အခန်း (၇၆၉)
Vol. 52 Ch. 769
ကျွင်းချောင်ရှောင်းသည် သူ၏ရည်ရွယ်ချက်အား ရှင်းပြလိုက်သည့်အချိန်မှာတော့ အဓိကဂိုဏ်းများရှိ ကျွမ်းကျင်သူ များသည် ဆွံ့အသွားကြ၏။ အဆင့်ငါးဂိုဏ်းတစ်ခုသည် အမှန်ပဲ နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်ချင်နေ၏။ ၎င်းတို့အနေနှင့် မြန်မြန်သေဆုံးပြီး နောက်ဘဝသို့ ရောက်ရှိသွားချင်နေခြင်းလား မသိချေ။
များပြားလှသော သူများအားလုံးသည် အမှတ်မထင် ပြိုင်စံရှားဂိုဏ်းမှ တပည့်များကို လှမ်းကြည့်လိုက်၏။ ၎င်းတို့၏ အော်ရာများ အားလုံးသည် သိုင်းဆရာအဆင့်တွင် ရှိနေသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ခေါင်းကိုသာ ခါယမ်းမိကြ၏။
“ဒီကောင်လေးရဲ့ ဦးနှောက် မြင်းကန် ခံထားရတာလား”
“ဂိုဏ်းချုပ်ကျွင်း”
ကျွမ်းကျင်သူတစ်ယောက်က ပြုံးကာ ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားထဲကို ဝင်တယ် ဆိုတာက အိမ်ထဲမှာ ဆော့ကစားတာနဲ့ မတူဘူးနော်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကြောင့်ပဲ ကျုပ်နဲ့အတူ တပည့်နှစ်ရာကို ခေါ်လာတာပေါ့”
ရှိနေကြသော ကျွမ်းကျင်သူများသည် ထ၍ ရယ်လိုက်ကြ၏။ နတ်ဆိုးတောင်ကြားထဲသို့ စွမ်းအားမြင့် ကျင့်ကြံသူ များမပါဝင်ဘဲနှင့် ဂိုဏ်းတစ်ခုခု ဝင်ရောက်သွားမည်ဆိုလျှင် တပည့်တစ်ထောင်ကျော် ဝင်သွားသည်ဆိုလျှင် တောင်မှ အလကားပင်ဖြစ်၏။ အကုန်လုံး သေဆုံးသွားကြပေလိမ့်မည်။ တပည့်နှစ်ရာကို ခေါ်ဆောင်သွားခြင်း ဆိုသည်မှာ အကုန်လုံးကို သေတွင်းထဲသို့ ပို့လိုက်သည်နှင့် တူညီ၏။
ဂိုဏ်းတစ်ခု၏ အကြီးအကဲက ပြောလိုက်သည်။ “ခင်ဗျားရဲ့ တပည့်တွေက သူများထက်ပိုပြီးတော့ ထူးချွန်ကြ တယ်လေ၊ တချို့က သေသေချာချာ လေ့ကျင့်ပေးမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်မှုကို ရယူနိုင်ကြမှာပဲ၊ ဘာလို့ ဒီလိုမျိုး စွန့်စားစေချင်ရတာလဲ”
“အကြောင်းအရာ ပေးရမယ်ဆိုရင် ဒါက …”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ကျုပ်ကိုယ်တိုင် ဝင်စေချင်လို့ပါ”
ဤစကားလုံးသည် အမှန်ပင် မောက်မာပြီး ထ၍ ရိုက်နှက်သင့်သော လေယူလေသိမ်းမျိုးဖြစ်သည်။ ၎င်းအား ချော့မော့ သိမ်းသွင်းရန် ပြင်ဆင်နေကြသော ဂိုဏ်းများမှ ကျွမ်းကျင်သူများအားလုံးသည် ပါးစပ်ပိတ်မိသွားကြ၏။
“ဟမ့်”
အကြီးအကဲတစ်ယောက်သည် အေးစက်စက် ပြောလိုက်၏။ “ဘယ်လောက် မောက်မာလိုက်တဲ့ ဂျူနီယာလဲ”
သူတို့သည် ပြိုင်စံရှားဂိုဏ်းကိုတော့ ဝင်ရောက်ရန် ခွင့်မပြုချင်ပေ။ အနည်းဆုံးအနေနှင့် သူတို့သည် စိတ်ထားကောင်းလေးတော့ ရှိနေသေး၏။ ထို့အပြင် အရင်တုန်းကလည်း အဆင့်ငါးဂိုဏ်းတစ်ခုသည် နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်ဖူးခြင်းမရှိခဲ့ပေ၊ ဝင်ရောက်မည်ဆိုပါက အကုန်လုံး သေဆုံး သွားကြမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ကောင်းကောင်းသိနေ၏။ လက်ရှိအခြေအနေမှာ သူသည် အလွန်တရာ မောက်မာနေမှုကို ပြသရမည်ဖြစ်သည်။ ထိုမှသာလျှင် သူနှင့် သူ၏တပည့်များသည် နတ်ဆိုးတောင်ကြားထဲသို့ ဝင်ခွင့်ရမှာ သေချာသည်။ အဘယ်ကြောင့် ဤကဲ့သို့ ပြုလုပ်နေရသနည်းဆိုသော် သူသည် မောက်မောက်မာမာ အားလုံးကို ဆက်ဆံမည်ဆိုပါက အားလုံးသည် သူ့အား မုန်းတီးပေလိမ့်မည်။ ထိုသို့ ဆိုလျှင် အားလုံးသောသူများ သည်လည်း အထဲကိုဝင်စေ၍ မြန်မြန်ဆန်ဆန် သူ့အား သေစေချင်ပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း”
ဂိုဏ်းတစ်ခု၏ အကြီးအကဲက ပြောလိုက်၏။ “ဒီနှစ် နတ်ဆိုးတောင်ကြားထဲကို ဝင်ရောက်ခွင့် ရတဲ့ ဝေစုက ဆုံးဖြတ်ပြီးသွားပြီလေ၊ တကယ်လို့ ခင်ဗျားရဲ့ ပြိုင်စံရှားဂိုဏ်းအနေနဲ့ ဝင်ချင်တယ်ဆိုရင် နောက်နှစ်ကို စောင့်မှဖြစ်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မရဘူး၊ ကျုပ်က ဒီကိုရောက်လာပြီဆိုမှတော့ အထဲကို ဝင်မှဖြစ်လိမ့်မယ်”
သူပြောလေ၊ သူ၏မောက်မာမှုပုံစံကို ပို၍ ပြသလေဖြစ်သည်။
နားထောင်နေကြသော ဂိုဏ်းများအားလုံးသည် ထိုစကားသံကို ကြားရလေ၊ ပိုမို၍ ဒေါသထွက်လာလေဖြစ်ကြ၏။ ၎င်းတို့သည် တင်းရွှမ်နတ်ဂိုဏ်းအနေဖြင့် ရောက်ရှိလာပြီး ၎င်း၏ဝေစုအား ပြိုင်စံရှားဂိုဏ်းအား ပေးအပ်ရန်ပင် မျှော်လင့်နေမိကြ၏။ ထိုမှသာလျှင် ဤမောက်မာလှသော ဂိုဏ်းချုပ်နှင့် သူ၏တပည့်များသည် မြန်မြန်ဆန်ဆန် သေဆုံးပေလိမ့်မည်။
ကျွင်းချောင်ရှောင်း၏ အကြံဉာဏ်သည် အလွန်အသုံးဝင်သည်ဟုဆိုရမည်။ သို့ပေမဲ့ မကောင်းသည့် အကျိုးဆက် များလည်း ရှိနေသေး၏။ ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သိက္ခာသည် တခြားသူများ၏ အမြင်တွင် အနည်းငယ်တော့ ကျဆင်းသွားပေ၏။
ရွှီး ရွှီး
ထိုအချိန်မှာတော့ အဝေးတစ်နေရာဆီမှ အလင်းတန်းများ ပျံသန်းလာသည်။
များပြားလှသော ကျင့်ကြံသူများ၏ မျက်နှာများသည် ပြောင်းလဲသွားကြ၏။ မကြာခင်မှာပဲ လူများအားလုံး၏ အထက် လေထဲတွင် များပြားလှသော အလင်းတန်းများ ရောက်ရှိလာသည်။ သိုင်းနယ်မြေသူတော်စင်အဆင့် အဘိုးကြီး သုံးယောက်တို့ ပေါ်လာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ အေးစက်သည့် အော်ရာများ ထွက်ပေါ်လျက်ရှိ၏။
ဤလူသုံးယောက်သည် ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲသုံးယောက်တို့ဖြစ်သည်။ ဦးဆောင်လာသူမှာ လင်းယွမ် ဖြစ်ပြီး ၎င်းသည် သိုင်းနယ်မြေတစ်ပိုင်း ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဂိုဏ်းအတွင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်လည်းဖြစ်နေ၏။ တခြားသောသူနှစ်ယောက်တို့မှာ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်နေသည်။
၎င်းတို့သုံးယောက် ပေါ်လာသည်နှင့်တစ်ပြိုင်နက် တည်နေရာ တစ်ခုလုံးသည် အေးစက်သည့် ခံစားချက်များ ရရှိကုန်ကြ၏။ နွေရာသီမှသည် ဆောင်းရာသီအဖြစ်သို့ ပြောင်းလဲ သွားသကဲ့သို့ပင်။
ထိုက်ရွမ်အအေးဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် တောက်ပအလင်းနတ်ဂိုဏ်းမှ သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူထက် ပိုမို၍ အားကောင်းလွန်းလှ၏။ အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် ပိုမို၍ သိသာ ထင်ရှားနေပြီဖြစ်၏။ ဤအရာမှာ ထိပ်ဆုံးပထမအဆင့် ဂိုဏ်းများ၏ အခြေခံပင်ဖြစ်သည်။
“အကြီးအကဲလင်း”
အဓိကဂိုဏ်းတစ်ခု ၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က လက်သီးကိုဆုပ်ကာ နှုတ်ဆက်လိုက် ၏။
“အင်း”
လင်းယွမ်သည် ခေါင်းကိုညိတ်ကာ အောက်မှာရှိသည့် လုချင်းချင်းအား ကြည့်လိုက်၏။ ၎င်း၏ မျက်လုံး ထဲတွင်တော့ စိတ်ပျက်နေသည့် အမူအရာများနှင့် ရှိနှင့်နေသည်။ သူသည် ပေါ့ပေါ့ပါးပါးဖြင့် မေးလိုက်၏။ “တင်းရွှမ်နတ်ဂိုဏ်းက အကြီးအကဲတွေ မရောက်သေးဘူးလား”
“မရောက်သေးပါဘူး” တစ်စုံတစ်ယောက်သည် ရယ်ကာ ပြောလိုက်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အားအကောင်းဆုံးသော ထိပ်ဆုံးဂိုဏ်းများထဲမှ တစ်ခုသည် ထိုက်ရွှမ်အအေး ဂိုဏ်း ဖြစ်၏။ ထို့ကြောင့် အဓိကဂိုဏ်းများအားလုံးသည် ၎င်းတို့ရောက်ရှိလာသည် ဆိုသည်နှင့် သေသေချာချာ တက်တက်ကြွကြွနှင့် ကြိုဆိုခြင်းကို ပြုလုပ်ကြသည်။
“အကြီးအကဲလင်း”
ဒုတိယအဆင့်ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ပြုံးကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သူ့ရဲ့တပည့်တွေနဲ့အတူ နတ်ဆိုးတောင်ကြားထဲကို ဝင်ပြီး ရှာဖွေချင်တယ်လို့ ပြောနေတယ်”
လင်းယွမ်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားက အန္တရာယ်တွေ အများကြီးပဲ၊ ဒုတိယအဆင့်နဲ့အောက် ဂိုဏ်းတွေ အထဲကို ဝင်သွားမယ်ဆိုရင် သေလမ်း ရှာတာနဲ့ အတူတူပဲ၊ ဒါကြောင့် သူ့ရဲ့တပည့်တွေကို ခေါ်ပြီး ပြန်လွှတ်လိုက်တော့”
သူ၏လေသံသည် တည်ငြိမ်လျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်းသည် လုံလောက်သည့်အားအင်ကို မပိုင်ဆိုင်ဟု သူသည် အစောကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်ပုံပေါ်သည်။
ဤအရာသည် ကျွင်းချောင်ရှောင်းအား မပျော်ရွှင်စေ ပေ။ ထို့ကြောင့် ပြောလိုက်မိ၏။ “နတ်ဆိုးအင်ပါယာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းကတည်းက သေဆုံးသွားခဲ့ပြီ၊ သူထားခဲ့တဲ့ တားမြစ်နယ်မြေက ပိုင်ရှင်မရှိဘူး၊ ပြိုင်စံရှားဂိုဏ်း ဒီထဲကို ဝင်တာကို တားဆီးဖို့အတွက် ခင်ဗျားဆီမှာ ဘာအခွင့်အာဏာ ရှိလို့လဲ”
ထိုစကားထွက်ပေါ်လာခြင်းခြင်းမှာပဲ များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများအားလုံးသည် ထိတ်လန့်တကြား ဖြစ်သွားကြ၏။ ဤကောင်လေးသည် အနည်းငယ်မောက်မာသည်ဟု သူတို့ သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ထိုက်ရွှမ် အအေးဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့်ပင် ခွန်းတုံ့ပြန်ပြောဆိုရဲနေသည်။ အမှန်ပင် သေလမ်းရှာခြင်းပင် ဖြစ်ပေလိမ့်မည်။
လုချင်းချင်းသည်လည်း မျက်မှောင်ကုတ်သွားမိ၏။ သူမ၏ ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် ကျင့်ကြံခဲ့ဖူးသည်။ ထို့ကြောင့် လင်းယွမ် ၏ အမူအကျင့်ကို ကောင်းကောင်းသိ၏။
ဂိုဏ်းချုပ်၏စကားအရဆိုလျှင် တစ်ဖက်သားကို အလွန်ပင် ဒေါသထွက်စေပေလိမ့်မည်။ သေချာပေသည်။ လင်းယွမ်၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့သည်။ သူက ပြောလိုက်သည်။ “မင်းတို့လို အဆင့်ငါးဂိုဏ်းတစ်ခုက ငါတို့လို ထိုက်ရွှမ်အအေးဂိုဏ်းကို အခွင့်အာဏာ နဲ့ပတ်သက်ပြီးတော့ မေးခွန်း ထုတ်ရဲတယ်ပေါ့”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ခင်ဗျားတို့ ပထမအဆင့်ဂိုဏ်းတွေက တကယ့်ကို အားကောင်းပါတယ်၊ ဒါက တကယ့်ကို ငြင်းပယ်လို့မရဘူး၊ ဒါပေမဲ့ နတ်ဆိုးတောင်ကြားဆိုတာ ဘယ်သူမဆို ဝင်သွားလို့ ရတယ်လို့ ကျုပ်ကဆိုလိုတာပဲ၊ ကျုပ်ကို တားဆီးဖို့ ခင်ဗျားတို့ဆီမှာ အခွင့်အာဏာ မရှိဘူး လို့ပြောတာ ကျုပ်မှားလို့လား”
လင်းယွမ်သည် ဤဂျူနီယာလေး၏ အပြုအမူနှင့်ပတ်သက်၍ သဘောမတွေ့လှဘူးဆိုသော်လည်း လက်ရှိ အချိန်တွင် လူပေါင်းများစွာ တည်ရှိနေ၏။ ထို့ကြောင့် သူ၏ ဒေါသတရားများကို ဖိနှိပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း..... နတ်ဆိုးတောင်ကြားထဲကို ဝင်ချင်တာလား”
“ဟုတ်ပါတယ်” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
“ဒီလိုဆိုရင်လည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့”
ပြီးသည့်နောက် လင်းယွမ် သည် များပြားလှသော ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်၏။ “အားလုံး ဘယ်လိုထင်လဲ”
အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ဒီလောက် ခေါင်းမာနေမှတော့ သူ့ဆန္ဒအတိုင်း လုပ်ပါစေ၊ သဘောတူတယ်”
“သဘောတူပါတယ်” တခြားသော အဓိက ဂိုဏ်းများအားလုံး တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့၏ ဆန္ဒကို ပြောဆိုလျက်ရှိကြသည်။ အချက်အလက်အားဖြင့် သူတို့သည် နတ်ဆိုးတောင်ကြားကြီး ဖွင့်လှစ်လာဖို့အတွက် မစောင့်နိုင်တော့ချေ။ ထိုသို့ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည်လည်း အထဲသို့ ဝင်သွားပြီး တစ်ခါတည်း သေဆုံးသွား ပေလိမ့်မည်။ မြန်မြန်သေ၊ မြန်မြန် နားအေးလေပဲဖြစ်သည်။
“ဘယ်သူကမှ မငြင်းကြဘူး”
လင်းယွမ်သည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်၏။ “နတ်ဆိုး တောင်ကြား ဖွင့်လှစ်ပြီဆိုရင် ဂိုဏ်းချုပ်ကျွင်းလည်း တပည့်တွေခေါ်ပြီး ဝင်သွားနိုင်ပြီ”
“ကျေးဇူးပါပဲ” ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
အဓိကဂိုဏ်းများအားလုံးသည် သူတို့ကို ဝင်ရောက်ရန် သဘောတူညီခြင်းနှင့်ပတ်သက်၍ ကောင်းသည့် ရည်မှန်းချက် မရှိကြောင်း သူတို့ သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ သူသည် ဝင်ရောက်ခွင့်ကို ပိုင်ဆိုင်သွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အထဲကိုဝင်၍ စမ်းသပ်ကြည့်ရပေမည်။ အထဲတွင်ရှိသော ပစ္စည်းများအားလုံးကို ယူဆောင်သွားနိုင် မည်ဆိုပါက ပို၍ သာလွန်ပြည့်စုံကောင်းမွန်ပေလိမ့်မည်။
............................
မကြာခင်မှာပဲ တင်းရွှမ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလျင်စလိုပဲ ရောက်ရှိလာ၏။
“ဂိုဏ်းချုပ်ဟောင်”
လင်းယွမ်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က နတ်ဆိုးတောင်ကြားထဲကို ဝင်ချင်တယ်တဲ့၊ ဒီတော့ ခင်ဗျားတို့လို ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းတစ်ခုက ဒီနေရာကို အလျော့ပေးနိုင်မလား”
ဟမ်
တင်းရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကြောင်သွား၏။
“ဂိုဏ်းချုပ်ဟောင်... ဂိုဏ်းချုပ်ကျွင်းက သူရဲ့လက်ရွေးစင်တပည့် နှစ်ရာကျော်နဲ့အတူ နတ်ဆိုးတောင်ကြားထဲကို ဝင်ချင်တယ်တဲ့၊ ဒီတော့ ကျုပ်တို့အတူတူ ပူးပေါင်းပေးမှ ဖြစ်လိမ့်မယ်”
“တပည့်နှစ်ရာ ဟုတ်လား”
ဂိုဏ်းချုပ်ဟောင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သူ့အနေနှင့် သိုင်းအုပ်စိုးသူငါးယောက်၊ သိုင်းဘုရင် နှစ်ဆယ်၊ လက်ရွေးစင်တပည့် ငါးရာတို့နှင့်အတူ နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက်ရန် ကြီးကြီးမားမား ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် တပည့်အနည်းငယ်ကို ခေါ်ယူ၍ အထဲသို့ ဝင်ချင်နေ၏။ သေဆုံးချင်နေသည်လား မသိပေ။
“ဒီလိုဆိုရင်”
ဂိုဏ်းချုပ်ဟောင်က ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းအတွက် ဒီနေရာကို ပေးလိုက်လို့လည်း ကိစ္စ မရှိပါဘူး”
နတ်ဆိုးတောင်ကြားထဲကို ဝင်ရောက်ခြင်းဆိုသည်မှာ လောင်းကစားပြုခြင်းနှင့်ပင် တူသည်။ သူသည် ဤကဲ့သို့ ဝင်ရောက်ခွင့်အတွက် အနည်းငယ် နှမျောလှသည်ဆိုသော်လည်း ကျားကို မကြောက်သည့် ဝံပုလွေလေးများ အတွက် သူသည် အလှည့်ဖယ်ပေးရပေမည်။
“ဒါဆိုလည်း ပြီးပြီ”
လင်းယွမ်က ကြေညာလိုက်သည်။ “ဒီနှစ်အတွက် နတ်ဆိုးတောင်ကြားထဲကို ဝင်ခွင့်ရတဲ့ ဂိုဏ်းက ပြိုင်စံရှားဂိုဏ်းပဲ”
“အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျုပ်က အားလုံးရဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးစေရပါဘူး” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်လိုက်မိ၏။
“........”
အားလုံးသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွာယကြ၏။ ဒီကောင်လေးကို ကြည့်ရသည်မှာ အားလုံး သောသူများသည် သူတို့အား မြန်မြန်သေစေချင်နေသည်ကို မသိပုံပင် ပေါ်နေသည်။
တွီ
ထိုအချိန်မှာပဲ မူလက တည်ငြိမ်လျက်ရှိသော တည်နေရာကြီးတစ်ခုသည် လှုပ်ခါလာ၏။ ပြီးနောက်မှာတော့ အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာပြီး စက်ဝိုင်းပုံစံ လေပွေဝဲကြီးတစ်ခု ပေါ်လာ၏။
ဟူး ဟူး
အလွန်တရာအားကောင်းလှသော အော်ရာများသည် အတွင်းဘက်ဆီမှ ထွက်ပေါ်လာ၏။ များပြားလှသော သိုင်းကျင့်ကြံသူများအားလုံးသည် အနားကို မကပ်ရဲဘဲ အနောက်သို့ ဆုတ်ခွာသွားကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးမွှေးညှင်းများပင် ထသွားကြ၏။ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ကြသည် ဆိုသော်လည်း အထဲသို့ဝင်ရန် ပြင်လိုက်တိုင်း ကြောက်မက်ဖွယ်ရာကောင်းသည့် ခံစားမှုမျိုးကို ရရှိနေသည်မှာ ထပ်တူနေလျက်ရှိနေသည်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် အကြောက်အလန့် ကင်းကြသည်။ လေဝဲကြီး ပေါ်လာသည်ကို မြင်တော့ ၎င်းတို့သည် ကြိတ်ကာ ရေရွတ်လိုက်ကြသည်။ “ဒါက ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေထဲကို ဝင်တဲ့ ဝင်ပေါက်နဲ့ တူညီတာပဲ”
“ဂိုဏ်းချုပ်ကျွင်း”
လင်းယွမ်က ပြောလိုက်သည်။ “နတ်ဆိုးတောင်ကြားရဲ့ ဝင်ပေါက်က ပွင့်ပြီပဲ၊ ခင်ဗျားတို့ ဂိုဏ်းက အခု ဝင်လို့ရပြီ”
“အားလုံးပဲ …. နောက်မှတွေ့မယ်” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် တပည့်များကို ခေါ်ဆောင်ကာ အထဲသို့ ဝင်ရောက်သွားတော့သည်။
သို့ပေမဲ့ လုချင်းချင်း ဝင်ခါနီးမှာ လင်းယွမ်က လှမ်းပြောလိုက်သည်။ “မင်းရဲ့ ထိုက်ရွှမ်အအေးနှလုံးသား ခန္ဓာကိုယ်က လွယ်လွယ်ကူကူ ရလာတာ မဟုတ်ဘူး၊ ဘာလို့ သူတို့နဲ့ သွားပြီး သေချင်နေရတာလဲ”
“ထိုက်ရွှမ်အအေးနှလုံးသားခန္ဓာကိုယ် ဟုတ်လား”
ရှိနေကြသော သိုင်းကျင့်ကြံသူများ၏ မျက်နှာသည် ထိတ်လန့် တုန်လှုပ်မှုများနှင့် ဖြစ်တည်သွားသည်။ ဤခန္ဓာကိုယ်သည် ရေခဲဓာတ်သဘာဝထဲတွင် အားအကောင်းဆုံးသော ခန္ဓာကိုယ်ဖြစ်၏။
လုချင်းချင်းသည် ရပ်တန့်လိုက်သည်။ ပြီးနောက် ထိုက်ရွှမ်အအေးဂိုဏ်းမှ အကြီးအကဲ သုံးယောက်တို့ကို မျက်နှာမူကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျွန်မက ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်မလို့ပဲ”