← Chapters

အခန်း (၇၇၁)

Vol. 52 Ch. 771

အခန်း (၇၇၁)

Vol. 52 Ch. 771

ကျွင်းချောင်ရှောင်း အဘယ်ကြောင့် ဤနတ်ဆိုးတောင်ကြားထဲကို ရောက်ရှိလာသည်ဆိုသည့်အကြောင်း သူ ကောင်းကောင်း သိ၏။ သို့ပေမဲ့ ဤကဲ့သို့ မမျှော်လင့်သော အခြေအနေမျိုး ဖြစ်ပျက်လာသည့် အချိန်မှာတော့ အလွန်တရာ အရည်ထူလှသော လူတစ်ယောက်အနေနှင့် ခပ်တည်တည်နှင့် လိမ်နေရသည်မှာ လွယ်ကူလွန်းနေချေသည်။

“ကောင်လေး.... မင်းပြောတာမှန်တယ်၊ ဒါပေမဲ့ မင်းငါ့ကို စကားလုံးလေး အနည်းငယ်နဲ့ အရူးလုပ်လို့ မရဘူးလေ” အမဲရောင်အရိပ်က အေးစက်စက်နှင့် ပြောလိုက်၏။

“စီနီယာရဲ့ သေဆုံးခြင်းပြီးတဲ့ နောက်မှာတော့ နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းကြတဲ့ လူတွေအကုန်လုံးက ကျရှုံး သွားကြတယ်၊ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူတွေ ရှိတယ်ဆိုရင်တောင်မှ နည်းနည်းကျဉ်းကျဉ်းပဲ၊ တချို့ဆိုရင် အပြင်ကို ထွက်တာနဲ့ ဝိုင်းရိုက်သတ်ဖြတ်ခံရတာကြောင့် အပြင်တောင်မထွက်ရဲကြဘူး၊ ဒီလိုအခြေအနေက စိတ်ဓာတ်ကျစရာပဲ၊ ကောင်းကင်နဲ့ မြေကြီးက မဖျက်ဆီးခံရသရွေ့ နတ်ဆိုးလမ်းစဉ်က ထာဝရ တည်ရှိနေမှာပဲ၊ ကျုပ်က နတ်ဆိုး ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့ လမ်းမှန်ဂိုဏ်းတွေဘက်ကလည်း ရပ်တည်ပေးနိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး၊ တစ်လောကလုံးရဲ့ ရန်သူဖြစ်လာရမယ်ဆိုရင်တောင်မှ ကျုပ်က နတ်ဆိုးလမ်းစဉ်နဲ့ နတ်ဆိုးဂိုဏ်းတွေအကုန်လုံးကို လောကကြီးမှာ တဖန်ပြန်လည် ရှင်သန်လာစေဖို့ ကြိုးစားမယ်”

စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူသည် ပြောရင်းပြောရင်းနှင့် အလွန်တရာ ကြီးမားလှသော တာဝန်ကြီး တစ်ခုကို ပခုံးပေါ်သို့ ဆွဲတင်လျက်ရှိနေသည်။

“ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး၊ ဘာပဲပြောပြော အဲ့လူကျေနပ်သွားအောင် လျှောက်ပြောရမှာပဲ” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် စနစ်အား ပြောဆိုလိုက်မိသည်။

ဟား ဟား ဟား ဟား

ရုတ်တရက် အမဲရောင်အရိပ်သည် အားရပါးရ ရယ်လိုက်၏။

“ကောင်လေး.... ကောင်းကင်နဲ့မြေကြီး မပျက်စီးသရွေ့ နတ်ဆိုးလမ်းစဉ်က ထာဝရတည်ရှိနေလိမ့်မယ်၊ ဒါကို လေးလေးနက်နက်နဲ့ သဘောတူညီတယ်၊ ဒါပေမဲ့ …. ”

သူသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “နတ်ဆိုးတောင်ကြားထဲမှာ ချန်ထားခဲ့တဲ့ ပစ္စည်းတွေက တော်တော် များတယ်၊ ဒါကို အကုန်လုံးယူချင်တယ်ဆိုရင် ငါ့ကို အနိုင်တိုက်မှ ဖြစ်မယ်”

“.........”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ ဤမျှကြာအောင် စကားပြောဆိုပြီးသည့်နောက်တွင် သူသည် တိုက်ခိုက်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။

“စီနီယာ... တကယ်လို့ တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တူတူတိုက်ခိုက်ကြတာပေါ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ကျေးဇူးပြုပြီး ကျုပ်တပည့်ရဲ့ ခန္ဓာကိုယ်ဆီကနေ ထွက်ခွာသွားပေးပါ”

ဝှစ် ဝှစ်

ပြောပြီးပြီးချင်းမှာပဲ ရောင်မုန့်ယဉ်အား လွှမ်းခြုံလျက်ရှိသော နတ်ဆိုးစွမ်းအင်များ အားလုံးသည် ရုတ်တရက် အပြင်ဘက်ဆီသို့ ထွက်ခွာလာခဲ့၏။ ပြီးသည့်နောက်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များ တည်ရှိနေသော ချောမောလှပသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် ဖြစ်တည်လာခဲ့၏။

ထိုသူသည် သေချာ ကြည့်မည်ဆိုလျှင် အသက်နှစ်ဆယ်မှ သုံးဆယ်လောက်သာ ရှိသေး၏။ မျက်နှာ သွယ်လျလျနှင့် ဓားကဲ့သို့သော မျက်ခုံးများကို ပိုင်ဆိုင်၏။ ရှည်လျားပြီး ကျဉ်းမြောင်းလှသော မျက်လုံးများမှာတော့ ဘုရင်တစ်ပါး၏ သန္ဓေအော်ရာမျိုး ထွက်ပေါ်လျက်ရှိနေသည်။

နတ်ဆိုးအင်ပါယာ….။

ထိုသူသည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းတုန်းက သေဆုံးသွားခဲ့သော ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။ ၎င်း၏ မူလခန္ဓာကိုယ် မဟုတ်ဘူးဆိုသော်လည်း နတ်ဆိုးတောင်ကြားထဲမှာ ရှိနေသည့် ဝိညာဉ်အကြွင်းအကျန်ပင်လျှင် အလွန်တရာ အားကောင်းနေသေး၏။

ကျွင်းချောင်ရှောင်းသည် စိတ်ထဲတွင် အလွန် လေးစားမိ၏။ ထို့ကြောင့် ပြောလိုက်မိသည်။ “ခင်ဗျားရဲ့ခေတ်မှာ ကျုပ်က မွေးဖွားခဲ့တာ မဟုတ်ဘူး၊ ဒါကြောင့် ခင်ဗျား ဘယ်လောက် အားကောင်းခဲ့တယ် ဆိုတာ မျက်မြင်တွေ့ရဖို့ အခွင့်အရေး မရှိခဲ့ဘူး၊ ဒါက နှမြောစရာပဲ”

“မြှောက်ပေးမနေနဲ့”

နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “စပြီးတော့ တိုက်ခိုက်ကြရအောင်”

ကျွင်းချောင်ရှောင်းသည် သတိလစ်မေ့မျောနေသော ရောင်မုန့်ယဉ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူမ၏ အသားအရေများသည် မူလအတိုင်း ပြန်လည်ဖြစ်တည်နေသည်ကို မြင်တော့ စိတ်သက်သာရာ ရသလို သက်ပြင်း ချလိုက်၏။ ပြီးနောက် ရရှိထားသည်မှာ မကြာသေးသော ကောင်းကင်နဂါးဓားအား ထုတ်ယူကာ သူသည် သူရဲကောင်းဆန်ဆန်ဖြင့် ပြောလိုက်တော့၏။

“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်ရဖို့ဆိုတာ ကျုပ်က တကယ့်ကို ဂုဏ်ယူ မိတယ်”

“ကောင်လေး”

နတ်ဆိုးအင်ပါယာသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ဒီဓားက ကျော်ကြားလှတဲ့ ရှေးဟောင်း ဓားပဲ၊ သာမန်လူတွေက ကြုံသလိုထုတ်ပြီး သုံးလို့ရတဲ့ အရာမဟုတ်ဘူး”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူ၏ ညာဘက်လက်သည် ခပ်ကြမ်းကြမ်းပဲ လှုပ်ခါသွား သည်။ ကောင်းကင်နဂါးဓားသည် လေဟာနယ်တစ်ခုလုံးကို ပိုင်းဖြတ်ပြီးသည့်နောက်မှာတော့ ရာနှင့်ချီသော ဓားအလင်းတန်းသည် ချက်ချင်းဖြစ်တည်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း

နတ်ဆိုးအင်ပါယာသည် လက်ကိုယမ်းခါလိုက်၏။ အလွန်များပြားလှသော နတ်ဆိုးစွမ်းအင်များ အားလုံးသည် လက်ဝါးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပြီးနောက် ဝင်ရောက်လာသည့် ဓားအလင်းများအားလုံးကို ဖျက်ဆီးတော့ သည်။

ပြီးနောက် သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် မင်းက သိုင်းအုပ်စိုးသူ မဟုတ်ဘူး၊ ဓားအုပ်စိုးသူလည်း ဖြစ်နေတာပေါ့၊ ဒီအသက်အရွယ်မှာ ဓားနဲ့ သိုင်းအုပ်စိုးသူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မင်းက ဒီမျိုးဆက်တွေထဲမှာ တကယ့်ကို ပါရမီရှိတဲ့သူ ဖြစ်လိမ့်မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကံတရားကြောင့်က လွဲရင် တခြားဘာမှ မဟုတ်ပါဘူး”

ဝှစ် ဝှစ် ဝှစ် …..

ပြောပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နဂါးဓားအား ဖမ်းကိုင်၍ လင်းကျန့်ဓားသိုင်းအား ထုတ်ဖော် အသုံးပြုတော့၏။

ဂိုဏ်းချုပ်ကျွင်းသည် ပုံမှန်အားဖြင့် ဓားမော့ကိုသာ အသုံးပြုသည်ဆိုသော်လည်း ဓားကို အသုံးပြုသည့်နေရာတွင် ပိုမို၍ အားကောင်းလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဓားအုပ်စိုးသူ တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်သည်။ လက်ထဲတွင် ကောင်းကင်နဂါးဓား ရောက်ရှိလာပြီးနောက် သူသည် အလွန်တရာ အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော် အသုံးပြုနိုင်စွမ်း ရှိနေတော့သည်။

ဘုန်း ဘုန်း

နတ်ဆိုးအင်ပါယာသည် ဝိညာဉ်ပုံရိပ်ယောင်အဖြစ် ရှိသည်ဆိုလျှင်တောင်မှ ဤတည်နေရာထဲမှာတော့ ၎င်း၏ အားအင်အဆင့်သည် သန်မာအားကောင်းနေသေး၏။ ထို့ကြောင့် နှစ်ယောက်သားသည် ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးကို တိုက်ခိုက်လျက်ရှိနေကြတော့သည်။ ကျွင်းချောင်ရှောင်းကို တိုက်ခိုက်နေသောကြောင့် နတ်ဆိုး စွမ်းအင်များသည် တည်နေရာထဲတွင် တဖြည်းဖြည်း အားနည်းလာခဲ့၏။

ပြိုင်စံရှားဂိုဏ်းသားများ ဖြစ်ပေါ်နေသော ဖိအားများသည်လည်း တဖြည်းဖြည်း လျော့ကျလာတော့သည်။ လင်းယွမ်ရွယ်သည် ရောင်မုန့်ယဉ်အား မြန်မြန်ဆန်ဆန် ချီပိုးကာ အနောက်ဘက်သို့ နေရာရွေ့လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူမ၏ သွေးခုန်နှုန်းများကို အသာစမ်းသပ်ကြည့်ပြီး သတိလစ်မေ့မျောရုံသာဖြစ်ပြီး တခြား ထူးထူးခြားခြား မရှိသည်ကို မြင်တော့ အသာသက်ပြင်းချလိုက်သည်။

ဝှစ် ဝှစ်

ဘာမှမရှိသော တည်နေရာကြီး တစ်ခုထဲမှာတော့ ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်သည် အပြည့်အဝ ထုတ်ဖော် အသုံးပြုနေပြီဖြစ်သည်။ လင်းကျန့်ဓားသိုင်းသည် ပြည့်စုံစွာ ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ပထမ ဓားကွက် မြန်ဆန်မှု၊ ဒုတိယဓားကွက် အားအင်တို့ကို ဟန်ချက်ညီညီ ပူးပေါင်းကာဖြင့် နတ်ဆိုးအင်ပါယာအား တိုက်ခိုက်နေတော့သည်။ ၎င်းတို့သည် ဘက်ညီလှသော ပြိုင်ဘက်များအဖြစ် တိုက်ခိုက်နေ၏။

“အံ့အားသင့်စရာပဲ၊ ဂိုဏ်းချုပ်ရဲ့ ဓားတာအိုက အရမ်းကို အားကောင်းလွန်းတယ်” တပည့်များက ရေရွတ်လိုက် မိကြသည်။

ကျိုးဟုန်၏ မျက်လုံးများသည်လည်း တောက်ပလျက်ရှိသည်။ အထူးသဖြင့် ဂိုဏ်းချုပ်၏ တိုက်ကွက်များကို သူမြင်သည့်အချိန်တွင် ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲနှင့် လေးစားမိနေ၏။ “ဓားအုပ်စိုးသူ.... ငါ ဒီအဆင့်ကို ဘယ်အချိန်မှာ တက်လှမ်းနိုင်မလဲ”

တွီ တွီ

ရုတ်တရက်ဆိုသလိုပဲ လေထုထဲမှ အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ကြီးမားလှသော ဓားကြီးတစ်ခု၏ ပုံပန်းသွင်ပြင် ဖြစ်တည်လာသည်။ ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”

ဝှစ် ဝှစ်

လေဟာနယ်ထဲမှာတော့ ဓားများ ပေါ်ပေါက်လာတော့၏။ ထိုဓားများအားလုံးသည် ကြီးမားလှသော ဓားကြီး တစ်ခုအဖြစ်သို့ ဖြစ်တည်လာပြီးသည့်နောက် နတ်ဆိုးအင်ပါယာအား ခုတ်ပိုင်းလိုက်တော့၏။

ဝှစ် ဝှစ်

ဤဓားချက်သည် မြန်မြန်ဆန်ဆန်ပဲ ဖွဲ့တည်လာပြီးနောက် ချက်ချင်းပဲ ခုတ်ပိုင်းကျလာသည်။ တပည့်များ၏ အကြည့်အောက်မှာတော့ နတ်ဆိုးအင်ပါယာ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် နှစ်ပိုင်း ပြတ်တောက်သွားသည်။

ကျိုးဟုန်သည် မျက်လုံးပြူးသွားမိ၏။ ဤကြီးမားလှသော ဓားကြီး၏ အရှိန်အဝါနှင့် ထက်မြမှုသည် မျက်စိ တစ်မှိတ်အတွင်းတွင် တစ်ဖက်လူအား ခုတ်ပိုင်းသတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ဓားအော်ရာများသည် ယခု ထက်ပို၍ အားကောင်းလာနိုင်သေးသည်ကို သူကောင်းကောင်းခံစားမိ၏။

“ကောင်လေး”

ပုံရိပ်ယောင်ကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်ခါနီးမှာတော့ နတ်ဆိုးအင်ပါယာက လေးလေး နက်နက် ပြောလိုက်သည်။ “မင်းရဲ့ဓားနည်းစနစ်က ကြယ်ကြွေကုန်းမြေတိုက်ကြီးက မဟုတ်ဘူးပဲ”

သိုင်းနည်းစနစ်များကို စုဆောင်းရသည်ကို ချစ်ခင်နှစ်သက်သော ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်မို့ သူသည် လှုပ်ရှားမှုတိုက်ကွက်များနှင့်ပတ်သက်၍ ကောင်းကောင်းမွန်မွန် သုတေသန ပြုလုပ်ထားခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်း ထုတ်ဖော်အသုံးပြုခဲ့သော ဓားနည်းစနစ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ဓားနည်းစနစ်များနှင့် လုံးဝခြားနားလျက်ရှိ၏။

“အမှန်ပါပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ဓားနည်းစနစ်ကို ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ လို့ ခေါ်ဆိုပါတယ်၊ ဒါက အထက်နယ်မြေမှာရှိတဲ့ ဆန်းကြယ်လွန်းတဲ့ ဆရာကြီးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ သင်ပြပေးခဲ့တာပဲ”

စနစ် “.....”

ဤအရာသည် စနစ်မှ ဝယ်ယူခဲ့သည်ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်း သိနေသည်။ သို့ပေမဲ့ မျက်နှာပြောင်စွာဖြင့် ခပ်တည်တည်နှင့် လိမ်ရဲနေသေးသည်။ ဤကဲ့သို့ အရှက်မဲ့သောသူတစ်ယောက်ကို တစ်ခါမှ မမြင်ဘူးခဲ့ချေ။ ယခုတော့ ထပ်ခါတလဲလဲ မြင်နေရ၏။ ထိုသူသည် သူ၏လက်ခံသူလည်း ဖြစ်နေသေးသည်။

နတ်ဆိုးအင်ပါယာက အံ့အားသင့်မိသွား၏။ “ဒါဆိုရင် မင်းကလည်း အထက်နယ်မြေကပေါ့”

“မဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ရဲ့ဂိုဏ်းက အထက်နယ်မြေက ဆင်းသက်လာ တာပါ”

“ထင်ထားတဲ့အတိုင်းပဲကိုး” ရီရှင်းချန်သည် တွေးလိုက်မိ၏။

သူသည် ပြိုင်စံရှားဂိုဏ်းထဲကို ဝင်ရောက်ပြီးကတည်းက ကျွင်းချောင်းရှောင်းနှင့် ပြိုင်စံရှားဂိုဏ်းသည် အထက် နယ်မြေနှင့် ပတ်သက်နေသည်ဟု ကောင်းကောင်းခန့်မှန်းထားမိပြီးသားဖြစ်သည်။ မဟုတ်ပါက ဤမျှ အားကောင်း လှသော သိုင်းနည်းစနစ်နှင့် အရင်းအမြစ်များကို တပည့်များဆီသို့ အဘယ်နည်းဖြင့် ဖြန့်ဝေပေးနိုင်မည်နည်း။ ယခု ကျွင်းချောင်ရှောင်းကိုယ်တိုင် ပြောဆိုခဲ့သည် ဆိုမှတော့ ကျိန်းသေပေါက် သေချာသွားပေသည်။

ဟယ်ဝူတီသည်လည်း တွေးလိုက်မိ၏။ “ဒါကြောင့် ငါဒီဂိုဏ်းထဲကို ဝင်ခဲ့မိတာပဲ၊ နောက်ဆုံး တံခါးပိတ်ရတဲ့ တပည့် ဖြစ်တယ်ဆိုရင်တောင်မှ တကယ့်ကို စီနီယာသက်တန့်ရောင်နဲ့ ကံကြမ္မာရေစက်ရှိတယ်လို့ ပြောရမယ်”

၎င်းတို့နှစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ အရူးလုပ်ခြင်းကို ခံနေရတော့သည်။ တစ်ခါတစ်ရံတွင် တချို့သော ကိစ္စများသည် ရှင်းပြနေစရာပင် မလိုချေ။ သူ့အလိုလိုတွေး၍ လိုရာကို ဖြစ်တည်သွားခဲ့တော့သည်။ ကံကောင်း စွာဖြင့် ခရမ်းရောင်ဘုရင်သည် ဤနေရာတွင် မရှိနေခြင်းပင်။ မဟုတ်ပါက ကျွင်းချောင်ရှောင်း၏ စကားများကို ကြားပြီးပါက သူလိုရာကိုဆွဲ၍ တွေးပေတော့မည်။

“ကောင်လေး”

နတ်ဆိုးအင်ပါယာသည် အချိန်အတော်ကြာ ငြိမ်သက်နေမိ၏။ ပြီးသည့်နောက် အားပျော့သည့် လေသံဖြင့် ပြောလိုက်တော့သည်။ “မင်းက ငါ့ကို အနိုင်ယူခဲ့ပြီ၊ ဒီတော့ ဒီမှာရှိတဲ့ အရာအားလုံးကို မင်းယူသွားနိုင်တယ်၊ ဒါပေမဲ့”

သူသည် ရပ်တန့်လိုက်၏။ “မင်းပြောခဲ့တာတွေက တကယ်ပဲ ဖြစ်လာပါစေလို့ ကျုပ်မျှော်လင့်မိတယ်”

ပြောပြီးသည့်နောက်မှာတော့ စွမ်းအင်များနှင့် ဖြစ်တည်လာခဲ့သော ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ နတ်ဆိုးအင်ပါယာ၏ အသံသည် တည်နေရာ ခပ်ဝေးဝေးဆီမှ ရောက်ရှိလာပုံပေါ်သည်။

“ကျုပ်... ပင်ပန်းနေပြီ၊ ပင်ပန်းနေပြီ၊ လောကကြီးက ထာဝရဖြစ်တည်နေသလိုပဲ နတ်ဆိုးလမ်းစဉ်ကလည်း ထာဝရ ဖြစ်တည်နေတယ်”

ကြွင်းကျန်နေသော ဝိညာဉ်သည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့တော့သည်။ လေထုထဲတွင် ရှိနေသော စွမ်းအားမြင့် နတ်ဆိုးအော်ရာများသည်လည်း တဖြည်းဖြည်းနှင့် လျော့ကျကာ ပျောက်ကွယ်သွား၏။

“စီနီယာ”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် လိမ်တာ မဟုတ်ပါဘူး၊ နတ်ဆိုးဂိုဏ်းတွေကို ကျုပ် ပြန်ပြီးတော့ တည်ထောင်ချင်တယ်၊ တကယ့်ကို ကျိန်းသေပေါက် ဒီအရာကို လုပ်မှာပါ”

“အင်း”

တည်နေရာကြီးတစ်ခုလုံး အက်ကွဲပြီးနောက်မှာတော့ လေးဘက်လေးတန်မှ ကြီးမားလှသော သေတ္တာကြီး ဆယ်ခု ပေါ်ပေါက်လာတော့သည်။ ဤအရာများသည် နတ်ဆိုးတောင်ကြားထဲတွင် ရှိနေသော လက်ကျန် သိုင်းအရင်း အမြစ်များ ဖြစ်နေတော့သည်။ နတ်ဆိုးအင်ပါယာကို အနိုင်ယူခဲ့ပြီးပြီဖြစ်သောကြောင့် သေတ္တာနှင့် အရင်းအမြစ် များအားလုံးသည် သူ့အလိုလို ပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်သည်။

“ဂိုဏ်း ဂိုဏ်းချုပ်”

ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည် သတိလစ်မေ့မျောရာမှ နိုးထလာ၏။ သူမသည် မျက်ရည်များ မိုးသို့ပင် ကျဆင်း လျက်ရှိနေသည်။ အလွန်တရာ ဝမ်းနည်းစွာဖြင့် ငိုယိုနေ၏။ သူမ၏ ခန္ဓာကိုယ်ကို နတ်ဆိုးအင်ပါယာက ထိန်းချုပ် လိုက်သည်ဖြစ်ကြောင်း သူရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ပြီးတော့ သူမ၏ စီနီယာအစ်ကိုနှင့် အကြီးအကဲ များကိုလည်း တိုက်ခိုက်ခဲ့သေးသည်။ သူမအနေနှင့် မတိုက်ခိုက်မိစေရန် ထိန်းချုပ်ခဲ့သည့်ဆိုသော်လည်း စွမ်းအား ကင်းမဲ့စွာဖြင့် မထိန်းချုပ်နိုင်ခဲ့ချေ။

“အဆင်ပြေတယ်၊ အဆင်ပြေတယ်” ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီး သူမ၏ ခေါင်းလေးကို ပွတ်လိုက်၏။

အီး .. ဟီး …။

ရောင်မုန့်ယဉ်သည် လင်းယွမ်ရွယ်၏ လက်မောင်းကိုမှီကာ အားရပါးရ ငိုရှိုက်တော့၏။ ဂိုဏ်းချုပ်နှင့် သူမ၏ စီနီယာအစ်ကိုများသည် သူမအား အလွန်တရာ ဂရုစိုက်၏။ သို့ပေမဲ့ သူမသည် တစ်စုံတစ်ခုသော စွမ်းအင်များကို မထိန်းချုပ်နိုင်ခဲ့သောကြောင့် စီနီယာအစ်ကိုများအား သတ်ဖြတ်မိတော့မလိုပင် ဖြစ်ခဲ့သည်။ ထိုသို့သာ သတ်ဖြတ်မိမည်ဆိုပါက လက်ကျန်ဘဝတစ်ခုလုံးတွင် မိမိကိုယ်ကိုမိမိ ခွင့်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် ဤသို့သော ကိစ္စမျိုး ဖြစ်မလာခဲ့ချေ။

ရောင်မုန့်ယဉ်သည် ကျွင်းချောင်ရှောင်းကို အလွန်လေးစားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တကယ့် အရေး အကြောင်း အခြေအနေမျိုးတွင် ဂိုဏ်းချုပ်၏ ‘ကောင်မလေး... မင်းရူးနေပြီလား’ ဆိုသည့်အသံသည် သူမအား အနည်းငယ် ပြန်၍ သတိဝင်လာစေခဲ့၏။

“ဂျူနီယာညီမလေး”

ရှောင်ကျီသည် သူ၏ရင်ဘတ်ကို ပုတ်ကာ စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “စီနီယာအစ်ကို ကိုကြည့်၊ တစ်ကိုယ်လုံး အဆင်ပြေတယ်၊ ဟုတ်ပြီလား”

“ဟုတ်တယ်လေ”

ကျန့်ရာသည် သူ၏ နာကျင်မှုကို အံကြိတ်ခံကာဖြင့် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ ပြောလိုက်၏။ “ငါ သွေးတစ်လုတ် အန်ထုတ်လိုက်တယ်၊ ဒါပေမဲ့ အရင်ကထက်ပိုပြီး အားကောင်းသွားသလိုပဲ”

ဒဏ်ရာ ရသွားခဲ့သော စီနီယာအစ်ကိုနှင့် အကြီးအကဲများ အားလုံးသည် သူတို့ အဆင်ပြေနေကြောင်း ရောင်မုန့်ယဉ်အား ပြောဆိုပြသလျက် ရှိနေကြ၏။ ထိုမှသာလျှင် ရောင်မုန့်ယဉ်သည် မိမိကိုယ်ကို အပြစ်တင်ခြင်းမှ ကင်းဝေးပေလိမ့်မည်။ ဤမြင်ကွင်းသည် အလွန်တရာ နွေးထွေးလှသည့်မြင်ကွင်းမျိုးဖြစ်ပြီး ပြိုင်စံရှားဂိုဏ်းထဲ တွင်သာ တွေ့ရသော မြင်ကွင်းမျိုး ဖြစ်သည်။

...........

ကျွီ

သေတ္တာကြီးဆယ်လုံးသည် တစ်ချိန်တည်းမှာပဲ ပွင့်သွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းသွား ပြီးသည့်နောက်မှာတော့ လျှို့ဝှက်ကျမ်းစာများ၊ ကျောက်ရိုင်းများ၊ လက်နက်များ၊ ပစ္စည်းများ အားလုံးသည် သူ၏ မျက်လုံးထဲသို့ ဝင်လာတော့၏။ သူသည် ပါးစပ်သည် နားရွက်တက်ချိတ်လုမတတ် ပြုံးလျက်ရှိသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က ပြောလိုက်သည်။ “ဒီမှာ ဗုဒ္ဓသိုင်းနည်းစနစ်တွေ အများကြီးပါလား”

ကျွင်းချောင်ရှောင်းသည် အလျင်အမြန် လာကြည့်လိုက်၏။ ပြီးနောက် သူ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။“နတ်ဆိုးကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်များပြားတဲ့ နတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်တွေ စုဆောင်းရတာလဲ”

အဘိုးကြီးကုန်း က ပြောလိုက်၏။ “လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေကြား တိုက်ပွဲမှာ ဗုဒ္ဓကျင့်ကြံသူတွေက နတ်ဆိုးအင်ပါယာကို အဓိက ယှဉ်ပြိုင်ကြတဲ့သူတွေပဲလေ၊ နတ်ဆိုးအင်ပါယာက ဒါကြောင့်လည်း ဗုဒ္ဓကျင့်ကြံခြင်း နည်းစနစ်တွေကို စုဆောင်းခဲ့တာ ဖြစ်လိမ့်မယ်”

“မိမိကိုယ်ကို သိခြင်း၊ မိမိရန်သူကို သိခြင်းက တိုက်ပွဲတိုင်းကို အောင်နိုင်မှုပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာက တကယ့်ကို သူရဲကောင်းစစ်စစ်ပဲ”

ဝှစ်

လက်ကိုယမ်းခါပြီးသည့်နောက် သူသည် အရာအားလုံးကို သိမ်းဆည်းပြီး ဖြစ်နေတော့သည်။

ဟူး ဟူး

ထိုအချိန်မှာတော့ တည်နေရာထဲတွင် ရှိနေသော နတ်ဆိုးစွမ်းအင်များသည် တစ်နေရာထဲတွင် စုဝေးလာ၏။ ပြီးသည့်နောက်မှာတော့ ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားတော့၏။

ဤကဲ့သို့သော အလှည့် အပြောင်းများသည် ကျွင်းချောင်ရှောင်းအား ရင်ခုန်သွားစေ၏။ သို့ပေမဲ့ ဤမိန်းကလေး၏ မျက်နှာသည် သာမန် အတိုင်းသာဖြစ်ပြီး ထပ်မံ၍ စိတ်လွတ်သွားသည့် အမူအရာမျိုး မရှိသည်ကို မြင်သည့်အချိန်မှာတော့ စိတ်သက်သာ ရာရသလို သက်ပြင်းချမိသည်။

မိနစ်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ တည်နေရာထဲတွင် ရှိနေသော နတ်ဆိုးချီများ အားလုံးသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ အကုန်လုံးဝင်ရောက်သွားခဲ့ပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဒီလောက်များပြားတဲ့ နတ်ဆိုးချီတွေဆိုတော့ သူမအတွက် ကောင်းကောင်း အကူအညီဖြစ်စေနိုင်တယ်၊ ဟုတ်တယ်မဟုတ်လား”

တွီ

သူတို့ရှေ့ရှိ တည်နေရာသည် ပိုင်းဖြတ်သွားပြီးသည့်နောက် လေဝဲပုံစံတစ်ခု ဖြစ်တည်လာသည်။

“ပြီးသွားပြီလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

သူ၏လေသံကို ကြည့်ရသည်မှာ ပစ္စည်းများ ဆက်လက်ကာ ရချင်နေသည့်ပုံ ပေါ်သည်။

စနစ်သည် ဆွံ့အသွား၏။ “ဒီလောက် ရှိရှိသမျှ အကုန်ယူပြီးတာ တော်ပြီပေါ့၊ ပြန်သင့်ပြီလေ၊ ဒီမှာ ဘာလုပ်ချင် သေးတာလဲ”

.................

အပြင်ဘက်မှာတော့ ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် တွက်ချက် ပြောဆိုလျက်ရှိနေ၏။

“တစ်နာရီလောက် ကြာနေပြီ၊ ပြိုင်စံရှားဂိုဏ်းက လူတွေ ထွက်မလာသေးဘူး၊ ကြည့်ရတာ တပည့်တွေ သေကုန် ရုံမကဘူး၊ ဂိုဏ်းချုပ်ပါ သေကုန်ပြီနဲ့တူတယ်၊ ဒါက တစောက်ကန်းလုပ်ချင်ရခြင်းအတွက် ပေးဆပ်ရတဲ့ တန်ဖိုး ပဲလေ”

သိုင်းကျင့်ကြံသူများအားလုံးသည် ခေါင်းကို ခါယမ်းလိုက်ကြ၏။ ၎င်းတို့၏ အထင်အမြင်အတိုင်း ပြီးဆုံးသွားခဲ့သည် ဆိုသော်လည်း အသစ်ဖြစ်တည်ကာ ထွန်းတောက်လာခဲ့သော ဂိုဏ်းတစ်ခုသည် နတ်ဆိုးတောင်ကြားထဲတွင် သေဆုံးခဲ့သည်ဆိုသည်မှာ နှမျောစရာတော့ ဖြစ်၏။

“လှေကလေးကို လှော်မည် .. ဒန့်တန်တန့် ….”

သို့ပေမဲ့ သိုင်းကျင့်ကြံသူများအားလုံး ထွက်ခွာသွားရန် ပြင်ဆင်နေသည့်အချိန်မှာပဲ လေဝဲပုံစံ တည်နေရာကြီး တစ်ခုသည် ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုအထဲမှ လျှောက်ထွက်လာတော့သည်။

“သူအသက်ရှင်နေသေးတာလား” အားလုံးသောသူများသည် မျက်လုံးပြူးသွားမိကြ၏။

All Chapters