← Chapters

အခန်း (၇၆၅)

Vol. 52 Ch. 765

အခန်း (၇၆၅)

Vol. 52 Ch. 765

နောက်တစ်ရက်မှာတော့ ကျန့်ရာသည် နိုးထလာပြီးသည့်နောက် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိ ခဲ့သည်။ ဤဖြစ်စဉ်တစ်ခုလုံးသည် ဇဝေဇဝါဖြင့် ဘာမှန်းအဓိပ္ပာယ်ဖော်ဆောင်မရသလိုပင် ဖြစ်၏။ သူ့ကိုယ်သူ အဘယ်ကြောင့် အဆင့်ချိုးဖြတ်ရောက်ရှိခဲ့ကြောင်းလည်း သူ နားမလည်နိုင်ခဲ့ချေ။

သို့ပေမဲ့ အကြောင်းအရာမှာတော့ အလွန်တရာ ရိုးရှင်းလှချေသည်။ နှလုံးသားထဲတွင် ချည်နှောင်လျက်ရှိသော စိတ်နှလုံး၏ အကြိတ်အထုံးများ အားလုံးသည် မနေ့က နာကျင်စွာဖြင့် ဝမ်းနည်းပက်လက် သောက်သုံးပြီးသည့် နောက်မှာတော့ အရာအားလုံး ဖြေလျော့သွားခဲ့၏။ ထို့ကြောင့် ကောင်းကင်ကြီး၏အကူအညီဖြင့် သူသည် သိုင်းအုပ်စိုးသူအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်၏။

“ညီမလေး”

ကျန့်ရာသည် မှန်၏ အရှေ့တွင် မတ်တပ်ရပ်လျက် သူ၏ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်လိုက်သည်။ ပြီးနောက် သူ၏ ချောမောလှပသော မျက်နှာကို ကြည့်ရှုကာ ပြောလိုက်သည်။ “မင်းနဲ့ အဖေ၊ အမေတို့အတွက် ငါကောင်းကောင်း ရှင်သန်ပါ့မယ်”

ကျွီ

တံခါးကို ဆွဲဖွင့်ပြီးသည့်နောက် သူသည် အပြင်ဘက်သို့ လှမ်းထွက်လာ၏။ မိုးရွာပြီးသည့်နောက် နေ၏ အပူချိန်သည် နွေးထွေးလျက်ရှိနေ၏။ ကျန့်ရာသည် အပြင်ဘက်ခြံဝန်းတွင် မတ်မတ်ရပ်ပြီးနောက် မျက်လုံးကို စုံမှိတ်ထား၏။ လောကကြီးတွင် ရှိရှိသမျှသော အရာအားလုံးကို သူ၏နှလုံးသားထဲတွင် လေးလေးနက်နက် ခံစားမိနေ၏။

“မင်္ဂလာနံနက်ခင်းပါ အကြီးအကဲကျန့်”

“မင်္ဂလာ နံနက်ခင်းပါ”

“အကြီးအကဲကျန့်ကို ကြည့်ရတာ ပိုပြီးချောသွားပုံပဲ”

“အကြီးအကဲကျန့် ဘယ်တော့ သင်တန်းစမှာလဲ၊ ကျွန်မတို့ဆီမှာ မေးစရာတွေ အများကြီး ရှိတယ်လေ”

ကျန့်ရာသည် ရှန့်ကွမ်းရှင်းရောင်တစ်ယောက် အတန်းထဲသို့ ဝင်သွားသည်ကို မြင်ရချိန်မှာတော့ ဘေးနားက ဖြတ်သွားခဲ့သော အဘိုးကြီးကုန်းစွန်း အား လှမ်းဆွဲကာ ပြောလိုက်၏။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ မနေ့တုန်းက အရက်တွေသောက်တာများသွားတော့ ဗိုက်တောင် နည်းနည်း နာချင်တယ်၊ ဒီတော့ လူကြီးမင်းကုန်းစွန်း ကူညီပြီးတော့ သင်ပြပေးပါအုံး”

“ကောင်းပြီ”

အဘိုးကြီးကဲ့သည် အဆင့်သင့်ပဲ သဘောတူလိုက်၏။ သို့ပေမဲ့ သူသည် အတန်းထဲသို့ လျှောက်ဝင်သွားပြီးသည့် နောက်မှာတော့ မတ်မတ်ထိုင်လျက်ရှိသော ရှန့်ကွမ်းရှင်းရောင်ကို မြင်လိုက်ရ၏။ ချက်ချင်းဆိုသလိုပဲ အော်ဟစ်ကာ ပြန်လည်ပြေးထွက်လာခဲ့တော့သည်။

“ဟေး ဟေး ပြန်လာခဲ့အုံး … ၊ ပြန်လာခဲ့အုံး”

“မရတော့ဘူး၊ မရတော့ဘူး၊ ကျုပ်သွားပြီ၊ ကျုပ်သွားပြီ”

ကျန့်ရာသည် မကြားဟန်ပြု၍ လျင်လျင်မြန်မြန် ထွက်ပြေးသွားတော့သည်။ အဓိကဟောခန်း၏ အပြင်ဘက် မှာတော့ ကျွင်းချောင်ရှောင်းသည် ကျန့်ရာတစ်ယောက် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်နိုင်ရုံမက ဝမ်းနည်းနေသော စိတ်အခြေခံများလည်း ပြန်လည်ကောင်းမွန်သက်သာသွားသည်ကို မြင်လိုက်ရသည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်များ ကော့တက်ကာ ပြုံးလိုက်မိသည်။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ မကျန်းမာခြင်းနှင့် သေဆုံးခြင်းတို့သည် လောကကြီး၏ ထာဝရဖြစ်စဉ်များ ဖြစ်တော့သည်။ အသက်ရှင်နေထိုင်နေသည့် သူများသည် ထိုကဲ့သို့သောအရာကို ကျိန်းသေပေါက် ကြုံဆုံရမှာ ဖြစ်သည်။ ထို့ကြောင့် ကြုံဆုံလာသည် အခြေအနေတွင် ပိုမိုကောင်းမွန်သည် စိတ်ဓာတ်များနှင့် ရင်ဆိုင်သွားရန် လိုအပ်နေ၏။

“ဂိုဏ်းချုပ်”

လီလိုရှုသည် လှမ်းလျှောက်လာကာ ပြောလိုက်၏။ “မနေ့တုန်းက ရခဲ့တဲ့သတင်းက မှားနေတယ်လေ၊ အကြီးအကဲကျန့်ရဲ့ ညီမလေး သေဆုံးသွားပြီဆိုတာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် သူမက အသက်ရှင်နိုင်သေးတယ်ပေါ့”

လီလိုရှုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အရင်တစ်ခေါက်က ရခဲ့တဲ့ သတင်းက ကျွန်မတို့ရှာဖွေနေတဲ့ လူမဟုတ်ဘူး၊ ဒီကောင်မလေး အသက်ရှင်နေလား၊ မရှင်ဘူးလားဆိုတာတော့ ကျွန်မလည်း သေချာမသိဘူး”

ကျန့်ရာသည် သတင်းအချက်အလက် အနည်းငယ်ကိုသာ ပေးခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ကြယ်ကြွေကုန်းမြေတိုက် ကြီးအတွင်း လူတစ်ယောက်ကို ရှာဖွေရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပင် ခက်ခဲလှ၏။ ထို့ပြင် ရှာဖွေနေသည့်လူမှာ အချိန်အတော်ကြာ ပျောက်ဆုံးနေသည့်လူလည်း ဖြစ်နေသေး၏။

“မသေချာသေးဘူးဆိုရင် မျှော်လင့်ချက်ရှိသေးတာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို အကြီးအကဲကျန့်ကို ခေါ်ပြောလိုက်”

“ကောင်းပါပြီ” လီလိုရှုသည် အကြီးအကဲကျန့်ကို ခေါ်ကာ ပြောလိုက်တော့သည်။

သတင်းကိုကြားပြီးသည့်နောက်မှာ ကျန့်ရာသည် ရုတ်တရက် ဆွံ့အသွား၏။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ဝမ်းသာသည့်အရိပ်အယောင်များ မျက်နှာတွင် ဖြစ်တည်လာသည်။ မျှော်လင့်ချက် ရှိနေသေး၏။ မျှော်လင့်ချက် ဆိုသည်မှာ အလွန်ကောင်းမွန်သည့်အရာပင် ဖြစ်တော့သည်။

“ဟောခန်းသခင်လီ”

ကျန့်ရာသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဂရုစိုက်ပါ၊ သတင်း တစ်ခုခုများ ရခဲ့လို့ရှိရင် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ကျုပ်ကို ပြောပြပေးပါ”

“ကောင်းပါပြီ” လီလိုရှုက ပြောလိုက်၏။

ကျန့်ရာသည် မိုးဆွေဟောခန်းထဲမှ ထွက်လျှောက်လာပြီးသည့်နောက်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး ပြာလွင် နေသည်ကို မြင်လိုက်ရ၏။ သူသည် အလွန်အမင်း စိတ်ကြည်နူးနေသည်ဖြစ်သောကြောင့် လောကကြီးတစ်ခုလုံး သည် ကြည်လင်လှပနေသည်ဟု တွေးထင်လျက်ရှိသည်။

.............

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အချိန်ကာလ အကန့်အသတ်သည် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တပည့် တော်တော်များများသည် အဖွဲ့များဖွဲ့ကာဖြင့် အထဲသို့ ဝင်ရောက်နိုင်ရန် စုစည်းလျက် ရှိနေကြသည်။ ၎င်းတို့ အနေနှင့် ပိုမိုမြင့်မားသည် အဆင့်တစ်ခုဆီသို့ရောက်အောင် ချိုးဖြတ်ချင်နေကြသည်။

“သစ်သားဓာတ်ကို လိုအပ်တယ်”

“မီးဓာတ်လိုအပ်တယ်”

အဖွဲ့တိုင်း အဖွဲ့တိုင်းသည် အပြိုင်အဆိုင် အော်ဟစ်လျက်ရှိနေကြသည်။ အခြေအနေမှာ စည်ကားသိုက်မြိုက်လျက် ရှိနေသည်။

လီချင်းယန်၊ ရှောင်ကျီတို့ကဲ့သို့သော အတွင်းစည်းတပည့်များမှာတော့ အလျင်စလိုနှင့် မဝင်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခက်ခဲသော လုပ်ဆောင်ချက်ကို စိန်ခေါ်ရန် ဂိုဏ်းချုပ် လာရောက် ခေါ်ဆောင်မည်ကို စောင့်မျှော်နေကြခြင်းပင်ဖြစ်သည်။ သာမန်အဆင့်လုပ်ဆောင်ချက်ကို စိန်ခေါ်ရခြင်းမှာ အလွန် အမင်း ခက်ခဲနေပြီဖြစ်သည်။ ထို့ကြောင့် ပိုမိုမြင့်မားသည့် အဆင့်ကို စိန်ခေါ်ခြင်းဆိုသည်မှာ စိတ်လှုပ်ရှားစရာ အပြည့်ပင် ဖြစ်တော့သည်။

“ကျုပ် မစောင့်နိုင်တော့ဘူး” လီဖေး၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေ၏။

လီချင်းယန်က ပြောလိုက်သည်။ “ဒီအချိန်လေ့ကျင့်ရေးလုပ်ငန်းစဉ်က အရင်ကထက်ပိုပြီး ပင်ပန်းလိမ့်မယ်၊ အထဲကို ဝင်သွားပြီဆိုတာနဲ့ အရမ်းသတိထားမှ ဖြစ်မယ်”

အတွင်းစည်းတပည့်များအားလုံးသည် ဂိုဏ်းချုပ်ကျွင်း ခေါ်သည်ကို စောင့်မျှော်လျက် ရှိနေကြ၏။ ၎င်းတို့သည် တက်တက်ကြွကြွနှင့် ပြင်ဆင်နေကြသည်။

ရီရှင်းချန်နှင့် ဟယ်ဝူတီတို့ကဲ့သို့သော လူမျိုးပင်လျှင် တည်ငြိမ်မှု မရှိ ကြတော့ချေ။ တက်ကြွလန်းဆန်းစွာဖြင့် စောင့်စားနေကြတော့၏။

သုံးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်လိုက်တော့၏။ ဤတစ်ကြိမ် မှာတော့ သူသည် ခက်ခဲသည့် လုပ်ဆောင်မှု ကို ဝင်ရောက်ယှဉ်ပြိုင်ချိန်တွင် အလွန်အမင်း သတိထားနေသည်။ သိုင်းဘုရင်တပည့်နှစ်ရာကျော်တို့ကို ချက်ချင်း အထဲသို့ ခေါ်ဆောင်ခဲ့သည်။ ထို့အပြင် ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် အကြီးအကဲကဲ့ စသောသူများအားလုံးကို ခေါ်ဆောင်ခဲ့သေးသည်။

တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်ဟိုင်တို့သည် မသွားခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သိုင်းနယ်မြေ နှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဖြစ်သည်မို့ ခက်ခဲသည့်လုပ်ဆောင်မှုပုံစံကို ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့် မရှိကြချေ။

“သွားကြစို့” လျှို့ဝှက်နယ်မြေ၏ အဝင်ဝမှာတော့ ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။

ရွှီး ရွှီး

တပည့်နှစ်ရာကျော်နှင့် သိုင်းအုပ်စိုးသူ အကြီးအကဲလေးယောက်တို့သည် ပြိုင်တူပဲ သူ၏ဦးဆောင်မှုအောက်မှာ ဝင်ရောက်ကြတော့သည်။ ခက်ခဲသည့်လုပ်ဆောင်မှုပုံစံသည် အလွန်တရာ ခက်ခဲလွန်းလှ၏။ မည်မျှခက်ခဲသနည်း ဆိုသော် စာရေးသူကိုယ်တိုင်ပင် ရေးနိုင်စွမ်းမရှိအောင် ခက်ခဲနေတော့သည်။ ထို့ကြောင့် ဤကဲ့သို့သော တိုက်ပွဲ များကို ကျော်လိုက်ပေမည်။

ဟူး ဟူး

တတိယအဆင့်၏ ပုံရိပ်ယောင်မြင်ကွင်းထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် မြေပေါ်တွင် လဲနေလျက် အသက်ကို မနည်းရှူနေရသည်။

လီဖေးသည် သူ၏လက်များကို ဖြန့်ကားကာ အားပြတ် သလို ပြောလိုက်၏။ “နောက်ဆုံးတော့ ပြီးသွားပြီပဲ”

သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် အထဲသို့ ဝင်ခဲ့သော သိုင်းဘုရင် တပည့်နှစ်ရာကျော်တွင် အဆင့်သုံးခုကို ကျော်ဖြတ်ပြီးသည့်နောက် တပည့်ရှစ်ဆယ်ကျော်တို့မှာ ထွက်ခွာခဲ့ရသည်။ သို့ပေမဲ့ အောင်မြင်သည်ဟုတော့ ဆိုရမည်။ တချိုသောသူများသည် ထွက်ခွာသွားရသည်ဆိုသော်လည်း ပါဝင်ယှဉ်ပြိုင်မှုအတွက် အတွေ့အကြုံမှတ်များ ရရှိနေကြ၏။ ၎င်းတို့၏ အဆင့်များအားလုံးသည် အဆင့်တစ်ခုဆီသို့ တိုးတက်ရောက်ရှိသွားခဲ့ကြသည်။

ကျန့်ရာ၊ နင်ညီအစ်ကိုနှင့် အကြီးအကဲကဲ့တို့သည်လည်း အဆင့်ချိုးဖြတ်ခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် တည်နေရာတွင် မတ်တပ်ရပ်ရန်ပင် မတတ်နိုင်ဘဲ ပင်ပန်းလျက် ရှိနေကြသည်။ နဖူးပေါ်မှာ ချွေးများကိုပင် သုတ်လျက်ရှိ၏။

ဟူး

ရှေ့ဆုံးတွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ထား၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဆင့်တက်သည့်အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ သူသည် ဓားနှင့်သိုင်းအုပ်စိုးသူ အဆင့်ရှစ်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားသည်။

ပါရမီရှင်ဓားအုပ်စိုးသူတစ်ယောက်သည် တိုက်ခိုက်ရာတွင် ဓားမော့ကို အသုံးပြု၍ တိုက်ခိုက်နေရသည်။ အဆင်မသင့်လိုက်သော ကိစ္စရပ်ပင်ဖြစ်တော့၏။ အဓိကအားဖြင့် ကျွင်းချောင်ရှောင်းဆီ၌ သင့်တော်လှသော ဓားကောင်းတစ်လက် မရှိသောကြောင့်ပင် ဖြစ်တော့သည်။

ကျန်းယန်ဓားသည် မဆိုးလှသည်ဆိုသော်လည်း နဂါးစိမ်းလခြမ်းဓားမော့ကြီးနှင့် ယှဉ်မည်ဆိုလျှင် အလွန်ဝေးကွာ နေသည့် အဆင့်တွင် တည်ရှိနေသေး၏။ သူ့အနေနှင့် ဓားတစ်သောင်းမှသည် တစ်ခုတည်းဆီသို့ နည်းစနစ်ကို ထုတ်ဖော်အသုံးပြုသည့်နေရာတွင်တော့ ဓားကို အသုံးပြုမှသာ ဖြစ်ပေလိမ့်မည်။

ဓားမော့ဆိုသည်မှာ ခုတ်ပိုင်းခြင်းကိုသာ အားသန်လှ၏။ ရိုးရှင်းသည့် ခုတ်ပိုင်းချက်နှင့် ကြမ်းတမ်းမှုကို ဦးစားပေးသော ဓားမော့၏ ခုတ်ပိုင်းချက်များကို ကျွင်းချောင်ရှောင်းသည် ကောင်းကောင်း ပြုလုပ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ သူသည် ဓားမော့အုပ်စိုးသူ မဟုတ်ချေ။

ခက်ခဲမှုလုပ်ဆောင်ချက်သည် အောင်မြင်သွားခဲ့ပြီဆိုသော်လည်း များပြားလှသော တပည့်များမှာတော့ အဆင့်သုံးတွင် ထွက်ခွာသွားခဲ့ရသည်။ ဤအရာမှာ ကျရှုံးမှုဟုပင် ဆိုရမည်။ သို့ပေမဲ့ ကိစ္စမရှိချေ။ ၎င်းတို့သည် နောက်တစ်ကြိမ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လုံလောက်သည့် ယုံကြည်ချက်ကို ရရှိသွားခဲ့ကြပြီဖြစ်၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည်လည်း ထိုပြဿနာကို ကောင်းကောင်းနားလည်၏။ တပည့်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အားနည်းလွန်း၏။ အဓိကအားဖြင့် ပူးပေါင်းတိုက်ခိုက်မှုကို အားပေးလွန်းသော အစီအရင် စုဖွဲ့ တိုက်ခိုက်ခြင်းကဲ့သို့သော အရာမျိုး ဂိုဏ်းတွင် လိုအပ်လျက်ရှိနေသည်။

အထူးသဖြင့် နဂါးကျား တိုက်ပွဲလို နေရာမျိုးတွင် ပထမအဆင့် ဂိုဏ်းများသည် အစီအရင် အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်များကို ထုတ်ဖော်တိုက်ခိုက်ကြ၏။ ထိုနည်းစနစ်များသည် ထုတ်ဖော်တိုက်ခိုက်ရာတွင် အစွမ်းသက်ရောက်မှုမှာလည်း အလွန်ကြီးမား လှ၏။

စနစ်က ပြောလိုက်သည်။ “စတိုးထဲမှာ အကုန်ရှိတယ်လေ။ မရှိတဲ့အရာကို မရှိဘူး”

“ကဲ ဒါဆိုလည်း ကြည့်တာပေါ့”

ကျွင်းချောင်ရှောင်းသည် မည်သို့မှ သည်းမခံနိုင်တော့ပေ။ အဆင့်မြင့် စတိုးကို ဖွင့်လိုက်၏။ သို့ပေမဲ့ သေချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ အဆင့်မြင့် ဂိုဏ်းအကာအကွယ် အစီအရင်မှလွဲရင် တခြားသော တိုက်ခိုက်ရေး အမျိုးအစား အစီအရင်များကို မတွေ့ရှိရချေ။

“ရန်သူတွေက ပိုပိုပြီး အားကောင်းလာပြီ၊ အလယ်အလတ်အဆင့် ဂိုဏ်းအကာအကွယ် အစီအရင်က မလုံလောက် တော့ဘူး၊ အဆင့်မြင့် တစ်ခုခုကို ဝယ်မှဖြစ်မယ်”

ကျွင်းချောင်ရှောင်းသည် နှောင့်နှေးမနေချေ။ ဤကဲ့သို့ အဆင့်မြင့် အမျိုးအစား ဂိုဏ်းအကာအကွယ် အစီအရင် မျိုးသည် ခုခံကာကွယ်ခြင်းတွင် ပိုမို၍ အားကောင်းလှသည်သာမက ကာကွယ်ပေးနိုင်သော တည်နေရာ အကျယ် အဝန်းကလည်း ပိုမို၍ ကြီးမားလာခဲ့သည်။

အတိတ်တုန်းကဆိုလျှင် အလယ်အလတ်အဆင့် အကာအကွယ် အစီအရင်သည် ဂိုဏ်းတစ်ခုတည်းကိုသာ ကာကွယ်နိုင်စွမ်းရှိ၏။ လက်ရှိအခြေအနေမှာတော့ သံမဏိအရိုးတောင်ကြီး၏ နယ်နိမိတ်ကြီး တစ်ဝက်လောက်ကို ဖုံးလွှမ်း ကာကွယ်နိုင်နေပြီဖြစ်သည်။ အံ့အားသင့်စရာပင်။

အဆင့်မြင့်အကာအကွယ်နှင့် အဆင့်မြင့် လွှမ်းခြုံနိုင်မှု ဆိုသည်မှာ စွမ်းအင်ကုန်ဆုံးမှုကလည်း ပိုမို များပြားပေလိမ့်မည်။ ထို့ကြောင့် ဤအရာကို အသက်သွင်းလိုက်သည် ဆိုပါက ဂိုဏ်းစုဆောင်းမှတ်တစ်ရာ ကုန်ဆုံးမှာဖြစ်၏။

“ဈေးကြီးလိုက်တာ” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူဆီ၌ စနစ် စတင် အသက်ဝင်ချိန် က ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်များ ထားသိုနိုင်သည့် အများဆုံးသော အကန့်အသတ်သည် တစ်ရာသာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အဆင့်မြင့် ဂိုဏ်းအကာအကွယ်ကို အသက်သွင်းရန်ပင်လျှင် တစ်ရာမှတ် လိုအပ်နေပြီဖြစ်သည်။

.................

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် မတ်တပ်ရပ်ပြီးနောက် သူ၏ဆေးလိပ်ကို ထုတ်ယူကာ တစ်ချက် ရှိုက်ဖွာရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။ “ငါက ပိုပြီးချမ်းသာပြီး ပိုပြီးအားကောင်းလာခဲ့တာပဲ”

All Chapters