အခန်း (၇၇၆)
Vol. 52 Ch. 776
ပြိုင်စံရှားဂိုဏ်းအနေနှင့် လက်ရွေးစင်ဂိုဏ်းတစ်ရာထဲတွင် ဝင်ရောက်ခဲ့သည့် အဓိက အကြောင်းအရာမှာ လိုင်လီ နတ်ဂိုဏ်းနှင့် ထိုဒေသတွင်ရှိသော ဂိုဏ်းများကို စိန်ခေါ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် လက်ရွေးစင်ဂိုဏ်း၏ အဆင့်မြင့်တက်ချင်ပါက တစ်စုံတစ်ခု ပြုလုပ်ရမည်ဟု ကျွင်းချောင်ရှောင်းက ခန့်မှန်းမိပြီး ဖြစ်သည်။
စနစ်၏ တာဝန်တည်ရှိနေသောကြောင့် သူ့အနေနှင့် သိုသိုသိပ်သိပ် နေထိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် မုန်တိုင်းနှင့် လှိုင်းလေထဲကို ဖြတ်သန်းကာ ရဲရဲဝံ့ဝံ့နှင့် သွားချင်သည့်နေရာကို သွားမှ ဖြစ်ပေလိမ့်မည်။
“ငါဘယ်သူ့ကို စိန်ခေါ်ရင် ကောင်းမလဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် မည်သည့် ပြည်နယ်တွင်ရှိသော ကြီးမားလှသည့် ဂိုဏ်းကြီးကို စိန်ခေါ်ရမည်ကို စတင်ကာ စဉ်းစားနေမိ၏။ ဓားနှင့် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးနောက် သူ၏ အားအင်အဆင့်များသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှင့် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပိုမို၍ ရဲရင့်လာခဲ့သည်။ မလုံလောက်ပါက သူ့အနေနှင့် စီရင်စုကြီးတစ်ခုလုံးကိုပင် စိန်ခေါ်ရန် ဆန္ဒရှိနေ၏။
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ “ဘာရန်ငြှိုးရန်စမှ မရှိဘဲနဲ့ စီရင်စုကြီးတစ်ခုလုံးမှာရှိတဲ့ဂိုဏ်းတွေကို ပတ်ပြီး စိန်ခေါ်နေရင် အကုန် ဒုက္ခများကုန် လိမ့်မယ်၊ နေအုံး … ရန်ငြိုး ဟုတ်လား၊ ဟုတ်ပြီ”
သူသည် ပေါင်ကိုပုတ်ကာဖြင့် ပြောလိုက်၏။ “နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းပဲ”
ဤကဲ့သို့သော စဉ်းစားရခက်သော အခြေအနေမျိုးတွင် သူသည် အဆင့်သုံး မိစ္ဆာဂိုဏ်းနှစ်ခုဖြစ်သော နတ်ဆိုးမိစ္ဆာ ဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့ကို စတင်ကာ စဉ်းစားလိုက်မိ၏။ လက်ရှိအခြေအနေတွင် သူသည် ကောင်းကောင်မွန်မွန်နှင့် နေထိုင်သည်ဆိုသော်လည်း အရင်က ဖြစ်ခဲ့ဖူးသည့် ရန်ငြှိုးများကို မေ့ပစ်ခဲ့သည်တော့ မဟုတ်ပေ။ လက်ရှိအခြေအနေမှာတော့ ထိုဂိုဏ်းနှစ်ခုအား သူ၏ဂိုဏ်း အမြင့်သို့ရောက်ရှိရန်အတွက် တက်လှမ်း ရမည့်လှေကားထစ်များအဖြစ် သူသည် ရဲရဲဝံ့ဝံ့တက်လှမ်းရပေတော့မည်။
မိစ္ဆာဂိုဏ်းများအားလုံးသည် ထိပ်ဆုံးဆိုသောဂိုဏ်းများထက်ပင် ပို၍ အားကောင်းတတ်၏။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့အသုံးပြုသောနည်းစနစ်နှင့် အသုံးပြုတတ်သော အစီအစဉ်များအားလုံးသည် ယုတ်ညံ့လွန်း သောကြောင့်ပင် ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့အား အပြစ်ပြုမိမည်ဆိုပါက လက်စားချေခြင်းခံရမှာ သေချာသည်။ ထို့ပြင် ရိုးရှင်းလှသော နည်းလမ်းများဖြင့် လက်စားချေခြင်းကိုခံရမည်မဟုတ်ဘဲ ကွဲပြားလှသည့် နည်းလမ်းဖြင့် လက်စားချေခြင်း ခံရပေမည်။
အပြင်ဘက်တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် ဤတတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ခုအား လှေကားထစ်များ အဖြစ် အသုံးပြုမည့် ကျွင်းချောင်ရှောင်း၏ အကြံအစည်ကို သိရှိမည်ဆိုပါက အလွန်တရာ ချီးမွမ်းမိကြပေလိမ့်မည်။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုကိစ္စမျိုးကို လူသိရှင်ကြား တရားဝင် လုပ်မှ ဖြစ်လိမ့်မယ်၊ ဒါမှပဲ လက်ရွေးစင်ဂိုဏ်းတစ်ရာရဲ့ စာရင်းမှာ ငါ့ဂိုဏ်းက ပိုပြီး အဆင့်မြင့်တက် လာမှာပဲ၊ သိုသိုသိပ်သိပ် လုပ်နေလို့ မဖြစ်ဘူး”
...................
“အချပ်ပိုတွေ၊ အချပ်ပိုတွေ”
အဓိကလမ်းမထက်မှာတော့ လူငယ်တစ်ယောက်သည် အဆုတ်ကွဲမတတ် အော်ဟစ်လျက်ရှိသည်။
“လဝက်အတွင်းက ပြိုင်စံရှားဂိုဏ်းချုပ်က သူရဲ့တပည့်တွေကိုခေါ်ပြီး နတ်ဆိုးမိစ္ဆာဂိုဏ်းကို စိန်ခေါ်လိမ့်မယ်၊ အချပ်ပိုတွေ၊ အချပ်ပိုတွေ”
လူငယ်လေးတစ်ယောက်သည် သတင်းစာကို လှည့်လည်ရောင်းချိန်မှာတော့ များပြားလှသော စီရင်စုများထဲတွင် ဤအသံများသည် ပျံ့နှံ့လျက်ရှိနေတော့၏။
မကြာခင်မှာပဲ သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအရာကို ကြားမိသည့်အချိန်မှာတော့ စတင်ကာ ဆွေးနွေးလျက်ရှိသည်။
“ပြိုင်စံရှားဂိုဏ်းက တကယ့်ကို တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုကို စိန်ခေါ်ရဲတာပဲ”
“နဂါးကျားတိုက်ပွဲဆိုတာက လက်ရည်စမ်းပွဲ သက်သက်လေ၊ မိစ္ဆာကျင့်ကြံသူတွေက ဆိုးယုတ်ပြီးတော့ အလှည့် အပြောင်းများတယ်၊ ယုတ်ညံ့တဲ့ နည်းလမ်းတွေကိုလည်း အသုံးပြုတတ်ကြတယ်၊ ဒါကြောင့် သူတို့ကို အနိုင်ယူဖို့ ဆိုတာ သိပ်မလွယ်ဘူး”
“သူတို့ကို စိန်ခေါ်ရဲတယ်ဆိုရင်တော့ ဆိုးရွားတဲ့ ပေးဆပ်မှုတွေကို ပြန်ပြီးတော့ ပေးဆပ်ရလိမ့်မယ်”
“ပြိုင်စံရှားဂိုဏ်းကတော့ လုပ်ချင်တာတွေ လုပ်နေပြီ၊ သူတို့က နည်းနည်းလေး တိုးတက်လာတယ်ဆိုတာနဲ့ ပြိုင်ဘက်ကင်းပြီလို့ ထင်နေတာနေလိမ့်မယ်”
“တစ်ချိန်တုန်းက ကောင်းကင်ပုန်ကန်ဂိုဏ်းလိုမျိုး အဆုံးသတ်သွားမှာတောင် စိုးရိမ်မိရတယ်”
“ပြိုင်စံရှားဂိုဏ်းအနေနဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းကို စိန်ခေါ်ရဲတယ်ဆိုတာ သာမန်ပဲလေ၊ ပြီးတော့ အဲဂိုဏ်းနှစ်ခုက တစ်ဂိုဏ်း နဲ့ တစ်ဂိုဏ်း ရန်ငြိုးတွေ ရှိကြတာ မဟုတ်လား”
“ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒီလောက် အလျင်လိုလိမ့်မယ်လို့ မထင်မိဘူးပေါ့၊ ဒါကလွဲရင် အဆင်ပြေပါတယ်”
အတိတ်တုန်းကသာဆိုလျှင် အဆင့်ငါးဂိုဏ်းတစ်ခုအနေနှင့် အဆင့်သုံးမိစ္ဆာဂိုဏ်းအား စိန်ခေါ်သည့်သတင်းသည် သေလမ်းရှာခြင်းဖြစ်မည်ဟု အားလုံးက ထင်မှတ်မိနေသည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တချို့သောသူများ သည် ထောက်ခံနေကြ၏။
အားအင်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အလုံးစုံ အားကောင်းလွန်းနေ၏။ ထို့ပြင် နဂါးကျားတိုက်ပွဲ၌ များပြားလှသည့် ပထမနှင့် ဒုတိယအဆင့်ဂိုဏ်းများကို အနိုင်ရရှိခဲ့သည်။ သို့ပေမဲ့ လက်ရှိ သူတို့နှင့် ရင်ဆိုင်ရမည့်ဂိုဏ်းသည် တတိယအဆင့် မိစ္ဆာဂိုဏ်းတစ်ခုဖြစ်ပြီး အလှည့်အပြောင်းများနှင့် ညစ်ညမ်း သည့်နည်းလမ်းများကိုလည်း အသုံးပြုနိုင်သေး၏။ ထို့ကြောင့် မည်သူအနိုင်ရမည်ကို ပြောဆိုရန် ခက်ခဲနေလိမ့် မည်။
“တကယ်လို့ ရိုးရိုးရှင်းရှင်းပဲ ယှဉ်ပြိုင်တဲ့ နည်းလမ်းသာဆိုရင် ပြိုင်စံရှားဂိုဏ်းက အနိုင်ရရှိဖို့အတွက် ခြောက်ဆယ် ရာခိုင်နှုန်း ရှိလိမ့်မယ်၊ ဒါပေမဲ့ မိစ္ဆာဂိုဏ်းတွေဆိုတာက ဘယ်သူမှမသိတဲ့ ထူးဆန်းတဲ့နည်းလမ်းတွေကို အသုံးပြု ကြတာလေ၊ ဒါကြောင့် အနိုင်ရရှိဖို့က ငါးဆယ် - ငါးဆယ်လို့ပဲ ကျုပ်ထင်တယ်”
စိန်ခေါ်မှုမစတင်ခင် လဝက်လိုအပ်နေသေး၏။ များပြားလှသော ကျင့်ကြံသူများအားလုံးသည် ပျင်းရိနေသည့် အချိန်မျိုးတွင် မည်သူအနိုင်ရမည်၊ မည်သူရှုံးနိမ့်မည် ဆိုသည်ကို စတင်ကာ တွက်ချက်နေကြ၏။
“အချပ်ပိုတွေ၊ အချပ်ပိုတွေ”
ရက်အနည်းငယ်ကြာပြီးနောက် တခြားသောလူငယ်တစ်ယောက်သည် လမ်းမတွင် စတင်ကာ အော်ဟစ်လျက် ရှိ၏။
“လဝက်အတွင်းမှာ ပြိုင်စံရှားဂိုဏ်းက သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းကို စိန်ခေါ်လိမ့်မယ်”
“သောက်ကျိုးနည်း... တတိယအဆင့် မိစ္ဆာဂိုဏ်းနောက်တစ်ဂိုဏ်းကို ထပ်ပြီးတော့ စိန်ခေါ်အုံးမှာလား”
“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ကြီးမားတဲ့အရာတွေ လုပ်နေပြီပဲ”
“ဘယ်လောက်တိုက်ဆိုင်လိုက်လဲ၊ အဲဂိုဏ်းနှစ်ခုလုံးက ပြိုင်စံရှားဂိုဏ်းနဲ့ ပြဿနာဖြစ်ဖူးတဲ့ မိစ္ဆာဂိုဏ်းတွေကြီးပဲ”
“သူက လက်စားချေတော့မယ်ဆိုတာ တစ်လောကလုံးကို သိစေချင်တာဖြစ်မယ်”
အဆင့်ငါးဂိုဏ်းတစ်ခုသည် အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ခုအား တရစပ်တည်း စိန်ခေါ်ခဲ့၏။ ဤကဲ့သို့သော ကိစ္စသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အရင်တုန်းက ဖြစ်ခဲ့ဖူးသည့် ကိစ္စမျိုး မဟုတ်ပေ။ ထို့ကြောင့် များပြားလှသော ကျင့်ကြံသူများ အားလုံးသည် စိန်ခေါ်ပွဲရောက်ရှိလာသည့်နေ့တွင် တိုက်ပွဲကို စိတ်ဝင်တစားနှင့် စောင့်ကြည့်ရန် မျှော်လင့်နေမိကြတော့၏။
“အချပ်ပိုတွေ၊ အချပ်ပိုတွေ”
“ပြိုင်စံရှားဂိုဏ်း၊ နတ်ဆိုးမိစ္ဆာဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့က သုံးပွင့်ဆိုင်ပြီး တိုက်ခိုက်ကြဖို့ သဘောတူညီမှု ရခဲ့တယ်၊ ပြီးတော့ တိုက်ခိုက်ကြမယ့် တည်နေရာက ဟွာတောင်တန်းပေါ်မှာပဲ၊ သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီးတော့ တပည့်၊ အကြီးအကဲနဲ့ ဂိုဏ်းချုပ်တွေက အကုန်လုံး တိုက်ခိုက်ကြမယ်”
ထိုသတင်းကိုကြားသော ကျင့်ကြံသူများအားလုံးသည် မျက်လုံးပြူးသွားမိကြ၏။
တပည့်မှသည် ဂိုဏ်းချုပ်အဆင့် အထိ တိုက်ခိုက်ကြမည်ဖြစ်ပြီး အနိုင်ရရှိသည့်သူသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် အသက်ရှင် ကျန်ရစ်သူသာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် မည်သည့်စည်းဘောင်မှ မရှိဘဲ လွတ်လွတ်လပ်လပ်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ဤအရာသည် တကယ့်ကို ကြီးမားသည့် အလောင်းအစားကြီးပင်ဖြစ်သည်။
“ကောင်လေး.... ဘာတွေရှိသေးလဲ” တစ်စုံတစ်ယောက်သည် သတင်းစာရောင်းသည့် လူအား လှမ်း၍ခေါ်ကာ မေးမြန်းလိုက်၏။
လူငယ်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဒီအချိန်မှာ ဂိုဏ်းနှစ်ဂိုဏ်းကို တစ်ဂိုဏ်းတည်း ယှဉ်ချမှာလေ”
“နှစ်ဂိုဏ်း တစ်ဂိုဏ်း ဟုတ်လား၊ ချီးတဲ့မှ...”
“ဂိုဏ်းချုပ်ကျွင်းက အရမ်းအားကောင်းတာပဲ”
“ပြီးတော့ အဲ့နေရာမှာ မိစ္ဆာဂိုဏ်းတွေက တကယ့်ကို ညစ်ပတ်တဲ့ နည်းလမ်းတွေကို ထုတ်သုံးကြမှာလေ၊ ပြိုင်စံရှားဂိုဏ်းက ခံနိုင်ပါ့မလား”
“သုံးဆယ် - ခုနှစ်ဆယ်”
“နှစ်ဆယ် - ရှစ်ဆယ်ကွာ”
အရှေ့ဘက်မှ ပစ်လွှတ်လိုက်သော မြားကို ရှောင်တိမ်းရန် လွယ်ကူသော်လည်း အနောက်ဘက်မှထိုးသည့် ဓားမြှောင်ကိုတော့ ရှောင်တိမ်းရန် ခက်ပေလိမ့်မည်။ ထို့ကြောင့် ပြိုင်စံရှားသည် အလုံးစုံအနိုင်ရရှိရန် မည်သို့မှ မဖြစ်နိုင်ချေ။
ကောင်းကင်ဘုံတော်ဝင်မြို့
မူချန်းဟုန်သည်လည်း ထိုသတင်းကို ရရှိခဲ့ပြီးဖြစ်သည်။ သူသည် နဖူးပေါ်သို့ လက်တင်ကာ ပြောလိုက်မိသည်။ “ဒီကောင်လေးက ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ငြိမ်ငြိမ်ဆိမ်ဆိမ် လုပ်မနေဘဲ၊ ဘာကြောင့် အမြဲတမ်းလိုလို သေလမ်းကို ထထရှာနေရတာလဲ၊ ရူးများနေသလား မသိဘူး”
ရူးသွပ်သည် ဟုတ်လား။ ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ သေလမ်းမရှာပါက အဆင့်တက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အချိန်မရွေး၊ နေရာမရွေး သေလမ်းရှာနေခြင်းပင်ဖြစ်တော့သည်။
ရီထျန်းချန်နှင့် စစ်တုဟောင်ယွင်တို့သည်လည်း ထိုသတင်းကို ကြားတော့ အလွန်တရာ စိတ်ညစ်မိသွားကြသည်။ ပြိုင်စံရှားဂိုဏ်းသည် အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းနှင့် ရန်ငြိုး ရှိကြသည်ကို သူတို့ကောင်းကောင်းသိ၏။ မဟုတ်ပါက အရှေ့တောင်ရန်ကျူးတွင်ရှိသော ဂိုဏ်းခွဲနှစ်ခုအား ရှင်းလင်းပစ်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ မိစ္ဆာဂိုဏ်းနှစ်ခုနှင့် တရားဝင်တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ခြင်းမှာတော့ အလွန်တရာ ဆိုးရွားလွန်းသော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ဦးနှောက်အား မြင်းကန်ခံခဲ့ရခြင်းပင် ဖြစ်ပေလိမ့်မည်။
“ခန်းမသခင်”
မြောင်ဟွာခန်းမထဲမှာတော့ လန့်ရှင်းရွဲ့သည် လေးနက်စွာ ပြောလိုက်၏။ “ဟွာတောင်တန်းကို သွားမှာလား”
“အင်း... အခုချက်ချင်း သွားမယ်” ရှစ်ကျန်းရွှမ်က ပြောလိုက်သည်။
ပြိုင်စံရှားဂိုဏ်းသည် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းအား စိန်ခေါ်ခဲ့၏။ ထို့ကြောင့် သူမအနေနှင့်သွား၍ အားပေးရပေလိမ့်မည်။ သူမအနေနှင့် မမြင်နိုင်ဘူးဆိုသော်လည်း အားရပါးရ အားပေး၍တော့ ရနေသေးသည်။
“အင်း”
ကျန်းစွန်းဖန်းဟွာက ပြောလိုက်၏။ “ဒီကောင်လေးက တကယ့်ကို အဆင်အခြင်မဲ့တယ်၊ အခုအချိန်အထိ အသက်ရှင်နေသေးတာက တော်တော့်ကို ကံကောင်းလို့ပဲ ဖြစ်လိမ့်မယ်”
သူမ၏ စကားသည်လည်း အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းနေရာတွင် တခြားသောသူများဆိုပါက အကြိမ်ပေါင်း ထောင်ချီသေဆုံးနေပြီ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ စနစ်ရှိနေသည်။ ထို့ကြောင့် သူသည် လုပ်ချင်ရာကို ပြုလုပ်နိုင်စွမ်း ရှိနေတော့၏။
...........
နတ်ဆိုးမိစ္ဆာဂိုဏ်း
နတ်ဆိုးမိစ္ဆာဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်း၏ စိန်ခေါ်မှုကို လက်ခံရရှိသည့် အချိန်မှာတော့ နှာခေါင်းရှုံ့လိုက်မိ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြိုင်စံရှားဂိုဏ်းသည် စိန်ခေါ်စာကို ပေးပို့ခဲ့၏။ ၎င်းတို့သည် နဂါးကျားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည်ဖြစ်သောကြောင့် မိမိလုပ်ချင်ရာကို လုပ်နိုင်မည်ဟု ထင်မှတ်နေသည်လားတော့ မသိပေ။ သို့ပေမဲ့ ထိုကဲ့သို့သော ဗိုလ်စွဲခဲ့သည့် ဂိုဏ်းတစ်ခုဖြစ်သည်ဆိုလျှင်တောင်မှ ၎င်းတို့၏ ဂိုဏ်းများကို အနိုင်ရရှိရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ဂိုဏ်းချုပ်” အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ကျုပ်တို့ကို လာပြီး စိန်ခေါ်ရဲပြီ ဆိုမှတော့ သူတို့ကို ပက်ပက်စက်စက် သေဆုံးသွားစေမယ့် နည်းလမ်းတွေနဲ့ တိုက်ခိုက်ရမယ်”
မိစ္ဆာဂိုဏ်းများ ဆိုသည်မှာ မည်သို့သောနည်းလမ်းကိုသုံးသုံး တစ်ဖက်လူသေဆုံးသွားရန်သာ ဦးစားပေးသည့် ဂိုဏ်းများဖြစ်သည်။
“ဒါက အဓိပ္ပာယ်ရှိတယ်”
နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အကြံပြုချက်ကို လက်ခံလိုက်၏။ ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်းဆီသို့ စာလှမ်းရေးတော့သည်။
“စိန်ခေါ်မှုကို လက်ခံတယ်၊ ဒါပေမဲ့ စည်းဘောင်မရှိဘဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်မှပဲ ဖြစ်မယ်”
သူ၏အထင်အရဆိုလျှင် သာမန်ဂိုဏ်းများအားလုံးသည် တိုက်ပွဲကို တိုက်ခိုက်ရာတွင် ရိုးရှင်းသည့်နည်းလမ်းကိုသာ အသုံးပြုပေလိမ့်မည်။ သူတို့ မိစ္ဆာဂိုဏ်းများမှာတော့ လှည့်ကွက်ပေါင်းစုံနှင့် တိုက်ခိုက်နိုင်စွမ်း ရှိကြ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် ဤကဲ့သို့သော နည်းလမ်းဖြင့် တိုက်ခိုက်ရန် သဘောတူညီသည်ဆိုပါက ဟွာတောင်တန်းတွင်သာမက ကြိုက်သည့်နေရာတွင် စိန်ခေါ်ပါစေ သူတို့သည် သွားရောက်တိုက်ခိုက်နိုင်ကြသည်။
“မောက်မာလိုက်တာ၊ နဂါးကျားပြိုင်ပွဲမှာ အနိုင်ရရှိပြီး ပထမအဆင့် ဂိုဏ်းတစ်ခုကို အနိုင်တိုက်နိုင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး မှတ်နေတာကိုး”
.....................
“ဂိုဏ်းချုပ်”
လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်၏။ “မိစ္ဆာဂိုဏ်းတွေဆီမှာ လှည့်ကွက်တွေ အများကြီး ရှိတယ်လေ၊ ဒါကြောင့် နည်းနည်း ဒုက္ခများမှာကို စိုးရိမ်မိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “စည်းဘောင်မရှိဘဲ လွတ်လပ်တဲ့ တိုက်ပွဲမျိုးက ပိုတောင် ကောင်းသေးတယ်၊ မိစ္ဆာဂိုဏ်းတွေက လှည့်ကွက်တွေ အသုံးပြုပြီး လုပ်နိုင်ရင် ငါတို့ ပြိုင်စံရှားဂိုဏ်းကလည်း လုပ်နိုင်ရမှာပေါ့”
“ဒါက” လီချင်းယန်သည် ငြိမ်သက်သွားမိ၏။
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။ “ချင်းယန်.... မင်းက ကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ၊ ဒါပေမဲ့ တကယ့်တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကြင်နာနေလို့ မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် အနိုင်ရရှိဖို့က အရေးကြီးတယ်၊ နောက်ဆုံး မျောက်မက်မွန်သီးခူးတဲ့ တိုက်ကွက်မျိုးကလည်း ထုတ်သုံးသင့်တဲ့ တိုက်ကွက်မျိုးပဲ၊ ဒီလိုဆိုရင် တစ်ဖက်လူအနေနဲ့ ရှုံးနိမ့်တာထက် ပိုဆိုးတဲ့ ခံစားမှုမျိုးကို ရရှိမှာ သေချာတယ်”
လီချင်းယန်က ပြောလိုက်သည်။ “ဒီတပည့်က နားလည်ပါပြီ”
မည်မျှရိုးသားလိုက်သည့် ကလေးဖြစ်သနည်း။ သို့ပေမဲ့ ထိုရိုးသားလှပါသည်ဆိုသော ကောင်လေးသည် ကုန်းရှန့်၏ လွှမ်းမိုးမှုကို ခံနေရပြီဖြစ်၏။ သနားစရာပင်။
“သွားကြစို့”
ထမင်းစားသောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူတို့သည် ဟွာတောင်တန်းဆီသို့ ဦးဆောင်နေကြသည်။ လီချင်းယန်ကို ခေါ်ဆောင်လာသည်သာမက တခြားသောတပည့် များကိုလည်း ခေါ်ဆောင်လာခဲ့သည်။ ထို့ပြင် ရှောင်မိုရှန်း၊ တင်းရှင်းဝမ်နှင့် ယခုမှ အသစ်ခေါ်ယူထားသော ခရမ်းရောင်ဘုရင်တို့ကိုပါ ခေါ်ယူလာခဲ့သေးသည်။ ကြည့်ရသည်မှာ အလွန်ကောင်းမွန်လှသည့် လူစာရင်းပင် ဖြစ်သည်။
“စည်းဘောင်လွတ် တိုက်ခိုက်ပွဲတွေလား”
ပြိုင်စံရှားဂိုဏ်းအနေနှင့် ထိုကဲ့သို့သော တိုက်ခိုက်ပွဲများကို ကောင်းကောင်းပိုင်နိုင်နေသည်။ ဥပမာအားဖြင့် အဘိုးကြီးတင်းကဲ့သို့သော မိစ္ဆာကျင့်ကြံသူတစ်ယောက် ပါဝင်နေသေးသည်။ ၎င်းသည် ကျင့်ကြံခြင်းအဆင့်ကို သိုင်းဆရာ (သို့မဟုတ်) သိုင်းစစ်သူကြီးအဆင့်ထိ ဖိနှိပ်ထားသည် ဆိုလျှင်တောင်မှ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ချက်များကို ထုတ်ဖော် အသုံးပြုနိုင်သေးသည်။ မည်သို့ပင် ဆိုစေကာမူ အဘိုးကြီးတင်း သည် ဆိုးယုတ် လှပါသည်ဆိုသော လူများအားလုံး၏ ဘိုးဘိုးကြီးပင် ဖြစ်နေသည် မဟုတ်ပါလား။