← Chapters

အခန်း (၇၇၄)

Vol. 52 Ch. 774

အခန်း (၇၇၄)

Vol. 52 Ch. 774

ကျွင်းချောင်ရှောင်းသည် တခြားသောလူများကို ခြိမ်းခြောက်တတ်သည့်လူမျိုးကို အလွန်တရာ မုန်းတီးလှ၏။ ထို့ကြောင့် သူ၏ အမူအရာများသည် အေးစက်သွားသည်။

“ဂိုဏ်းချုပ်ကျွင်း” မျက်နှာဖုံးနှင့်လူက ပြောလိုက်သည်။ “ဒါက ခြိမ်းခြောက်တာ မဟုတ်ပါဘူး၊ သတိပေးတာပါ”

ဆွစ်

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် လက်ကို အပေါ်သို့ မြှောက်လိုက်၏။ လေထုထဲမှာတော့ ကောင်းကင်နဂါးဓားသည် ပေါ်ပေါက်လာခဲ့တော့သည်။ သူသည် ဓားအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီးနောက် ခုတ်ပိုင်းလိုက်တော့၏။

ဝှစ်

ဓားစွမ်းအင်များအားလုံးသည် တည်နေရာကြီးကို ဖြတ်သန်းသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းလှသော ဓားအရှိန် နှင့်အတူ မျက်နှာဖုံးနှင့်လူဆီသို့ရောက်ရှိသွား၏။ မျက်နှာဖုံးစွပ်လူသည် အလွန်တရာ ထိတ်လန့် တုန်လှုပ်သွား၏။ သူသည် အလျင်အမြန်ပဲ သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုကာ ရှောင်ရှားလိုက်တော့သည်။ ဓားစွမ်းအင်များသည် သူ၏ဘေးနားမှ ဖြတ်သန်းသွားသည့်အချိန်တွင် သူသည် ကျောရိုးမကြီးတစ်ခုလုံးပင် စိမ့်တက်သွားတော့၏။ အဝေးတစ်နေရာတွင်ရှိသော တောင်ကြီးတစ်ခုလုံးသည် ဓား၏ ခုတ်ပိုင်းချက်ကြောင့် ပိုင်းဖြတ်သွားတော့သည်။

ဂျိန်း ….။

တောင်ပေါ်တွင်တော့ ကြီးမားသည့်ဓားရာကြီးတစ်ခု ဖြစ်တည်လာခဲ့တော့၏။ တောင်၏အပေါ်ပိုင်းသည် တိုက်ရိုက် ဆိုသလိုပဲ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရတော့သည်။ ထိုအရာကို မြင်သည့်အချိန်မှာတော့ မျက်နှာဖုံးနှင့်လူ၏ မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားတော့သည်။ ကြည့်ရသည်မှာ သာမန်ခုတ်ပိုင်းချက်လေး တစ်ခုကပင် အဝေးတစ်နေရာတွင်ရှိသော တောင်ကြီးတစ်ခုလုံးကို ခုတ်ပိုင်းသွား၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်တွင်ရှိသော ဓားသည် အလွန်တရာ အားကောင်းနေသည်မှာ သိသာလွန်းလှ၏။ ကောင်းကင်နဂါးဓားသည် သူတော်စင်အဆင့် ဓားတစ်လက်ဖြစ်သည်ဆိုသော်လည်း ကုန်းမြေတိုက်ကြီးရှိ ထိပ်တန်းဓားဆယ်လက်တွင် တစ်လက် အပါအဝင်ဖြစ်နေ၏။ ထို့ကြောင့် အလွန်တရာ အားကောင်းလှ၏။

“သေသေချာချာ နားထောင်” ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်ဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တွေအပေါ် မကောင်းတဲ့ အတွေးအခေါ်တွေ တွေးခေါ်ရဲမယ်ဆို အဲဒီလူက ဒီတောင်လိုပဲ အဆုံးသတ်သွားရလိမ့်မယ်”

...................

မျက်နှာဖုံးနှင့်ခေါင်းဆောင်သည် အသာငြိမ်သက်သွားပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း.... ခရမ်းရောင်ဝါးသစ်တော အတွင်းကို လိုက်လာပြီးတော့ ကျုပ်ရဲ့သခင်နဲ့ တွေ့မယ်ဆိုရင် ကျုပ်တို့က မိတ်ဆွေရင်းချာတွေ ဖြစ်သွားနိုင်တယ်”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်က ပွင့်ပွင့်လင်းလင်းနဲ့ တည့်တိုးသမားပဲ၊ ကိုယ်ဘယ်သူလဲဆိုတာကို မသိအောင် ပုန်းကွယ်နေတဲ့လူတွေနဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေ ဖြစ်နိုင်မှာလဲ”

“ဟ ဟ” စနစ်က ပြောလိုက်၏။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ကျန့်ရာနှင့် နင်ညီအစ်ကိုတို့အားလုံးသည် ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။ ၎င်းတို့၏ သိုင်းအုပ်စိုးသူအဆင့် အော်ရာများကို ထုတ်ဖော်လိုက်ကြ၏။ ဂိုဏ်းချုပ်သည် အမိန့်ပေးလိုက်သည်ဆိုသည်နှင့် သူတို့ ချက်ချင်းတိုက်ခိုက်ကြပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

မျက်နှာဖုံးနှင့်လူသည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့က သတင်းစကား လာပြီးပါးတာပါ၊ ခင်ဗျားလိုက်မယ်၊ မလိုက်ဖူးဆိုတာ ခင်ဗျားရဲ့ ကိစ္စပါ၊ ဒီတော့ မနှောက်ယှက်တော့ပါဘူး၊ နှုတ်ဆက်ပါတယ်”

အမဲရောင်မျက်နှာဖုံးနှင့် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသော လူလေးယောက်တို့သည် မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားခဲ့ကြသည်။ ကျွင်းချောင်ရှောင်းသည် ထိုသူတို့အား မတားမြစ်ပေ။ ဤသူများအားလုံးသည် ထွက်ပြေးလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရာတွင် ကျွမ်းကျင်သူ များဖြစ်သည်ကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အတင်းတားမြစ်မည်ဆိုလျှင်လည်း အောင်မြင်လိမ့်မည် မဟုတ်ချေ။

“ဒါနဲ့ မိုးမခတောင်ကြားဆိုတာက ဘယ်နေရာလဲ”

“အရှေ့ပိုင်းထဲမှာပဲ”

“သွားကြစို့”

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ကျုပ်နဲ့လိုက်ခဲ့တော့”

ဤတစ်ကြိမ်မှာတော့ မျက်နှာဖုံးနှင့်လူများသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ရောက်ရှိလာခဲ့ကြခြင်း မဟုတ်ပေ။ ၎င်းတို့သည် သတင်းစကား လာရောက်ပါးခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။

တစ်ဖက်လူသည် သူ့အား ထပ်တလဲလဲ ဖိတ်ခေါ်နေသည်ဆိုမှတော့ ထိုသခင်ဟု ခေါ်သည့်လူနှင့် သွားရောက်တွေ့ဆုံရပေလိမ့်မည်။ ဟုတ်ပေသည်။ ထိုအရာသည် ကောင်းမွန်သည့်အကြံနှင့်လား၊ ဆိုးယုတ်သည့်အကြံနှင့်လား သူသေချာတော့ မသိရှိပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တပည့်များအား သူနှင့်အတူ ခေါ်ဆောင်မသွားချေ။ ၎င်းတို့ အားလုံးအား ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လည်စေလွှတ်လိုက်ပြီး သူသည် အကြီးအကဲလေးယောက်အား ခေါ်ဆောင် ခဲ့တော့၏။

မိုးမခတောင်ကြား

ဤနေရာသည် အလွန်တရာ ကျော်ကြားလှသော တည်နေရာတစ်ခုဖြစ်ပြီး များပြားလှသော ကျောင်းတော်သား များအားလုံးသည် တစ်နှစ်ပတ်လုံး ဤနေရာသို့ လာရောက်လည်ပတ်ကြသည်။ ဆရာဖန်းသည် ဤတောင်ကြား ထဲတွင် ဝါးတဲလေးတစ်ခု တည်ဆောက်ထားပြီး ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့၏။ သူသည် ဤတည်နေရာတွင် ပန်းပဲကို ပြုလုပ်ခဲ့ပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကျော်ကြားသည့်လူတစ်ယောက် ဖြစ်လာခဲ့၏။

ယနေ့မှာတော့ ကောင်းကင်ကြီးတစ်ခုလုံးသည် တောက်ပလျက်ရှိနေပြီး ကြည်လင်ရှင်းလင်းနေ၏။ မိုးမခ တောင်ကြားထဲမှာတော့ များပြားလှသော ဓားကိုင်ဆောင်ထားသည့် ကျောင်းတော်သားများအားလုံးသည် ရှေ့ကို သွားလိုက်၊ နောက်သို့သွားလိုက် နှင့် စည်ကားလျက်နေ၏။ တစ်ခါတစ်ရံ ၎င်းတို့သည် ကဗျာများကိုပင် ရွတ်ဖတ်သွားလာနေကြသေးသည်။

ရွှီး ရွှီး ….။

ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ယံတွင် အလင်းတန်းငါးခု ပျံသန်းရောက်ရှိလာခဲ့သည်။ အောက်တွင်ရှိနေကြ သောလူများအားလုံးသည် မျက်လုံးပြူးသွားကြ၏။

“သိုင်းအုပ်စိုးသူ”

“သိုင်းအုပ်စိုးသူ ငါးယောက်တောင်မှ ပါလား”

တချို့သော သိုင်းကျင့်ကြံသူများသည် ရောက်ရှိလာကြသည် ကျင့်ကြံသူများ၏ အဆင့်ကို သိရှိသွားပြီးနောက် မျက်လုံးပြူးသွားကြ၏။

“ဂိုဏ်းချုပ်”

ခဏလောက် ပျံသန်းပြီးနောက် အကြီးအကဲကုန်း သည် အရှေ့တွင်ရှိနေသော ဝါးတောကြီးအား လက်ညှိုးညွှန်ပြ လိုက်၏။ “ဒါက ခရမ်းရောင်ဝါးတောကြီးပဲ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကြည့်ရှုလိုက်ပြီးနောက် ဝါးတောကြီးတစ်ခုလုံးသည် အလွန်တရာလှပသည့် မြင်ကွင်းဖြစ်နေကြောင်းကို ရှာဖွေတွေ့ရှိလိုက်ရ၏။

ခရမ်းရောင်ဝါးတောသည် ကြီးမား လွန်းသည်တော့ မဟုတ်ပေ။ အလယ်တွင် တဲလေးတစ်ခု တည်ရှိနေသည်။ စောနက ထွက်ခွာသွားခဲ့ကြသော မျက်နှာဖုံးစွပ်လူလေးယောက်တို့သည် ထိုတဲလေး၏ရှေ့တွင် မတ်တပ် နေကြသည်။

ကျွင်းချောင်ရှောင်းနှင့် အကြီးအကဲလေးယောက်တို့သည် ဝါးတောထဲတွင် ဆင်းသက်လိုက်ကြ၏။

“ဂိုဏ်းချုပ်ကျွင်း”

အမဲရောင်ဝတ်စုံနှင့်လူသည် ပြုံးကာ ပြောလိုက်၏။ “သခင်က အခန်းထဲမှာ စောင့်နေပါတယ်”

“အင်း” ကျွင်းချောင်ရှောင်းသည် တဲထဲသို့ အသာလှမ်းဝင်လိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့်သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်သောကြောင့် သူသည်အထဲတွင် ထောင်ချောက်များ ရှိနေမည်ကို မစိုးရိမ်ပေ။

ကျန့်ရာသည် သူနှင့်အတူ လိုက်ပါလာရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ မျက်နှာဖုံးစွပ်နှင့်လူသည် ကျန့်ရာအား တားမြစ်လိုက်သည်။ “ကျုပ်သခင်က ဂိုဏ်းချုပ်ကျွင်းတစ်ယောက်တည်းနဲ့ပဲ စကားပြောချင်တာ”

“အပြင်မှာ စောင့်နေပါ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ကောင်းပါပြီ”

ကျန့်ရာနှင့် တခြားသူများအားလုံးသည် ရပ်တန့်လိုက်ကြ၏။ သို့ပေမဲ့ သူတို့အားလုံးသည် အစမှအဆုံးထိ မျက်နှာဖုံးစွပ်နှင့်လူကို သိပ်ကြည့်မရကြောင်း မျက်နှာအမူအရာနှင့် လုပ်ပြလျက် ရှိနေကြသည်။ မည်သို့ပင် ဆိုစေကာမူ တစ်ဖက်လူများသည် ဂိုဏ်းချုပ်အား ထိခိုက်နာကျင်အောင် လုပ်ဖို့တော့ အလွန်တရာ ခက်ခဲပေလိမ့် မည်။

...........

ကျွီ

ကျွင်းချောင်ရှောင်းသည် တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ လျှောက်ဝင်သွား၏။ သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည်မှာ ရိုးရှင်းလှသည့်အခန်းလေးတစ်ခုဖြစ်ပြီး အထဲတွင်တော့ ပရိဘောဂ များများစားစား မရှိဘဲ ခုံတစ်လုံးနှင့် ရေနွေးစားပွဲတစ်ခုသာ ရှိလို့နေ၏။ ရှည်လျားလှသည့် လိုက်ကာလေးတစ်ခုသည် အခန်းအား နှစ်ပိုင်း ပိုင်းခြားထား၏။ အထဲတွင် လူတစ်ယောက်ထိုင်နေသည်ကို ခပ်ရေးရေး မြင်နေရသည်။

“ဂိုဏ်းချုပ်ကျွင်း.... နောက်ဆုံးတော့ ကျုပ် ခင်ဗျားကို ဖိတ်ခေါ်နိုင်ခဲ့ပြီပဲ”

ကြည်လင်ရှင်းသန့်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံမှာ လူငယ်တစ်ယောက်၏ အသံမျိုး ဖြစ်တော့၏။

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်တွင် အမှတ်တမဲ့နှင့် ဝင်ထိုင်လိုက်သည်။ ဤအရာသည် သူ့အတွက် အထူးပြင်ဆင်ထားသည်ဖြစ်ကြောင်း သိသာနေသည်။ သူသည် အကျင့်အတိုင်း ဘယ်ဘက်ခြေထောက် ပေါ်သို့ ညဘက်ခြေထောက် လှမ်းတင်ကာ ပြောလိုက်တော့၏။

“ခင်ဗျားက လူတွေ တစ်ယောက်ပြီးတစ်ယောက် လွှတ်ပြီးတော့ ဖိတ်ခေါ်နေတာဆိုတော့ ကြာတော့ အားနာလာ တယ်လေ၊ ပြီးတော့ အခုလို ဖိတ်ခေါ်ရတာ ဘာအဓိပ္ပာယ်လဲ”

“ဂိုဏ်းချုပ်ကျွင်း ... ခင်ဗျားအထင်လွဲနေပြီ”

ထိုလူက ပြုံးကာ ပြောလိုက်၏။ “ကျုပ်က ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်ချင် လို့ပါ”

ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “မိတ်ဆွေဖြစ်ချင်လို့ ကျုပ်ရဲ့တပည့်တွေကို ပြန်ပေးဆွဲခိုင်း တယ်၊ ဒါက မိတ်ဆွေတွေအတွက် ပြုလုပ်ရမယ့် နည်းလမ်းတွေလား၊ ကျုပ်နားမလည်နိုင်တော့ဘူး”

ထိုသူက ပြောလိုက်၏။ “ဒီကိစ္စက”

“ထပ်ပြီး မရှင်းပြနဲ့တော့”

ကျွင်းချောင်ရှောင်းသည် ဖြတ်ပြောလိုက်၏။ “ဒီနေရာကို ရောက်လာပြီဆိုတော့မှ အနောက်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြောနေဖို့ အလကားပဲလေ”

သူပြောပြောပြီးချင်းမှာပဲ လိုက်ကာသည် ဖယ်ရှားသွား၏။ ထက်မြလှသော မျက်လုံးများနှင့်အတူ ကြည်လင် ရှင်းသန့်နေသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်သော လူငယ်လေးတစ်ယောက်သည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာ၏။ ထိုသူ၏ မျက်နှာသည် ပြုံးလျက်ရှိနေပြီး ပြုံးလိုက်သည်ဆိုသည်နှင့် နှစ်လိုဖွယ်ရာ ပုံစံမျိုး ရှိနေ၏။

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး၌ သူ့ထက် ချောမောသည့် သူရှိနေကြောင်းကို နားလည်လိုက်မိ၏။ ထို့ကြောင့် သူမေးလိုက်မိသည်။ “ကျုပ်မေးချင်သေးတယ်၊ ခင်ဗျားက ယောကျ်ားတစ်ယောက်ပုံစံမျိုး အယောင်ဆောင်ထားတဲ့ မိန်းမ တစ်ယောက်လား”

စနစ် “…....”

လက်ခံသူသည် သူ့ထက်ချောမောသည့် သူတစ်ယောက် လောကကြီးတွင် ရှိနေခြင်းကို အဘယ်ကြောင့် ဝန်ခံရန် ခက်ခဲနေရသနည်း။

“ဂိုဏ်းချုပ်ကျွင်း”

လူငယ်က ပြောလိုက်၏။ “ကျုပ်က ယောက်ျားတစ်ယောက်ပါ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မယုံဘူး၊ ဘောင်းဘီချွတ်ပြ”

ဂိုဏ်းချုပ်ကျွင်းသည် တစ်ဖက်လူအား အခုမှစတွေ့ပြီး စကားအနည်းငယ်သာ ပြောဆိုရသေးသည်။ သို့ပေမဲ့ မည်မျှ ပွင့်လင်းလိုက်သနည်းဆိုသော် တစ်ဖက်လူအား ဘောင်းဘီပင် ချွတ်ပြခိုင်းလျက်ရှိသည်။ အလွန်ပင် ရဲတင်းလွန်းလှ၏။

လူငယ်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားသည်။ သူကပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း.... ကျုပ်က အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးစရာရှိလို့ ခင်ဗျားကို ဖိတ်ခေါ်လိုက်တာပါ”

“ဒါဆိုလည်း ပြောလေ”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ တွေးတောလိုက်၏။ “ငါ့ထက်ပိုပြီး ချောမောတဲ့လူဆိုတာ ယောက်ျား ဟန်ဆောင်ထားတဲ့ မိန်းမပဲ ဖြစ်ရမယ်၊ ဒါ ကျိန်းသေတယ်”

လူငယ်သည် သူ၏လှုပ်ရှားနေသောစိတ်ကို အသာထိန်းသိမ်းလိုက်၏။ တစ်ဖက်လူသည် သူ့အား မိန်းမဟု ထင်မှတ် နေသည်မဟုတ်လား။

“ဂိုဏ်းချုပ်ကျွင်းက ငယ်ရွယ်လွန်းတယ်လေ၊ ဘာမှန်းမသိတဲ့ဂိုဏ်းတစ်ခုကို ဒီလောက်မြင့်မားတဲ့ အဆင့်ထိ ရောက်အောင် ပြုလုပ်နိုင်တဲ့ အစွမ်းအစရှိတဲ့ လူတစ်ယောက်ပဲ၊ ကျုပ်တကယ့်ကို ချီးကျူးမိတယ်”

“မြှောက်ပြောမနေနဲ့၊ လိုရင်းကိုပဲ ပြောပါ၊ ကျုပ် ပြန်ဖို့ အလျင်လိုနေတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အတိုချုပ်ပြောတာပေါ့”

လူငယ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်နဲ့ ပူးပေါင်းမလား သိချင်တယ်”

“ပူးပေါင်းတာ ဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

လူငယ်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းရဲ့ လတ်တလော အပြုအမူတွေအရဆိုရင် ခင်ဗျားက လုပ်ချင်ရာကို လုပ်တတ်တဲ့ လူတစ်ယောက်ပဲ၊ ဒီတော့ ကျုပ်နဲ့ခင်ဗျားနဲ့သာ ပူးပေါင်းလိုက်မယ်ဆိုရင် ကျင့်ကြံခြင်းလောကကြီး တစ်ခုလုံးမှာ ကြီးမားတဲ့အရာကို ပြုလုပ်နိုင်လိမ့်မယ်”

ဤလေသံကို သူရင်းနှီးလျက်ရှိ၏။ ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် ဤကဲ့သို့ပင် ခရမ်းရောင်ဘုရင်အား ပြောဆိုသိမ်းသွင်းခဲ့သည်မဟုတ်လား။

“ဘာကို ကိစ္စကြီးလို့ သတ်မှတ်ရမှာလဲ”

“ဒါက အရမ်းကို ရိုးရှင်းတယ်လေ”

လူငယ်သည် ခဏရပ်တန့်ကာ ပြုံး၍ ပြောလိုက်၏။ “လက်ရှိ ရှိနေတဲ့ စည်းမျဉ်း စည်းကမ်းတွေ အားလုံးကို ချိုးဖြတ်ပြီး အသစ်ပြန်တည်ဆောက်တာပေါ့”

ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ ပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားရဲ့ ကိစ္စက အရမ်းကို ကြီးမား တယ်လေ၊ ကျုပ်လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး၊ ဒီတော့ ကျေးဇူးပြုပြီး တခြားတစ်ယောက်ကို ရှာဖွေလိုက်ပါ”

သူ၏ နှလုံးသားထဲတွင် ရှိနေသော ကိစ္စကြီးတစ်ခုဆိုသည်မှာ အားကောင်းလွန်းလှသော ပြိုင်စံရှားဂိုဏ်းတစ်ခုကို တည်ဆောက်ရန်သာ ဖြစ်သည်။ တခြားမရှိချေ။ လက်ရှိ အသုံးပြုနေသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး အသစ်ပြန်လည်တည်ဆောက်ရန်ဆိုသည်ကို သူမည်သို့သောအခါကမှ မတွေးတောထားခဲ့ချေ။

“ဂိုဏ်းချုပ်ကျွင်း ကြောက်လို့လား” လူငယ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်ကာဖြင့် ပြောလိုက်၏။ “ကျုပ်က လောကကြီးတစ်ခုလုံးနဲ့ ရန်သူ မဖြစ်ချင် ဘူးလေ”

လူငယ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “တစ်ခါတစ်ရံမှာ ခင်ဗျားအနေနဲ့ တစ်လောကလုံးနဲ့ ရန်သူ မဖြစ်ချင်ဘူးဆိုရင်တောင်မှ တစ်လောကလုံးက ခင်ဗျားနဲ့ ရန်သူ ဖြစ်လာလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မှန်ကန်တဲ့ ဂိုဏ်းတွေရဲ့ မျက်လုံးထဲမှာ နတ်ဆိုးအင်ပါယာက ဆိုးသွမ်းတဲ့လူတစ်ယောက် ဖြစ်ခဲ့လို့ပဲ၊ ဒါပေမဲ့ သူက ဆိုးသွမ်းတဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူးလေ”

“ခင်ဗျားဆိုလိုတာက ကျုပ်ရဲ့ပြိုင်စံရှားဂိုဏ်းက အချိန်တန်ရင် နောက်ထပ် နတ်ဆိုးအင်ပါယာလိုမျိုး ဖြစ်လာမယ်လို့ ဆိုလိုတာလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။

လူငယ်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့ဂိုဏ်းက ထိပ်တန်းဂိုဏ်းတွေရဲ့ တကယ့်ကို လေးလေးနက်နက် ပြုမူဆက်ဆံခြင်းကို မခံရသေးဘူးလေ၊ ဒါပေမဲ့ မကြာခင်မှာ အားလုံးက အလေးထားရတဲ့ ဂိုဏ်းတစ်ခု ဖြစ်လာ လိမ့်မယ်”

“ဘာလို့လဲ” ကျွင်းချောင်ရှောင်းက မျက်မှောင်ကြုတ်လိုက်တယ်

“ဘာလို့လဲဆိုတော့”

လူငယ်၏မျက်လုံးများသည် မှေးမှိန်သွား၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားတို့ ဂိုဏ်းထဲမှာ မရှိသင့်တဲ့ တပည့်တစ်ယောက် ရှိနေတာကိုး၊ ဒီသတင်းသာ ပေါက်ကြားသွားမယ်ဆိုရင် တစ်လောက လုံးရဲ့ ရန်သူ ဖြစ်လာမှာလေ”

All Chapters