အခန်း (၇၇၂)
Vol. 52 Ch. 772
ဘုတ်
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ယမ်းခါကာ သီချင်းလေး ဟစ်ကျွေးရင်းဖြင့် လှမ်းထွက်လာခဲ့၏။
“လှေကလေးကို လှော်မည်၊ ဘေးမသန်းဘဲ အေးချမ်းတော့သည် … ဒန့်တန်တန် …”
နတ်ဆိုးတောင်ကြားသည် အလွန်တရာ အန္တရာယ်များလှသည်ဟု တွေးထင်ထားခဲ့၏။ သို့ပေမဲ့ တကယ်တမ်း မှာတော့ လက်ရွေးစင်တပည့်များကို ခေါ်ဆောင်လာပြီး ဤနေရာသို့ ရောက်ရှိလာခြင်းမှာ များပြားလှသည့် သိုင်းပညာအရင်းအမြစ်များကို ရခဲ့ခြင်းသာဖြစ်ပေတော့သည်။
အမ်
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။ ထို့ကြောင့် သူသည် အနားပတ်ဝန်းကျင်ကိုလှည့်လည်၍ ကြည့်ရှုလိုက်သည့်နောက်မှာ အနားပတ်ဝန်းကျင်မှာ လူများသည် သူ့အား ကြည့်ရှုနေသည့်ကို မြင်လိုက်ရ၏။
“ငါ …. ငါမေ့သွားတာပဲ၊ ဒီမှာလူတွေအများကြီး ရှိနေတာကိုး”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ သူ၏လက်ကို ပြန်ရုတ်ကာဖြင့် နောက်ဘက်သို့ လက်နှစ်ဖက် ပစ်လိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် လေးနက်သွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ဂိုဏ်းချုပ်တစ်ယောက် တွင် ရှိသင့်သော ဂုဏ်ရှိန်ဂုဏ်ဝါမျိုးဖြင့် ပြန်လည်ဖြစ်တည်လာတော့သည်။ အလွန်တရာ အရှက်မဲ့လှသော လူတစ်ယောက်ဖြစ်သည်မို့ အမူအရာကို အလျှင်အမြန် ပြောင်းလဲရခြင်းမှာ ခက်ခဲသည့် အလုပ်တစ်ခုတော့ မဟုတ်ချေ။
ဟုတ်ပေသည်။ အဓိကဂိုဏ်းများမှ လူအားလုံးသည် ကျွင်းချောင်ရှောင်း သီချင်းသီဆိုလာသည်ကို ဂရုမစိုက်ခဲ့ကြ ချေ။ သူတို့၏ စိတ်ထဲမှာတော့ ကျွင်းချောင်ရှောင်းတစ်ယောက် အသက်ရှင်နေသည်ကို မြင်ရချိန်မှာ အလွန်ပဲ တုန်လှုပ်မိနေ၏။
လက်ရှိ ရှိနေကြသောသူများအားလုံးသည် တိုက်ပွဲပေါင်းရာချီကို တိုက်ခိုက်ခဲ့ကြသော အတွေ့ အကြုံရှိသည့်သူများ ဖြစ်ကြ၏။ သို့ပေမဲ့ ခဏလောက် အံ့အားသင့်မိပြီးနောက် ဤဂိုဏ်းချုပ်သည် အပြင်ဘက်သို့ ပြန်လည် ထွက်ခွာလာနိုင်သည်ဆိုသောကြောင့် ၎င်း၏ တပည့်နှစ်ရာကျော်တို့မှာ အကုန်လုံး သေသုံးသွားခဲ့ပြီ ဖြစ်ကြောင်း သုံးသပ်လိုက်မိကြတော့သည်။ ဤအရာသည် သူတို့သုံးသပ်ထားသည့် အခြေအနေနှင့် အနည်းငယ် ဆင်တူနေသည်။
“နေအုံး … ... ဒီကောင်က အသက်ရှင်ရက် ထွက်လာရုံတင် မဟုတ်သေးဘူး၊ ဒဏ်ရာလည်း မရခဲ့ဘူး၊ ရင်ဘတ်မှာ ခြစ်ရာကြီးတစ်ခုရှိတာကလွဲရင် ဘာမှဖြစ်ခဲ့ပုံ မပေါ်ပါလား”
ကျွင်းချောင်ရှောင်း၏ ရင်ဘတ်ပေါ်ရှိ ခြစ်ရာလေးသည် ရောင်မုန့်ယဉ်ကြောင့် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ရုတ်တရက် ပြုံးကာဖြင့် ပြောလိုက်၏။ “အဆင်ပြေရဲ့လား”
သူ၏ အပြုံးများတွင် ကြည်လင်ရှင်းသန့်သည့် အရိပ်အယောင်များ မရှိပေ။ တစ်ဖက်လူကို နစ်နစ်နာနာ ခံစားသွားစေချင်သည့် အပြုံးမျိုးပင်ဖြစ်သည်။
“အဆင်ပြေတာထက်တောင် ပိုသေးတယ်လေ”
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။ “အံအားသင့် စရာပဲ”
အားလုံး “......”
၎င်း၏ တပည့်များသည် အထဲတွင်သေဆုံးသွားခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ တောက်ပစွာဖြင့် ပြုံးလျက် ရှိနေသေး၏။ ကြည့်ရသည်မှာ အထဲတွင်ရှိသော နတ်ဆိုးအော်ရာများသည် ၎င်း၏ ဦးနှောက်ကို တိုက်စားသွားခဲ့ခြင်းပင်ဖြစ်လိမ့်မည်။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ လီချင်းယန်နှင့် တခြားသော တပည့်များအားလုံးသည် လေပွေထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာတော့သည်။
“သူတို့ အသက်ရှင်နေသေးတာလား” ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိသွားကြ၏။ သို့ပေမဲ့ လီချင်းယန်နှင့် တခြားသောသူများသည် နဂါးကျား တိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် တိုက်ခိုက်နိုင်ကြသည့်သူများ ဖြစ်သောကြောင့် အားအင်အဆင့်မှာ သေးကွေးလှသည် မဟုတ်ကြောင်း အားလုံးက သိရှိပြီးဖြစ်သည်။ ထို့ကြောင့် အသက်ရှင်နိုင်ခဲ့သည်ဆိုခြင်းမှာ သဘာဝကျလှ၏။
“တစ် နှစ် သုံး”
တပည့်နှစ်ရာကျော်နှင့် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲလေးယောက်တို့သည် လေပွေထဲမှ ထွက်ပေါ်လာပြီးနောက် ကျွင်းချောင်ရှောင်း၏ အနောက်တွင် စီစီရီရီနှင့် ရပ်တန့်လျက် ရှိနေကြသည်။ များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများအားလုံးသည် လူအရေအတွက်ကို ရေကြည့်ပြီးသည့်နောက်မှာ အမူအရာများ အေးခဲသွားကြသည်။
အမှန်ပင်ဖြစ်သည်။ ဤလူစာရင်းအတိုင်း ဝင်သွားပြီး ဤလူစာရင်းတိုင်းပင် ပြန်လည်ထွက်ခွာလာခဲ့၏။ အဆင့်ငါး ဂိုဏ်းတစ်ခုအနေနှင့် သေမင်းတောင်ကြားထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် ကျိန်းသေပေါက် အားလုံး သတ်ဖြတ် ခံရမှာဖြစ်သည်။ အဘယ်ကြောင့် အားလုံး ပြန်လည်ထွက်ပေါ်လာရသနည်း။ ပို၍ စိတ်ပျက်စရာ အကောင်းဆုံးမှာ ၎င်းတို့၏ အခြေအနေကို ကြည့်မည်ဆိုလျှင် တစ်ယောက်တစ်လေကမှ ဒဏ်ရာ မရရှိခဲ့ချေ။ နတ်ဆိုးတောင်ကြား ကို သွားရောက်၍ လေ့ကျင့်ခဲ့သည်လား ပျော်ပွဲစားထွက်ခဲ့သည်လား မသိနိုင်ပေ။
မူလအားဖြင့် ပြိုင်စံရှားဂိုဏ်း တပည့်များသည် ဝင်ရောက်သွားသည်နှင့် တပြိုင်နက် သုတ်သင်ရှင်းလင်းခံရမှာ ဖြစ်သည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဘာတစ်ခုမှ ဖြစ်ပေါ်မလာဘဲ၊ အပြင်ဘက်သို့ ပြန်လည်ထွက်ခွာလာနိုင် ခဲ့သည်။ ဤအရာမှာ ၎င်းတို့၏ မျက်နှာအား ပိတ်ရိုက်လိုက်ခြင်းနှင့်ပင် ဆင်တူသည်။
“အကြီးအကဲ”
ထိုက်ရွှမ်အအေးဂိုဏ်းမှ သိုင်းအုပ်စိုးသူက ပြောလိုက်သည်။ “ဒါက နည်းနည်းတော့ ထူးဆန်းတယ်”
လင်းယွမ်သည် အနည်းငယ် မျက်မှောင်ကုတ်သွား၏။ သူသည် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းသည် အဘယ်ကြောင့် တစ်ခုတစ်လေမှ ဆုံးရှုံးခြင်းမရှိဘဲ ပြန်လည် ထွက်ပေါ်လာနိုင်သည် ဆိုခြင်းကို သူကောင်းကောင်း နားမလည်နိုင်ချေ။
“ဂိုဏ်းချုပ်ဟောင်”
ကျွင်းချောင်ရှောင်းသည် တင်းရွှမ်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အရှေ့သို့ လျှောက်သွားပြီး လက်ကို ဆွဲကိုင်၍ ခင်မင်ရင်းနှီးစွာ ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ ဝေစုကို ကျုပ်ကိုပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ ကျုပ်က အရမ်းကို ကျေးဇူးတင်တယ်”
“ဟမ်” ဂိုဏ်းချုပ်ဟောင်သည် ယောင်တောင်တောင်နှင့် ဖြစ်မိနေ၏။ သူသည် ဤအချိန်၌ သူ၏တပည့်များကို ခေါ်ဆောင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း သူတို့သာ ဝင်သွားမည်ဆိုပါက တစ်ဝက် ဒါမှမဟုတ် အကုန်လုံး သေဆုံးပြီးသားဖြစ်သွားမည်ဟု စိတ်ထဲမှာ တွေးထင်ပြီးသားဖြစ်သည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဘာတစ်ခုမှ ဖြစ်မလာနိုင်ဘဲ ပြန်လည်ထွက်ခွာလာနိုင်ခဲ့သည်။ ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ကြည့်ရသည်မှာ အထဲတွင် မည်သည့်သားရဲမှ မတွေ့ရှိရဘဲ တစ်နာရီတိုင်တိုင် ထိုင်၍ ပြန်ထွက်လာခဲ့ကြသည်လား။
တစ်စုံတစ်ယောက်သည် ထိုအရာကို တွေးမိ၍ ဂိုဏ်းချုပ်ကျွင်းအား မေးလိုက် သည်။ “ဂိုဏ်းချုပ်ကျွင်း.... နတ်ဆိုးတောင်ကြားထဲကို ဝင်သွားခဲ့တာလား၊ မဝင်သွားခဲ့ဘူးလား”
“ကျုပ်တို့ ဝင်ခဲ့တာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စိတ်လှုပ်ရှားစရာ အရမ်းကောင်းတယ်လေ”
“မဖြစ်နိုင်တာ” အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ဝင်သွားတယ်ဆိုရင် ဘာလို့ တစ်ယောက်မှ မသေဘဲ ပြန်ထွက်လာရတာလဲ”
“ပြောနေစရာမလိုဘူးလေ”
ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေက အရမ်း အားကောင်းလို့ပေါ့၊ နတ်ဆိုးတောင်ကြားထဲမှာရှိတဲ့ သားရဲတွေက သူတို့အတွက် မခြိမ်းခြောက်နိုင်ဘူး”
“ပေါက်ကရတွေ”
ဘေးနားမှာရှိသော ကျွမ်းကျင်သူက ပြောလိုက်၏။ “သူတို့ တည်နေရာတစ်ခုခုကို ရှာဖွေ တွေ့ရှိ ပြီးတော့ တစ်နာရီတိုင်တိုင် အထဲမှာ ပုန်းနေတာပဲ ဖြစ်ရမယ်၊ အားလုံးပြီးမှ ခပ်တည်တည်နဲ့ ပြန်ထွက်လာတာပဲ”
ဤအတွေးအခေါ်နှင့်ပတ်သက်၍ များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် သဘောတူညီမိကြ၏။ အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တပည့်နှစ်ရာကျော်တို့သည် အထဲသို့ ဝင်ရောက်သွားပြီး သည့်နောက်မှာတော့ တစ်ဦးတစ်လေမှ ဘာတစ်ခုမှ မဖြစ်ပေါ်ဘဲ ပြန်လည်ထွက်ပေါ်လာနိုင်သည်ဆိုသည်ကို သူတို့ မယုံကြည်နိုင်ကြချေ။
“ဂိုဏ်းချုပ်ကျွင်း”
သိုင်းကျင့်ကြံသူတစ်ယောက်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ထိပ်တန်း ပထမအဆင့် ဂိုဏ်းတွေတောင်မှ ဒီထဲကို ဝင်ဖို့ အနည်းဆုံးလေးနာရီလောက် ကြာတယ်လေ၊ ပြိုင်စံရှားဂိုဏ်းက ဘယ်လိုလုပ်ပြီး တစ်နာရီတည်းနဲ့ ပြန်ထွက်လာနိုင်တာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးကို ရှင်းလင်းပြီးတဲ့ နောက်မှာတော့ ဒီတိုင်းပြန်ထွက်လာရမှာပေါ့၊ အထဲမှာနေပြီးတော့ နှစ်သစ်ကူးပွဲ ကျင်းပနေရမှာလား”
“အားလုံးကို ရှင်းလင်းခဲ့တယ်ဟုတ်လား …. ဟား ဟား ဟား ဟား ဘယ်လောက်ရယ်ရလဲ”
ဟား ဟား ဟား ဟား
အားလုံးသည် ဝိုင်း၍ ရယ်မောလိုက်ကြ၏။ ဤလူများအားလုံးသည် သူတို့ဂိုဏ်းကို မဝင်ရောက်စေချင်မှန်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ အထဲသို့ ဝင်ရောက်သည်ကို ခွင့်ပြုပေးလိုက်သည်ဆိုလျှင်တောင်မှ အားလုံးသေဆုံးသွား မည်ကို မျှော်လင့်နေကြကြောင်း သူ ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် ၎င်းတို့အား ပြန်လည်ရှင်းပြရန် အတွက် သူသည် ပျင်းရိလွန်းနေ၏။
“နှုတ်ဆက်ပါတယ်”
“ဂိုဏ်းချုပ်ကျွင်း.... ခဏနေပါအုံး”
ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် သူ့အား ဟန့်တားကာ ပြောလိုက်၏။ “ခင်ဗျားက အထဲမှာရှိတဲ့ အရာအားလုံးကို ရှင်းလင်းခဲ့တယ်ဆိုရင် ပစ္စည်းကောင်းတွေ အများကြီး ရတဲ့တယ်လို့ ဆိုလိုတာပဲ၊ ကျုပ်တို့လေ့လာလို့ရအောင် နည်းနည်းလောက် ထုတ်ပြနိုင်မလား”
“အားနာပါတယ်”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “တကယ်လို့ ထုတ်ပြလိုက်မယ်ဆိုရင် အားလုံးက လောဘတွေ တက်လာနိုင်တယ်လေ၊ ဒီတော့ မထုတ်ပြတာ အကောင်းဆုံးပဲ”
“ဒီအဘိုးကြီးရဲ့ အထင်အရဆိုရင် မင်း ထုတ်မပြနိုင်တာ မဟုတ်ဘူးလား”
“အကြီးအကဲစွန်း.... အဲလောက်ကြီး တည့်တည့်ကြီး ပြောဖို့ မလိုဘူးလေ၊ အနည်းဆုံးတော့ သူ့ကို မျက်နှာ ထောက်ထားသင့်တယ်လေ၊ ပြီးတော့ သူက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်မဟုတ်ဘူးလား၊ ဒီမှာလည်း သူ့တပည့်တွေ အများကြီး ရှိတာကို”
လေထဲတွင် ရပ်တန့်လျက်ရှိသော လင်းယွမ်သည် အသာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.... စိတ်ချပါ၊ နတ်ဆိုး တောင်ကြားထဲကိုဝင်သွားပြီးတဲ့လူတွေ ရရှိခဲ့တဲ့ ပစ္စည်းတွေကို ဘယ်သူမှ လုယက်ခွင့် မရှိဘူးလေ၊ တကယ်လို့ လုယက်ခဲ့မယ်ဆိုရင် ကျန်တဲ့ဂိုဏ်းတွေ အကုန်လုံးရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်”
“အကြီးအကဲလင်း”
သိုင်းပညာရှင်တစ်ယောက်သည် ပြုံးကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက အားလုံးကို နောက်နေတာပါ၊ ဟုတ်တယ်မလား၊ နတ်ဆိုးတောင်ကြားထဲမှာ တည်နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့တယ်ဆိုတာတော့ သူက တကယ့်ကို စွမ်းရည်ရှိတယ်လို့ ပြောရမယ်”
“ဒါက စွမ်းရည်ရှိတာ မဟုတ်ဘူး၊ တကယ်တော့ ဒီနှစ်ရဲ့ ခွဲတမ်းကို ဖြုန်းတီးလိုက်တာပဲ၊ ကျုပ်တို့သာ ဒီလိုမှန်း စောစောက သိခဲ့ရင် တင်းရွှမ်နတ်ဂိုဏ်းကိုပဲ အထဲကို ဝင်စေပါတယ်”
မူလအားဖြင့် ထွက်ခွာသွားရန် ပြင်ဆင်နေသော ကျွင်းချောင်ရှောင်းသည် သူ့အား လှောင်ပြောင်နေသည့် အသံများကို ကြားရသည့်နောက်မှာတော့ နှလုံးသားထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်လာ၏။
ငါ ခပ်တည်တည်နဲ့ ထွက်သွားရမလား၊ ဟန်ထုတ်ပြီး ကြွားဝါရမလား၊ ထားလိုက်ပါတော့၊ ငါ့ရဲ့ချမ်းသာမှုကို ထုတ်ဖော်ကြွားဝါလို့ မဖြစ်ဘူး၊ ဒီအတိုင်းပဲ သိုသိုသိပ်သိပ် နေလိုက်တာ ကောင်းတယ်။
ရွီး
ထိုအရာကို တွေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုယမ်းခါကာ ကောင်းကင်နဂါးဓားအား ထုတ်ယူလိုက်တော့၏။ ဓား၏ ကိုယ်ထည်တစ်ခုလုံးသည် နေရောင်အောက်တွင် တောက်ပလျက်ရှိပြီး သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာဆီသို့ ဓားအလင်းများ ဖြတ်ပြေးသွား၏။ မျက်စိများပင် ကျိန်းသွားစေမိ၏။
“ဒါက”
ဓားနှင့်ပတ်သက်၍ ဗဟုသုတကြွယ်ဝလှသော သိုင်းပညာရှင်တစ်ယောက်သည် ကောင်းကင်နဂါးဓား၏ ကိုယ်ထည်ကို မြင်ရချိန်မှာတော့ ၎င်း၏ မျက်နှာတစ်ခုလုံး ပြောင်းလဲသွားသည်။ “ဒါ …. ဒါက ကောင်းကင်နဂါးဓားလား”
“ဘာ”
ရှိရှိသမျှသော လူအားလုံးသည် မျက်လုံးပြူးသွားကြ၏။ ၎င်းတို့သည် မကြာသေးခင်ကပင် ထိပ်ဆုံးဓားဆယ်လက် ထဲမှ တစ်လက်ဖြစ်သော ဤဓားအကြောင်းကို ကောင်းကောင်း ဆွေးနွေးခဲ့သေး၏။
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နဂါးဓားအား အသာမြှောက်ကိုင်ပြီးနောက် လက်နှစ်ချောင်းဖြင့် ပွတ်သပ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “အားလုံးပဲ ဒီဓားကို ကျုပ်က နတ်ဆိုးတောင်ကြားထဲမှာ ရခဲ့တာလေ”
“မဖြစ်နိုင်တာ”
တစ်စုံတစ်ယောက်က သံသယဖြင့် ပြောလိုက်၏။ “ဒါအတုကြီးပဲ ဖြစ်ရမယ်”
ရွှီး
သူပြောပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်လိုက်၏။ ပြီးနောက် ဓားနှင့်တစ်ချက် ခုတ်ပိုင်း လိုက်၏။ အားကောင်းလှသော ဓားအော်ရာများ ထွက်ပေါ်လာပြီးသည့်နောက် အဝေးတစ်နေရာတွင် ရှိနေသော ကြီးမားလှသော ကျောက်တုံးကြီးသည် ထက်ပိုင်း ပြတ်ထွက်သွား၏။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ပြန်ဆင်းလာ၏။ ကောင်းကင်နဂါးဓား၏ ဓားဦးသည် မြေပေါ်တွင် စိုက်လျက်ရှိသည်။ ထိုအချိန်မှာပဲ ကြီးမားလှသော ကျောက်တုံးကြီးသည် နှစ်ပိုင်းကွဲပြတ်သွားပြီး ဘုန်းကနဲ အသံနှင့်အတူ ဘေးတစ်ဖက်သို့ လဲကျသွားသည်။
“ဒါက အစစ်လား၊ အတုလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားကြ၏။ ၎င်းတို့၏ မျက်လုံးများသည်လည်း လေးနက်သွားသည်။ ၎င်းတို့သည် အားနည်းသူများ မဟုတ်ကြချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကိုမှ အသုံးမပြုပဲ ဤဓားအား ရိုးရိုးခုတ်ပိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကောင်းကောင်းသိကြ၏။ ဆိုလိုသည်မှာ ဤဓားသည် အလွန်တရာ အားကောင်းလွန်းနေ၏။
“အမှန်ပဲ”
လက်နက်နှင့်ပတ်သက်လျှင် ကျွမ်းကျင်မှု ရှိသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ခိုင်မာစွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း လက်ထဲမှာရှိတဲ့ဓားက ကောင်းကင်နဂါးဓား အစစ်ပဲ၊ အတု မဟုတ်ဘူး”
ဓား၏ စွမ်းအင်ကို သူမြင်ခဲ့သည်သာမက ဓား၏ လက်ရာကိုလည်း သေသေချာချာ ကြည့်ရှုပြီးဖြစ်သည်။ ထို့ပြင် ဤကဲ့သို့သော ကျော်ကြားလှသော ရှေးဓားကြီးသည် ဤလောကတွင် ပေါ်မလာသည်မှာ အချိန်အတော် ကြာမြင့်ပြီဖြစ်သည်။ ထို့ကြောင့် အတုပြုလုပ်လိုချင်ပင်လျှင် မည်သူမှ သေချာမသိသောကြောင့် အတုပြုလုပ်၍ မရနိုင်ချေ။
“အင်း ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အသာလှုပ်ရှားလိုက်ပြီးသည့်နောက်မှာ သူ၏ ခန္ဓာကိုယ်တွင် ငါးအကြေးခွံသို့သော ချပ်ဝတ်တစ်ခု ဖြစ်တည်လာ၏။ “ဒါက ဘာလဲ သိတယ်မလား”
“ဝိညာဉ်ကိုးပါး ချပ်ဝတ်ပဲ” တစ်စုံတစ်ယောက်က ထအော်လိုက်သည်။
သူပြောပြောပြီးချင်းမှာပဲ အဓိကဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ဆွံ့အသွားကြ၏။ ပြိုင်စံရှားဂိုဏ်းသည် ကံကောင်းပြီး ကျော်ကြားလှသည့် ရှေးဓားဆယ်လက်ထဲမှ တစ်လက်ကို ရရှိခဲ့သည် ဆိုလျှင်တောင်မှ ယခု အဘယ်ကြောင့် ရှေးချပ်ဝတ်တစ်ခုကို ရရှိနေရသနည်း။
ဤနှစ်ပိုင်းအတွင်းတွင် နတ်ဆိုးတောင်ကြားထဲကို ဝင်ရောက်ကာ ရှာဖွေခဲ့ကြသော ဂိုဏ်းများမှာ အများအပြားပင် ရှိကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အဆင့်နိမ့် သူတော်စင်အဆင့် ရတနာများကိုသာ ရရှိခဲ့ကြ၏။ ဤကဲ့သို့သော ရတနာမျိုးကို မရရှိခဲ့ကြချေ။ ကျွင်းချောင်ရှောင်း သည် နာမည်ကျော်ကြားလှသော ရှေးလက်နက်ပစ္စည်းနှစ်မျိုးကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
“အားလုံးပဲ ဒီပစ္စည်းနှစ်ခုက နတ်ဆိုးတောင်ကြားထဲက ရခဲ့တာလေ၊ ဆိုလိုတာ ပြိုင်စံရှားဂိုဏ်းက အထဲမှာ ရှိတဲ့ အရာအားလုံးကို ရှင်းလင်းခဲ့ပြီ ဟုတ်ပြီလား”
“.......” အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“ကဲ …. ဒီတော့ အရမ်းကြီး ပတ်မပြောတော့ဘူး”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကံကြမ္မာရေစက်ရှိရင် ထပ်ပြီးတော့ ဆုံကြတာပေါ့”
ဝှစ် …..။
သူသည် အင်္ကျီလက်များအား ယမ်းခါ၍ တပည့်များအား ခေါ်ယူကာ ပြန်လည်ထွက်ခွာသွားခဲ့တော့သည်။ လမ်းတစ်လျှောက်မှာတော့ အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ ငါက ဟန်ထုတ်ချင်တာမဟုတ်ဘူး၊ ဘာလို့ အဲလောက်ကြီး အတင်းဖိအားပေးရတာလဲ။
“ဒါကို ငါကောင်းကောင်းသိတယ်လေ”
စနစ်က ပြောလိုက်၏။ “ဒီလိုမျိး ဟန်ထုတ်ရတာ လက်ခံသူအတွက် အရမ်းကို ခက်ခဲခဲ့မှာပဲ”