အခန်း (၇၆၆)
Vol. 52 Ch. 766
ဂိုဏ်းတွင် အလွန်တရာအားကောင်းလှသည့် ဂိုဏ်းအကာအကွယ် အစီအရင် ရရှိခဲ့ပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်စိတ်ချမ်းသာလျက်ရှိ၏။ သူသည် သစ်သာရေချိုးဇလုံထဲတွင် လဲလျောင်းရင်း ရေချိုးလျက်ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင်ရှိနေသော အသားအစေိုပြေပြီး ရေဓာတ်ကို ဖြည့်စည်းပေးသည့် မျက်နှာဖုံးအား အသာခွာ ပြီးသည့်နောက် သစ်သားရေချိုးဇလုံ၏ နံရံအားမှီကာ တီးတိုးရေရွတ်လိုက်၏။ “ငါ့ဆီမှာ အစီအရင် အမျိုးအစား သိုင်းနည်းစနစ် တစ်ခုခု ရှိမှဖြစ်မယ်”
သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲတွင်တော့ အဓိက အကျဆုံးနှင့် အကျိုးသက်ရောက်မှု အရှိဆုံးမှာ ဤကဲ့သို့သော စုပေါင်းတိုက်ခိုက်မှုပင်ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရေးနည်းစနစ်မရှိပါက အထက်စည်းမှ တိုက်ခိုက်နိုင်ရန် ခက်ခဲလှ၏။ တပည့်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာတစ်ခုမှ မရှိချေ။ လိုအပ်နေသည်မှာ အစီအရင်သာ ဖြစ်တော့၏။ ကျွင်းချောင်ရှောင်းသည် ဤပြဿနာအား လေးလေးနက်နက် စဉ်းစားမိနေ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရ ပြိုင်စံရှားဂိုဏ်းတပည့် အားလုံးမှာ ရိုးရှင်းလှသည့် လုပ်ဆောင်မှုပုံစံကိုသာ ပြည့်စုံအောင် ကျော်ဖြတ်နိုင်ခဲ့ကြ၏။
သာမန်လုပ်ဆောင်မှုပုံစံအတွင်း ဝင်ရောက်ယှဉ်ပြိုင် ကြသည်ဆိုသော်လည်း ကြီးမားသော ဘေးအန္တရာယ်ကိုသာ ခံစားခဲ့ကြသည်။ အောင်မြင်မှုနှုန်းမှာ အလွန်တရာ ကျဆင်း၏။ ခက်ခဲသည့်လုပ်ဆောင်မှုပုံစံတွင် ပြောနေစရာပင် မလိုချေ။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဦးဆောင်၍သွားသည်ကပင်လျှင် လူရှစ်ဆယ်လောက် ဆုံးရှုံးခဲ့ရသေးသည်။
ရိုးရှင်းသည့်လုပ်ဆောင်မှုပုံစံနှင့် သာမန်လုပ်ဆောင်မှုပုံစံတို့တွင် အထပ်ထပ် ဝင်ရောက်ယှဉ်ပြိုင်ပြီးသည့်နောက် မှာတော့ ရရှိလာသည့် အတွေ့အကြုံမှတ်များသည်လည်း တဖြည်းဖြည်းနှင့် နည်းပါးလာခဲ့၏။ ထို့ကြောင့် ခက်ခဲသည့် လုပ်ဆောင်မှုပုံစံကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆိုသည်မှာ ရှောင်လွဲ၍ ရသည့်အရာမျိုး မဟုတ်ပေ။ ထိုအရာကို စိန်ခေါ်ရန်အတွက် လုံလောက်သည့်အားအင်မရှိပါက အချိန်ဖြုန်းသလိုသာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်တပည့်များ၏ အလုံးစုံသော အားအင်အဆင့်ကို တိုးတက်လာစေရန်အတွက် သူသည် အစီအရင် အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်မျိုးကို အမှီပြု မှီခိုရပေလိမ့်မည်။ ထို့အပြင် ဆက်လက်ယှဉ်ပြိုင်ရန် ငရဲခန်းလုပ်ဆောင်မှု ပုံစံကလည်း ရှိနေသေး၏။ ငရဲခန်းလုပ်ဆောင်မှု ပုံစံအရဆိုလျှင် အဖွဲ့တစ်ခု ဖွဲ့စည်းသွားရန်အတွက် လူအရေအတွက် ကန့်သတ်မှုရှိလိမ့်မည်မဟုတ်ဟု ကျွင်းချောင်ရှောင်း ယုံကြည်နေမိသည်။
ဂိုဏ်း၏ ထိပ်တန်းအင်အားစုများအားလုံးကို အထဲသို့ထည့်ကာ ဝင်ရောက်ယှဉ်ပြိုင်လျှင်ပင် ထိုအဆင့်၌ အားလုံး သေဆုံးကြမှာ သေချာ၏။
ဤနေရာတွင် ရီရှင်းချန်သည် အတွေ့အကြုံ ကောင်းကောင်း ရရှိပြီးသားဖြစ်သည်။ သူတော်စင်အဆင့် သားရဲကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သိုင်းနယ်မြေကျင့်ကြံသူ ဆယ်ယောက်ကို အထဲသို့ စေလွှတ်ကာ တိုက်ခိုက်ခိုင်းမည်ဆိုလျှင်တောင် ကျိန်းသေပေါက် သေဆုံးပေလိမ့်မည်။
ငရဲဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ တစ်စုံတစ်ယောက်၏ စိတ်ခံစားချက်များ အလုံးစုံပျောက်ကွယ်ပြီး မျှော်လင့်ချက်မရှိသောနေရာကို ငရဲဟု ခေါ်ဆိုပေလိမ့်မည်။ ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရဆိုလျှင် ခက်ခဲ သည့်လုပ်ဆောင်မှုပုံစံတွင် ကျေနပ်နေလိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် ငရဲခန်းလုပ်ဆောင်မှုပုံစံကို စိန်ခေါ် မိပေလိမ့်မည်။ တပည့်များ၏ အားအင်အဆင့်သည် လုံလောက်အောင် တိုးတက်မလာသည်ဆိုပါက သူ့အနေနှင့် ဘာတစ်ခု ဆက်၍ပြုလုပ်လို့ မရနိုင်ပေ။
ရွှီး
သူသည် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို ဖွင့်၍ သေသေချာချာ ကြည့်ရှုလိုက်၏။ အထဲတွင် အံ့အားသင့်စရာ ကောင်းလှသော သိုင်းနည်းစနစ်များ မျိုးစုံ ရှိနေသည်ဆိုသော်လည်း အစီအရင်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်မှာ တစ်ခုမှ မရှိချေ။
စနစ်က အထွန့်တက်လိုက်သည်။ “စတိုးကို သွားကြည့်လိုက်လေ”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရွှီး
နောက်ဆုံးမှာသော သူသည် စိတ်ကိုပြင်ဆင်ပြီးသည့်နောက် အလယ်အလတ်စတိုးဆီသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်လိုက်သည်။
ရလဒ်အဖြစ် သူသည် စနစ်အား စိတ်ဓာတ်ကျစေခဲ့၏။ “မင်းအနေနဲ့ တစ်ခုခုကို လိုချင်လို့ရှိရင် အဆင့်မြင့်စတိုးကို သွားမှပေါ့၊ ဘယ်လိုသူရဲကောင်းမျိုးက အလယ်အလတ် စတိုးမှာ လာပြီး ကျင်လည်နေမှာလဲ”
“ငါ့ဘာငါ သဘောကျလို့ပေါ့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဤအရာသည် သူ့အနေနှင့် ကြောက်ရွံ့တတ်သည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။ အဆင့်မြင့်စတိုးသည် Refresh လုပ်ရန်အတွက်ပင် ဂိုဏ်းစုဆောင်းမှတ်တစ်သောင်း ကုန်ကျစေ၏။ အလယ်အလတ်စတိုးသည် တစ်ရာပဲ ကုန်ခမ်းသည်။ ထို့ကြောင့် အဆတစ်ရာ ကွာခြားသည်ဟု ဆိုရမည်။
ဤကိစ္စကို စဉ်းစားကြည့်လျှင် ကျွင်းချောင်ရှောင်းသည် အလွန်ပင် နဝေတိမ်ထောင်ဖြစ်မိနေသည်။
ဟုတ်ပေသည်။ အဘယ်ကြောင့် ဤမျှဈေးကြီးသွားရသနည်း။ တကယ်တမ်းမှာတော့ အဆင့်မြင့်စတိုးထဲတွင် ရှိသော ပစ္စည်းများသည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ အသုံးမဝင်သောပစ္စည်းဟူ၍ပင် မရှိလှချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုထဲသို့သွား၍ Refresh လုပ်ရန် မစဉ်းစားချေ။ သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းကို အသုံးပြု၍ အလယ်အလတ်စတိုးတွင် Refresh လုပ်မည်ဆိုပါက အကြိမ် တစ်ရာလောက်ပင် လုပ်နိုင်သည်။ ကံကောင်းမည်ဆိုလျှင် အသုံးဝင်သောပစ္စည်း အများအပြားကို ထပ်မံရရှိနိုင် နေသေး၏။ ထို့သို့ဆိုလျှင် ကျိန်းသေပေါက် အမြတ်အစွန်းရမှာ သေချာ၏။
“ဒါဆိုလည်း သွားတာပေါ့” စနစ်က ပြောလိုက်သည်။
ဟူး
ကျွင်းချောင်ရှောင်းသည် ရေချိုးဇလုံထဲသို့ အသာငုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မိမိကိုယ်ကို လန်းဆန်းသွားစေရန် စတင်ကာ ဆုတောင်းမှုကို ပြုလုပ်လိုက်၏။
ဒင်
အသစ်ပစ္စည်းများသည် မြင်ကွင်းထဲတွင် ပေါ်လာ၏။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက်တွင် အသုံးဝင်သည့် ပစ္စည်း တစ်ခုကိုမှ မတွေ့ချေ။ သူ့အနေနှင့် ဘက်စုံအသုံးပြု၍ ရနိုင်သော အနှိပ်ခုံကို ဝယ်ယူကာ ထပ်မံ၍ Refresh လုပ်လိုက်သည်။
ရွှီး ရွှီး
လေးကြိမ်မြောက် Refresh လုပ်ပြီးသည့်နောက် အစီအရင်အမျိုးအစား သိုင်းနည်းစနစ်ကို မဆိုနှင့် တိုက်ခိုက်ရေး နည်းစနစ်ကိုတောင်မှ မတွေ့ခဲ့ပေ။ ဤအရာသည် ကျွင်းချောင်ရှောင်းအား ပြိုလဲလုမတတ် ဖြစ်စေခဲ့၏။
“ငါ့ရဲ့ ကံတရားတန်ဖိုးက အတုပဲ နေလိမ့်မယ်”
“ကျရှုံးမှုဆိုတာ အောင်မြင်မှုရဲ့ မိခင်ပဲလေ၊ စိတ်ဓာတ်မကျနဲ့၊ စိတ်ဓာတ်မကျနဲ့၊ ဆက်ပြီးတော့ Refresh လုပ်မယ်” စနစ်သည် အားပေးလိုက်၏။
“ဆက်လုပ်မယ်”
ကျွင်းချောင်းရှောင်းသည် သူ၏စိတ်အခြေအနေကို ထိန်းချုပ်ပြီးသည့်နောက်မှာ Refresh ဆက်လုပ်လိုက်သည်။ ခြောက်ကြိမ်မြောက် ပြုလုပ်ပြီးသည့်နောက်မှာတော့ သူသည် ကောင်းမွန်သည့်ပစ္စည်း တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤအရာမှာ သက်တန့်ရောင်စဉ်ကျမ်း၏ ဒုတိယတွဲပင် ဖြစ်တော့သည်။
“ဒုတိယကျမ်းလား”
ဟား ဟား ဟား ဟား
ဟား ဟား ဟားဟား
ကျွင်းချောင်ရှောင်းသည် ရေချိုးကန်ထဲမှ ခုန်ထွက်ကာ အားရပါးရ ထခုန်နေမိ၏။ ဂိုဏ်းတွင် အားအကောင်းဆုံး သောသိုင်းနည်းစနစ်ဖြစ်သော သက်တန့်ရောင်စဉ်ကျမ်းသည် ပထမအတွဲသာ ရှိနေသေး၏။ ယခု ဒုတိယ အတွဲကိုပါ ရရှိခဲ့သည်။ ထို့ကြောင့် ထိုက်တန်လွန်းသည်ဟုဆိုရမည်။ ဤကဲ့သို့သော သိုင်းနည်းစနစ်များကို ပိုမို၍ သင်ယူနိုင်လေ တိုက်ခိုက်နိုင်စွမ်းသည်လည်း ပိုမို၍ တိုးပွားလာမှာ သေချာသည်။ ထို့အပြင် မိတ်ဆက်အရ ကြည့်ရှုမည်ဆိုလျှင် ပြည့်စုံသည့် သက်တန့်ရောင်စဉ်ကျမ်း နည်းစနစ်သည် နတ်ဘုရားအဆင့် အထက်တွင် တည်ရှိနေ၏။
“စိတ်လှုပ်မရှားနဲ့” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အသေးစိတ်ကို ထပ်မံဖတ်ရှုလိုက်ပြီးသည့်နောက် ဝယ်ယူနိုင်သည့်ဈေးနှုန်းသည် ဂိုဏ်း စုဆောင်းမှတ် ငါးထောင်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ “ပထမတွဲက တစ်ထောင်ပဲရှိတယ်၊ ဒုတိယအတွဲကျမှ ဘာလို့ ဒီလောက်ဈေးကြီးရတာလဲ၊ ဘာပဲဖြစ်ဖြစ် ငါဝယ်ရမယ်”
“ဒင်.... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးထောင်အား အသုံးပြု၍ သက်တန့်ရောင်စဉ် ဒုတိယကျမ်းကို ဝယ်ယူလိုက်သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်.... ဂိုဏ်းစုဆောင်းမှတ် - ၄၄၉၃၆ / ၅၀၀၀၀”
စနစ်က ပြောလိုက်သည်။ “လက်ခံသူကို ကူညီဖို့အတွက် ဂိုဏ်းစုဆောင်းမှတ်တွေ စုဆောင်းထားတာ ရှိသေးတယ်၊ သုံးချင်သေးလား”
ကျွင်းချောင်ရှောင်းသည် ပြန်လည်ဖြေဆိုရန် စိတ်အခြေအနေမရှိချေ။ ထို့ကြောင့် သက်တန့်ရောင်စဉ် ဒုတိယကျမ်း ကို ထုတ်ယူလိုက်တော့သည်။ ပထမအတွဲနှင့် တူညီစွာဖြင့် မန္တာန်နှင့် စကားလုံးများ အားလုံးကို များများပြားပြား ရေးသားထား၏။ အလွန်တရာ ရှုပ်ထွေးနက်နဲလှသော အဓိပ္ပာယ်များလည်း ပါဝင်လျက်ရှိသည်။
ဤကဲ့သို့သော နက်နဲလှသည့်အဓိပ္ပာယ်များကို ရှင်းရှင်းလင်းလင်း နားလည်သူမှာ ဟယ်ဝူတီပင် ဖြစ်တော့သည်။ သူသည် အထက်နယ်မြေဆီမှ ရောက်ရှိလာသူဖြစ်သောကြောင့် ဤကျင့်ကြံခြင်းနည်းစနစ်နှင့်ပတ်သက်သည် များကို ကောင်းကောင်းအဖြေရှာဖွေနိုင်၏။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း၏ လက်ရှိအားအင်အရဆိုလျှင် သူ၏ ဦးနှောက်ထဲရှိ ဆဲလ်များအားလုံး သေဆုံးသွားမည်ဆိုလျှင်တောင်မှ ဤအရာကို နားလည်ရန် ခက်ခဲလွန်းနေသည်။
“မဟုတ်သေးဘူး”
လျှို့ဝှက်ကျမ်းစာအား လက်ဝါးပေါ်တွင်တင်၍ သူသည်အံ့အားတသင့်ဖြင့် မေးလိုက်သည်။ “ဒါကဘာလို့ နွေးနွေးလေးဖြစ်နေတာလဲ”
ဤကဲ့သို့သော အနွေးဓာတ် သည် ခန္ဓာကိုယ်မှလာသော နွေးထွေးမှုနှင့်တူနေ၏။ တစ်စုံတစ်ယောက်သည် ခန္ဓာကိုယ်ထဲတွင် ဤဒုတိယတွဲအား အချိန်ကြာမြင့်စွာ ထည့်ထားပုံပေါ်သည်။ ထို့ပြင် ခပ်ရေးရေးလေး မွှေးနေသေး၏။
ကျွင်းချောင်ရှောင်းသည် တရှုံ့ရှုံ့ဖြင့် အနံ့ခံကာ ပြောလိုက်သည်။ “နှင်းဆီအနံ့လေးလား”
...............
ဘုန်း
မဲနက်နေသည့် တည်နေရာတစ်ခုထဲမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အသံကြီးတစ်ခု ထွက်ပေါ် လာသည်။ ပုံရိပ်ယောင်တစ်ခုသည် တိုက်ခိုက်ခံရပြီးသည့် နောက်မှာတော့ မိုင်ရာဂဏန်း အဝေးဆီသို့ လွှင့်စင်သွားခဲ့သည်။
ဒွီး
တည်နေရာလှုပ်ခါပြီးသည့်နောက်မှာတော့ အလွန်တရာ ကြည့်ကောင်းလှပြီး အနက်ရောင် ဝတ်စုံကို အချိုးအစားကျနစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ထွက်ပေါ်လာခဲ့သည်။ သူမ၏ ရင်သားများသည် အလွန်တရာ ကြီးမားလွန်းလှ၏။ လှပလွန်းသည့် မျက်လုံးများသည် အေးစက်နေပြီး သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေသည်။ သူမက ပြောလိုက်သည်။ "ငါ့ရဲ့ကျမ်းစာ ဘယ်ရောက်သွားတာလဲ"
"အရှင်မ.... အဲကျမ်းစာကို အရှင်မရဲ့ ခန္ဓာကိုယ်ထဲမှာပဲ သိမ်းထားတာလေ၊ ဒီနောက်လိုက်က ကျမ်းစာကို တစ်ခါမှ မမြင်ဖူးပါဘူး"
အဆုံးသတ်မှာတော့ ဤကျင့်ကြံသူ၏ မျက်နှာသည် နာကျင်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
ဘုန်း ဘုန်း ဘုန်း
အမဲရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ကောင်းကင်နှင့် မြေကြီး လှုပ်ခါသွားရအောင် သူ၏ နောက်လိုက်ကို ထိုးနှက်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ မြေတည်နေရာကြီး တစ်ခုလုံးသည် ချိုင့်ဝင်သွားခဲ့ပြီး သနားစရာ ကောင်းလှသော သိုင်းကျင့်ကြံသူ၏ မျက်နှာသည် ရောင်ကိုင်းစုတ်ပြတ်လျက် ရှိသည်။ ထိုသူသည် သတိလစ် မေ့မျောလျက်သွားေ"ချီးတဲ့မှ...."
အမျိုးသမီးသည် သူ၏လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သတ်ဖြတ်လိုခြင်းဆန္ဒ အပြည့်နှင့် ပြောလိုက်၏။ "ငါ့ရဲ့လျှို့ဝှက်ကျမ်းကို ခိုးသွားတဲ့သူခိုး.... မမိစေနဲ့၊ မိလို့ကတော့ အရိုးတွေ၊ အရွတ်တွေ အကုန်လုံးကို ချိုးဖြတ်ပစ်ပြီးတော့ တစ်စစီ ဖျက်ဆီးပစ်မယ်"
.............
သစ်သားရေစိမ်ကန်ထဲမှ ထွက်လာပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် အဝတ်တွေ ဝတ်လိုက်၏။ ထိုအချိန်မှာပဲ သူသည် ရုတ်တရက် တုန်ခါသွားသည်။ သူ တွေးလိုက်မိ၏။ "ငါ အအေးများ ပတ်ချင်နေတာလား"
စနစ်သည် ဆွံ့အသွားမိ၏။ "ရေချိုးကန်ထဲမှာ နှစ်နာရီလောက် စိမ်နေတာ မင်းမှ အအေးမမိရင် ဘယ်သူ အအေးမိမှာလဲ"
"ဂိုဏ်းချုပ်"
လီချင်းယန်သည် အပြင်ဘက်ဆီမှ ပြောလိုက်၏။ "ဂျူနီယာညီလေးစု ပြန်လာပြီ"
ကျွင်းချောင်ရှောင်း ကြောင်သွား၏။ "မြန်လှချည်လား"
အချိန်ကို တွက်ကြည့်မည်ဆိုလျှင် ဤကောင်လေးသည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွားသည်မှာ တစ်လ၊ နှစ်လသာ ရှိသေး၏။ အဘယ်ကြောင့် လုချင်းချင်းနှင့် ဖန်လင်းယုတို့၏ သတင်းကို မြန်မြန်ဆန်ဆန် ရယူနိုင်သနည်း။
"ဂိုဏ်းချုပ်"
အဓိကဟောခန်းထဲသို့ လျှောက်ဝင်သွားသွားခြင်းမှာပင် စုရှောင်မိုသည် အလောတကြီးနှင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏ ပုံပန်းသွင်ပြင်သည် မပြောင်းလဲသွားချေ။ သို့ပေမဲ့ အနည်းငယ် ပိန်လာ၏။ အစားကောင်းကောင်း စားခဲ့ရပုံမပေါ်ချေ။ ကံကောင်းစွာဖြင့် လျှိုဝမ်ရှစ်သည် သူ့အား မမြင်ခြင်းပင်ဖြစ်သည်။ မြင်ပါက သူ၏ စီနီယာအစ်ကို ပိန်သွားသည်ဟုဆိုကာ ထ၍ ငိုပေတော့မည်။
ကျွင်းချောင်ရှောင်းသည် အသာထိုင်ချပြီးနောက် ပြောလိုက်သည်။ "သေသေချာချာ စုံစမ်းပြီးပြီလား"
စုရှောင်မိုက ပြောလိုက်၏။ "ထိုက်ရွှမ်အအေးဂိုဏ်းထဲကို ဝင်ပြီးသွားပါပြီ၊ လောလောဆယ်တော့ ဝင်ခွင့်ရတပည့်အဖြစ်ပဲ ရှိသေးတယ်၊ အပြင်စည်းတပည့်တောင် မဖြစ်သေးဘူး"
"ဒါဆိုရင် ဘယ်လိုလုပ်ပြန်လာတာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြုံးကာ ပြောလိုက်သည်။ "တောင်ပိုင်းသဲကန္တာရ နယ်မြေထဲကို သွားဖို့တာဝန်ပေးလိုက်တယ်လေ၊ ဒါကြောင့် ဒီကို ဝင်လာခဲ့တာ"
"ဘာတာဝန်လဲ" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
စုရှောင်မိုက ပြောလိုက်၏။ "တောင်ပိုင်းသဲကန္တာရနယ်မြေရဲ့ တင်းရွမ်နတ်ဂိုဏ်းကို သွားပြီးတော့ စာတစ်စောင် ပေးရမှာလေ"
"စာတစ်စောင်ပေးရမှာ ဟုတ်လား"
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။ အဆင့်တစ် ဂိုဏ်းတစ်ခုအနေနှင့် အဘယ်ကြောင့် စာတစ်စောင် ပေးရသနည်း။ အဆင့်မြင့် စိတ်ဝိညာဉ်စည်း သို့မဟုတ် စာပို့ခိုမျိုးကိုလည်း အသုံးပြု၍ ရနေသည် မဟုတ်ပါလား။ အဘယ်ကြောင့် အပင်ပန်းခံ၍ တပည့်တစ်ယောက်ကို စေလွှတ်ကာ စာပို့နေရသနည်း။