အခန်း (၇၇၃)
Vol. 52 Ch. 773
ကောင်းကင်နဂါးဓားကို ကိုင်ဆောင်ပြီး ဝိညာဉ်ကိုးပါးချပ်ဝတ်ကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် အားလုံး၏ မနာလိုသည့်အကြည့်အောက်မှာပဲ တပည့်များကို ခေါ်ဆောင်ကာ လှမ်း၍ ထွက်ခွာသွားခဲ့တော့သည်။
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူအား အားလုံးသည် အကူအညီမဲ့စွာဖြင့် ရပ်လျက်ကြည့်ရုံသာ တတ်နိုင် ကြတော့သည်။ ၎င်းတို့၏ နှလုံးသားများသည် သွေးစက်စက်ယိုလျက်ရှိ၏။
နတ်ဆိုးတောင်ကြားထဲသို့ ဝင်ရောက် သွားပြီး ဘာတစ်ခုမှမဖြစ်ဘဲ ပြန်လည်ထွက်ခွာလာနိုင်သည်သာမက ရှေးတုန်းကတည်းက ကျော်ကြားခဲ့သော ရတနာနှစ်ခုကိုပင် ရရှိခဲ့သေး၏။ ၎င်း၏ ကံတရားသည် အဘယ်မျှ ကောင်းမွန်နေရသနည်း။
ဤများပြားလှသော ဂိုဏ်းများ မျက်လုံးထဲတွင်တော့ ပြိုင်စံရှားဂိုဏ်းသည် အားကောင်းလွန်းသောကြောင့် ဤကဲ့သို့သော ရတနာများကို ရရှိခဲ့သည်ဖြစ်ကြောင်း သိရှိကြသည်။ သို့သော်ငြား တော်တော်များများသည် ပြိုင်စံရှားဂိုဏ်း အားကောင်းသည်ဆိုသည့်အကြောင်းကိုတော့ မဝန်ခံချင်ကြပေ။
“လူစုခွဲကြရအောင်” လင်းယွမ်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
အားလုံးသည် ရတနာနှစ်ခု ရရှိသွားခဲ့သော ကျွင်းချောင်ရှောင်းနှင့်ပတ်သက်၍ မနာလိုဖြစ်မိသွားကြသည် ဆိုသော်လည်း ဤအရာကို အတင်းပင် ဖိနှိပ်ထားကြ၏။ ၎င်းတို့သည့် စည်းမျဉ်းစည်းကမ်းများကို မဖောက်ဖျက် ချင်ကြပေ။
ဟင်း........
ဂိုဏ်းချုပ်ဟောင်သည် သက်ပြင်းချလိုက်မိ၏။ ထိုအချိန်မှာပဲ သူ၏ဆုံးဖြတ်ချက်များသည် နောင်တတရားများ ဖြစ်တည်စေခဲ့သည်ဟု သူကောင်းကောင်းနားလည်သွားမိ၏။ သူသည် အခွင့်အလမ်းကို လက်မလျှော့ဘဲ ဝင်ရောက် သွားမည်ဆိုလျှင် ဤရတနာနှစ်မျိုးကို ရရှိနိုင်သည်။
အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်၍ ထွက်ခွာသွားခဲ့ကြသည်။ သို့ပေမဲ့ လမ်းမှာတော့ သူတို့သည် စတင်ကာ ဆွေးနွေးနေကြ၏။
“ပြိုင်စံရှားဂိုဏ်းက ရတနာနှစ်ခုကို ရရှိခဲ့တယ်၊ နတ်ဆိုးအင်ပါယာက သူ့မှာရှိတဲ့ ရတနာအားလုံးကို နတ်ဆိုး တောင်ကြားထဲမှာ သိမ်းထားခဲ့တယ်လို့ တွက်ချက်လို့ရတယ်လေ”
“ဒါက အမှန်ပဲ၊ နောက်နှစ် ကျုပ်တို့ဝင်သွားမယ်ဆိုရင် တကယ့်ကို ကံကောင်းတာနဲ့ တခြား ရတနာပစ္စည်းတွေ ရရှိနိုင်တယ်”
“အဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးက ကောင်းကင်နဂါးဓားထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး”
အားလုံးသောသူများ၏ မျက်လုံးများသည် လင်းလက်သွားကြ၏။
သူတို့ မသိရှိသည်မှာ ကျွင်းချောင်ရှောင်း ရောက်ရှိသွားသောနေရာဟူသည် တစ်ခုတစ်လေမှ အကြွင်းအကျန် ကျန်ရှိလိမ့်မည်မဟုတ်ဟူသော အရာပင်ဖြစ်သည်။
ထို့ပြင် နောက်နှစ်၏ ခွဲတမ်းအတွက်ကို သူတို့ စဉ်းစားနေသေး၏။ တကယ့်တကယ်တမ်းမှာတော့ နောက်နှစ် ဆိုသည်မှာ မရှိတော့ချေ။ နတ်ဆိုးချီများ၏ ထောက်ပံ့မှု မရှိတော့သောကြောင့် တားမြစ်တည်နေရာသည် ဘယ်သောအခါမှပင် ပွင့်လာတော့မည် မဟုတ်ချေ။
မျက်နှာတစ်ရာ ဆေးသူတော်စင်၏ သင်္ချိုင်းထဲတွင် ရှိသော ပစ္စည်းကောင်းများအားလုံးကို ကျွင်းချောင်ရှောင်းသည် ယူဆောင်သွားခဲ့၏။ ထို့အပြင် လက်ရှိ၌ နတ်ဆိုးအင်ပါယာ၏ တားမြစ်တည်နေရာထဲသို့ ဝင်ရောက်၍ အထဲတွင် ရှိရှိသမျှသော တန်ဖိုးကြီး ရတနာများ အားလုံးကို ယူဆောင်သွားခဲ့ကြပြန်သည်။ တန်ဖိုးကြီးပစ္စည်းများကို ထိန်းသိမ်းကာ ချန်ထားခဲ့သော စွမ်းအားမြင့် ကျင့်ကြံသူကြီးများအနေဖြင့် ၎င်းတို့၏ ပစ္စည်းများအားလုံးသည် လူတစ်ယောက်တည်း၏ မောင်ပိုင်စီးခြင်းကို ခံနေရသည်ဆိုသည်အား သိရှိပါက မကျေမနပ်ဖြင့် ကျိန်ဆဲမိပေလိမ့်မည်။
..............
“ဒင်.... သီးခြားတာဝန်ကို ပြည့်စုံစေသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်၊ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား ရရှိသည်”
“ဒင်...... ဂိုဏ်းစုဆောင်းမှတ် - ၁၄၂၉၆ / ၅၀၀၀၀”
“ဒင်....... သီးခြားတာဝန်ကို ပြည့်စုံစေပြီး ဖုံးကွယ်ထားသည့်ဆုလာဘ်အား ရရှိခဲ့သည်၊ အဆင့်မြင့် ဓားပင်ကိုယ် စွမ်းရည် တစ်ပုလင်း၊ အတွေ့အကြုံအဆောင်တစ်ခု ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
သတိပေးသံကို ကြားရပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားသည်။
“တကယ့်ကို ပစ္စည်းကောင်းတွေပဲ”
လက်ရှိအခြေအနေ၌ သူသည် စနစ်၏ များပြားလှသော ကုန်ပစ္စည်းများအကြောင်းကို ကောင်းကောင်းနားလည် နေပြီဖြစ်သည်။ ထို့ကြောင့် ထိပ်ဆုံးအဆင့် ဓားတာအို ပင်ကိုယ်စွမ်းရည်သည် သူ့အတွက် အလွန်ကို အရေးကြီး နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဓားနှင့်သိုင်းအုပ်စိုးသူတစ်ယောက်ဖြစ်သည်။ ပိုမိုမြင့်မားသည့် အဆင့် တစ်ခုကို ချိုးဖြတ်ချင်သည်ဆိုလျှင် သူ့အနေနှင့် ဓားတာအိုတွင် ပိုမိုကောင်းမွန်ရန် လိုအပ်နေ၏။ မဟုတ်ပါက သိုင်းတာအိုသည်သာ အဆင့်တစ်ခုတွင်ရှိနေမည်ဖြစ်ပြီး ဓားတာအိုမှာတော့ ဓားအုပ်စိုးသူအဆင့်တွင် တစ်လျက် ရှိနေပေလိမ့်မည်။
စနစ်က ထပ်ပြီး ပြောလိုက်၏။ “အဆင့်မြင့် ဓားတာအို ပင်ကိုယ်စွမ်းရည် ဆေးရည်ရှိနေမှတော့ လက်ခံသူအနေနဲ့ စိတ်ပူစရာ မလိုတော့ဘူး၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို လွယ်လွယ်ကူကူ ချိုးဖြတ်သွားနိုင်လိမ့်မယ်”
“သိုင်းနယ်မြေတင် မဟုတ်ဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
စနစ်က ပြောလိုက်၏။ “သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ပြီးပြီဆိုရင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့် ဆီကို ရောက်သွားလိမ့်မယ်လေ၊ သိုင်းနယ်မြေဆီ တိုက်ရိုက်ရောက်ရှိ မသွားနိုင်ဘူး”
“ဒုက္ခပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူ့အနေနှင့် သိုင်းအုပ်စိုးသူ အဆင့်ဆီမှသည် သူတော်စင်အဆင့်ဆီသို့ တက်ရောက်သွားမည်ဆိုလျှင် မည်မျှ ကောင်းပေမည်နည်း။ စာရေးသူသည် အဘယ်ကြောင့် လျှာရှည်ကာ အဆင့်တစ်ဆင့်ကို ကြားဖြတ်ခံထားရသနည်း၊ စာလုံးများများ ရေးချင်၍ပင် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်ဓားတာအို ပင်ကိုယ်စွမ်းရည်ဆေးရည်အား တစ်ခါတည်း မော့ကာ သောက်လိုက်၏။ အရသာမှာ ထုံးစံအတိုင်ပင် ငံကျိကျိဖြစ်၏။ ပြီးသည့်နောက်မှာတော့ သူ၏ဓားတာအိုနှင့် ပတ်သက်သည့် ပင်ကိုယ်စွမ်းရည်သည် တိုးတက်သွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် အရင်ကအတိုင်းပင် ရိုးရှင်းလွန်း၏။ ပြောနေစရာပင် မလိုချေ။ သူ၏ဓားတာအို ပင်ကိုယ်စွမ်းရည်သည် ပြောင်းလဲသွားပြီးသည့်နောက် မှာတော့ ဓားတာအိုနှင့်ပတ်သက်သည့် နားလည်မှုသည်လည်း အလွန်မြင့်မားသည့် အဆင့်ဆီသို့ ရောက်ရှိသွား ခဲ့၏။
လင်းကျန့်ဓားသိုင်းနှင့် ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့ ဓားနည်းစနစ်အား ပြန်လည်တွေးတောမိ မည်ဆိုပါက နားလည်မှုအရာတွင် ပိုမိုရှင်းလင်းလွယ်ကူသွား၏။
ကျွင်းချောင်ရှောင်းသည် ယခုလေးတင် ဆုလာဘ် အဖြစ် ရရှိခဲ့သော အတွေ့အကြုံအဆောင်အား တစ်ခါတည်း ချိုးချေလိုက်၏။ သူ၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“လက်ခံသူသည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်သည်”
“ဒင်...... လက်ခံသူသည် ဓားအုပ်စိုးသူထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်၊ လိုအပ်ချက်သည် ပြည့်စုံသွားခဲ့ပြီဖြစ်သည်၊ အထူးတာဝန် စတင်ပါပြီ”
“ဒင်..”
“ထင်မှတ်ထားတဲ့အတိုင်းပဲ၊ ဒါက တာဝန်နှစ်ခု ဖြစ်နေတာပဲ”
ကျွင်းချောင်ရှောင်း တွေးလိုက်သည်။ သူသည်သာ ဓားမော့ကို ဆက်လက်ကျင့်ကြံမည်ဆိုပါက နောက်ထပ်တာဝန် တစ်ခု ထပ်မံပေါ်ပေါက်နေမည်လား မသိတော့ချေ။
စနစ်ကပြောလိုက်၏။ “ဒီလိုမျိုး လမ်းစဉ်သုံးခုကို ကျင့်ကြံတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ဆို လွယ်ပါတယ်၊ စတိုးထဲကိုသွားပြီး ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုလိုက်ရုံပဲလေ”
ကျွင်းချောင်ရှောင်းသည် စနစ်အားဖွင့်၍ ပထမဦးဆုံး တာဝန်ဆိုသည့်အရာအား နှိပ်ကြည့်လိုက်၏။
“အထူးတာဝန် ခုနှစ်
တာဝန်အသေးစိတ် - ဂိုဏ်းအား တစ်နှစ်အတွင်း အဆင့်လေးဂိုဏ်းတစ်ခုဆီသို့ရောက်အောင် ကြိုးစားရန်၊ လက်ရွေးစင်ဂိုဏ်းစာရင်းတွင် အဆင့်ရှစ်ဆယ်နှင့်အထက် ရောက်ရှိအောင် ပြုမူရန်၊
တာဝန်ကျရှုံးခြင်း - သတ်မှတ်ထားသည့် အတိုင်းအတာအတွင်း အဆင့်လေးဂိုဏ်းတစ်ခု ဖြစ်မလာခဲ့ခြင်း၊ ထို့ပြင် သတ်မှတ်ထားသည့် အတိုင်းအတာအတွင်း လက်ရွေးစင်ဂိုဏ်း ထိပ်ဆုံးရှစ်ဆယ်ထဲသို့ မဝင်ခြင်း
တာဝန်၏ ဆုလာဘ် - ..........”
အဆင့်လေးဂိုဏ်းတစ်ခုဆီသို့ အဆင့်မြှင့်တင်ရမည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွား၏။ ပြိုင်စံရှားဂိုဏ်းသည် တပည့်အနည်းငယ်ကိုသာ လိုအပ်နေ၏။ ထို့ကြောင့် အဆင့်လေးဂိုဏ်း တစ်ခုဆီသို့ ချိုးဖြတ်ရောက်ရှိရန် ဆိုသည်မှာ လွယ်ကူလွန်းသည်။ သို့ပေမဲ့ လက်ရွေးစင်ဂိုဏ်းပေါင်း တစ်ရာထဲတွင် အဆင့်ရှစ်ဆယ်နှင့်အထက်ဆီသို့ ရောက်ရှိရန်ဆိုသည်မှာ အနည်းငယ် စိတ်ဓာတ်ကျစရာပင်။ ၎င်း၏အဆင့် သတ်မှတ်ပုံ မည်သို့ဖြစ်သနည်းကို သူကောင်းကောင်း မသိချေ။
နဂါးကျားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ဗိုလ်ဆွဲခဲ့သည့်အတွက် ပြိုင်စံရှားဂိုဏ်းသည် အဆင့်တစ်ရာဆီမှသည် ကိုးဆယ့်ကိုးဆီသို့ တိုးမြင့်ရောက်ရှိခဲ့၏။ ဤသတင်းကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလွန်ပဲ စိတ်ဓာတ်ကျခဲ့ဖူးသည်။ သူသည် ကြီးမားလှသည့် ပြိုင်ပွဲကြီးတစ်ခုလုံးမှာ ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့သည် ဆိုသော်လည်း အဆင့်မှာ တစ်ရာမှ ကိုးဆယ့်ကိုးအထိသာ တိုးတက်လာခဲ့၏။ အဘယ်ကြောင့် ဤမျှ ကပ်စေးနည်း ရသနည်း။
သူသည် ခေါင်းကို ယမ်းခါပြီးနောက် ဒုတိယမြောက်တာဝန်အား နှိပ်ကြည့်လိုက်၏။
“အထူးတာဝန်ရှစ်
တာဝန်၏ အသေးစိတ် - လက်ခံသူသည် လျှိုဝမ်ရှစ်အား ခေါ်ဆောင်၍ နောက်ထပ်ကျင်းပမည့် စားဖိုမှူးပြိုင်ပွဲ အား ဝင်ရောက်ယှဉ်ပြိုင်ကာ ထိပ်ဆုံးသုံးယောက်စာရင်းသို့ ဝင်ရန်ဖြစ်၏
တာဝန်ကျရှုံးမှု - စာရင်းပေးသွင်းရန် နောက်ကျမှု၊ ထိပ်ဆုံးသုံးယောက်စာရင်းထဲတွင် မဝင်မှု
တာဝန်၏ ဆုလာဘ် - .........”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တုတုရဲ့ ချက်ပြုတ်ခြင်းစွမ်းရည်အရဆိုလျှင် သူမက ထိပ်ဆုံးသုံးယောက် စာရင်းထဲမှာ ဝင်မှာ သေချာတယ်”
စနစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “အခုကျင်းပမယ့် စားဖိုမှူးနတ်ဘုရားပြိုင်ပွဲဆိုတာက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ နဂါးကျားတိုက်ပွဲလိုပဲ၊ တကယ့်ကို ကြီးမားတယ်၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လူတွေအားလုံး ကလည်း တကယ့်ကို ကျွမ်းကျင်သူတွေအထဲက ကျွမ်းကျင်သူပဲ”
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ ပြန်သွားပြီဆိုတာနဲ့ ဒီကောင်မလေးကို ကြိုတင်ပြီး ပြင်ဆင်ခိုင်းရတော့မယ်”
သူ့အနေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်မည်လား၊ မရောက်ရှိနိုင်ဘူးလား ဆိုသည်က ကိစ္စမရှိပေ။ လျှိုဝမ်ရှစ်၏ ချက်ပြုတ်မှုစွမ်းရည်ကို ပိုမိုတိုးတက်စေမည်ဆိုလျှင် ဂိုဏ်းသားများ ပိုမို၍ ဝမ်းသာပေလိမ့်မည်။
သူ၏ ဓားတာအိုပင်ကိုယ်စွမ်းရည်နှင့် သိုင်းကျင့်ကြံခြင်းအဆင့်သည်လည်း တိုးတက် သွားခဲ့၏။ လက်ရှိအခြေအနေတွင် အထူးတာဝန်သည်လည်း ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်နေမိ၏။ ထို့ကြောင့် သူသည် သီချင်းကို အော်ဟစ်ဆိုလိုက်၏။
“လှေကလေးကို လှော်မည်”
သူ၏အသံသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့တော့သည်။
ရှောင်ကျီနှင့် လီဖေးတို့အားလုံးသည် နားကို ပိတ်ထားမိ၏။ လီချင်းယန်ပင်လျှင် သူ၏အကြားအာရုံကို တိတ်တဆိတ်နှင့် စည်းခတ်ထားခဲ့တော့သည်။ နားထောင်နေကြသော တပည့်များသည် မည်သို့မျှ မခံစားနိုင်ခဲ့ကြချေ။
ဝှစ် ဝှစ်
၎င်းတို့သည် အရှေ့တောင်ရန်ကျူးဆီသို့ ဝင်ရောက်ခါနီးမှာပဲ အလင်းတန်းလေးခုသည် ပျံသန်းလာခဲ့ပြီး အမှောင်ထဲမှ ပေါ်လာကြ၏။ အားလုံးသည် ကျွင်းချောင်ရှောင်း၏အရှေ့ လေထဲတွင် ရပ်တန့်လိုက်သည်။ ၎င်းတို့သည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး မျက်နှာပေါ်တွင် မျက်နှာဖုံးများ တပ်ထား၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင် အားကောင်းလှသည့်အော်ရာများ ထုတ်ဖော်နေသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ထပ်လာပြန်ပြီလား”
“ဂိုဏ်းချုပ်ကျွင်း”
အရှေ့ဆုံးမှာ ရှိနေသော လူသည် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့က မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး၊ ခင်ဗျားကို လာပြီးတော့ ဧည့်သည့်အနေနဲ့ ဖိတ်ခေါ်တာပါ”
“ဧည့်သည် ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်နေရာကိုလဲ”
“မိုးမခ တောင်ကြားထဲကိုလေ၊ အထဲမှာ ခရမ်းရောင်ဝါးသစ်တော ရှိတယ်မဟုတ်လား” မျက်နှာဖုံးနှင့်လူက ပြောလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငြင်းလို့ရလား”
“ရတာပေါ့”
မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။ “ဒါပေမဲ့ အနာဂတ်မှာ ခင်ဗျားဂိုဏ်းက တပည့်တွေ တစ်စုံတစ်ခု အန္တရာယ်နဲ့ မကြုံချင်ရင် ဂိုဏ်းချုပ်ကျွင်းအနေနဲ့ လိုက်ခဲ့သင့်တယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပဲ လေးနက်သွား၏။ “ခင်ဗျား ကျုပ်ကိုလာပြီး ခြိမ်းခြောက်နေတာလား”