ကာကွယ်သူ စစ်ထူမင်...
Vol. 9 Ch. 140
မြေအောက်နန်းတော် ခန်းမတွင် နွမ်ရှုက အဓိကထိုင်ခုံ၏ အောက်ရှိ နေရာတွင် ထိုင်နေပြီး မျက်မှောင်ကြုတ်နေသည်။ လင်းယွမ်တံခါးပိတ်ကျင့်ကြံနေစဉ်တွင် ကိစ္စအများစုကို နွမ်ရှုကသာ ဆုံးဖြတ်လေသည်။ နတ်ဆိုးသခင်များကလည်း ဘာမှမပြောကြဘဲ မကျေမနပ်လည်း မဖြစ်ကြပေ။
" ဆယ်နှစ်နီးပါးရှိပြီ။ ကာကွယ်သူ စစ်ထူမင်ဆီက ဘာလို့ ဘာသတင်းမှ မရတာလဲ။ " နွမ်ရှုက စိုးရိမ်သော အမူအရာနှင့် ရှိနေသည်။
ကာကွယ်သူစစ်ထူမင်ကလည်း နွမ်ရှုကဲ့သို့ နတ်ဆိုးအရှင်၏ လက်အောက်ရှိ ကာကွယ်သူ ၃၆ယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူက နွမ်ရှုကဲ့သို့ပင် မဟာနတ်ဆိုးအရှင်အပေါ် သစ္စာရှိလေသည်။
ရှဟိုယွမ် မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် အကျဉ်းချခံရပြီးနောက် နွမ်ရှုက နတ်ဆိုးအရှင်၏ သစ္စာရှိနောက်လိုက်များကို စုစည်းပြီး နတ်ဆိုးအရှင်အား ကယ်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။
တစ်ချိန်တည်းတွင် ကာကွယ်သူစစ်ထူမင်ကလည်း ကောင်းကင်ဓားဂိုဏ်းကို စောင့်ကြည့်ပြီး သတင်းများ ပေးပို့ခြင်းဖြင့် ကူညီခဲ့သည်။
မဟာနတ်ဆိုးအရှင် နယ်မြေငါးခုမှ နတ်ဆိုးများကို အုပ်ချုပ်သော ခေတ်တွင် ကာကွယ်သူစစ်ထူက သ၏ အသွင်ပြောင်းလဲနိုင်စွမ်းနှင့် ဖုံးကွယ်နိုင်စွမ်းတို့ကြောင့် ကျော်ကြားလေသည်။
ကာကွယ်သူ စစ်ထူမင်က သူ၏ နည်းစနစ်များဖြင့် သူ့ကိုသူ ဖုံးကွယ်ထားလျှင် နဝမအဆင့် စွမ်းအားကြီးသူများပင် သတိပြုမိမည် မဟုတ်ပေ။ ထိုစွမ်းရည်ကို မှီခိုပြီး ကာကွယ်သူစစ်ထူက ကောင်းကင်ဓားဂိုဏ်းအတွင်း ဖရိုဖရဲ ဖြစ်စေခဲ့ရုံသာမက သတင်းအချက်အလက်များလည်း စုဆောင်းနိုင်ခဲ့သည်။
ရှဟိုယွမ် မဟာချောက်နက်မှ မထွက်လာမီ နွမ်ရှုက သူမ၏ လူများနှင့်အတူ လမ်းမှန်အင်အားစုများ၏ ဝန်းရံမှုများနှင့် လုပ်ကြံမှုများကို ရှောင်ရှားနိုင်ခဲ့သည်။ အားလုံးက စစ်ထူမင်၏ သတင်းအချက်အလက်များကြောင့် ဖြစ်သည်။
လင်းယွမ်က မဟာချောက်နက်မှ ထွက်လာပြီးနောက် မြေအောက်နန်းတော်ကို သိမ်ယူကာ နတ်ဆိုးသခင်ကိုးယောက်ကို နောက်တစ်ကြိမ် ဖိနှိပ်ခဲ့သည်။ ထို့နောက် နွမ်ရှုက ကာကွယ်သူ စစ်ထူမင်ကို ဆက်သွယ်ပြီး အန္တရာယ်များသော ကောင်းကင်ဓားဂိုဏ်းတွင် နေရန်မလိုအပ်တော့ဘဲ ပြန်လာခဲ့ရန် ပြောခဲ့သည်။
သို့သော် ယခုအချိန်ထိ နွမ်ရှုက စစ်ထူမင်ဆီမှ တုန့်ပြန်မှု တစ်ခုမှ မရခဲ့ပေ။
" သူ့ကို ကောင်းကင်ဓားဂိုဏ်းကများ ရှာတွေ့သွားတာလား။ " နွမ်ရှုက စိတ်ထဲမှ တွေးမိလိုက်သော်လည်း သူမ၏ ခေါင်းကိုခါပြီး ထိုအတွေးကို ဖျောက်လိုက်သည်။
သူမတွင် စစ်ထူမင်၏ သေခြင်းရှင်ခြင်းကို ပြနိုင်သော အသက်မီးတောက် ရှိလေသည်။ ကာကွယ်သူ စစ်ထူမင်က နတ်ဆိုးအရှင်အပေါ် သစ္စာရှိပုံနှင့် ကောင်းကင်ဓားဂိုဏ်းက သူ့ကို ရှာတွေ့သွားခဲ့လျှင် တုန့်ဆိုင်းခြင်းမရှိဘဲ သူ့ကိုသူ သတ်သေသွားပေလိမ့်မည်။
သူ့ကိုသူ သတ်မသေလျှင်တောင် ကောင်းကင်ဓားဂိုဏ်းက သူ့ကို ဝိညာဉ်ရှာဖွေပြီးသောအခါ အသက်ရှင်လျက် ထားမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ အသက်မီးတောက်က ငြိမ်းသေသွားမည်ဖြစ်သည်။
အသက်မီးတောက်က တောက်လောင်နေဆဲ ဖြစ်သောကြောင့် စစ်ထူမင်က အနည်းဆုံး အသက်ရှင်နေသည်မှာ သေချာလေသည်။
" ဘာမှမဖြစ်ဖို့ မျှော်လင့်ရမှာပဲ။ " နွမ်ရှုက သက်ပြင်းချလိုက်သည်။ နတ်ဆိုးအရှင်ကို ကယ်တင်ရန် စစ်ထူမင်က သူ၏ အသက်ကို စွန့်ပြီး ကောင်းကင်ဓားဂိုဏ်းတွင် နှစ်များစွာ ပုန်းအောင်းနေခဲ့သည်။
ယခု နတ်ဆိုးအရှင်ပြန်ရောက်လာသောကြောင့် သူက အသက်ရှင်လျှက်ပြန်လာခဲ့လျှင် သူ၏ အဆင့်အတန်းက သူမထက် နိမ့်ကျမည်မဟုတ်ပေ။
ကောင်းကင်ဓားဂိုဏ်းက မြူများအုံ့ဆိုင်းနေပြီး အင်မော်တယ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်။
ရိုးသားသော အမူအရာနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တောင်တက်လမ်းအတိုင်း လမ်းလျှောက်နေပြီး သူ၏ မျက်နှာတွင် စိုးရိမ်မှုအချို့ ရှိနေသည်။
" ထျန်ကျန်းဇီက ဒသမအဆင့်ကို ရောက်သွားပေမယ့် အချက်အလက်တွေကို ဖုံးကွယ်ထားတယ်။ သူက နယ်မြေငါးခုက အခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ဂိုဏ်းထဲမှာ ပုန်းကွယ်နေပြီး အရှင်လက်စားချေဖို့ လာမယ့်အချိန်ကို စောင့်နေတယ်။ " သက်လတ်ပိုင်းလူက တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူက ကောင်းကင်ဓားဂိုဏ်းထဲတွင် ဆယ်စုနှစ်ကြာအောင် ပုန်းကွယ်နေခဲ့သော ကာကွယ်သူ စစ်ထူမင်ပင်ဖြစ်သည်။ သူက သာမန်တပည့်တစ်ယောက်သာ ဖြစ်ပြီး ထျန်ကျန်းဇီနှင့် နယ်မြေငါးခု၏ အစွမ်းထက်သော ကျင့်ကြံသူများ၏ လျို့ဝှက်ဆွေးနွေးမှုတွင် ပါဝင်ခြင်းမရှိခဲ့ပေ။
နှစ်များတစ်လျှောက် ကောင်းကင်ဓားဂိုဏ်းမှ ဖော်ပြခဲ့သည့် ထူးဆန်းမှုများနှင့် လွန်ခဲ့သော နှစ်က ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် အော်ရာတို့ကို ကြည့်ပြီး အနည်းငယ် ခန့်မှန်းနိုင်လေသည်။
" မဟုတ်ဘူး။ အဲ့လိုဖြစ်လို့မရဘူး။ "
" ငါထွက်သွားမှရမယ်။ ပြီးတော့ ကောင်းကင်ဓားဂိုဏ်းကို စွန့်စားပြီးမလာဖို့ အရှင့်ကို ပြောရမယ်။ " ကာကွယ်သူစစ်ထူမင်က သူ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သေချာစဉ်းစားလိုက်သည်။
အရေးကြီးသော သတင်းများကို ပေးပို့ခြင်းအပြင် စစ်ထူမင်က သူ၏ အထောက်အထားကို အချိန်အတော်ကြာ ဖုံးကွယ်နိုင်တော့မည်မဟုတ်သည်ကို သိနေလေသည်။ ယခင်နှစ်များတွင် ထျန်ကျန်းဇီ၏ ကြောက်စရာကောင်းသော နတ်ဘုရားအာရုံက ကောင်းကင်ဓားဂိုဏ်းကို အကြိမ်အနည်းငယ် လွှမ်းခြုံသွားခဲ့သည်။ နောက်ထပ်အကြိမ်ရေအနည်းငယ်သာ ထပ်ဖြစ်ခဲ့လျှင် ထျန်ကျန်းဇီက သူ့အကြောင်း ထူးဆန်းမှုတစ်ခုခုရှိနေသည်ကို ရှာတွေ့သွားပေလိမ့်မည်။
စစ်ထူမင်၏ ဖုံးကွယ်ခြင်းနည်းစနစ်က နဝမအဆင့်မှ တစ်စုံတစ်ယောက်ကို အရူးလုပ်နိုင်သော်လည်း ထျန်ကျန်းဇီကဲ့သို့ ဒသမအဆင့်တစ်ယောက်ကိုတော့ မဖြစ်နိုင်ပေ။
သူ၏ ကောင်းမွန်သော လုပ်ဆောင်မှုနှင့် ထျန်ကျန်းဇီကလည်း သူ့ကို ဂရုစိုက်ခြင်းမရှိသောကြောင့်သာ ဤနှစ်များတွင် ပုန်းကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ထူမင်က သေမှာမကြောက်သော်လည်း သူသေသွားလျှင် အရှင်က ကောင်းကင်ဓားဂိုဏ်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ကို သူစိုးရိမ်လေသည်။
" ငါ လျို့ဝှက်လမ်းကြောင်းကို အသုံးပြုရလိမ့်မယ်။ " စစ်ထူမင်က တွေးလိုက်သည်။
ထျန်ကျန်းဇီက ခြုံခိုတိုက်ခိုက်မှုအောင်မြင်ရန်အတွက် ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးကို ချိတ်ပိတ်ပြီး အဝင်အထွက် တားမြစ်ထားခဲ့သည်။ မည်သည့်တပည့်မှ ခြွင်းချက်မရှိပေ။ အဝင်အထွက်များကို တားမြစ်ထားသော်လည်း ယခင်နှစ်များတွင် စစ်ထူမင်က အပြင်သို့ ထွက်နိုင်သော လျို့ဝှက်လမ်းကြောင်းတစ်ခုကို တွေ့ထားခဲ့သည်။
၎င်းက ထျန်ကျန်းဇီ၏ အာရုံမှ လွတ်မြောက်နိုင်လိမ့်မည်ဟု မသေချာပေ။ သို့သော် စစ်ထူမင်က ယခု ရွေးချယ်စရာမရှိပေ။ သူက စွန့်စားပြီး ကြိုးစားကြည့်ရပေလိမ့်မည်။
ကောင်းကင်ဓားတောင်ထိပ်တွင် ထျန်ကျန်းဇီနှင့် အခြားစွမ်းအားကောင်းသောလူများက သည်းမခံနိုင်ဖြစ်နေကြသည်။ ဆယ်နှစ်ကြာသွားပြီဖြစ်သည်။ ဆယ်စုနှစ်တစ်ခုလုံး ထိုနေရာတွင် အိပ်စောင့်နေရသည်။
သို့သော် ရှဟိုယွမ်က လက်စားချေရန် ရောက်မလာခဲ့ပေ။ သူတို့က လွန်ခဲ့သော နှစ်သုံးဆယ်ကျော်မှ တိုက်ပွဲတွင် ပါဝင်ခဲ့ကြပြီး ရှဟိုယွမ်ထွက်လာသောအခါ သူတို့ဆီသို့ လက်စားလာချေမည်ကို စိုးရိမ်ကြသောကြောင့်သာ ကောင်းကင်ဓားဂိုဏ်းသို့ လာရောက်ကြခြင်းဖြစ်သည်။
" ဂိုဏ်းချုပ် ရှဟိုယွမ်က တကယ်ဘာဖြစ်နေတာလဲ။ " နဝမအဆင့် ကျင့်ကြံသူတစ်ယောက်က အသံနိမ့်ပြီး ပြောလိုက်သည်။ သူက ကောင်းကင်ဓားဂိုဏ်းတွင် ဆယ်နှစ်ကြာ နေထိုင်ပြီးနောက် သူ၏ ကိုယ်ပိုင်အင်အားများလည်း ထိခိုက်ခဲ့သည်။
" ဟုတ်တယ် ဂိုဏ်းချုပ်။ ရှဟိုယွမ်က လာမှလား မလာဘူးလား။ "
" မလာရင်လည်း ငါတို့ ထွက်သွားတော့မယ်။ " အခြားလူများကလည်း တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
ကောင်းကင်ဓားဂိုဏ်းက သူတို့ကို ဆိုးရွားစွာ မဆက်ဆံသော်လည်း သူတို့တွင် စီမံခန့်ခွဲရန် မိသားစုများနှင့် ကိုယ်ပိုင်အင်အားများ ရှိကြသေးသည်။ ဆယ်စုနှစ်ကြာပြီးနောက် ဘယ်သူမှ သည်းမခံနိုင်တော့ပေ။
ထျန်ကျန်းဇီက အားလုံးထက်သာလွန်သော ဒသမအဆင့်သို့ ရောက်နေသောကြောင့်သာ သူတို့က သည်းခံနေခဲ့ကြခြင်း ဖြစ်သည်။
" အားလုံး စိတ်ရှည်ရှည်ထားကြပါ။ " ထျန်ကျန်းဇီက မျက်လုံးများ ဖွင့်လိုက်သကဲ့သို့ သူ၏ အမူအရာက တည်ငြိမ်နေသည်။ " ရှဟိုယွမ် လာတာနောက်ကျလေ သူ ဒဏ်ရာအပြင်အထန် ရသွားတာ ပိုသေချာလေပဲ။ မင်းတို့က ဆယ်နှစ်တောင် မစောင့်နိုင်ရင် ရှဟိုယွမ်နဲ့ ဘယ်လိုယှဉ်နိုင်မှာလဲ။ "
ထျန်ကျန်းဇီက ခနရပ်ပြီး ဆက်ပြောလိုက်၏။ " ဒါပေမယ့် ရှဟိုယွမ်က မကြာခင်ရောက်လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ "
ထျန်ကျန်းဇီ၏ စကားများက အခြားသူများကို ယုံကြည်သွားစေခဲ့သည်။
" ကောင်းပြီလေ။ ဂိုဏ်းချုပ်ကပြောမှတော့ ငါတို့ နောက်ထပ် နည်းနည်း ထပ်စောင့်ကြတာပေါ့။
" အမှန်တိုင်းပြောရရင် ငါက ရှဟိုယွမ်ရဲ့ အလောင်းကို မမြင်ရမချင်း ထွက်သွားရဲမှာမဟုတ်ဘူး။ "
အင်အားစုအသီးသီးမှ လူများ၏ မျက်နှာများက ပြန်လည်ပြေလျော့သွားကြသည်။ ကောင်းကင်ဓားဂိုဏ်းတွင် နေခြင်းကလည်း အဆိုးကြီးတော့ မဟုတ်ပေ။ အထူးသဖြင့် ဤနေရာမှ ယွမ်ချီများက သူတို့၏ ကိုယ်ပိုင်နေရာများထက် ပို၍ သိပ်သည်းလေသည်။
ထျန်ကျန်းဇီက အင်အားစုအသီးသီးမှ အဆင့်မြင့်ပုဂ္ဂိုလ်များကို ကြည့်လိုက်သည်။ သူလည်း အနည်းငယ် စိုးရိမ်နေသော်လည်း သူက ထိုအခွင့်အရေးကို လက်လျှော့ပြီး ကျင့်ကြံသူများကို ပြန်လွှတ်ခဲ့လျှင် သူ ဒသမအဆင့်သို့ ရောက်သွားသည့်သတင်းက ပျံ့နှံ့သွားပေလိမ့်မည်။
ဒါဆို ရှဟိုယွမ်က ဘယ်လိုလုပ် လာရဲတော့မှာလဲ။
ထျန်ကျန်းဇီက ဆက်ပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူက တောင်၏ အပြင်ဘက်မှ နေရာတစ်ခုသို့ ကြည့်လိုက်သည်။
နဝမအဆင့်များနှင့် ယှဉ်လျှင် ဒသမအဆင့် ကျင့်ကြံသူများ၏ အာရုံခံနိုင်စွမ်းက အလွန်မြင့်လေသည်။ ချက်ချင်း ထျန်ကျန်းဇီ၏ နတ်ဘုရားအာရုံက ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံနိုင်လေသည်။
ဂိုဏ်းကို ချိတ်ပိတ်ထားချိန်တွင် ထျန်ကျန်းဇီက သတင့်ပေါက်ကြားမှု လုံးဝမရှိစေရန် သူ၏ နတ်ဘုရားအာရုံကို အဆက်မပြတ် လွှမ်းခြုံထားခဲ့သည်။ ထိုနည်းလမ်းဖြင့် ကောင်းကင်ဓားဂိုဏ်းမှ ယင်တစ်ကောင်ထွက်လျှင်တောင် ထျန်ကျန်းဇီက သတိပြုမိပေလိမ့်မည်။
မကြာသေးမီက အလွန်အားနည်းသော တည်ရှိမှုတစ်ခုက လျို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ကောင်းကင်ဓားဂိုဏ်းမှ ထွက်သွားသည်ကို ထျန်ကျန်းဇီက ကောင်းကောင်း ခံစားမိခဲ့သည်။
" ဟမ် သေချင်နေတာပဲ။ " ထျန်ကျန်းဇီက နှခေါင်းရှုံ့လိုက်သည်။