ကောင်းကင်နှင့်မြေကြီး၏ မဟာအခွင့်အလမ်းများ....
Vol. 9 Ch. 143
အချိန်များကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်အချို့ကြာသွားခဲ့သည်။ လင်းယွမ်က မြေအောက်နန်းတော်မှ ထွက်ခွာခြင်းမရှိဘဲ ကျင့်ကြံခြင်းနှင့် တာအိုကို ဆင်ခြင်နေခဲ့သည်။
" ကောင်းကင်နဲ့ မြေကြီး..." လင်းယွမ်က အတွေးနက်နေသကဲ့သို့ ဤကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးက အလွန်ကျယ်ပြောပြီး နယ်မြေငါးခုက အကန့်အသတ်မဟုတ်သကဲ့သို့ ခံစားနေရသည်။
" နယ်မြေငါးခုရဲ့အပြင် အခြားအဆင့်မြင့်နယ်မြေတွေ ရှိနေတာလား။ "
လင်းယွမ်က ဆင်းသက်ခြင်းမပြုမီ သူ၏ စိတ်အသိမျှင်တစ်ခုဖြင့် ထိုနယ်မြေကို ကြည့်ရှုခဲ့ရာ အာရုံမစိုက်ဘဲ ထင်ရှားသော နယ်မြေငါးခုကိုသာ မြင်ခဲ့ရသည်။
" ဒါပေမယ့် ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာက စတင်ဖွံ့ဖြိုးနေပြီ။ အဲ့ဒါက ငါ့ရဲ့ အရှိန်အဝါကြောင့်လား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာက အလွန်နက်နဲလေသည်။ လင်းယွမ်က ကမ္ဘာသုံးလေးခုဖြတ်သန်းပြီးမှ ၎င်းကို နားလည်ခဲ့ခြင်း ဖြစ်သည်။
အနှစ်ချုပ်ပြောရလျှင် အချိန်ကျသောအခါ အင်အားစုအားလုံး ညီညွှတ်လာသည်ဟု ဆိုလိုပေမည်။ ကောင်းကင်နှင့်မြေကြီး၏ ဖွံ့ဖြိုးနေသော အချိန်တွင် ပါရမီရှင်များနှင့် အရည်အချင်းရှိသူများစွာ ပေါ်ထွက်လာပေလိမ့်မည်။ ကျင့်ကြံခြင်းတွင် ပိတ်ဆို့နေသော အတားအဆီးနှင့် ကန့်သတ်ချက်များပင် အလိုအလျောက် ပြေလျော့သွားနိုင်လေသည်။
ပုံမှန်အားဖြင့် ကမ္ဘာတစ်ခုက ထိုကဲ့သို့ အခြေအနေကို ရောက်သည်မှာ ရှားပါးလေသည်။ နှစ်တစ်သောင်းလျှင် တစ်ကြိမ်ပင် မဖြစ်ခဲ့ပေ။
" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ရှေ့သို့ ကြည့်လိုက်သည်။
ငါးရောင်ခြယ်ကြာပန်းက ညင်သာစွာ ယိမ်းနွဲ့နေသည်။
" စိတ်အသိပြန်ရလာပြီလား။ " လင်းယွမ်က ၎င်းကို နှစ်အချို့ကြာအောင် အားဖြည့်ပေးခဲ့ပြီး စစ်ထူ၏ စိတ်ဝိညာဉ်အဆီအနှစ်က လျင်မြန်စွာ ကြီးထွားလာသကဲ့သို့ စိတ်အသိပြန်ရလာမည့်အရိပ်အယောင်များ ပေါ်လာသည်။
" ကြည့်ရအောင် " လင်းယွမ်က ငါးရောင်ခြယ်ကြာပန်းရှေ့တွင် ရပ်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။
" ငါ မသေဘူးလား။ " စစ်ထူမင်က မိန်းမောနေသော အခြေအနေတွင် ရှိနေသည်။ ယခင် သူက သေဆုံးရန်အတွက် ပြင်ဆင်ခဲ့ပြီး ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသုံးပြုခဲ့သည်။ သူက သူမသေဆုံးမီ သူ၏ အရှင်အား ကောင်းကင်ဓားဂိုဏ်း၏ အစီအစဉ်ကို ပြောပြနိုင်ရန်သာ မျှော်လင့်ခဲ့သည်။
သို့သော် ကံမကောင်းစွာပင် ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်နှင့် စစ်ထူမင်၏ အရှိန်က ပို၍ ပို၍ မြန်လာခဲ့ပြီး သူက အဆုံးမရှိသော နာကျင်မှုကို တောင့်ခံနေရုံသာမက သူ့ကိုသူလည်း ရပ်တန့်၍ မရခဲ့ပေ။
သို့သော် စစ်ထူမင်က စိတ်ဓာတ်ကျနေချိန်တွင် သူ၏ အရှင်က ရှေ့တွင် ပေါ်လာသည်ကို မြင်ခဲ့ရပြီး သူ့ကိုပင် ကယ်တင်ရန် ကြိုးစားခဲ့သည်။ ထို့နောက် အရှင်၏ စွမ်းအားမှာ ကြောက်စရာကောင်းရုံသာမက ဒသမအဆင့်သို့ ရောက်သွားသော ထျန်ကျန်းဇီထက်ပင် သာလွန်နေသည်ကို သူက မြင်ခဲ့ရသည်။ စစ်ထူမင်က နောင်တမရှိဘဲ သေဆုံးသွားခဲ့သည်။
သို့သော် ယခု စစ်ထူမင်က သူ၏ ပတ်ဝန်းကျင်ကို မြင်နိုင်ရန် ကြိုးစားလိုက်သည်။ အံ့ဩစရာကောင်းစွာပင် ယခု သူက ကြာပန်းတစ်ပွင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အရောင်ငါးရောင်ရှိသော ကြာပန်းတစ်ပွင့်။
" အရှင်လား။ " စစ်ထူမင်က ဆက်လက်ကြည့်ရှုနေစဉ် သူ၏ ရှေ့တွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူက သူ၏ အရှင်မှလွဲ၍ အခြားမဟုတ်ပေ။
" စိုးရိမ်စရာမလိုဘူး။ အခု မင်းရဲ့ မူလစိတ်ဝိညာဉ်နဲ့ စိတ်အသိကို ငါးရောင်ခြယ်ကြာပန်းက အားဖြည့်ပေးနေတယ်။ မင်းက ငါးရောင်ခြယ်ကြာပန်းနဲ့ ပေါင်းစပ်ပြီး အဲ့ဒါကို ထိန်းချုပ်နိုင်အောင် အကောင်းဆုံး ကြိုးစားပါ။ " လင်းယွမ်က ညင်သာစွာ ပြောလိုက်သည်။
ငါးရောင်ခြယ်ကြာပန်း၏ စိတ်အသိဖြစ်လာရန် လွယ်ကူသော တာဝန်တစ်ခုမဟုတ်ပေ။ ဤကမ္ဘာရှိ သန်မာသော လူများပင် မူလစိတ်ဝိညာဉ် လွတ်မြောက်ပြီး ခန္ဓာတစ်ခု ရှာဖွေရလျှင်တောင် လူသားမျိုးနွယ်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။
အပင်တစ်ခုကို ခန္ဓာအဖြစ် အသုံးပြုခြင်းက အောင်မြင်သွားလျှင်တောင် ဘာဆက်လုပ်မှာလဲ။ အပင်တစ်ပင် ဖြစ်လာမှာလား။
သို့သော် လင်းယွမ်က ကွဲပြားလေသည်။ မူလကမ္ဘာတွင် သိမ်းပိုက်ခြင်း လျို့ဝှက်နည်းစနစ်ကဲ့သို့ ပြည့်စုံသော နည်းစနစ်များစွာ ရှိလေသည်။
အတိတ်က ချီခွန်ကြယ်သခင်ပင် ကြယ်ပင်လယ်ခွန်၏ ခန္ဓာကို သိမ်းပိုက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သည်။
" ဟုတ်ကဲ့ " စစ်ထူမင်က လင်းယွမ်၏ စကားကို နာခံပြီး ချက်ချင်း သူ၏ စိတ်အသိကို ငါးရောင်ခြယ်ကြာပန်းနှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။
" အင်း " ၎င်းကို မြင်သောအခါ လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
စစ်ထူမင်ကို ကူညီခြင်းက စမ်းသပ်မှုတစ်မျိုးလည်း ဖြစ်သည်။ ထို့အပြင် စစ်ထူမင်က ငါးရောင်ခြယ်ကြားပန်း၏ သခင်ဖြစ်လာလျှင် သူ၏ သက်တမ်းက နှစ်တစ်ထောင် သို့မဟုတ် နှစ်တစ်သောင်းပင် တိုးတက်သွားနိုင်လေသည်။ ၎င်းက ဤကမ္ဘာတွင် လင်းယွမ်၏ အရေးပေါ်အခြေအနေအတွက် အကူအညီဖြစ်နိုင်လေသည်။
ကောင်းကင်ဓားတောင်ထိပ်တွင် ထျန်ကျန်းဇီနှင့် အခြားသူများက ပို၍ သည်းမခံနိုင်ဖြစ်လာကြသည်။
ရှဟိုယွမ်က ဘာဖြစ်နေတာလဲ။ သူက လက်စားမချေတော့ဘူးလား။ နှစ်ပေါင်းများစွာကြာတာတောင် ဘာလို့မလှုပ်ရှားတာလဲ။
သူက မဟာချောက်နက်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ဖိနှိပ်ခံရသောကြောင့် ဒဏ်ရာအပြင်အထန်ရလျှင်တောင် ဆယ်စုနှစ်ကျော်အတွင်း သူက ပြန်မကောင်းလာဘူးလား။
နတ်ဆိုးလမ်းစဉ်ကျင့်ကြံသူတွေက ဒဏ်ရာကုသရာမှာ အကောင်းဆုံးမဟုတ်ဘူးလား။ သူတို့က လူအချို့သတ်ပြီး သူတို့၏ အဆီအနှစ်နှင့် စိတ်ဝိညာဉ်ကို စုပ်ယူလိုက်ရုံပဲမဟုတ်ဘူးလား။
" တကယ်ဘာဖြစ်နေတာလဲ။ "
" ရှဟိုယွမ်က ငါအဆင့်တက်သွားတာသိလို့ မလာရဲတော့တာလား။ " ထျန်ကျန်းဇီက တွေးလိုက်မိသည်။ သူက ဤနှစ်များတွင် ကောင်းကင်ဓားတောင်ပေါ်တွင် အရူးတစ်ယောက်လို ထိုင်စောင့်နေသည်ကို နားလည်လာခဲ့သည်။ သူပင်မဟုတ် နယ်မြေငါးခုမှ လူများပင် သူနှင့်အတူ စောင့်နေခဲ့သည်။
" အဲ့ဒါက မဖြစ်သင့်ဘူးမဟုတ်လား။ "
" ငါက ဆယ်စုနှစ်ကြာအောင် ကောင်းကင်ဓားဂိုဏ်းကို ပိတ်ဆို့ထားခဲ့တာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က နတ်ဆိုးလေးတစ်ကောင်ပဲ လွတ်မြောက်သွားခဲ့တယ်။ "
" ဒါပေမယ့် ငါ့ရဲ့ တိုက်ခိုက်မှုနဲ့ ခန္ဓာဖျက်ဆီးလောင်ကျွမ်းခြင်း နည်းစနစ်ပါထည့်ပေါင်းရင် သူက ရပ်တန့်နိုင်စွမ်းမရှိဘဲ ပြေးရင်းနဲ့ ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရမှာပဲ။ သူက ဘယ်လိုလုပ် သတင်းပို့နိုင်မှာလဲ။ " ထျန်ကျန်းဇီက စိတ်ရှုပ်နေသည်။ သို့သော် သူက ဆက်စောင့်ရုံသာ ရှိသည်။
ဆယ်စုနှစ်ကျော်ကြာအောင် စောင့်ပြီးမှ ယခုရပ်တန့်လိုက်လျှင် သူတို့က အရူးများ ဖြစ်မသွားပေဘူးလား။
" အားလုံး မစိုးရိမ်ပါနဲ့။ ရှဟိုယွမ် မကြာခင်လာလိမ့်မယ်လို့ ငါယုံကြည်တယ်။ ငါတို့ နည်းနည်းထပ်စောင့်ဖို့ပဲ လိုတယ်။ " ထျန်ကျန်းဇီက ဒေါသထွက်နေသော လူများကို အားပေးစကားပြောလိုက်သည်။
နယ်မြေငါးခုရှိ သန်မာသူများက ကောင်းကင်ဓားဂိုဏ်းတွင် ရှဟိုယွမ် လက်စားလာချေမည့်အချိန်ကို စောင့်ဆိုင်းနေကြစဉ် ကမ္ဘာကြီးက တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ဘယ်သူမှမသိခဲ့ကြပေ။
စည်းကားသော မြို့ကြီးတစ်မြို့တွင် သူတောင်းစားလေးတစ်ယောက်က သက်လတ်ပိုင်းလူကြီးတစ်ယောက် ရောင်းနေသော စာအုပ်စင်ပေါ်မှ စုတ်ပြဲနေသော စာအုပ်တစ်အုပ်ကို စိုက်ကြည့်နေသည်။
" ဒီသူတောင်းစားလေးက ဘယ်ကရောက်လာတာလဲ။ ထွက်သွားစမ်း " သက်လတ်ပိုင်းလူကြီးက သူ၏ လက်ကို ဝှေ့ရမ်းပြီး ရွံရှာစွာ ပြောလိုက်သည်။
" ကျုပ် အဲ့ဒီစာအုပ် လိုချင်တယ်..." သူတောင်းစားလေးက သတ္တိမွေး၍ ရှေ့တိုးသွားပြီး စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို လက်ညိုးထိုးပြလိုက်သည်။
" ကြေးပြားဆယ်ပြား မင်းမှာရှိလား။ " သက်လတ်ပိုင်းလူကြီးက ဒေါသတကြီး ပြောလိုက်သည်။
" ကြေးပြားဆယ်ပြား ကျုပ်မှာမရှိဘူး..." သူတောင်းစားလေးက အနည်းငယ် တုန့်ဆိုင်းသွား၏။ " ကျုပ်မှာ ကြေးပြားနှစ်ပြားပဲရှိတယ်။ "
သူတောင်းစားလေးက အိတ်ကပ်ထဲသို့ နှိုက်ပြီး ကြေးပြားနှစ်ပြား ထုတ်လိုက်သည်။
" မင်းမှာ တကယ်ပိုက်ဆံရှိတာလား။ " သက်လတ်ပိုင်းလူကြီးက အနည်းငယ် အံ့အားသင့်သွား၏။
သူက ချက်ချင်း စုတ်ပြဲနေသော စာအုပ်ကို ယူပြီး သူတောင်းစားလေးကို ပေးလိုက်သည်။ " ငါဒီနေ့ စိတ်ကောင်းဝင်နေလို့ မင်းကို စျေးလျှော့ပြီး ရောင်းပေးလိုက်မယ်။ "
အမှန်တော့ သူက စာအုပ်စင်ပေါ်မှ စာအုပ်များကို ငွေအနည်းငယ်ဖြင့်သာ ရောင်းချလေသည်။ သူတောင်းစားလေးက ကြေးပြားနှစ်ပြား မပေးလျှင်တောင် သူက စာအုပ်ကို သူတောင်းစားလေးဆီ ရောင်းဦးမည်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်။ " သူတောင်းစားလေးက စာအုပ်ကို ရင်ဘတ်ထဲတွင် ပွေ့ပြီးကြေးပြားနှစ်ခုကို ပေး၍ အဝေးသို့ ထွက်ပြေးသွားသည်။
" အရူးလေး " သက်လတ်ပိုင်းလူကြီးက လှောင်ပြောင်သော အမူအရာနှင့် သူတောင်းစားလေးကို ကြည့်နေသည်။
ဘုရားကျောင်းပျက်တစ်ခုတွင် သူတောင်းစားလေးက စာအုပ်ကို ဂရုတစိုက်လေ့လာနေသည်။
" စိတ်ဝိညာဉ်သန့်စင်ခြင်းကျင့်စဉ် " သူတောင်းစားလေးက သူ၏ ခန္ဓာကိုယ်ကို စာအုပ်ထဲမှ ရုပ်ပုံများအတိုင်း လှုပ်ရှားနေသည်။ သူမသိလိုက်ခင် ကောင်းကင်နှင့်မြေကြီး၏ ယွမ်ချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေသည်။ တစ်ရက်တည်းဖြင့် သူတောင်းစားလေးက ပထမအဆင့်သို့ ဝင်ရောက်သွားခဲ့သည်။
ချောက်ကမ်းပါးတစ်ခု၏ အစွန်တွင် လူငယ်လေးတစ်ယောက်က အနက်ရောင်ဝတ်လူဆယ်ယောက်ကျော်၏ လိုက်ခံဖမ်းဆီခြင်းကို ခံနေရသည်။
" ငါသေရင်တောင် သရဲတစ်ကောင်အဖြစ်နဲ့ မင်းတို့ကို လက်စားလာချေမယ်။ " လူငယ်လေးက နားကြည်းစွာဖြင့် ချောက်ကမ်းပါးမှ ခုန်ချသွားသည်။
အချိန်မည်မျှ ကြာသွားသည်မသိမီ လူငယ်လေးက သတိပြန်လည်လာသည်။
" ဒါဘယ်နေရာလဲ။ " လူငယ်က ချောက်ကမ်းပါးအစွန်းတွင် ပေါက်နေသော သစ်ပင်တစ်ပင်ပေါ်တွင် တင်နေသည်ကို တွေ့လိုက်ရသည်။
မနီးမဝေးရှိ ချောမွတ်နေသော ချောက်ကမ်းပါးနံရံပေါ်တွင် လူလုပ်ဂူတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ လူငယ်က အခြေအနေကို အကဲခတ်လိုက်ပြီး သူ၏ တစ်ခုတည်းသော အသက်ရှင်ရန် မျှော်လင့်ချက်မှာ ထိုဂူထဲသို့ ဝင်ရန်ဖြစ်သည်ကို နားလည်လိုက်သည်။ ထို့နောက် သူက ဂူပေါက်ဝဆီသို့ ကြိုးစားပြီး သွားလိုက်သည်။
.....
" အမှိုက်ပဲ။ လွန်ခဲ့တဲ့ သုံးနှစ်က မင်းပြခဲ့တဲ့ အရည်အချင်းတွေက ဘယ်ရောက်ကုန်တာလဲ။ "
" သုံးနှစ်လုံး မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ယွမ်ချီစုပ်ဝဲကို တည်ဆောက်ဖို့ ကောင်းကင်နဲ့မြေကြီးရဲ့ ယွမ်ချီကို အာရုံမခံနိုင်ခဲ့ဘူး။ မင်းက မျိုးနွယ်ရဲ့ အရင်းအမြစ်တွေကို အသုံးပြုရဲသေးတာလား.. " အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်က လူငယ်တစ်ယောက်ကို ကြိမ်းမောင်းနေသည်။
လူငယ်က ခေါင်းငုံ့၍ အံကျိတ်ထားပြီး ဘယ်သူမှသတိမပြုမိခင် သူ၏ ညာဘက်လက်မှ လက်စွပ်က အလင်းတစ်ချက် လင်းလက်သွားသည်။
" ကောင်းကင်နဲ့မြေကြီးရဲ့ ကံကြမ္မာတိုးတက်လာတာနဲ့ မရေတွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပါရမီရှင်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲ့ဒီထဲမှာ အသန်မာဆုံး အရည်အချင်းရှိတဲ့သူကို ကံကြမ္မာရဲ့ သားတော်လို့ ခေါ်တွင်နိုင်မလား။ " မြေအောက်နန်းတော်တွင် လင်းယွမ်က ထွက်သွားခြင်းမရှိသော်လည်း ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို ခံစားမိနေသည်။
ထိုပြောင်းလဲမှုများက နက်နဲပြီး လင်းယွမ်ပင် တုန်လှုပ်အံ့ဩခဲ့ရသည်။
ထိုအချိန်တွင် ငါးရောင်ခြယ်ကြာပန်းက ရုတ်တရက် ညှိုးနွမ်းသွားသည်။ မြေအောက်ရှိ ကြာပန်းအမြစ်က လူသားသဏ္ဍန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကြာပန်းအမြစ်နှင့် ပေါင်းစပ်ထားသော လူပုံသဏ္ဍန်က ထွက်ပေါ်လာသည်နှင့် ချက်ချင်း ဒူးထောက်ပြီး လင်းယွမ်ကို ရိုသေစွာ ပြောလိုက်သည်။ " စစ်ထူမင် အရှင်ကို ဂါရဝပြုပါတယ်။ "
" ထပါ " လင်းယွမ်က ခနစဉ်းစားလိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် ဒဏ်ရာတစ်ခုပေါ်လာသည်။
ထို့နောက် အနီရောင်သွေးစက်တစ်စက်က စစ်ထူမင်၏ ကြာပန်းအမြစ်ပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက် သွေးက ပျော်ဝင်ပြီး ပျောက်ကွယ်သွားသည်။ စစ်ထူမင်၏ ကြာပန်းအမြစ်က လျင်မြန်စွာ ပြောင်းလဲလာသည်။ အသွေးအသား၊ အရေပြားများနှင့် ခြေလက်များက လျင်မြန်စွာ ကြီးထွားလာပြီး ခနအတွင်း ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ပေါ်လာသည်။
" ဒါ " စစ်ထူမင်က မျက်လုံးများ ပြူးကျယ်သွားသည်။
သူက ငါးရောင်ခြယ်ကြာပန်း၏ မြေအောက်သို့ ဝင်ရောက်ထွက်ပြေးနိုင်သော စွမ်းရည်တစ်ခုကပင် သူ့ကို ပျော်ရွှင်စေခဲ့သည်။ ယခု သူ၏ သခင်ပေးသော သွေးတစ်စက်က သူ့ကို လူသားအဖြစ် ပြောင်းလဲပေးနိုင်လေသည်။
" ကျေးဇူးတင်ပါတယ် အရှင် " စစ်ထူမင်က အလွန်ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
" ကိစ္စမရှိဘူး " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး စစ်ထူမင်ကို ဂရုတစိုက် လေ့လာလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်သည်။ " မင်း အပြင်ကမ္ဘာကို ထွက်သွားနိုင်ပြီ။ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာကံကောင်းမှုနဲ့ အခွင့်အလမ်းတွေ အများကြီး ထွက်ပေါ်လာပြီ။ မင်းက အခွင့်အလမ်းတွေကို သွားပြီး ရှာဖွေသင့်တယ်။ "
" နားလည်ပါပြီ အရှင်။ " စစ်ထူမင်က ပြန်ပြောလိုက်သည်။ သူက သူ၏ အရှင်၏ အမိန့်ကို လွန်ဆန်ခြင်းမရှိပေ။
ထွက်မသွားမီ စစ်ထူမင်က တစ်စုံတစ်ခုကို သတိရပြီး တုန့်ဆိုင်းစွာ မေးလိုက်သည်။ " အဲ့ဒီအခွင့်အလမ်းတွေကို အရှင်ဆီ ယူလာရမှာလား။ "
" မလိုဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။ ထို့နောက် သူက ဂုဏ်ယူစွာ ပြောလိုက်သည်။
" ငါ့အတွက် အဲ့ဒီအခွင့်အလမ်းတွေ မလိုအပ်တော့ဘူး။ "