အခန်း (၇၇၇)
Vol. 52 Ch. 777
ဟွာတောင်တန်းသည် ကျွင်းချောင်ရှောင်းနှင့် စိမ်းလှသည်တော့ မဟုတ်ချေ။ သူ့အနေနှင့် ဤနေရာသို့ ရောက်ရှိ လာခြင်းမှာ ဒုတိယအကြိမ်မြောက်ပင် ဖြစ်တော့သည်။ အရင်တုန်းကဆိုလျှင် များပြားလှသော ဂိုဏ်းများအနေနှင့် သိုင်းပညာတာအိုဆွေးနွေးပွဲသို့ ရောက်ရှိလာချိန်တွင် တောင်ပေါ်သို့ တက်ရောက်ရာ၌ အစီအရင်ကြီးတစ်ခုကို ကျော်ဖြတ်ကာ တက်ရောက်ရသေး၏။
ထိုအချိန်တုန်းက သူသည် တပည့်များကို ဦးဆောင်ကာ အပေါ်သို့ သက်တောင့်သက်သာဖြင့် တက်ခဲ့ဖူးသည် မဟုတ်ပါလား။ ယခု ရှေးဟောင်းလှေကားထစ်များကို လှမ်းတက်ပြီး သည့်နောက်မှာတော့ အရင်တုန်းကကဲ့သို့ပင် မြေဆွဲအားအစီအရင်သည် မရှိတော့ပေ။ မြေပြင်ပေါ်တွင် လှမ်းလျှောက်ရသကဲ့သို့ပင် ဖြစ်နေသည်။
ဟုတ်ပေသည်။ အစီအရင်ရှိမည်ဆိုလျှင်လည်း ပြိုင်စံရှားဂိုဏ်းတပည့်များ၏ လက်ရှိအားအင်အရ သက်တောင့် သက်သာဖြင့် အပေါ်သို့ တက်သွားနိုင်၏။
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အားလုံးကို ဦးဆောင်၍ တောင်ထိပ်ပေါ်သို့ ရောက်ရှိလာတော့သည်။ သိုင်းပညာတာအို ဆွေးနွေးပွဲတွင် အသုံးပြုရန်အတွက် ပြင်ဆင် ထားသော ချောမွေ့လှသည့် စင်မြင့်ကြီးကို မြင်ရသည့် အချိန်မှာတော့ သူ၏ အမူအရာများသည် ပြောင်းလဲ သွားခဲ့သည်။ လက်ရှိအချိန်မှာတော့ သူသည် ပထမတစ်ခါရောက်ရှိလာစဉ်ကနှင့် လုံးဝမတူညီတော့ချေ။
“အင်း” ကျွင်းချောင်ရှောင်းသည် ခေါင်းကို ၄၅ ဒီဂရီ အသာစောင်းမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်၏။ ပြီးနောက် တစ်စုံ တစ်ခုကို ပြောရန်ပြင်လိုက်သည်။
“အခုလိုမျိုး ဟန်ထုတ်နေတာကို ရပ်တန့်လိုက်လို့ မရဘူးလား” စနစ်သည် အချိန်ကိုက်ပင် ဝင်၍ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းဘာသိလို့တုန်း၊ ဒီလိုအခြေအနေမျိုးမှာ ဒီလိုမျိုး ဟန်ထုတ်မှ အဆင်ပြေမှာပေါ့”
သူ၏ခံစားချက်များသည် စနစ်ကြောင့် ပျက်ယွင်းသွားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့်သူသည် ဟန်ထုတ်ရန် စိတ်မရှိ တော့သည်။ သူသည် အမိန့်ပေးလိုက်၏။ “အကြီးအကဲကျန့်... ဒီတိုက်ခိုက်ရေးစင်မြင့်ကို အစီအရင်တွေနဲ့ အားဖြည့်လိုက်ပါအုံး၊ မဟုတ်ရင် မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်းကို ရိုက်နှက်တဲ့အချိန်မှာ ဒီဟာကြီးပါ ပျက်စီးသွားမှာ စိုးရတယ်”
“ကောင်းပြီ” ကျန်းတယ်ကျွင်းသည် အရှေ့သို့လျှောက်ထွက်လာပြီးသည့်နောက်မှာတော့ တည်ငြိမ်ခြင်း အစီအရင် တစ်ခုကို စင်မြင့်ပေါ်တွင် စီရင်ထားလိုက်တော့သည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ ဒီကျောက်ပြားတွေက ISO စံချိန်စံညွှန်းနဲ့ ပြည့်မီရဲ့လားဆိုတာကို မင်းရဲ့ မျက်နှာနဲ့ စမ်းကြည့် ကြည့်ပါလား”
“......”
စနစ်သည်သာ လူခန္ဓာကိုယ်နှင့် တစ်စုံတစ်ယောက်သာ ဖြစ်မည်ဆိုပါက သူသည် ကျိန်းသေပေါက် ရိုက်နှက်ပစ် မည်ဟု ကျိန်ဆိုမိလိုက်၏။
...............
သူတို့သည် အလျင်အမြန် ရောက်ရှိလာသည်ဖြစ်သောကြောင့် ဟွာတောင်တန်းတွင် တခြားသော မည်သည့်ဂိုဏ်းမှ ရှိမနေကြပေ။ သို့ပေမဲ့ နေ့ဝက်လောက် စောင့်ပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းများမှ သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ဖွဲ့ပြီး တစ်ဖွဲ့ ရောက်ရှိလာကြသည်။
“ဂိုဏ်းချုပ်ကျွင်း” ဂိုဏ်းအကြီးအကဲများထဲမှ တစ်ယောက်သည် လက်သီးကိုဆုပ်ကာဖြင့် ပြုံးကာ နှုတ်ဆက်လိုက်၏။
လက်ရှိအခြေအနေတွင် အဆင့်သုံး၊ အဆင့်လေး ဂိုဏ်းများအားလုံးသည် ပြိုင်စံရှားဂိုဏ်းအပေါ် အလွန်တရာ ထောက်ခံအားပေးနေကြပြီဖြစ်သည်။ ထို့အပြင် နဂါးကျားတိုက်ပွဲကို အနိုင်ယူခြင်းအားဖြင့် ပြိုင်စံရှားဂိုဏ်းသည် ၎င်းတို့၏ အားအင်ကို ထုတ်ဖော်ပြသနေပြီဖြစ်သည်။ ထို့ကြောင့် လေးစားမှုပေးရန် လုံလောက်သည့် အခြေအနေတွင် ရှိနေကြပြီဖြစ်သည်။ သူတို့အနေနှင့် ပြိုင်စံရှားဂိုဏ်းအပေါ်တွင် မည်သို့မှ အထင်အမြင်သေးခြင်း မရှိကြတော့ပေ။
လက်ရှိ ပြိုင်စံရှားဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းတို့၏ တိုက်ပွဲသည် မည်သည့်စည်းမျဉ်းစည်းကမ်းမှ မပါဝင်သော အလွတ်တိုက်ခိုက်ပွဲတစ်ခုသာ ဖြစ်နေ၏။ နဂါးကျားတိုက်ပွဲလို ပြိုင်ပွဲမျိုးဆိုလျှင် သူတို့သည် ပြိုင်စံရှားဂိုဏ်း အနေဖြင့် အနိုင်မယူနိုင်မည်ကို တစ်ချက်ကလေးမှ မစိုးရိမ်ချေ။
သို့ပေမဲ့ လူများကို သတ်ဖြတ်သည့်အရာတွင်တော့ မိစ္ဆာဂိုဏ်းများသည် ပိုမို၍ ကျွမ်းကျင်လွန်းလှ၏။ ထို့အပြင် မိစ္ဆာဂိုဏ်းများသည် အားနည်းသည် ဆိုလျှင်တောင်မှ ဘာမှန်းမသိသော နည်းလမ်းများကို အသုံးပြု၍ အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေကြ၏။
အတိုချုပ်ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် များပြားလှသော ဂိုဏ်းများ၏ အသိအမှတ် ပြုမှုကို ရရှိနှင့်ပြီးသားပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းအနေဖြင့် နှစ်ဂိုဏ်းတစ်ဂိုဏ်း တိုက်ခိုက်ရန် သဘောတူညီလိုက်ခြင်းသည် သူ၏ ဂိုဏ်းအဆင့်အား တိုးမြှင့်ချင်သည်သာမက ပြိုင်စံရှားဂိုဏ်းသည် အမှောင်ထဲမှ တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ အလင်းထဲမှ တိုက်ခိုက်တာပဲဖြစ်ဖြစ် မည်သို့သော တိုက်ခိုက်နည်းကိုမဆို အားကောင်း လွန်းသည်ဟု လောကကြီးအား ပြောပြနေခြင်းပင် ဖြစ်တော့သည်။
.......................
“ဂိုဏ်းချုပ်ကျွင်း.... အခုလိုမျိုး တွေ့ရတာ ဝမ်းသာပါတယ်”
“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်”
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် တောင်ထိပ်ပေါ်သို့ ရောက်ရှိပြီးသည့်နောက်မှာတော့ လက်သီးဆုပ်ကာ နှုတ်ဆက်လျက်ရှိနေကြသည်။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်သည်မို့ ၎င်း၏ဟန်ကို မည်သို့မှ မလျော့ချေ။ အားလုံးကို ရို့ရို့ကျိုးကျိုးနှင့် နှုတ်ဆက်လျက် ရှိနေ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသံပို့လွှတ်လိုက်တော့၏။ “ခန်းမသခင်ရှစ်လည်း ရှိနေတယ်”
“ဪ ငါအရင်ဆုံး သွားလိုက်မယ်”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာဖြင့် ရှစ်ကျန်းရွှမ်ဆီသို့ အသာ လှမ်းကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ လီအာ၏ အကူအညီဖြင့် တောင်ပေါ်သို့ တက်လာလျက်ရှိသော ရှစ်ကျန်းရွမ်အား မြင်လိုက်၏။ သူသည် ပြုံးကာ နှုတ်ဆက်လိုက်၏။ “ခန်းမသခင်ရှစ်... ထပ်ပြီး တွေ့ကြပြန်ပြီနော်”
ရှစ်ကျန်းရွမ်သည် ပြုံးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်ကို စိန်ခေါ်ခဲ့တယ်၊ တကယ့်ကို ရဲရင့်တာပဲ”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရှစ်ကျန်းရွမ်က ပြောလိုက်၏။ “ရှင်တို့ဂိုဏ်းက ကြီးမားတဲ့အောင်မြင်မှုကြီးကိုရပြီး လောကကြီးတစ်ခုလုံးမှာ ကျော်ကြားလာစေဖို့ ကျွန်မ မျှော်လင့်မိတယ်”
သူမ၏ နောက်မှာတော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် အကူအညီမဲ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြသည်။ ခန်းမသခင်သည် မြောင်ဟွာခန်းမတစ်ခုလုံးကို ကိုယ်စားပြုသူဖြစ်သည်။ သို့ပေမဲ့ သူမသည် ပြိုင်စံရှားဂိုဏ်းသို့လာ၍ ချီးကျူးလျက်ရှိနေ၏။ ထို့ပြင် လူမြင်ကွင်းတွင် ချီးကျူးနေခြင်းဖြစ်ပြီး ဤအရာသည် တတိယအဆင့် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းအား ရန်ပြုခြင်းနှင့် ဆင်တူနေ၏။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲ များ အားလုံးသည် ရှစ်ကျန်းရွမ်၏ စကားကို ကြားလိုက်ရချိန်မှာတော့ ကြိတ်ကာ တီးတိုးရေရွတ်မိကြ၏။ မြောင်ဟွာခန်းမသခင်သည် လူသိရှင်ကြားဖြင့် ပြိုင်စံရှားဂိုဏ်းအား ထောက်ပံ့လျက်ရှိနေ၏။ ၎င်းတို့ကြားတွင် ပြော၍မရသည့် ဆက်ဆံရေးမျိုး တည်ရှိနေပေါ်သည်။
“ဂိုဏ်းချုပ်ကျွင်းနဲ့ ခန်းမသခင်ရှစ် နှစ်ယောက်လုံးက ဂိုဏ်းချုပ်တွေလေ၊ နှစ်ယောက်စလုံးက အသက်အရွယ် လည်း တူညီကြတယ်၊ ဒီတော့ ကောင်းကင်က သတ်မှတ်ပေးထားတဲ့ ဖူးစာဖက်တွေ ဖြစ်လိမ့်မယ်” အဆင့်လေးဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ပြုံးကာ ပြောလိုက်၏။
“ဒါက အမှန်ပဲ” များပြားလှသော ကျင့်ကြံသူများအားလုံးသည် သဘောတူညီလိုက်ကြ၏။
လူများကပါ ဝင်ရောက်ပြောဆိုနေကြသောကြောင့် ရှစ်ကျန်းရွမ်၏ မျက်နှာသည် နီမြန်းသွားတော့သည်။ ကျွင်းချောင်ရှောင်းသည် ကြောင်အအဖြင့် ပြောလိုက်၏။ “ဒီကျွင်းနဲ့ ခန်းမသခင်ရှစ်တို့က မိတ်ဆွေရင်းတွေပါပဲ၊ နားလည်မှု မလွဲပါနဲ့”
“နားလည်ပါတယ်၊ နားလည်ပါတယ်” အားလုံးက ရယ်မောလိုက်ကြသည်။
လက်ရှိအခြေအနေတွင် ကျွင်းချောင်ရှောင်း မည်သို့ပင် ပြောဆိုသည်ဖြစ်စေ ရှစ်ကျန်းရွမ်နှင့် ကျွင်းချောင်ရှောင်း တို့မှာ ဆက်ဆံရေးတစ်ခုအတွင်း ရှိနေလိမ့်မည်ဟု ၎င်းတို့က ယုံကြည်လျက်ရှိပြီး ၎င်းတို့၏ ဆက်ဆံရေးကို လူသိ ရှင်ကြား မပြောဆိုကြသည်မှာ ၎င်းတို့သည် ကျော်ကြားသည့်လူများ ဖြစ်သောကြောင့်ပင် ဖြစ်ပေလိမ့်မည် ဟု အားလုံးက တွက်ထားကြ၏။
“နတ်ဆိုးမိစ္ဆာဂိုဏ်းက ရောက်ရှိလာပြီ၊ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းကလည်း ရောက်လာပြီ”
ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ယောက်သည် အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်ကြသည်။
အားလုံးသည် အတင်းပြောနေရာမှ ရပ်တန့်လိုက်ပြီးနောက် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ကာ တချို့က တောင်၏အောက်ဆီသို့ ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းမှ ဟောခန်းသခင်တို့ အရှေ့မှ ဦးဆောင်ပြီး လျှောက်လာသည်ကို မြင်လိုက်ကြရတော့သည်။
ဝှစ် ဝှစ်
၎င်းတို့မရောက်လာသေးခင်မှာပင် မိစ္ဆာအော်ရာများသည် ကြိုတင်ကာ ရောက်ရှိနေပြီဖြစ်သည်။ ကျင့်ကြံခြင်း အဆင့်မမြင့်မားလှသော ကျင့်ကြံသူများသည် တစ်ကိုယ်လုံးတုန်ယင်သွားကြသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်ပေါ်သွားကြသည်။
လမ်းမှန်ဂိုဏ်းသားများသည် မည်မျှ အားကောင်းလှသည်ဆိုဆို ၎င်းတို့အနေဖြင့် လူများလေးစားရန်သာ ပြုလုပ်နိုင်စွမ်း ရှိကြ၏။ သို့ပေမဲ့ မိစ္ဆာဂိုဏ်းသားများသည် မည်မျှ အားနည်းသည်ဆိုဆို တစ်ဖက်သားအား ကြောက်လန့်အောင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။ ဤအရာမှာ လမ်းမှန် ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းအကြား အကြီးမားဆုံးသော ကွာခြားချက်ပင် ဖြစ်တော့၏။
နတ်ဆိုးမိစ္ဆာဂိုဏ်း ၏ ဂိုဏ်းချုပ်နှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ ဟောခန်းသခင်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာကြသည်။ ၎င်းတို့သည် တည်ငြိမ်သော အမူအရာများနှင့် လှမ်းတက်လာကြခြင်းဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို မြင်လိုက်ရသည့်အချိန်မှာတော့ အနည်းငယ် မနာလို ဖြစ်မိကြသည်။ ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားတိုက်ပွဲတွင် အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ကြ၏။ ၎င်းတို့မိစ္ဆာဂိုဏ်းများသည် ဤသတင်းကို မကြာသေးခင်က ရရှိထားခြင်းဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်းသည် အားလုံးသောလူများ၏ လေးစားမှုကို ရယူနေပြီဖြစ်၏။
“ကောင်းပြီ၊ ကောင်းပြီ”
၎င်းတို့အနေဖြင့် ထူးဆန်းသော လက်နက်များကို အသုံးပြု၍ ပထမအဆင့်နှင့် ဒုတိယအဆင့် ဂိုဏ်းများကို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ အကယ်၍ စည်းမျဉ်းစည်းကမ်းဘောင် မရှိဘဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်ရမည်ဆိုလျှင် ၎င်းတို့အား အနိုင်ရရှိရန်ဆိုသည်မှာ တစ်ဖက်လူများအနေဖြင့် မဖြစ်နိုင်ချေ။
........................
မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းရောက်ရှိလာပြီးသည့်နောက် ဟွာတောင်တန်းပေါ်ရှိ အခြေအနေတစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။ များပြားလှသော ကျင့်ကြံသူများသည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ အားလုံးသည် ခန္ဓာကိုယ်အားဖြင့် တည်ငြိမ်သွားကြသည်ဆိုသော်လည်း စိတ်ထဲမှာတော့ တုန်လှုပ်လျက် ရှိနေကြသည်။
ပြိုင်စံရှားဂိုဏ်းမှ တပည့်များမှာတော့ အလွန်အမင်း တည်ငြိမ်လျက်ရှိနေသည်။ ၎င်းတို့၏ မျက်နှာပေါ်တွင် သေချာကြည့်ရှုမည်ဆိုပါက ထူးဆန်းသည့်အပြုံးများပါ တည်ရှိနေသည်ကို မြင်ရမည်ဖြစ်၏။
နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းတို့သည် ထိုအချင်းအရာကို မြင်လိုက်သည့် အချိန်မှာတော့ ဆံပင်များ ထောင်ထလုမတတ် ဖြစ်နေကြ၏။ အထူးသဖြင့် နဂါးကျားတိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်စံရှားဂိုဏ်း၏ အထူးလက်ရွေးစင်တပည့်များကို မြင်ရချိန်မှာတော့ ၎င်းတို့အားလုံးသည် ယုံကြည်ချက်များပင် ပျောက်ကွယ်လုမတတ် ဖြစ်နေကြတော့သည်။
မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များအားလုံးသည် ကိုယ့်ကိုယ်ကိုယ် စိတ်အားတင်းထားကြ၏။ ထို့အတူ ပြိုင်စံရှား ဂိုဏ်းတပည့်များ၏ မျက်နှာပေါ်မှ အပြုံးများကို မြင်လိုက်ရသည့်အချိန်မှာတော့ သူတို့သည် ဒေါသမထွက်ဘဲ မနေနိုင်သလို ဖြစ်နေကြသည်။
“ဖိအား။ ဤအရာသည် မမြင်တွေ့နိုင်သော ဖိအားပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်ရမ်... ရောက်လာပြီလား”
ကျွင်းချောင်ရှောင်းသည် နတ်ဆိုးမိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်ရဲ့ဓားမော့ကြီးကို လိုချင်သေးလား”
“.......” နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှုတ်ခမ်းတွေ တဆတ်ဆတ်နှင့် တုန်ယင်သွား၏။ နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် ပြိုင်စံရှားဂိုဏ်းတို့အကြား ရန်ငြိုးသည် ကျွင်းချောင်ရှောင်း နဂါးစိမ်းလခြမ်းဓားမော့ကို ထုတ်ဖော်အသုံးပြုပြီးနောက် ဓားမော့ကို လိုချင်သောကြောင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်တော့သည်။
“ခန်းမသခင်ဟန်.... တခြားမိစ္ဆာဂိုဏ်းတွေဘက်ကနေ ရပ်တည်ပြီးတော့ ကျုပ်ဆီကို လာတိုက်ခိုက်ပါအုံးလား” ကျွင်းချောင်ရှောင်းသည် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၏ ခန်းမသခင်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်၏။
သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ ခန်းမသခင်၏ အမူအရာများသည် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပဲ သူသည် နောင်တရလျက်ရှိသည်။ တခြားသောမိစ္ဆာဂိုဏ်းများ ဖျက်ဆီးခံရသည့်အချိန်တွင် သူသည် ငြိမ်ငြိမ် မနေဘဲ မိစ္ဆာဂိုဏ်းများကို စုစည်းကာ ပြိုင်စံရှားဂိုဏ်းကို သွားရောက်တိုက်ခိုက်ခဲ့၏။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “စကားတွေ ပြောပြီး အချိန်ဖြုန်းမနေနဲ့တော့၊ အခု တိုက်ခိုက်လိုက်ကြရအောင်”
“ဘယ်လိုတိုက်ခိုက်မှာလဲ” ဂိုဏ်းချုပ်ရမ် က မေးလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တပည့် တပည့်ချင်း၊ အကြီးအကဲ အကြီးအကဲချင်း၊ ဂိုဏ်းချုပ် ဂိုဏ်းချုပ်ချင်း တိုက်တာပေါ့၊ ဘယ်လိုပဲတိုက်တိုက် ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့ ဂိုဏ်းနှစ်ဂိုဏ်းနဲ့ အဆုံးထိ တိုက်ခိုက်သွားမယ်”
ဤစကားသည် အလွန်တရာ မောက်မာလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိန်ခေါ်ပြီဆိုမှတော့ မည်သို့သော အခြေအနေကို ရောက်ရှိလာသည်ဖြစ်ပါစေ၊ နှစ်ဖွဲ့လုံးအား ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့မည် ဖြစ်သည်။