အခန်း (၇၇၀-က)
Vol. 52 Ch. 770-A
နတ်ဆိုးတောင်ကြားအား ဖွင့်ထားခဲ့ပြီးဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အားလုံးသောသူများ၏ အကြည့်များ အောက်မှာပဲ ၎င်း၏ တပည့်များကို ခေါ်ဆောင်ကာ အထဲသို့ ဝင်ရောက်လိုက်သည်။
၎င်းတို့ ပျောက်ကွယ် သွားပြီးသည့်နောက်မှာတော့ တည်နေရာ၏ လေပွေကြီးသည် ဆဖြည်းဖြည်းချင်း ပိတ်သွားခဲ့သည်။ ရုတ်တရက် အရာအားလုံးသည် မူလအတိုင်း ပြန်လည်ဖြစ်တည်သွားပြီး မည်သည့်အရာမှ မဖြစ်ခဲ့သလိုပင်။
များပြားသောဂိုဏ်းများမှ သိုင်းကျင့်ကြံသူများအားလုံးသည် ဆွေးနွေးလျက် ရှိနေကြ၏။
“ဒီကောင်လေးက တကယ့်ကို မောက်မာတာပဲ”
“သူက နဂါးကျားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့လူသာ မဟုတ်ဘူးဆိုရင် တကယ်ပဲသူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ချင်တယ်”
“ဒီကောင်လေးကို အထင်မသေးနဲ့၊ အအေးနန်းတော်ရဲ့ ဘိုးဘေးအကြီးအကဲကြီးကိုတောင် အနိုင်တိုက်ခဲ့တာလေ၊ အဲလူက သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် မဟုတ်လား”
“ဒါက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်တဲ့ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့တာလေ၊ ဒီတိုင်းကြီး တိုက်လို့ ဘယ်ရပါ့မလဲ”
ကျွင်းချောင်ရှောင်းသည် ကုန်းစွန်းဟောင်ဟိုင်ကို အနိုင်ရရှိခဲ့သည်ဆိုသည့် သတင်းသည် သိုင်းကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။ ဤအရာသည် အတည်ပြုပြီးပြီဖြစ်သော်လည်း တချို့သော နတ်ဘုရား စွမ်းရည်ကြောင့် ထိုသို့ပြုလုပ်နိုင်သည်ဖြစ်ကြောင်း များပြားလှသည့် ဂိုဏ်းများမှ ပြောဆိုခဲ့၏။ အမှန်တကယ်မှာလည်း လောကအဆောင်၏ လုပ်ဆောင်ချက်သည် နတ်ဘုရားစွမ်းရည်နှင့်ပင် ဆင်တူနေသည်။
များပြားလှသော ဂိုဏ်းများသည် ထိုကဲ့သို့ တွေးတောနေသည်ဆိုသော်လည်း ဤလောကအဆောင်သည် ကြုံသလို အသုံးပြု၍ ရနိုင်သည် မဟုတ်ပေ။ ကျွင်းချောင်ရှောင်းအနေနှင့် နှစ်ကြိမ်သာ ဝယ်ယူခဲ့ဖူးပြီး ထိုနှစ်ကြိမ်လုံးကို အသုံပြုခဲ့ပြီးပြီ ဖြစ်၏။
ပြောရမည်ဆိုလျှင် သိုင်းနယ်မြေအဆင့်ကျင့်ကြံခြင်းဆီသို့ ရုတ်တရက် တိုးမြှင့်နိုင်သည့် ဝှက်ဖဲ သူ့တွင် မရှိတော့ချေ။ သို့ပေမဲ့ သူသည် အဘယ်ကြောင့် မောက်မာနေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အသစ်ပြန်လည်ပြင်ဆင်ထားသည့် စည်းဓားမော့ ရှိနေသောကြောင့် ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေဖြင့် အစစ်အမှန်ပင် မာနကြီးနေခြင်းဖြစ်သည်။
“နတ်ဆိုးတောင်ကြားထဲကို အဆင့်လေးဂိုဏ်းတစ်ခု နောက်ဆုံးဝင်သွားခဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် တုန်းကလေ၊ နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်တစ်ယောက်ပဲ ပြန်ပြီးထွက်လာနိုင်ခဲ့ပြီးတော့ တပည့်တွေအားလုံး အထဲမှာ သေဆုံးသွားကြတယ်၊ အခု တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတော့မှ သူဘယ်လောက် မောက်မာတယ်ဆိုတာ ကောင်းကောင်း သိလိမ့်မယ်”
“ဒီနှစ်ရဲ့ ဝေစုကို သူတို့ကို ပေးလိုက်ရတာ နှမျောစရာပဲ”
လူများသည် စောင့်ဆိုင်းရင်း ဆွေးနွေးလျက်ရှိ၏။ ၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းအား အလုံးစုံလျော့တွက် ထားကြတော့၏။
.................
ဘာမှမရှိသည့် တည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏တပည့်များအားလုံးသည် လေထုထဲတွင် ပေါ်ပေါက် လာကြတော့သည်။ ၎င်းတို့၏ ရှေ့တွင် ကောင်းကင်ပြင်ကြီးတစ်ခုရှိပြီး ထိုကောင်းကင်ပြင်ကြီးရှေ့တွင် နတ်ဆိုးတောင်ကြားဟု ရေးသားထားသော စာတမ်းတစ်ခု ရှိနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း ကြည်လင် ရှင်းသန့်နေသည်။
ဝှစ် ဝှစ်
မိမိတို့၏ ဝိညာဉ်ထဲရောက်ရှိသည်အထိ အရိုးကွဲလောက်အောင် အေးစက်သည့်လေများ အားလုံးသည် တည်နေရာအနှံ့ဆီမှ တိုက်ခတ်နေပြီး လီဖေးနှင့် တခြားသူများသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခနဲပင် ဖြစ်သွား၏။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီမှာရှိတဲ့ နတ်ဆိုးချီတွေက အရမ်းကို အားကောင်း လွန်းတယ်၊ အချိန်အတော်ကြာ ဒီမှာနေမယ်ဆိုရင် တပည့်တွေ အကုန်လုံးက ထင်ယောင်ထင်မှားတွေ ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ကင်းလွှတ်သွားလိမ့်မယ်”
“ဒါက ပြဿနာကြီး မဟုတ်ပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြည်လင်နှလုံးသား နည်းစနစ်ကို ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်ထားလိုက်”
“ကောင်းပါပြီ”
အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ တပည့်များအားလုံးသည် ကြည်လင်နှလုံးသားနည်းစနစ်ကို စတင်ကာ လှည့်ပတ်ကြတော့သည်။ ၎င်းတို့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေသော နတ်ဆိုးချီများသည် မြန်မြန်ဆန်ဆန်ပဲ ရပ်တန့် သွားကြ၏။ သူတို့၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်နေသော နတ်ဆိုးချီများသည်လည်း ပျောက်ကွယ်သွားသည်။ သူတို့၏ စိတ်တွေ ရှင်းလင်းလာသည်နှင့်အမျှ မည်သည့်အရာကမှ သူတို့ကို မနှောင့်ယှက်နိုင်တော့ချေ။
“နတ်ဆိုးတောင်ကြားထဲမှာရှိတဲ့ နတ်ဆိုးချီတွေက ကျင့်ကြံသူတွေရဲ့ စိတ်ထဲကို တိုးဝင်လာတယ်၊ လုံလောက်တဲ့ စိတ်စွမ်းအင်ကို မပိုင်ဆိုင်ဘူးဆိုရင် တစ်ခါတည်း ရူးသွပ်သွားနိုင်တယ်၊ ကျုပ်အထင်အရဆိုရင် ဒီအချိန် ပြိုင်စံရှား ဂိုဏ်းသားတွေက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေလောက်ပြီ”
အပြင်ဘက်တွင်ရှိသော ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။
များပြားလှသော ကျင့်ကြံသူများ၏ မျက်နှာ များသည်လည်း ရှုံ့တွသွားကြ၏။ နတ်ဆိုးတောင်ကြား၏ အဆိုးရွားဆုံးအရာသည် နတ်ဆိုးချီများပင်ဖြစ်သည်။ ထိုနတ်ဆိုးချီများသည် အားနည်းလှသော တပည့်များဆီသို့ ဝင်ရောက်ပြီးသွားပါက ၎င်းတို့အားလုံးသည် ရူးသွပ် သွားသူများကဲ့သို့ပင် ဖြစ်တည်သွားလိမ့်မည်။ ပြီးလျှင် တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်ကြပေလိမ့်မည်။
ဟင်း ….။
အကြီးအကဲတစ်ယောက်သည် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် သူ၏ ဂိုဏ်းချုပ် နှင့်အတူ နတ်ဆိုး တောင်ကြားထဲသို့ ဝင်ရောက်ဖူးသူဖြစ်သည်။ တပည့်များအားလုံး သွေးကဲ့သို့ နီရဲနေသော မျက်လုံးအစုံဖြင့် တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်ယောင်ပြီးသည့်နောက်မှာ သူသည် ကျောပင် ချမ်းသွားမိ၏။
မည်သို့ပင်ဆိုစေကာမူ များပြားလှသော ဂိုဏ်းများမှ လူများသည် ပြိုင်စံရှားဂိုဏ်းအား အထင်သေး လျက်ရှိနေကြ၏။
ကျွင်းချောင်ရှောင်းနှင့် တပည့်များမှာတော့ အတွင်းတွင် ဆက်လက် ရှာဖွေလျက်ရှိပြီး ကြည်လင်နှလုံးသား နည်းစနစ်ကြောင့် ၎င်းတို့သည် စိတ်ကြည်လင်ရှင်းလင်းလျက်ရှိကြပြီး နတ်ဆိုးချီများအားလုံးကို လျစ်လျှူရှု ထားနိုင်သည်။
အားလုံးသောသူများထဲတွင် စိတ်အလှုပ်ရှားဆုံးသောသူမှာ ရောင်မုန့်ယဉ်ပင်ဖြစ်၏။ နတ်ဆိုးချီများ သည် တခြားသူများအား မိစ္ဆာကဲ့သို့ ဖြစ်စေနိုင်သည် ဆိုသော်လည်း သူမအတွက်တော့ အလွန်တရာပင် အသုံးဝင် သည့်အရာ ဖြစ်နေ၏။
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်သည် အားပျော့စွာဖြင့် ပြောလိုက်မိသည်။ “ဒီနတ်ဆိုးချီတွေကို စုပ်ယူလို့ ရနိုင်လား”
“တကယ်လို့ မင်းအပေါ်မှာ မသက်ရောက်ဘူးဆိုရင် လွတ်လွတ်လပ်လပ် စုပ်ယူလေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အင်း”
ရောင်မုန့်ယဉ်သည် ခြေချိတ်ထိုင်လိုက်ပြီးနောက်မှာတော့ ၎င်း၏ သွေးတိမ်နည်းစနစ်အား စတင်ကာ လှည့်ပတ် လိုက်၏။
ဟူး ဟူး
ပုံရိပ်ယောင်တည်နေရာထဲတွင် ရှိနေသော နတ်ဆိုးချီများသည် မြားများသကဲ့သို့ စုဝေးလာသည်။ ဤမိန်းကလေး သည် ဖြည်းဖြည်းချင်း စုပ်ယူပြီး သန့်စင်လျက်ရှိနေ၏။ ထိုအရာများအားလုံးသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော နတ်ဆိုးအမြူတေထဲသို့ သွားရောက်စုစည်းသည်။
“အံ့အားသင့်စရာပဲ”
လီဖေး၊ ထျန်းချီနှင့် တခြားသောသူများသည် မျက်လုံးအပြူးသား ဖြစ်နေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ် အတွက် ဤချီများအားလုံးသည် အဆိပ်များ ဖြစ်နေသည်။ သို့ပေမဲ့ သူတို့၏ ဂျူနီယာညီမလေးသည် နတ်ဆိုး ချီများကို စုပ်ယူနိုင်ရုံမက ပြုံးပင်ပြုံးလျက် ရှိနေသေး၏။
ရောင်မုန့်ယဉ်အတွက်တော့ နတ်ဆိုးတောင်ကြားသည် ၎င်း၏ ကျင့်ကြံခြင်းအတွက် နတ်ဘုံနတ်နန်းတစ်ခုဟုပင် ဆိုရမည်။ ဤကဲ့သို့ သန့်စင်လှသော နတ်ဆိုးချီများကို အပြင်ဘက်တွင် ရှာဖွေ၍ မတွေ့ရှိနိုင်ပေ။
ဝမ် … ဝမ်
ထိုအချိန်မှာတော့ ရုတ်တရက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် တုန်ခါသွား၏။ ကြီးမားသော သားရဲကြီး များသည် လေထုထဲ၌ ပေါ်ပေါက်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ရဲရဲနီလျက်ရှိပြီး ခန္ဓာကိုယ်ဆီမှ အလွန် ကြမ်းရမ်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းတို့သည် ထိန်းချုပ်နိုင်မှုစွမ်းအား လွတ်ကင်းနေပုံပေါ်သည်။
“ဒါက တကယ့်ကို ဇွန်ဘီးသားရဲတွေလိုပါပဲလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဝမ် ဝမ်
တည်နေရာလှုပ်ရှားမှုများ ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ရူးသွပ်နေကြသော သားရဲများသည် တစ်ကောင် ပြီးတစ်ကောင် ပေါ်ပေါက်လာခဲ့ကြ၏။
၎င်းတို့သည် အော်ရာများအရ ကြည့်ရှုမည်ဆိုလျှင် သိုင်းတပည့်အဆင့် ကျင့်ကြံသူများသာ ဖြစ်သည်ဆိုသော်လည်း အရေအတွက်မှာ အလွန်တရာ များပြားလှ၏။ နောက်ဆုံးတွင် တစ်သောင်းနီးပါးခန့် ရှိလာကြသည်။
ဤကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်ရသည်ဆိုလျှင် တခြားသောဂိုဏ်းများသာ ဆိုပါက အထိတ်တလန့် နှင့် ကြောက်သေးပန်းသွားလိမ့်မည်ဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းတပည့်များ အားလုံး မှာတော့ ခပ်တည်တည်နှင့်ပင် ရှိနေကြ၏။
“တိုက်ပွဲအတွက် ပြင်ဆင်ကြတော့” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဟူး ဟူး
လီချင်းယန်နှင့် တခြားသူများအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်ကြ၏။ ၎င်းတို့ အားလုံးသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရန် အဆင်သင့် ပြင်နေကြပြီး ၎င်းတို့၏ မျက်နှာများမှာတော့ ပြုံးလျက်ရှိ၏။
တခြားသော ဂိုဏ်းများသည် ဤသားရဲရိုင်းများကို ကြောက်လန့်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့ အတွက်တော့ ဤသားရဲရိုင်းများမှာ သွေးပူလေ့ကျင့်ခန်း ပြုလုပ်သလိုပင် ဖြစ်ပေလိမ့်မည်။
“သွားကြစို့”
ဘုန်း ဘုန်း ဘုန်း ဘုန်း
“နတ်ဆိုးတောင်ကြားရဲ့ ပထမဆုံး စမ်းသပ်မှုက သားရဲတစ်သောင်းနဲ့ ရင်ဆိုင်တွေ့ရတာပဲ၊ ပြိုင်စံရှားဂိုဏ်းက တပည့်နှစ်ရာလောက်ပဲ ခေါ်သွားတာ၊ ဒီအချိန်လောက်ဆို ကျိန်းသေပေါက် မောပြီး သေနေလောက်ပြီ”
“ပြိုင်စံရှားဂိုဏ်းရဲ့ တချို့သောတပည့်တွေက တော်တော်ကြီး အားကောင်းတယ်ဆိုတာကို ငြင်းလို့မရဘူး၊ ဒါပေမဲ့ အရမ်းကို များပြားပြီး စိတ်လွတ်နေတဲ့ သားရဲရိုင်းတွေရဲ့ ဝိုင်းပြီးတိုက်ခိုက်မှုကို ခံရရင် သူတို့ အလွန်ဆုံး ကြာကြာ ခံနိုင်လှ နှစ်နာရီပေါ့”
“ကျုပ်အထင်အရဆိုရင် တစ်နာရီက အများဆုံးပဲ”
များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများအားလုံးသည် ပြိုင်စံရှားဂိုဏ်းသားများ နတ်ဆိုးတောင်ကြား ထဲသို့ ဝင်ရောက်သွားသည်ကို လိုက်လံ၍ မကြည့်ရှုနိုင်ကြသည်ဆိုသော်လည်း ဖြစ်လာနိုင်သည့် အကြောင်းအရာ များကို အပြင်းအထန် ဆွေးနွေးလျက်ရှိနေကြ၏။
ကံဆိုးစွာဖြင့် သူတို့ဖြစ်စေချင်သလို အထဲတွင် ဖြစ်မနေချေ။ ဆယ်မိနစ်အတွင်းမှာပဲ အသိစိတ်ကင်းလွတ်လျက် ရှိနေသော သားရဲတစ်သောင်းကျော်တို့ အားလုံးသည် သေဆုံး သွားခဲ့ကြပြီဖြစ်၏။ လေထဲတွင်တော့ ညှီစို့စို့ သွေးအနံ့များ ပျံ့နှံ့လျက်ရှိနေကြပြီး မြေတည်နေရာအနှံတွင် အမဲရောင်သလင်းအမြူတေများနှင့် ပြန့်ကျဲနေ၏။
ရွှီး
လက်တစ်ချက်ကို ယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သလင်းအမြူတေများ အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းပြီး ဖြစ်သည်။ ပြီးနောက် သူသည် အမိန့်ပေးလိုက်သည်။
“ရှေ့ကို ဆက်သွားမယ်”
ဟမ်
ခြေလှမ်းအနည်းငယ် လှမ်းပြီးသည့်နောက်မှာတော့ သူ၏အရှေ့ လေထုထဲတွင် လေးထောင့်ပုံစံသေတ္တာတစ်လုံး ပေါ်ပေါက်လာ၏။
“ဒါက သားရဲတွေကို သတ်လိုက်တဲ့အတွက် ဆုလာဘ်လား”
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လျှောက်သွား၏။
ကျွီ
သေတ္တာကို ဖွင့်ကြည့်လိုက်ပြီးသည့်နောက်မှာတော့ အထဲတွင် အဝါရောင် စာအုပ် အပုံလိုက်ကြီး ရှိနေသည်။
“ဂိုဏ်းချုပ်”
ကျန့်ရာသည် ထ၍ အော်လိုက်၏။ “ဒါတွေအကုန်လုံးက သိုင်းကျင့်ကြံခြင်း လျှို့ဝှက်နည်းစနစ်တွေပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသေတ္တာ ထဲတွင် လျှို့ဝှက်သိုင်းကျမ်း အနည်းဆုံးတစ်ရာလောက် ရှိနေ၏။ အဖုံးများကို ကြည့်ရှုမည်ဆိုပါက လက်သီး နည်းစနစ်၊ လက်ဝါးနည်းစနစ်၊ ဓားနည်းစနစ်၊ ထို့ပြင် မိစ္ဆာကျင့်ကြံသူများအတွက် နည်းစနစ်နှင့် ဗုဒ္ဓကျင့်ကြံသူ များအတွက် နည်းစနစ်များလည်း ပါဝင်နေ၏။ ကျိန်းသေပေါက် အမျိုးအစား စုံလှ၏။
အကြီးအကဲကဲ့က ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာ အသက်ရှိစဉ်က သိုင်းနည်းစနစ်တွေ စုဆောင်းရတာ နှစ်သက်တယ်တဲ့၊ ဒါကြောင့် သိုင်းနည်းစနစ်ကို သိန်းကျော်တောင်မှ သိမ်းဆည်းခဲ့တယ် ပြောကြတယ်၊ အဆင့်နိမ့်ကနေပြီး နတ်ဘုရားအဆင့်အထိ သိုင်းနည်းစနစ်တွေ ပါဝင်တယ်လို့ ဆိုရိုးရှိကြသေးတယ်လေ”
“အင်း.... တစ်သိန်းကျော် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို ဖိလိုက်မိ၏။ သူ၏ အသက်ရှုနှုန်းများသည် မြန်ဆန်လျက်ရှိသည်။ များပြားလှသော သိုင်းနည်းစနစ်များနှင့်ဆိုလျှင် အဆင့်နိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ သူ့အနေနှင့် ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ထဲတွင်ရှိသော နည်းစနစ်များနှင့် လဲလှယ်ရရှိနိုင်သည်။
အပြင်လောကတွင် ရှိသော တခြားသောကျင့်ကြံသူများသည် ဤကဲ့သို့ များပြားလှသည့် သိုင်းနည်းစနစ်များကို တွေ့ရှိလျှင်ဆိုပါက ကျိန်းသေပေါက် ကျင့်ကြံကြဖို့ ယူသွားပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ထိုနည်းစနစ်များကို အရေအတွက်အရ အသုံးပြု၍ သူ၏ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်တွင်ရှိသော နတ်ဘုရားအဆင့် သိုင်းနည်းစနစ် များနှင့် လဲလှယ်ရန်သာ စဉ်းစားနေ၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် လျှို့ဝှက်နည်းစနစ်များအားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ပျော်ပျော်ရွှင်ရွှင်ပဲ သိမ်းဆည်း လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ထဲတွင် လျှို့ဝှက်နည်းစနစ်များသည် သူ့အမျိုးအစားနှင့်သူ တဖြည်းဖြည်း လိုက်ဖက်ညီကုန်၏။ လိုအပ်သည့် သိုင်းနည်းစနစ်ကို ရရှိရန် အရေအတွက် အားဖြင့် လိုအပ်နေသေးသည်ဆိုသော်လည်း ခြေလှမ်းအနည်းငယ်တော့ တိုးလာခဲ့သည်ဟု ဆိုရမည်။