ပဉ္စမအလွှာ....
Vol. 9 Ch. 138
ထိုအချိန်တွင်....
ဝုန်း....
ကျယ်ပြောသော အော်ရာတစ်ခုက ယွမ်ချီစမ်းချောင်းရှိရာမှ ထွက်ပေါ်လာပြီး မြေအောက်နန်းတော်တစ်ခုလုံး ပြည့်နှက်သွားသည်။
ထိုအော်ရာရှေ့တွင် နဝမအဆင့်ရှိသော မိုယန်နတ်ဆိုးသခင်တို့ပင် ၎င်းကို ဆန့်ကျင်နိုင်စွမ်းမရှိဘဲ နောက်ဆုတ်လိုက်ရသည်။
" အရှင် အရှင်က ဒသမအဆင့်ကို ချိုးဖျက်သွားတာလား။ " မိုယန်နတ်ဆိုးသခင်က တုန်လှုပ်သွား၏။ သူက ယွမ်ချီစမ်းချောင်းက ပြင်းထန်စွာ ကုန်ဆုံးနေကတည်းက သတိပြုမိခဲ့လေသည်။
ဒဏ္ဍာရီလာ ဒသမအဆင့်မှလွဲ၍ ထိုမျှ များပြားလှသော ယွမ်ချီများကို ဘယ်သူက စုပ်ယူနိုင်မှာလဲ။
ကျင့်ကြံသူတစ်ယောက်အတွက် ယွမ်ချီများက အစားအစာနှင့်တူလှသည်။ အစားကို အလွန်အကျွံ စားသုံးခြင်းက အစာအိမ်ကို ထိခိုက်စေနိုင်လေသည်။
ကျင့်ကြံသူများက အဆင့်တစ်ခုတက်မှသာ များပြားသော ယွမ်ချီများကို စုပ်ယူကြခြင်း ဖြစ်သည်။
" ဒသမအဆင့် " အခြားနတ်ဆိုးရှစ်ယောက်ကလည်း တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
ရှေးခေတ်အချိန်ကတည်းက နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူများအတွက် နဝမအဆင့်က ကန့်သတ်ချက်ဖြစ်သည်။ ဒသမအဆင့်သို့ ရောက်သွားသော နတ်ဆိုးကျင့်ကြံသူဟူ၍ မရှိပေ။
လင်းယွမ်က ဒသမအဆင့်သို့ ချိုးဖျက်သွားလျှင် ကောင်းကင်ဓားဂိုဏ်းမပြောနှင့် နယ်မြေငါးခုလုံးက နတ်ဆိုးလမ်းစဉ်၏ နယ်မြေ ဖြစ်လာပေလိမ့်မည်။
မိုယန်နတ်ဆိုးသခင်နှင့် အခြားနတ်ဆိုးသခင်ရှစ်ယောက်တို့ မှင်သက်နေကြသောအချိန်တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်က ယွမ်ချီစမ်းချောင်းရှိရာမှ ထွက်လာသည်။
လင်းယွမ်က တည်ငြိမ်စွာဖြင့် ရှိနေပြီး သာမန်လူတစ်ယောက်ကဲ့သို့ မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်း မရှိပေ။ သို့သော် ထိုအဆင့်က မူလအခြေအနေသို့ ပြန်သွားသော အဆင့်ဖြစ်သည်ကို သိထားကြသော နတ်ဆိုးသခင်များက ပို၍ပင် လေးစားသွားကြသည်။
" အရှင်...." မိုယန်နတ်ဆိုးသခင်နှင့် အခြားသူများက လင်းယွမ်၏ နောက်မှလိုက်ပြီး မြေအောက်နန်းတော်၏ ခန်းမဆီသို့ ရောက်လာကြသည်။
ထို့နောက် မိုယန်နတ်ဆိုးသခင်က သတင်းအချက်အလက်များကို တင်ပြလိုက်သည်။ ပြီးသောအခါ မိုယန်နတ်ဆိုးသခင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။ " အရှင် အရှင်က ဒသမအဆင့်ကို ရောက်သွားတာလား။ "
ထိုစကားများကြားသောအခါ အားလုံးက နားစွင့်လိုက်ကြသည်။ ၎င်းက ဒသမအဆင့်ဖြစ်၏။ နတ်ဆိုးကျင့်ကြံသူများအားလုံး မည်သည့်အချိန်ကမှ မရောက်ဖူးခဲ့သော အဆင့်ဖြစ်၏။
နယ်မြေငါးခုတွင်ပင် ဒသမအဆင့်သို့ ရောက်သော လူများက ရှားပါးလှပြီး နှစ်တစ်သောင်းအတွင်း ငါးယောက်ထက် မပိုခဲ့ပေ။
" ဒသမအဆင့်လား။ " လင်းယွမ်က လူတိုင်းကို ငုံ့ကြည့်လိုက်သည်။ " ငါက ဒသမအဆင့်မှာ မဟုတ်ဘူး။ "
လင်းယွမ်က အမှန်ပင် ဒသမအဆင့်တွင် မဟုတ်ပေ။ သူက ပဉ္စမအလွှာတွင် ဖြစ်၏။ နယ်မြေမြှုပ်နှံခြင်းအဆင့်ဟု ခေါ်ကြသည့် မူလကမ္ဘာမှ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်သည်။
ဤကမ္ဘာမှ ဒသမအဆင့်က အတိအကျပြောရလျှင် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာကြားမှ အသွင်ကူးပြောင်းသော အဆင့်လေးတစ်ခုသာ ဖြစ်၏။ နှိုင်းယှဉ်ရလျှင် အနည်းငယ်ဆုံး ဒသမအဆင့်ကို ကျော်လွန်မှသာ ပဉ္စမအလွှာနှင့် ညီမျှပေလိမ့်မည်။
" ပဉ္စမအလွှာ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သော စွမ်းအားကို ခံစားနေရသည်။
၎င်းက နယ်မြေများကို ဖျက်ဆီးပြီး ဂြိုလ်တစ်ခုပေါ်မှ သက်ရှိများအားလုံးကို အဆုံးသတ်နိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။
မူလကမ္ဘာတွင် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက အလယ်အဆင့်ဂြိုလ်ပေါ်မှ အသန်မာဆုံး တည်ရှိမှုများဟု ခေါ်ဆိုနိုင်ပြီး ပဉ္စမအလွှာ နှစ်ယောက်၏ တိုက်ပွဲက ဂြိုလ်တစ်ခုပေါ်မှ သန်းနှင့်ချီသော အသက်များကို သေဆုံးစေနိုင်လေသည်။
အချို့စွမ်းအားကောင်းသော ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများက အသက်ဂြိုလ်တစ်ခုကို သေခြင်းဂြိုလ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ပြီး နှစ်တစ်သောင်းအတွင်း မည်သည့်သက်ရှိမှ ထွက်ပေါ်မလာနိုင်အောင် ပြုလုပ်နိုင်လေသည်။
" ဒီကမ္ဘာမှာတော့..." လင်းယွမ်က အတွေးနက်သွား၏။
ယခု သူရှိနေသော ကမ္ဘာက အလယ်အဆင့် အသက်ဂြိုလ်ထက် ပို၍ ကြီးမားပြီး အဆင့်မြင့် အသက်ဂြိုလ်နှင့် ယှဉ်နိုင်လုနီးပါးပင် ဖြစ်သည်။
" ဖြည်းဖြည်းပေါ့ နှစ်သုံးဆယ်ပဲရှိသေးတယ်။ နှစ်ပေါင်း ၁၇၀ ကျန်သေးတယ်။ " လင်းယွမ်က အလျင်မလိုပေ။ ဤကမ္ဘာမှ မထွက်ခွာမီ အချိန်များစွာ ကျန်နေသေးသည်။
" ဒသမအဆင့်မဟုတ်ဘူးလား။ " မိုယန်နတ်ဆိုးသခင်က အနည်းငယ် အံ့ဩသွားသည်။
လင်းယွမ် ကျင့်ကြံနေစဉ် ထွက်ပေါ်လာသော အော်ရာက ဘယ်လိုလုပ် နဝမအဆင့်မှာ ရှိနိုင်မှာလဲ။
မိုယန်နတ်ဆိုးသခင်က နဝမအဆင့် အထွတ်အထိပ် ဖြစ်သော်လည်း မကြာသေးမီက လင်းယွမ် ထုတ်လွှတ်ခဲ့သော အော်ရာကို ခုခံနိုင်ခြင်းမရှိခဲ့ပေ။ ၎င်းက ဘယ်လိုလုပ်နဝမအဆင့်မှာ ရှိနေဦးမှာလဲ။
မိုယန်နတ်ဆိုးသခင်က နားမလည်နိုင်ပေ။ သို့သော် လင်းယွမ်က သူ့ကိုလှည့်စားရန်လည်း အကြောင်းမရှိပေ။ သူက ဒသမအဆင့်တွင် မဟုတ်ဘူးဟု ပြောသောကြောင့် အမှန်ပင် ဖြစ်လောက်ပေသည်။
" ဒသမအဆင့် ခြေလှမ်းတစ်ဝက်လား။ " မိုယန်နတ်ဆိုးသခင်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ ဒသမအဆင့် ခြေလှမ်းတစ်ဝက်ကလည်း သူ့ထက် သန်မာလေသည်။
" မသိတော့ဘူးကွာ။ အရှင်က နဝမအဆင့်ဖြစ်ဖြစ် ဒသမအဆင့်ဖြစ်ဖြစ် ငါနဲ့ ဘာမှမဆိုင်ဘူး။ " မိုယန်နတ်ဆိုးသခင်က လျှောက်တွေးခြင်းကို ရပ်တန့်လိုက်သည်။
အချိန်များကုန်လွန်သွားပြီး နှစ်ဝက်ကြာသွားခဲ့သည်။
တစ်နေ့ လင်းယွမ်ကျင့်ကြံနေစဉ် နွမ်ရှုက အလောတကြီးရောက်လာပြီး သူ၏ နောက်တွင် ရပ်၍ တီးတိုးပြောလိုက်သည်။ " အရှင် တစ်ယောက်ယောက်က အရှင့်ကို လာရှာနေတယ်။ "
" ငါ့ကို ရှာနေတာလား။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" အဲ့ဒါ..." နွမ်ရှုက ထိုလူကို တွေ့ခဲ့ရသည်မှာ အံ့ဩနေပုံရလေသည်။
" အဲ့ဒါ ကျစ်ကောဂိုဏ်းရဲ့ မဟာအကြီးအကဲပါ။ " နွမ်ရှုက တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။
" ကျစ်ကောဂိုဏ်း " လင်းယွမ်က အတွေးနက်သွား၏။
ကျစ်ကောဂိုဏ်းက အရှေ့ပိုင်းနယ်မြေမှ အင်အားစုတစ်ခုဖြစ်ပြီး နယ်မြေငါးခုတွင် ကောင်းကင်ဓားဂိုဏ်းပြီးလျှင် ဒုတိယနေရာတွင် ရှိလေသည်။
ကျစ်ကောဂိုဏ်း၏ မျိုးဆက်တိုင်းက နက်နဲသော အခြေခံများဖြင့် နဝမအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်မှ တိုက်ပွဲကြီးတွင် ကျစ်ကောဂိုဏ်းက ရှဟိုယွမ်ကို နှိမ်နှင်းရာတွင်လည်း ကူညီပေးခဲ့ကြသည်။
ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက အဋ္ဌမအဆင့်သာ ရှိသော်လည်း ကျစ်ကောဂိုဏ်းအတွင်း အဆင့်အတန်းမြင့်မားပြီး လက်ရှိဂိုဏ်းချုပ်ပင် သူ၏ တပည့်ဖြစ်လေသည်။
" သူက ဘာလို့လာတာလဲ။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
" သူက အရှင်နဲ့ ဆွေးနွေးရမယ့် အရေးကြီးကိစ္စရှိတယ်လို့ ပြောပါတယ်။ "
" ဒါပေမယ့် အဲ့ဒီအဖိုးကြီးနဲ့ ပက်သက်ပြီး တစ်ခုခု လွဲနေတယ်လို့ ကျွန်မ ထင်တယ်။ သူ့မှာ အကြံအစည်တွေ ရှိလောက်တယ်။ အရှင် သူ့ကို မယုံသင့်ဘူး။ " နွမ်ရှုက ညင်သာစွာ ပြောလိုက်သည်။
" သူ့ကို ဝင်ခိုင်းလိုက်။ " လင်းယွမ်က ပြောလိုက်သည်။
နွမ်ရှု၏ အဆိုအရ ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက သူနှင့် တွေ့ဆုံးရန် သွေးကြောများကို ယာယီပိတ်ထားရမည်ဖြစ်သည်။ မဟုတ်လျှင် သူက လင်းယွမ်ကို တွေ့ဆုံရန်မပြောနှင့် မြေအောက်နန်းတော်၏ ဝင်ပေါက်ကိုပင် ကျော်လာမည်မဟုတ်ပေ။ ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက ခြိမ်းခြောက်မှုမရှိသည်ကို အတည်ပြုပြီးမှ နွမ်ရှုက ခေါ်လာခြင်းဖြစ်သည်။
ခနကြာသောအခါ ဆံပင်အဖြူ မုတ်ဆိတ်မွေးများဖြင့် လူအိုကြီးတစ်ယောက်က ခန်းမထဲသို့ ဝင်လာသည်။ နတ်ဆိုးသခင်ကိုးယောက်က ဘေးတွင် ရပ်နေပြီး ထိပ်ဆုံးတွင် အရပ်ရှည်ရှည်နှင့်လူတစ်ယောက်က ထိုင်ခုံပေါ်မှ သူ့ကို ငုံ့ကြည့်နေသည်။
" မဟာနတ်ဆိုးအရှင်ကို အရိုအသေပေးပါတယ်။ " လူအိုကြီး၏ အမူအရာက တည်ငြိမ်နေပြီး သူက အနည်းငယ် ဦးညွှတ်လိုက်သည်။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။ " လမ်းမှန်ဂိုဏ်းရဲ့ မဟာအကြီးအကဲက ငါ့လို နတ်ဆိုးတစ်ယောက်ဆီကို လာပြီး ဦးတောင်ညွှတ်လိုက်သေးတယ်။
ယခင်အချိန်များတွင် ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက ရှဟိုယွမ်ကို တွေ့သည်နှင့် ဦးညွှတ်ရန် မပြောနှင့် ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။
" ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်နေတာ နတ်ဆိုးတွေကြောင့်လို့ ဆိုပေမယ့် နတ်ဆိုးအရှင် မင်းကတော့ အခြားသူတွေလိုမဟုတ်ဘူးဆိုတာ ငါသိတယ်။ " ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
" အဲ့လိုလား။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
" ငါက နှစ်ပေါင်း လေးငါးရာ အသက်ရှင်ခဲ့ပြီး နယ်မြေငါးခုမှာ နတ်ဆိုးအရှင်တွေ ထွက်ပေါ်လာတာကို မြင်တွေ့ဖူးခဲ့တယ်။ "
ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။ " လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၈၀တုန်းက နတ်ဆိုးအရှင်တစ်ယောက် ဘယ်ကမှန်းမသိ ထွက်ပေါ်လာခဲ့တယ်။ "
" နတ်ဆိုးအရှင် ထွက်ပေါ်မလာခင်ထိ နတ်ဆိုးတွေက ဘာကိုမှမကြောက်ကြဘူ။ "
" အဘိုးကြီး ခင်ဗျား ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ " မိုယန်နတ်ဆိုးသခင်က ဒေါသထွက်သွားသည်။
ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲပြောသည်မှာ မှန်လေသည်။ ရှဟိုယွမ်၏ နတ်ဆိုးစွမ်းအား အပြည့်အဝ ကြီးထွားမလာမီ နယ်မြေငါးခုမှ နတ်ဆိုးများက မြို့ရွာများကို ဖျက်ဆီးပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့လေသည်။
" မင်းက ဘာပြောချင်နေတာလဲ။ " အဓိကထိုင်ခုံတွင် ထိုင်နေသော လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
" နတ်ဆိုးအရှင်ကို ပြောချင်တာက အခု ကောင်းကင်ဓားဂိုဏ်းမှာ ကျားတွေနဂါးတွေ ရှိလာပြီ။ မင်းက လက်စားချေချင်ရင်တောင် အဲ့ဒီကို သွားပြီး မင်းရဲ့ အသက်ကို မစွန့်သင့်ဘူး။ " ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ နတ်ဆိုးသခင်များက အံ့ဩသွားကြသည်။
ဘာဖြစ်နေတာလဲ။ ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက လင်းယွမ်ကို လာပြီး သတင်းပေးနေတာလား။
" တကယ်တော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ် ထျန်ကျန်းဇီက နတ်ဆိုးအရှင်ကို တိုက်ခိုက်ချင်တုန်းက ငါက ငါ့ရဲ့ တပည့်ကို လက်မခံဖို့ အကြံပေးခဲ့ပေမယ့် အသုံးမဝင်ခဲ့ဘူး။ " ကျစ်ကောဂိုဏ်း၏ မဟာအကြီးအကဲက သက်ပြင်းချလိုက်သည်။ " နတ်ဆိုးအရှင် ရှိတုန်းက နတ်ဆိုးတွေအားလုံးကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် နတ်ဆိုးအရှင် ဖမ်းဆီးခံလိုက်ရတဲ့အချိန်မှာ နယ်မြေငါးခုလုံးက ဖရိုဖရဲ ပြန်ဖြစ်သွားခဲ့တယ်။ "
" မင်းက ငါ့ကို ဘာလို့ဒီအကြောင်းတွေ ပြောပြနေတာလဲ။ " လင်းယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ နတ်ဆိုးအရှင် လူကောင်းတစ်ယောက်ဖြစ်လို့ပဲ။ " မဟာအကြီးအကဲက ခနစဉ်းစားပြီး ပြောလိုက်သည်။ မဟာနတ်ဆိုးအရှင်တစ်ယောက်ကို လူကောင်းဟု ဖော်ပြခြင်းမှာ အမှန်ပင် ဆန့်ကျင်ဘက်ဖြစ်နေလေသည်။