← Chapters

အခန်း (၇၆၇)

Vol. 52 Ch. 767

အခန်း (၇၆၇)

Vol. 52 Ch. 767

ပထမအဆင့်ဂိုဏ်းများတွင် သတင်းအချက်အလက် ဖလှယ်ရယူနိုင်သည့် နည်းလမ်းတစ်ခုခု ရှိရမည်။ စုရှောင်မိုအား ဤကဲ့သို့ စာပေးခိုင်းသည်မှာ တပည့်များအား တာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်သည်လား ကို စမ်းသပ်ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ စုရှောင်မိုသည် ထိုက်ရွှမ်အအေးဂိုဏ်းကို ဝင်ဝင်ခြင်းမှာပဲ စာကို ပေးပို့ခွင့် ရခဲ့၏။ ကြည့်ရသည်မှာ စုရှောင်မို၏ ခြေထောက်များသည် အလွန်တရာ အားကောင်းကြောင်းကို ၎င်းတို့သည် ကောင်းကောင်းမြင်ခဲ့ပုံပေါ်သည်။ ထို့အပြင် စုရှောင်မိုသည် ဉာဏ်ကောင်းလှသူ ဖြစ်သောကြောင့် အရာကိစ္စ အမြောက်အများတွင် သင့်တော်၍ အသုံးတည့်တတ်သည့် လူတစ်ယောက်ဖြစ်အောင် ပြုမူနေထိုင်တတ်သည်။

“ထုတ်ပြပါအုံး”

စုရှောင်မိုသည် သိုလှောင်လက်စွပ်ထဲရှိ စာအား အလျင်အမြန် ထုတ်ပေးလိုက်သည်။ သို့ပေမဲ့ သတိပေးလိုက်၏။ “ဂိုဏ်းချုပ်.... ဒီစာက အစီအရင်တစ်ခုနဲ့ စည်းခတ်ခံထားရတာလေ၊ အားနဲ့ အတင်းချိုးဖောက်ပြီး ကြည့်လိုက်မယ် ဆိုရင် ထိုက်ရွှမ်အအေးဂိုဏ်းက လူကြီးတွေအကုန်လုံး သိသွားလိမ့်မယ်”

“ဒါက မခက်ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“သွား.... အကြီးအကဲကျန်းကိုသွားခေါ်”

စုရှောင်မို၏နှုတ်ခမ်းများသည် တုန်ယင်သွား၏။ လက်ရှိအချိန်မှာတော့ ဂိုဏ်းချုပ်သည် ဤစာကိုဖွင့်ကာ ဖတ်တော့ မည့်အကြောင်း ကောင်းကောင်းနားလည်မိ၏။

မကြာခင်မှာပဲ ကျန်းတယ်ကျွင်းသည် အထဲသို့ လျှောက်ဝင်လာ၏။ ဂိုဏ်းချုပ်၏ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားတော့သည်။ သူသည် သေသေချာချာ စမ်းသပ်စစ်ဆေး ပြီးနောက် ပြောလိုက်၏။ “ဂိုဏ်းချုပ်.... ဒီအစီအရင်က အရမ်းကို ရိုးရှင်းတယ်လေ၊ လွယ်လွယ်ကူကူနဲ့ ချိုးဖြတ်ပစ်လိုက်လို့ရတယ်၊ ဒီတော့ ဒီလိုမျိုး ကြည့်ရှုလိုက်တယ်ဆိုတာကို တခြားသူကလည်း သိရှိလိုက်မှာ မဟုတ်ဘူး”

စုရှောင်မိုသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။ သူ့အနေနှင့် ရှာဖွေ မတွေ့ရှိသွားဘူးဆိုလျှင် မည်သို့ပင်ဖြစ်ဖြစ် အဆင်ပြေနိုင်သေးသည်။ မဟုတ်ပါက ထိုက်ရွှမ်အအေးဂိုဏ်းသို့ ပြန်သွားသည့်အချိန်တွင် အသက်ပင် ပြန်ပါလာလိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင် ဖွင့်လိုက်တော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ကောင်းပါပြီ”

ကျန်းတယ်ကျွင်းသည် အလွန်တရာ မြန်ဆန်လှ၏။ အချိန်တိုအတွင်းမှာပဲ စာပေါ်တွင်ရှိသော သေးငယ်လှသည့် အစီအရင်လေးကို ချိုးဖြတ်ပစ်လိုက်တော့သည်။ ကျွင်းချောင်ရှောင်းသည် အထဲတွင်ရှိသော စာကို ထုတ်ယူ၍ ဖတ်လိုက်သည်။

“နတ်ဆိုးတောင်ကြားက ဖွင့်တော့မယ်တဲ့၊ ဖြစ်နိုင်တဲ့နည်းနဲ့ အမြန်ဆုံး ပြင်ဆင်ထားပါ၊ အချိန်ကို မနှောင့်နှေးစေနဲ့”

ပါဝင်သည့်အကြောင်းအရာမှာ အလွန်တရာ တိုတောင်းလှ၏။ အားလုံးမသိရှိနိုင်သည့် လျှို့ဝှက်ချက်လည်း မဟုတ်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “နတ်ဆိုးတောင်ကြားဆိုတာ ဘာလဲ”

ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာ ချန်ထားခဲ့တဲ့ တားမြစ်တည်နေရာ တစ်ခုပဲလေ၊ လျှို့ဝှက် ပစ္စည်းတွေ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ပစ္စည်းတွေ အများကြီးရှိတယ်ဆိုပြီး သိုင်းကျင့်ကြံသူတွေ တော်တော် များများက သိရှိကြတယ်၊ ဒါက နှစ်စဉ်နှစ်တိုင်းရဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုမှာ တရားဝင် ဖွင့်လှစ် ပေးတယ်”

“အထဲကို ဝင်သွားလို့ရလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ကျန်းတယ်ကျွင်း ပြောလိုက်၏။ “ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေကပဲ ဒီတောင်ကြားထဲကို ဝင်ရောက်ခွင့် ရှိကြတယ်လေ၊ တခြားဂိုဏ်းတွေက ဝင်ရောက်ခွင့် မရှိကြဘူး”

“အမ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာက အစောကြီးကတည်းက သေဆုံးသွားခဲ့ပြီလေ၊ သူချန်ထားခဲ့တဲ့ တားမြစ်တည်နေရာကလည်း ပိုင်ရှင်မဲ့ပဲပေါ့၊ ဘာလို့ ပထမအဆင့်နဲ့ ဒုတိယအဆင့် ဂိုဏ်းတွေက တခြားသူတွေကို မဝင်နဲ့လို့ ပြောပိုင်ခွင့် ရှိတာလဲ”

ထို့ကြောင့်ပဲ သူသည် မိမိကိုယ်ကို အလွန်တရာ မှန်ကန်ကြသည်ဟု သတ်မှတ်ထားခဲ့ကြသော ဂိုဏ်းများ၊ မိသားစုကြီးများကို အလွန်တရာ မုန်းတီးခြင်းသာ ဖြစ်တော့၏။ မိမိကိုယ်ကို မြင့်မြတ်ကြပြီး တစ်ခြားသူများအားလုံးကို မိမိ၏အောက်တွင် ရှိနေသည်ဟု ထင်မှတ်ထားသည့်လူများသည် ယုတ်ညံ့သောသူများ ဖြစ်သည်ဟု ကျွင်းချောင်ရှောင်းက သတ်မှတ်ထားသည်။

ကျန်းတယ်ကျွင်း က ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားက အန္တရာယ်တွေ အပြည့်ပဲ၊ လုံလောက်တဲ့ အားအင် မရှိဘဲနဲ့ ဂိုဏ်းတစ်ခုခုက ဝင်သွားမယ်ဆိုရင် အကုန်လုံး သတ်ဖြတ်ခံကြရမှာလေ၊ ဒါကြောင့် ဂိုဏ်းကြီးကြီး တွေ အကုန်လုံးက အထဲကို ဝင်ရောက်ခွင့်ကို တားမြစ်ထားကြတာလေ၊ ပြီးတော့”

သူသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “တချို့လူတွေ ပြောကြတာက နတ်ဆိုးအင်ပါယာ မသေခင်မှာ ချန်ခဲ့တဲ့ ထောင်ချောက်တွေလည်း ရှိတယ်တဲ့၊ သူက ဂိုဏ်းတွေအကုန်လုံးကို ဒီထဲကို ဝင်ပြီးတော့ အရာဝတ္ထုတွေကို ရှာစေချင်တယ်၊ သူ့ရဲ့ရည်ရွယ်ချက်ကတော့ လမ်းမှန်ဂိုဏ်းသားတွေ အကုန်လုံးကို သေဆုံးစေချင်တာပဲ”

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ “တကယ်လို့ ပြိုင်စံရှားဂိုဏ်းကသာ နတ်ဆိုး တောင်ကြားထဲကို သွားမယ်ဆိုရင် ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေက တားဆီးကြမှာလား”

“သူတို့ တားဆီးမှာ မဟုတ်ဘူး”

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “ရေတွက်လို့မရအောင် များပြားတဲ့ သွေးသင်ခန်းစာတွေ ရရှိပြီးတဲ့နောက်မှာ ဂိုဏ်းတွေက ဒုတိယအဆင့်ထက် ပိုပြီး အားမကောင်းရင် အထဲကို မဝင်ကြဘူးလေ၊ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း သိပ်ပြီးတော့ မဝင်ရဲကြဘူး။ ကိုယ့်ကိုယ် ကြည့်မရရင်တော့ အထဲကို ဝင်စေဖို့ ခွင့်ပြုပေးနိုင်လောက်တယ်”

“အရမ်း အန္တရာယ် များတာလား”

“အရမ်း အရမ်းကို အန္တရာယ်များတယ်” ကျန်းတယ်ကျွင်းသည် လေးလေးနက်နက် ပြောလိုက်၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ ဒီလိုပြောနေမှတော့ တကယ့်ကို သွားချင်စိတ်တောင် ပေါက်လာပြီ”

ကျန်းတယ်ကျွင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ဂိုဏ်းချုပ်.... ဒါက သေသေချာချာ စဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စပဲ၊ ပြီးတော့ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထဲကို ဝင်တာမျိုး မဟုတ်ဘူးလေ၊ ကျရှုံးသွားမယ်ဆိုရင် ပြန်ပြီး နိုးထမနိုင်တော့ဘူး၊ သေမင်းတောင်ကြားထဲကို ဝင်တာထက် သေဖို့များတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ့် စစ်မှန်တဲ့ သူရဲကောင်းတွေက သေဆုံးခြင်းကို မကြောက်ကြဘူး၊ မိုးတွေလေတွေထဲကို ဖြတ်သန်းပြီးမှသာ တကယ့်သူရဲကောင်းအစစ် ဖြစ်လာမှာလေ”

ကျန်းတယ်ကျွင်း “......”

“နတ်ဆိုးတောင်ကြားက ဘယ်အချိန်မှာ ဖွင့်မှာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“ဒါက”

ကျန်းတယ်ကျွင်းသည် သူ၏လက်ချောင်းများနှင့် အသာတွက်ချက်ကာ ပြောလိုက်၏။ “ခြောက်လ၊ ခုနှစ်လလောက်နေရင်”

“စောသေးတာပဲ”

ကျွင်းချောင်ရှောင်းသည် စာကို ပြန်လည်စည်းခတ်ကာ စုရှောင်မိုကို ပေးလိုက်၏။ “အချိန်မဖြုန်းနဲ့တော့၊ မြန်မြန် ဒါကိုသွားပို့လိုက်”

“ကောင်းပါပြီ”

စုရှောင်မိုသည် အားပြတ်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်.... မသွားခင် စားသွားလို့ရသေးလား”

သူ့အနေနှင့် ဂျူနီယာညီမလေးလျှို ချက်ပြုတ်သည့် အစားအစာများကို မစားရသည်မှာ အချိန်အတော်ကြာမြှင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ကောင်းကောင်းပင် အိပ်မပျော်ချေ။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းဆီသို့ ရောက်တုန်း အားရပါးရ စားချင်နေမိသည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ဒါနဲ့ ထိုက်ရွှမ်းအအေးဂိုဏ်းထဲမှာ နေတဲ့အချိန်မှာ မင်းဘယ်နာမည်ကို သုံးလဲ”

“ဒါက”

စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် တုန့်နှေးတုန့်နှေးဖြင့် ပြောလိုက်၏။ “ကုန်းရှန့်ပါ”

ဘုန်း …. ဘုန်း ….. ဘုန်း။

ကျယ်လောင်လှသည့် အသံကြီးသည် အဓိက ဟောခန်းထဲမှ ထွက်ပေါ်လာတော့၏။

...........

စားသောက်ခန်းထဲမှာတော့ လျှိုဝမ်ရှစ်သည် ဘေးတစ်ဖက်တွင်ထိုင်ရင်း သူမ၏ မေးစေ့ကို ထောက်ကာဖြင့် ပြောလိုက်၏။ “စီနီယာအစ်ကို .... တော်တော်ကြီး ပိန်သွားတာပဲ”

ပလပ် …ပလပ် …။

ခေါင်းတွင် ဘုသီးများ အများကြီး ထွက်လျက်ရှိသော စုရှောင်မိုသည် အရသာရှိလှသော အစားအစာများအားလုံး ကို အားရပါးရ စားသုံးလျက် ရှိနေ၏။ လက်ရှိအခြေအနေမှာတော့ သူ၏ ဝိညာဉ်တစ်ခုလုံးသည် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်၍ တိမ်များကြားပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ပင်။

ဂလု ဂလု

ဟင်းရည်တစ်ပန်းကန်ကို သောက်သုံးပြီးသည့်နောက်တွင် သူသည် အင်္ကျီလက်နှင့် ပါးစပ်ကို သုတ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ဂျူနီယာညီမလေးရဲ့ ချက်ပြုတ်ခြင်း အတတ်ပညာက ပိုပို၍ ကောင်းလာတယ်၊ ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ အစား အစာတွေက စာရွက်ကို ဝါးစားရတဲ့အတိုင်းပဲ”

လျှိုဝမ်ရှစ်က ပြောလိုက်သည်။ “စီနီယာအစ်ကို.... ဂိုဏ်းကို ပြန်ရောက်ရင် နေ့စဉ်နေ့တိုင်း အရသာရှိတာတွေ ချက်ပြုတ်ကျွေးမယ်၊ ကျိန်းသေပေါက် အရင်ကအတိုင်း ပြန်ဝသွားစေရမယ်”

“အင်း”

စုရှောင်မိုသည် အားလုံးကို နှုတ်ဆက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

လုချင်းချင်းသည် အဓိကဟောခန်းတံခါးကို မှီကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်…. တကယ်လို့ မေးခွန်း တစ်ခုခု ရှိတယ်ဆိုရင် တိုက်ရိုက်မေးလိုက်လို့ရတယ်လေ၊ ဘာလို့ ဂျူနီယာမောင်လေးစုကို စွန့်စားပြီးတော့ တခြားဂိုဏ်းတွေကို သွားစေချင်ရတာလဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုကိစ္စမျိုးက သူ့ကို စမ်းသပ်တာပဲ”

လုချင်းချင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “သိသွားမယ်ဆိုရင် အရမ်းကို အန္တရာယ်များတယ်”

ကျွင်းချောင်ရှောင်းသည် သူမကို လှည့်ကာ ကြည့်လိုက်၏။ “အကြီးဆုံးစီနီယာအစ်မကြီးတစ်ယောက်အနေနဲ့ မင်းက ဂျူနီယာမောင်လေးတွေကို ဂရုစိုက်နေတာပဲ၊ ဒါတော်တော်ကြီးကို တိုးတက်လာတယ်လို့ ပြောရမှာပဲ”

“……” လုချင်းချင်းသည် အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့တော့သည်။

“အင်း…. ဟုတ်ပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားက ဖွင့်လှစ်တော့မယ်လို့ကြားတယ်၊ ဒီတော့ အထဲကိုဝင်ပြီး ရှာဖွေဖို့အတွက် စီစဉ်ထားတယ်”

လုချင်းချင်းသည်ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ "နတ်ဆိုးတောင်ကြားဆိုတာ အရမ်းကို အန္တရာယ်များတယ်။ ပထမနဲ့ ဒုတိယအဆင့်နဲ့ အထက် ဂိုဏ်းတွေရဲ့ အားအင်မျိုး မပိုင်ဆိုင်ဘူးဆိုရင် အထဲကိုဝင်တာနဲ့ ကံဆိုးမိုးမှောင်ကျသွားလိမ့်မယ်။ တကယ်လို့ ဂိုဏ်းချုပ်က သွားမယ်ဆိုရင်တော့ တပည့်က လိုလိုချင်ချင်နဲ့ လိုက်ခဲ့ပါ့မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ငါသေချာ မစဉ်းစားရသေးဘူး”

…………….

စုရှောင်မိုသည် တင်းရွှမ်ဂိုဏ်းဆီသို့ စာကို အောင်မြင်စွာ ပေးပို့ခဲ့သည်။ သူ၏ မြန်ဆန်လှသည့် အမြန်နှုန်းကြောင့် ထိုက်ရွှမ်အအေးဂိုဏ်းမှ ခေါင်းဆောင်၏ ချီးကျူးမှုကိုပင် ခံခဲ့ရတော့သည်။

“ကုန်းရှန့် ….. မင်းက အရမ်းတော်တယ်၊ ငါ့အထင်အရဆိုရင် တရားဝင် အပြင်စည်းတပည့် မကြာခင်ဖြစ်လာ မှာပဲ”

“ဟဲ ဟဲ ဟဲ ကံကောင်းလို့ပါ၊ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အပြင်စည်းတပည့်ဖြစ်လာတဲ့ စီနီယာအစ်ကိုတွေကို ဘယ်ယှဉ်လို့ရမှာလဲ၊ သူတို့က အနာဂတ်မှာ အတွင်းစည်းတပည့် ဖြစ်သွားနိုင်ဖို့ များတယ်လေ”

“စီနီယာအကိုကျန်း…. မလုပ်နဲ့၊ မလုပ်နဲ့ ဒီလိုကိစ္စမျိုးကို အကိုလုပ်လို့ ဘယ်ဖြစ်မှာလဲ၊ ကျုပ်လုပ်မယ်၊ ကျုပ်လုပ်မယ်”

စုရှောင်မိုသည် သူ့ကိုယ်သူ ထိုက်ရွှမ်အအေးဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး မြန်မြန် ဆန်ဆန်ပဲ ဂိုဏ်းထဲတွင်ရှိသော လူများအားလုံးနှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခုကို တည်ဆောက် ထားတော့သည်။

“ဟောခန်းသခင်ကျင်း…. ဒီတပည့်သစ် ကုန်းရှန့် က တကယ်ကို တော်တယ်လေ၊ ကျင့်ကြံခြင်းအတွက် ပြုစု ပျိုးထောင်သင့်တဲ့ လူတစ်ယောက်ပဲ” အကြီးအကဲရှိုးက မှတ်ချက်ပေးလိုက်သည်။

ဟောခန်းသခင်ကျင်းသည် ပြုံးကာ ပြောလိုက်၏။ “အကြီးအကဲပြောတာမှန်တယ်”

သာမန်အခြေအနေအရဆိုလျှင် သူတို့လို ဂိုဏ်းကြီးများသည် တပည့်သစ်များနှင့်ပတ်သက်ပြီးတော့ ဂရုစိုက်လေ့ မရှိကြပေ။ သို့ပေမဲ့ စုရှောင်မိုသည် သူ၏လိမ္မာပါးနပ်မှုကို အသုံးပြု၍ ရိုရိုကျိုးကျိုးနှင့် အားလုံးသော သူများနှင့် ခင်မင်ရင်းနှီးမှုကို ရရှိခဲ့သည်။

သူလျှိုတစ်ယောက်၏ လမ်းစဉ်ကို လျှောက်လှမ်းရသည်မှာ အလွန်အန္တရာယ်များလှ၏။ သို့ပေမဲ့ စုရှောင်မိုသည် မျက်နှာအရေပြားထူထဲလှပြီး ဉာဏ်ကောင်းလှသောသူတစ်ယောက်ဖြစ်သည်မို့ တစ်ဖက်လူများက မသိရှိသေးဘဲ ထိုက်ရွှမ်အအေးဂိုဏ်း၏ အပြင်စည်း တပည့်အဖြစ်ပင် ရာထူးတိုးစေမည့် အခြေအနေသို့ ရောက်ရှိလျက်ရှိ၏။

အနာဂတ်မှာ သူသည် ဤအတိုင်းသာ ဆက်လက်သွားရောက်မည်ဆိုပါက ထိုက်ရွှမ်အအေးဂိုဏ်းတွင် လက်ရွေးစင်တပည့် သို့မဟုတ် အကြီးအကဲ တစ်ယောက် ဖြစ်လာနိုင်၏။ အံ့အားသင့်စရာမလိုချေ။ တကယ်လည်း ဖြစ်လာနိုင်ခဲ့၏။ သို့ပေမဲ့ စုရှောင်မိုသည် ထိုက်ရွှမ်အအေးဂိုဏ်းထဲကို ဝင်ရောက်ရန် စိတ်ကူးမရှိပေ။ သူ၏လုပ်ဆောင်ချက်များ အားလုံးသည် ပြိုင်စံရှားဂိုဏ်းအတွက်သာ ဖြစ်၏။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ပြီး လျှိုဝမ်ရှစ် ချက်ပြုတ်သည့်အစားအစာများကို စားသုံးရန်သာ စိတ်ပါဝင်စားမှုရှိသည်။

………………..

သုံးလ ကြာမြင့်ပြီးသည့်နောက်မှာတော့ သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေ၏ အချိန်အကန့်သည် ကုန်ဆုံးသွား ခဲ့ပြီဖြစ်သည်။ ထုံးစံအတိုင်းပင် ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်တပည့်နှစ်ရာနှင့် အကြီးအကဲ လေးယောက်တို့ကို ခေါ်ကာဖြင့် ခက်ခဲသောလုပ်ဆောင်မှုပုံစံတွင် သွားရောက်စိန်ခေါ်တော့သည်။ ပထမတစ်ကြိမ် အတွေ့အကြုံရရှိပြီးပြီဖြစ်သောကြောင့် ဤတစ်ကြိမ်မှာတော့ မြန်မြန်ဆန်ဆန်နှင့် အောင်မြင် ခဲ့ကြသည်။ လူဆယ်ယောက်တို့သည်သာ သေဆုံးခဲ့ကြ၏။

“အခု ငါက အဆင့်ကိုး ဓားနဲ့သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်နေပြီလေ၊ ပြီးတော့ ထိပ်ဆုံးအဆင့်ကို မကြာခင် ရောက်တော့မယ်၊ ဒီတော့ အထူးတာဝန်တွေကလည်း အသက်ဝင်လာတော့မှာပဲ”

နောက်ထပ်သုံးလကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တပည့်များကို ထပ်မံခေါ်ဆောင်ကာဖြင့် ခက်ခဲသည့်လုပ်ဆောင်မှုပုံစံတွင် သွားရောက်ယှဉ်ပြိုင်ပြန်၏။ တခြားထူးခြားသည့် အဖြစ်အပျက်များ၊ ထိခိုက်မှုများ မရှိခဲ့ဘူးဆိုသော်လည်း တိုက်ခိုက်သည့် အတွေ့အကြုံများ တိုးတက်လာခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်သို့ မရောက်ရှိခဲ့ပေ။

“ဒါက နည်းနည်းတော့ များတယ်” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျမိနေ၏။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “နတ်ဆိုးတောင်ကြားကို သွားတော့မှာလား”

“သွားတာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ဒီအတောအတွင်း သူသည် သေသေချာချာ အပြန်အလှန်စဉ်းစားခဲ့မိ၏။ တတိယအကြိမ်မြောက် ခက်ခဲသည့် လုပ်ဆောင်မှုပုံစံကို အောင်မြင်စွာ လုပ်ဆောင်ပြီးသည့်နောက်မှာ‌တော့ သူသည် နတ်ဆိုးတောင်ကြားထဲသို့ သွားရန် ပြင်ဆင်လိုက်တော့၏။

“နတ်ဆိုးအင်ပါယာ ထားခဲ့တဲ့ တည်နေရာက သေခြင်းရှင်ခြင်းလျှို့ဝှက်နယ်မြေထက် ပိုပြီးခက်ခဲမယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

စနစ်သည် စိတ်ဓာတ်ကျသွား၏။ "သီးခြားတာဝန်ပေါ်လာမှာကြောင့် ဒီလောက်တတ်ကြွနေတာ မဟုတ်ဘူးလား"

"ဘယ်အချိန်လောက် သွားကြမှာလဲ" လီချင်းယန်သည် တောက်ပသည့် မျက်လုံးများဖြင့် မေးလိုက်တော့သည်။

မူလအားဖြင့် သူသည် ပြိုင်စံရှားဂိုဏ်း၏ ရိုးရိုးကုတ်ကုတ် နှင့် သိက္ခာ၊ သမာဓိ ပြည့်စုံသည့် တပည့် တစ်ယောက်သာ ဖြစ်သည်ဆိုသော်လည်း ဂိုဏ်းချုပ်ကျွင်း၏ လွှမ်းမိုးမှုကို ခံရပြီးသည့်နောက် သေလမ်းရှာချင်စိတ်များသည် တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့၏။

"ပြင်ဆင်မယ်၊ ပြင်ဆင်မယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မနက်ဖြန်သွားကြတာပေါ့"

"ကောင်းပါပြီ"

All Chapters