← Chapters

ထျန်ကျန်းဇီ၏ မွေးနေ့ပွဲ....

Vol. 9 Ch. 144

ထျန်ကျန်းဇီ၏ မွေးနေ့ပွဲ....

Vol. 9 Ch. 144

လင်းယွမ်က စစ်ထူမင် ထွက်သွားသည်ကို ကြည့်နေသည်။ သူက စစ်ထူမင်၏ ခန္ဓာကိုယ်ကို သူ၏ သွေးအဆီအနှစ်ဖြင့် ပြန်လည်ဖွဲ့စည်းပေးထားသည်။ ထို့အပြင် ၎င်းက သူ၏ အမှတ်အသားကို ချန်ထားခြင်းလည်း ဖြစ်၏။

လူများ၏ စိတ်နှလုံးက ပြောင်းလဲလွယ်၏။ သစ္စာအရှိဆုံး လက်အောက်ခံများပင် နှစ်တစ်ရာ နှစ်နှစ်ရာ သစ္စာစောင့်သိနိုင်သည်။ နှစ်သုံးရာ နှစ်ငါးရာ သစ္စာစောင့်သိနိုင်ဆဲ ဖြစ်သည်။

သို့သော် နှစ်ရှစ်ရာ နှစ်တစ်ထောင်ဆိုလျှင်ရော။ လင်းယွမ် ဤကမ္ဘာမှ ထွက်သွားသော အချိန်ကျလျှင်ရော။ စစ်ထူမင်က သူ့ကို လုံးဝ သစ္စာရှိနေဦးမှာလား။

စစ်ထူမင်က ယခု ငါးရောင်ခြယ်ကြာပန်းမှ အသွင်ပြောင်းလဲထားခြင်းဖြစ်ပြီး နှစ်တစ်ထောင်ရှင်သန်ခြင်းက သူ့အတွက် လွယ်ကူလှသည်။ နှစ်ပေါင်းများစွာကြာလျှင် မည်သည့်အရာမဆို ပြောင်းလဲနိုင်လေသည်။

သူ၏ သွေးအဆီအနှစ်နှင့် အမှတ်အသားပြုလုပ်ထားခြင်းဖြင့် လင်းယွမ်က တစ်ဖက်လူကို အချိန်မရွေး အဆုံးသတ်ပစ်နိုင်လေသည်။

" ဆက်ပြီး ကျင့်ကြံရမယ်။ " လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်ပြီး ဆက်လက် ကျင့်ကြံလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာပြီး နှစ်နှစ်ဆယ်ကြာသွားခဲ့သည်။ ထိုနှစ်နှစ်ဆယ်အတွင်း ကမ္ဘာကြီးက ယခင်နှစ်ပေါင်းနှစ်ရာကျော်ထက်ပင် ပို၍ ပြောင်းလဲသွားခဲ့သည်။

သမိုင်းထဲတွင် ပျောက်ကွယ်နေသော အမွေအနှစ်များကို ဆက်ခံခဲ့သည့် ပါရမီရှင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ နယ်မြေငါးခုက ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ဓားဂိုဏ်းနှင့် ဒသမအဆင့်သို့ ရောက်နေသော ထျန်ကျန်းဇီကတော့ ထောက်တိုင်တစ်ခုကဲ့သို့ ကမ္ဘာကြီးကို အပေါ်မှ ငုံ့ကြည့်နေပြီး သူ၏ အဆင့်အတန်းက လှုပ်ခါခြင်း မရှိပေ။

သို့သော် လွန်ခဲ့သော ဆယ်နှစ်ကျော်က နယ်မြေငါးခုမှ အင်အားစုများမှာ ရှဟိုယွမ်ပြန်လာမည်ကို မမျှော်လင့်နိုင်တော့ကြောင်း သဘောပေါက်သွားကြသည်။ သူတို့က ကောင်းကင်ဓားဂိုဏ်းတွင် အလကားထိုင်မနေတော့ဘဲ သူတို့၏ အင်အားစုများဆီသို့ ပြန်သွားခဲ့ကြသည်။ အခြားနည်းလမ်းမရှိပေ။

ပုံမှန်အခြေအနေတွင် သူတို့က နည်းနည်းထပ်စောင့်နိုင်သော်လည်း ယခု ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာပြီး စွမ်းအားကောင်းသူများကလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ထျန်ကျန်းဇီကလည်း ၎င်းကို ဖြေရှင်းနိုင်ခြင်းမရှိပေ။ ရှဟိုယွမ်က တစ်ခုခုဖြစ်သွားသည်ဟုသာ သူက ခန့်မှန်းနိုင်လေသည်။ ရှဟိုယွမ်က သူ ဒသမအဆင့်သို့ ရောက်သွားသည်ကို သိပြီး မလာရန် ဆုံးဖြတ်လိုက်ပုံရသည်။

မြေအောက်နန်းတော်ထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှ အပူလှိုင်းများ ထွက်ပေါ်နေသည်။ နှစ်နှစ်ဆယ် ကျင့်ကြံခြင်းက သူ့ကို အဆင့်သစ်တစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။ အဆင့် ၁၄ ကိုလည်း လင်းယွမ်ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့် ဤကမ္ဘာတွင် ထိုအဆင့်ကို ဘယ်သူမှမရောက်ဖူးကြပေ။

နှစ်တစ်သောင်းအတွင်း ဤကမ္ဘာတွင် အသန်မာဆုံးမှာ ဒသမအဆင့်သာ ရှိ၏။ ၎င်းအရင် ထိုအဆင့်ကို ကျော်လွန်သူများရှိခဲ့လျှင်တောင် အဆင့် ၁၁သာ ဖြစ်ပေလိမ့်မည်။

" အချိန်ကျခါနီးပြီ။ " လင်းယွမ်က အသက်ရှုသွင်းရှုထုတ်လုပ်လိုက်သည်နှင့် ပြင်းထန်သော အသက်ရှုသံက မိုင်ပေါင်းများစွာ ပျံ့နှံ့သွားပြီး မြေပြင်ကို တုန်ခါသွားစေခဲ့သည်။

" အခုပဲ..." လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်နှင့် ပြင်းထန်သော အော်ရာက လျင်မြန်စွာ ဆုတ်ခွာလာပြီး ခနအတွင်း သူက သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။

" ကောင်းကင်ဓားဂိုဏ်း " လင်းယွမ်က ခေါင့်မော့ပြီး ကောင်းကင်ဓားဂိုဏ်းရှိရာသို့ ကြည့်လိုက်သည်။

" သွားမယ်။ ကောင်းကင်ဓားဂိုဏ်း အဆုံးသတ်ဖို့ အချိန်တန်ပြီ။ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အသိပင်လယ်ထဲမှ ထိုက်ယင်စွမ်းအားများနှင့် ပုံရိပ်တစ်ခုက ထွက်ပေါ် လာသည်။

ပုံရိပ်က လင်းယွမ်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး ခြေတစ်လှမ်းနှင့်အတူ နေရာမှ ပျောက်ကွယ်သွားသည်။ ၎င်းက လင်းယွမ်၏ ယင်စိတ်ဝိညာဉ် သို့မဟုတ် ထိုက်ယင်မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။

လင်းယွမ်က လွန်ခဲ့သော နှစ်နှစ်ဆယ်တွင် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာမြင့်တက်လာသည်ကိုသာ ရှာမတွေ့ခဲ့လျှင် ကောင်းကင်းဓားဂိုဏ်းက ထိုအချိန်ကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် ယခုလည်း နောက်မကျသေးပေ။

ကောင်းကင်နှင့်မြေကြီးက မည်မျှပင် တိုးတက်သည်ဖြစ်စေ အကန့်အသတ်ရှိ၏။ ပါရမီရှင်များ မည်မျှ ထွက်ပေါ်လာသည်ဖြစ်စေ မူလကမ္ဘာမှ စွမ်းအားရှင်များလို လူများကိုတော့ မမွေးထုတ်ပေးနိုင်ပေ။

လင်းယွမ်၏ လက်ရှိ အဆင့်၁၄ ခွန်အားဖြင့် ယင်စိတ်ဝိညာဉ်ပင် ဖြစ်လျှင်တောင် အားလုံးကို ရှင်းပစ်နိုင်စွမ်းရှိလေသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က လင်းယွမ်၏ ထိုက်ကျိမူလစိတ်ဝိညာဉ်မှာ ယင်နှင့်ယန် စိတ်ဝိညာဉ်တို့ ခွဲထွက်သွားခဲ့သည်။ ယခု နှစ်နှစ်ဆယ်ကြာပြီးသောအခါ ယင်နှင့်ယန် စိတ်ဝိညာဉ်တို့က ယခင်ထက် ဆယ်ဆကျော် ပိုသန်မာလာခဲ့သည်။

ကောင်းကင်ဓားတောင်။

ယနေ့တွင် ကောင်းကင်ဓားဂိုဏ်းက လူများစွာဖြင့် စည်ကားနေသည်။ ဧည့်သည်များက အဆုံးမသတ်ဘဲ တဖွဲဖွဲ ရောက်လာနေကြသည်။ အကြောင်းမှာ ယနေ့က ထျန်ကျန်းဇီ၏ နှစ်ရှစ်ရာပြည့် မွေးနေ့ဖြစ်သောကြောင့် ဖြစ်၏။

ထျန်ကျန်းဇီက တစ်ဦးတည်းသော ဒသမအဆင့် အသန်မာဆုံး လူတစ်ယောက်ဖြစ်သောကြောင့် သူ၏ မွေးနေ့က အရေးကြီးသော ကိစ္စတစ်ခုဖြစ်၏။ နယ်မြေငါးခုရှိ အင်အားစုများမှ သန်မာသူများက ၎င်းကို လျစ်လျူမရှုရဲကြပေ။ မျိုးဆက်သစ်ပါရမီရှင်များကလည်း လာရောက်ဂုဏ်ပြုကြပြီး ဒသမအဆင့် စီနီယာတစ်ယောက်၏ ရှေ့တွင် မဆင်မခြင်မလုပ်ရဲကြပေ။

ကောင်းကင်ဓားတောင်၏ ထိပ်ရှိ ထိုင်ခုံပေါ်တွင် ထျန်ကျန်းဇီက ထိုင်နေသည်။ အောက်မှ ဧည့်သည်များစွာကို ကြည့်ပြီး သူက ပီတိဖြစ်နေသည်။

ဒသမအဆင့်၏ သက်တမ်းက နှစ်ပေါင်းနှစ်ထောင်ဖြစ်သောကြောင့် နှစ်ရှစ်ရာက အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

" စီနီယာထျန်ကျန်းဇီကို ဂုဏ်ပြုတယ်။ " သက်လတ်ပိုင်းလူကြီးတစ်ယောက်က ရှေ့သို့ထွက်ပြီး ထျန်ကျန်းဇီကို ဦးညွှတ်လိုက်သည်။

ထိုသက်လတ်ပိုင်းလူကြီးက နဝမအဆင့်တစ်ယောက်ဖြစ်ပြီး ဒသမအဆင့်ဖြစ်သော ထျန်ကျန်းဇီကို လေးစားမှုရှိလေသည်။

" အင်း " ထျန်ကျန်းဇီက ခေါင်းငြိမ့်ပြီး အသိအမှတ်ပြုလိုက်သည်။ သူက နဝမအဆင့်များ၏ ဂုဏ်ပြုမှုကိုသာ တုန့်ပြန်လေသည်။ နဝမအဆင့်အောက်များကိုတော့ တစ်ချက်သာ ကြည့်လေသည်။

" ဒီဆယ်စုနှစ်အချို့အတွင်းမှာ နဝမအဆင့်တွေ အများကြီး ထွက်ပေါ်လာတာပဲ။ " ထျန်ကျန်းဇီက လှည့်ပတ်ကြည့်ပြီး တွေးလိုက်သည်။

ကမ္ဘာပေါ်မှ အသန်မာဆုံးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သကဲ့သို့ ထျန်ကျန်းဇီက နယ်မြေငါးခု၏ ပြောင်းလဲမှုများကို သတိပြုမိလေသည်။

" ဒါပေမယ့် ဒသမအဆင့်ကို ရောက်ဖို့ နှစ်တစ်ရာကျော်လောက် အချိန်ယူရလိမ့်မယ်။ "

" အဲ့ဒီအချိန်တွေမှာ ငါသာ...." ထျန်ကျန်းဇီ၏ မျက်နှာတွင် နှမြောသော အရိပ်အယောင်များ ပေါ်လာသည်။

သူက နောက်ထပ် နှစ်တစ်ရာ နှစ်ရာအတွင်း ဒသမအဆင့် အထွတ်အထိပ်သို့ ရောက်ရန် မျှော်လင့်ခဲ့သည်။ ထိုအချိန်တွင် သူ​က လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းမှ အောင်မြင်ခဲ့သော ဧကာဒသမ အဆင့် ၁၁ကို ရောက်အောင်ပင် ကြိုးစားနိုင်လေသည်။ သို့သော် ယခုအချိန်တွင် သူက အဆင့် ၁၁ မပြောနှင့် ဒသမအဆင့်ကိုပင် အထွတ်အထိပ်သို့ မရောက်သေးပေ။

ထျန်ကျန်းဇီ စဉ်းစားနေချိန်တွင် အောက်မှ ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။ " ဂိုဏ်းချုပ်ထျန်ကျန်းဇီရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ရှဟိုယွမ်တောင် အရမ်းကြောက်ပြီး လက်စားချေဖို့ မလာရဲခဲ့ဘူး။ "

ထိုစကားများကို အခြားသူများကလည်း အားပေးထောက်ခံလိုက်ကြသည်။ နှစ်နှစ်ဆယ်ကြာသွားပြီး နဝမအဆင့်များစွာလည်း ထွက်ပေါ်လာသောကြောင့် ရှဟိုယွမ်အပေါ် လူတိုင်း၏ ကြောက်ရွံ့မှုက တဖြည်းဖြည်း လျော့နည်းသွားခဲ့သည််။

လက်ရှိခေတ်တွင် သန်မာသူများစွာ ထွက်ပေါ်လာပြီး အထူးသဖြင့် ရှဟိုယွမ်ကဲ့သို့ နဝမအဆင့် အထွတ်အထိပ် ရောက်လုနီးပါးဖြစ်သော လူများပင် ရှိနေခဲ့သည်။ ရှဟိုယွမ်က ယခုအချိန်ပေါ်လာရဲလျှင် မျိုးဆက်သစ်များ၏ သုတ်သင်ခြင်းကိုပင် ခံရနိုင်လေသည်။

ယနေ့ နယ်မြေငါးခုက ခေတ်သစ်တစ်ခုသို့ ရောက်လာပြီး ၎င်း၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်သော ကောင်းကင်ဓားဂိုဏ်းမှလွဲ၍ အခြားအင်အားစုများက တစ်နေ့တွင် ဖယ်ရှားခံရမည်ကို စိုးရိမ်နေခဲ့ရသည်။

" ရှဟိုယွမ်လား။ " ထျန်ကျန်းဇီက အနည်းငယ် ထိတ်လန့်သွား၏။ ဘယ်သူမှမပြောလျှင် သူက ထိုနာမည်ကို မေ့လုနီးပါးပင် ဖြစ်နေသည်။

" သနားစရာကောင်းတဲ့ ခွေးတစ်ကောင်ပဲ စကားထဲထည့်ပြောဖို့ မထိုက်တန်ဘူး။ " ထျန်ကျန်းဇီက သူ၏ ခေါင်းကို ခါလိုက်သည်။

" အမှန်ပဲ။ "

" ရှဟိုယွမ်က ဘာမလို့လဲ။ "

" သူက ဂိုဏ်းချုပ်ထျန်ကျန်းဇီရဲ့ မွေးနေ့ပွဲမှာ ပြောဖို့ ထိုက်တန်လို့လား။ ္

" အပြင်က မျိုးဆက်သစ်တစ်ယောက်က ရှဟိုယွမ်နဲ့ ရင်းနှီတဲ့ ဆက်ဆံရေးရှိတယ်လို့ ငါကြားတယ်။ "

" သူတို့ရင်းနှီးတော့ရော။ ရှဟိုယွမ်တောင် ဂိုဏ်းချုပ်ထျန်ကျန်းဇီကို မယှဉ်နိုင်တာ သူတို့က ဘာလုပ်နိုင်မှာမလို့လဲ။ "

ဧည့်သည်များက ရှဟိုယွမ်အကြောင်းကို ဆူညံစွာ ဆွေးနွေးနေကြသည်။

ထျန်ကျန်းဇီ၏ ဘေးတွင်

" အကိုရှဟို..." ပိုင်ချင်းအာက အဖြူရောင်ဝတ်စုံနှင့် ရှိနေသည်။ " ဒီနှစ်တွေမှာ ချင်းအာကို လာတောင်မကြည့်ခဲ့ဘူးပဲ။ "

ကောင်းကင်ဓားဂိုဏ်းနှင့် မိုင်ရာချီဝေးသော တောအုပ်တစ်ခုတွင် စစ်ထူမင်က ကောင်းကင်ဓားတောင်ကို အဝေးမှ စိုက်ကြည့်နေပြီး သူ၏ အမူအရာက မဲမှောင်နေသည်။

" ထျန်ကျန်းဇီ အရှင်သာအနှောက်ယှက်မခံခဲ့ရရင် မင်းက အသက်ရှင်နေဦးမှာလား။ " စစ်ထူမင်က ရေရွတ်လိုက်သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က သူ့ကို လင်းယွမ်က အပြင်လောကထဲသို့ ဝင်စေခဲ့သည်။

ငါးရောင်ခြယ်ကြာပန်း၏ ကြောက်စရာကောင်းသော အရည်အချင်းဖြင့် စစ်ထူမင်က ဆယ်စုနှစ်ကျော်ကြာပြီးနောက် နဝမအဆင့်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး မျိုးဆက်သစ်များကြား ကျော်ကြားသော လူတစ်ယောက် ဖြစ်လာခဲ့သည်။

စစ်ထူမင်က နဝမအဆင့်သို့ အလွယ်တကူ ရောက်သွားသည့် အကြောင်းရင်းတစ်ခုမှ သူက ငါးရောင်ခြယ်ကြာပန်းဖြစ်မလာမီ အဋ္ဌမအဆင့်သို့ ရောက်နေခဲ့သောကြောင့် ဖြစ်သည်။ သူက အစမှပြန်လေ့ကျင့်ရလျှင်တောင် အတွေ့အကြုံနှင့် အသိအမြင်များ ရှိသောကြောင့် အဋ္ဌမအဆင့်ကို လျင်မြန်စွာ ရောက်သွားပြီး နဝမအဆင့်ကို တက်လှမ်းခြင်းက သဘာဝသာဖြစ်သည်။

" တစ်နေ့ အရှင်မလှုပ်ရှားရင်တောင် ငါ မင်း ထျန်ကျန်းဇီကို နင်းခြေပစ်မယ်။ " စစ်ထူမင်က ကောင်းကင်ဓားဂိုဏ်းကို တစ်ချက်ကြည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် စစ်ထူမင်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။ သူက အဝေးမှ သက်သောင့်သက်သာဖြင့် လမ်းလျှောက်လာနေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

သက်သောင့်သက်သာဟုဆိုသော်လည်း ခြေတစ်လှမ်းက ကိုက်ရာချီသို့ ရောက်နေပြီး သူ၏ အရှိန်က အလွန်လျင်မြန်လှသည်။ ထိုလူက သာမန်အသွင်အပြင် ရှိသော်လည်း သူ၏ လှုပ်ရှားမှုများက ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ အထူးသဖြင့် သူ၏ အနီရောင်မျက်လုံးများက စူးရှသော ခံစားမှုတစ်ခုကို ပေးနေသည်။

" ရှောင်ဟော် " ထိုလူကို မြင်သောအခါ စစ်ထူမင်က လူတစ်ယောက်ကို သတိရသွား၏။

လက်ရှိတွင် နဝမအဆင့် အထွတ်အထိပ်ဖြင့် နယ်မြေငါးခုရှိ မျိုးဆက်သစ်များကြားမှ ခေါင်းတောင်တစ်ယောက်ဖြစ်သည်။ ရှောင်ဟော်က ငယ်စဉ်အချိန်တွင် ထူးခြားသော စွမ်းရည်များကို ပြသခဲ့သော်လည်း သုံးနှစ်ကြာပြီးနောက် သူ၏ စွမ်းရည်များ ပျောက်ဆုံးသွားခဲ့သည်။ သူ၏ မိသားစုကလည်း သူ့ကို ဖိနှိပ်ခဲ့ပြီး နောက်ဆုံးတွင် သူက မိသားစုမှ ထွက်သွားခဲ့သည်။ နှစ်နှစ်ဆယ်အတွင်း သူက လျင်မြန်စွာ တိုးတက်လာပြီး နဝမအဆင့် အထွတ်အထိပ်သို့ ရောက်သွားခဲ့သည်။

All Chapters