဖောက်ပေးပါ့မယ်။ ဒီပို့စ်ကို ပြန်ပြီး ရှယ်ပေးတဲ့သူတိုင်း ကံစမ်းမဲအတွက် အကျုံးဝင်ပါတယ်”
“မိုက်တယ်ဟေ့”
“အိုင်ဖုန်းမဲဖောက်တာတော့ တွေ့ဖူးပါတယ်။ ဒါပေမဲ့ ကားတစ်စီးလုံးကို မဲဖောက်ပေးတာတော့ ဒါပထမဆုံးပဲ။ လေးစားပါတယ် ဆရာ”
“အမေရေ လာကြည့်ဦး”
“ဒီကားကို ငါရမှာ။ ဘယ်သူမှ လာမလုကြပါနဲ့”
“ပြန်ကူးတင်လိုက်ပြီ။ မနက်ဖြန် ကားနံပါတ်ပြားတစ်ခု ရပါစေ”
“အမိုက်စားပဲ” ဝမ်ချုံးက ချမ်းသာသော်လည်း ထိုကဲ့သို့ လမ်ဘော်ဂနီကားကဲ့သို့ ကံစမ်းမဲမျိုးတစ်ခါမှ မပေးဖူးပေ။ ဒေါ်လာငါးသိန်းတန်ကားကို မဲဖောက်ပေးခြင်းက သူနှင့် သူ့အပေါင်းအသင်းများကို အံ့အားသင့်စေသည်။
“မင်းဘက်က ဒီလောက်တောင် ရက်ရောနေမှတော့ ငါလည်း ဒီတိုင်းနေလို့မရတော့ဘူးလေ”
ဝမ်ချုံးက ဖန့်ကြွယ်ယွီနှင့် ယှဉ်ပြိုင်ချင်စိတ်များ ပေါ်လာသည်။
“ငါဆိုတဲ့ ဝမ်ချုံးကလည်း ၂၅၆ gb အိုင်ဖုန်း ၁၁ ပရိုမက်စ် အလုံး ၅၀၀ နဲ့ ဖာရာရီ ၄၈၈တစ်စီး မဲဖောက်မယ်။ ဒီပို့စ်ကို ပြန်ရှယ်သူတိုင်း ကံစမ်းမဲအတွက် ဝင်ရောက်ကံစမ်းနိုင်မယ်”
ဝမ်ချုံးက ဟယ်လီကော်ပတာဝယ်ယူခြင်းမှ ပိုက်ဆံများစွာသက်သာထားတာမို့ ထိုကဲ့သို့ ယွမ်သန်းပေါင်းများစွာတန်သော ကံစမ်းမဲကို ပေးနိုင်သည်။
သူတို့ နှစ်ဦး အပြိုင်အဆိုင်ကံစမ်းမဲပေးခြင်းက ဝီဘိုမှာ နာမည်ကြီးလာသည်။ ဖန့်ကြွယ်ယွီ၏ ဖော်လိုဝါအရေအတွက်သည် ငါးသန်းကျော်လာခဲ့သည်။ နောက်တစ်နေ့မှာတော့ ဖော်လိုဝါ ဆယ်သန်းနီးပါးရှိလာသည်။
“ဟေ့ ဖန့်ကြွယ်ယွီ.. ဒီလောက် ဖော်လိုဝါများတာ။ ဘာဖြစ်လို့များဝီဘိုက အသိအမှတ်မပြုသေးတာလဲ”
“ဘယ်လို”
“ငါ့ဟာကိုကြည့်လေ။ ကျူး တီဗီရဲ့ စီအီးအို (CEO) ဘိုင်တာအုပ်စုရဲ့ ဒါရိုက်တာမို့လို့ အင်ဖလူရမ်ဇာ (influencer) ဆိုတဲ့ ခေါင်းစဉ်ရတယ်လေ”
“ဒါပေမဲ့ ငါက ကုမ္ပဏီအများကြီးပိုင်တယ်လေ။ ငါပိုင်တဲ့ကုမ္ပဏီကို စာရင်းလုပ်ပြီး ချရေးရင် ဝီဘိုမှာ နေရာတောင်ကျန်မှာမဟုတ်ဘူး”
“ဟုတ်ပါပြီ ထပ်ကြွားပြီးပြောပြန်ပြီ။ ငါ လုပ်စရာရှိသေးတယ်” ဝမ်ချုံးက သူ့ကိုလျစ်လျူရှုသည်။
“ငါဘာများပြောမိလို့လဲ။ ကြည့်ရတာ လူတွေက အမှန်တွေပြောရင် မကြိုက်ကြတာလား” ဖန့်ကြွယ်ယွီတစ်ယောက် ဝမ်ချုံး၏ ပြောင်းလဲသွားမှုကို နားမလည်နိုင်အောင် ဖြစ်နေသည်။
(အမှာစာ - ဆရာမ Emerald က နေပြည်တော်မှာ နေတာပါ။ သိတဲ့အတိုင်းပဲ ငလျင်ကြောင့် အများကြီးထိခိုက်သွားတဲ့နေရာဖြစ်တာကြောင့် လျှပ်စစ်မီးအခက်အခဲ၊ လိုင်းအခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် လက်ထဲမှာ ရှိသလောက်အပိုင်းနဲ့ စာအုပ်ထွက်ပေးလိုက်ပါတယ်။ လိုနေတဲ့ နှစ်ပိုင်းစာကို နောက်အုပ်မှာ ပေါင်းထည့်ပေးပါ့မယ်
-Zeus)
စာစဉ်ပြီး၏