အခန်း (၇၇၉)
Vol. 53 Ch. 779
ယုလင်းရောင်နှင့် ရှန်းငယ်တို့သည် ဟန်ရေးပင် ကောင်းကောင်းမပြလိုက်ရဘဲ ဘဝတစ်ခု အဆုံးသတ်သွားခဲ့ရပြီ ဖြစ်သည်။ ၎င်းတို့သည် မည်မျှ ဆိုးယုတ်သည်ဆိုဆို၊ မည်သို့သော လှည့်ကွက်မျိုးကို ထုတ်ဖော်အသုံးပြု၍ တိုက်ခိုက်တတ်ကြသည်ဆိုဆို ရီရှင်းချန်ကဲ့သို့သော လူမျိုး၏ ရှေ့တွင်တော့ ဘာမှ မဟုတ်ပေ။
မည်သည့် စည်းမျဉ်းစည်းကမ်းမှ မရှိသော အလွတ်တိုက်ခိုက်ပွဲ - ဤပွဲတွင် အသက်ရှင်ကျန်ရစ်သူသာလျှင် ကျန်ရစ်ခဲ့မည် ဖြစ်ပြီး ရှုံးနိမ့်သူသည် သေဆုံးသွားခဲ့ပေလိမ့်မည်။ ထို့ကြောင့် သေမလား၊ သတ်မလား ဆိုသည်ကို ရွေးချယ်ရခြင်း ဖြစ်သည်။
ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံး ထဲတွင်တော့ ဒေါသတရားနှင့် ပြည့်နှက်လျက်ရှိနေပြီး နှလုံးသားထဲမှာလည်း သွေးစက်စက်ယိုလျက်ရှိ၏။
ယုလင်းရောင်နှင့် ရှန်းငယ်တို့သည် ၎င်းတို့ဂိုဏ်း၏ လက်ရွေးစင်တပည့်များထဲတွင် အားအကောင်းဆုံးသော လူများလည်းဖြစ်သည်။ ယခုသေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်ပေါ်သွားခဲ့သည်။ သို့ပေမဲ့ မည်သူ့ကိုမှ အပြစ်တင်၍ မရချေ။
ကျွင်းချောင်ရှောင်းသည် ၎င်း၏ဂိုဏ်းအဆင့် မြင့်တက်ရန်အတွက် ဤမိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းအား လှေကားထစ်များ ကဲ့သို့ နင်းတက်ချင်မိသည်။ သူ့အနေနှင့် ဤဂိုဏ်းများကို ဒုက္ခလည်း ပေးချင်မိ၏။ ထို့ကြောင့် မည်သည့် စည်းမျဉ်း စည်းကမ်းမှ မရှိသော သေခြင်းရှင်ခြင်းတိုက်ခိုက်ပွဲများကို ယှဉ်ပြိုင်ရန်ပင် စဉ်းစားဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့၏။
“ဂိုဏ်းချုပ်”
ရီရှင်းချန်က ပြောလိုက်၏။ “ဆက်ပြီးတော့ တိုက်ခိုက်လို့ရလား”
ပထမဦးဆုံး တိုက်ပွဲဖြစ်သည်မို့ သူ့အနေနှင့် သွေးပင် ကောင်းကောင်းမပူသေးချေ။ သူ့အနေနှင့် ဒုတိယမြောက် တိုက်ပွဲတစ်ခုကို ဆက်လက်ကာ တိုက်ခိုက်ချင်နေမိသည်။ ဤဂိုဏ်းနှစ်ခု၏ တပည့်များအားလုံးကို သူရှင်းလင်းပစ်ချင်မိသည်။
ကျွင်းချောင်ရှောင်း မပြောရသေးခင်မှာပဲ ဂိုဏ်းချုပ်ရမ်က အရင်ဆုံး ပြောလိုက်၏။ “လူတစ်ယောက်ကို တစ်ပွဲပဲ တိုက်လို့ရမယ်”
ရီရှင်းချန်၏ အေးစက်ပြီးတော့ အဆုံးမဲ့သည့် တိုက်ကွက်များကြောင့် ဆက်လက်ကာ တိုက်ခိုက်မည်ဆိုပါက သူတို့ ဂိုဏ်း၏ လူပေါင်းများစွာသတ်ဖြတ်ခံရမှာ သေချာနေ၏။ ထို့ပြင် ရီရှင်းချန်သည် တိုက်ခိုက်ရေး အတွေ့အကြုံလည်း အလွန်မြင့်မားပုံပေါ်သည်။
“ဆင်းခဲ့တော့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ရီရှင်းချန်သည် အေးစက်စက်နှင့် မိစ္ဆာဂိုဏ်းမှ တပည့်များကို လှမ်းကြည့်လိုက်၏။ ၎င်းနှင့် အကြည့်ချင်းဆုံသွားသူ များသည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွားသည်အထိ ထိတ်လန့်သွားမိကြ၏။ “အမှိုက်ကောင်တွေ”
ဖေးအာညိုသည် အောက်သို့ဆင်းသက်သွား၏။ သူ့အနေဖြင့် ဟန်ရေးပြခြင်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ဤတစ်ကြိမ် စင်မြင့်ပေါ်သို့ တက်သွားသူမှာ လီချင်းယန်ပင်ဖြစ်၏။
“ဂိုဏ်းချုပ်ကျွင်း... နှစ်ယောက်တစ်ယောက် ဆက်ပြီးတော့ တိုက်ခိုက်ချင်သေးလား” ဟောခန်းသခင်ဟန်သည် သူ၏ ဒေါသကို ဖိနှိပ်ရင်း အခွင့်အရေးကို အရယူလိုက်သည်။
“ချင်းယန်..... မင်းဆုံးဖြတ်လေ”
“ဂျူနီယာညီလေးရီက နှစ်ယောက်တစ်ယောက် တိုက်ခိုက်တယ်ဆိုမှတော့ ကျွန်တော်ကလည်း ဆက်လက်ပြီး တိုက်ခိုက်ရမှာပေါ့” လီချင်းယန်သည် ရူးကြောင်ကြောင်နှင့် ခေါင်းကို ကုတ်ကာ ပြန်ပြောလိုက်၏။
မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ ခေါင်းဆောင် များသည် ၎င်းတို့၏ အတွင်းစည်းတပည့်များကို တိုက်ခိုက်ရန် စေလွှတ်လိုက်တော့၏။
ပြိုင်စံရှားဂိုဏ်း၏ ရိုးသားဟန်ပေါက်သည့်လူငယ်သည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ချင်သည်အထိ မာနကြီးလျက်ရှိသည်။ ၎င်းတို့ အနေနှင့် ပူးပေါင်းပါဝင်ပေးရမည်။
ဟုတ်ပေသည်။ ရီရှင်းချန်၏ တိုက်ခိုက်မှု မရှိတော့သည်မို့ ၎င်းတို့သည် ယုံကြည်ချက်များတော့ ရှိလို့နေသည်။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ ဤတပည့်သည် ရိုးရှင်းပြီး အနိုင်ယူ တိုက်ခိုက် နိုင်စွမ်းရှိသည့်လူတော် တစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဤတပည့် အားကောင်းသည်ဆိုလျှင်တောင်မှ သူတို့အသုံးပြုမည့် ပုံမှန်မဟုတ်သည့် နည်းလမ်းများကို ရင်ဆိုင်ရန်အတွက် လုံလောက်သည့်အတွေ့အကြုံမျိုး ရှိပုံမပေါ်ပေ။
“စမယ်” ဒိုင်လူကြီးက အော်ဟစ်လိုက်၏။
ဆွစ် ဆွစ် ဆွစ်
မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ တိုက်ရိုက်တပည့်နှစ်ယောက်တို့သည် ၎င်းတို့၏တိုက်ကွက်များကို စတင်ကာ အသုံးပြု တော့သည်။ ၎င်းတို့သည် အလွန်တရာ ဆိုးယုတ်သည့် နည်းလမ်းများကို အသုံးပြု၍ လက်နက်ပုန်းများနှင့် ထုတ်ဖော် တိုက်ခိုက်ကြတော့သည်။
တခြားတစ်ဖက်မှာရှိသော လီချင်းယန်မှာတော့ တည်နေရာမှာတင် မတ်မတ် ရပ်လျက် ရှိနေ၏။
ရွှီး … ရွှီး …။
မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်နှစ်ယောက်တို့သည် စတင်သည်နှင့်တပြိုင်နက် လက်နက်ပုန်းများကို အသုံးပြုကာ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်၍ အဝေးမှလှမ်းကာ တိုက်ခိုက်ကြသည်။ လက်နက်ပုန်းများသည် အဆင့်မြင့် ကျင့်ကြံသူများအတွက်တော့ အသုံးမဝင်သလောက်နီးပါးဖြစ်သည်။ သို့ပေမဲ့ ယခုပစ်လွှတ်လိုက်သော လက်နက်ပုန်းမှာ အလွန်တရာ အားကောင်းလှသည်မို့ ပုံမှန်လက်နက်ပုန်းများနှင့် ခြားနားသည်။
ဘုန်း ဘုန်း ….
လီချင်းယန်သည် ရှေ့သို့လှမ်းတက်လိုက်ပြီးနောက် သူ၏လက်သီးအား ဝှေ့ယမ်းကာ လက်နက်ပုန်းများကို လွှင့်စင်အောင် တိုက်ခိုက်လိုက်တော့သည်။ သူ ဤသို့ပြုလုပ်လေ မိစ္ဆာဂိုဏ်းများမှ တပည့်နှစ်ယောက်သည် ပိုမို၍ ပျော်ရွှင်လေဖြစ်သည်။ ဤလူသည် အလွန်တရာ ဖြောင့်မတ်ပုံပေါ်ပြီး ရိုးရှင်းသည့်တိုက်ကွက်များကိုသာ အသုံးပြုတတ်ပုံမို့ ရီရှင်းချန်ထက်ပို၍ ရင်ဆိုင်ရ လွယ်ကူပေလိမ့်မည်။
တွီ
ရုတ်တရက်ဆိုသလိုပဲ လီချင်းယန်သည် တိမ်ခြေလှမ်းကို အသုံးပြုကာ ရှေ့သို့လှမ်းတက်လာ၏။ နတ်ဆိုးမိစ္ဆာဂိုဏ်း မှတပည့်သည် ရှောင်တိမ်းရန် မကြိုးစားရသေးခင်မှာပင် ရုတ်တရက် သူ၏ပေါင်ခွကြားဆီမှ အေးစက်သည့် ခံစားချက်ကို ရရှိလိုက်ရသည်။
“မကောင်းတော့ဘူး”
ဖောင်း
လီချင်းယန်သည် ရုတ်တရက် ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ပြီးသည့်နောက် တစ်ဖက်လူ၏ ပေါင်ခွကြား တည်နေရာဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်၏။ ဤအရာသည် မျောက်မက်မွန်သီးခူးသည့် တိုက်ကွက်မဟုတ် ပေ။ မျောက်မက်မွန်သီးကို ထုချေသည့် တိုက်ကွက်ပင် ဖြစ်ပေတော့သည်။
ဘုန်း
နတ်ဆိုးမိစ္ဆာဂိုဏ်းမှတပည့်သည် အလစ်အငိုက် ခံလိုက်ရပြီးသည့်နောက် ၎င်း၏ ဥတစ်ခုလုံး ကွဲကျေသွားလုမတတ် နာကျင်သွားရတော့သည်။ ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနောက်ဘက်သို့ လွင့်စင်သွားပြီးနောက် ကျောက်စင်မြင့်၏ အပြင်ဘက်သို့ ပြုတ်ကျသွားတော့သည်။ တပြိုင်နက်တည်းမှာပဲ မေ့မျောသွားခဲ့တော့သည်။ ဘာဆက်၍ဖြစ်သနည်း ဆိုသည်ကို ဆက်လက်ကာပင် ပြောနေစရာမလိုတော့ချေ။
..................
သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို မြင်ချိန်မှာတော့ ကြက်သီးများပင် ထမိသွားကြသည်။ ဤမျှ ရိုးသားပြီး နှိမ့်ချတတ်ပုံပေါ်သည့် ပြိုင်စံရှားဂိုဏ်း၏တပည့်သည် အလွန်ပင် ညစ်ညမ်းသည့် တိုက်ကွက်မျိုးကို ထုတ်ဖော်အသုံးပြုလျက်ရှိသည်။
“ကောင်းလိုက်တဲ့ တိုက်ကွက်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
လီချင်းယန်သည် ရိုးသားပြီး တည်ငြိမ်အေးဆေးစွာနေတက်သည့် လူတစ်ယောက်ဖြစ်သည်ကို သူကောင်းကောင်း သိ၏။ ထို့ကြောင့်ပင် မိစ္ဆာဂိုဏ်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ပုံမှန်မဟုတ်သည့်နည်းလမ်းများကို အသုံးပြုကာ တိုက်ခိုက်ရန် သူကောင်းကောင်းမှာကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ လီချင်းယန်သည် အကောင်းမွန်ဆုံးသော တိုက်ခိုက်ချက်များကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ပွင့်ပွင့်လင်းလင်း ချီးကျူးလိုက်ပြီးသည့်နောက် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူ များသည် ပါးစပ်အဟောင်းသားဖြင့် ဖြစ်သွားကြသည်။ မိမိ၏တပည့် ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့် တိုက်ခိုက်သည်ကို အားရပါးရထ၍ ချီးကျူးတတ်သော ဂိုဏ်းချုပ်ဟူ၍ သူတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
“ဒုတိယဂျူနီယာမောင်လေး”
လုချင်းချင်းသည် ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “မင်းက ပြောင်းလဲသွားခဲ့ပြီပဲ”
ပြီးသည့်နောက်မှာတော့ သူမသည် ကျွင်းချောင်ရှောင်းဆီသို့ လှမ်းကြည့်လိုက်မိ၏။ “မင်းက တဖြည်းဖြည်း ဂိုဏ်းချုပ်နဲ့တူလာပြီ”
ရွှီး ရွှီး …။
ထိုအချိန်မှာတော့ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ တပည့်သည် အခွင့်အရေးကို အရယူပြီးနောက် လက်နက် ပုန်းများ ဒါဇင်ကျော်နှင့် လိုက်၍ ပစ်ခတ်တော့သည်။ ဤလက်နက်ပုန်းများအားလုံးသည် ထွင်းဖောက်နိုင်မှု အားအင်နှင့် ပေါက်ကွဲမှုအားအင်မှာ အလွန်တရာ အားကောင်းလှ၏။
ဘုန်း ဘုန်း ဘုန်း
လီချင်းယန်သည် ထိုအရာများအားလုံးကို လက်သီးနှင့် ထိုးနှက်ကာ ချိုးဖြတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြုကာဖြင့် ရှေ့သို့လှမ်းတက်သွားပြီး မျောက်မင်း မက်မွန်သီးထုချေသည့် နည်းစနစ်ကို ထပ်မံကာ အသုံးပြုလိုက်တော့သည်။
“.......” အားလုံးသော သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားရ၏။ လီချင်းယန်သည် လက်နက်ပုန်းများ အားလုံးကို ချိုးဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။ သူထုတ်ဖော်ပြသသည့် အားအင်အဆင့်သည် မိစ္ဆာဂိုဏ်းသားနှစ်ယောက် အား အလုံးစုံအနိုင်ယူနိုင်စွမ်းရှိသော အားအင်မျိုးဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် ဤမျှ ရက်စက်ပြီး ညစ်ညမ်း သောတိုက်ကွက်များကို ထုတ်ဖော်အသုံးပြုခဲ့ရသနည်း။
လက်ရှိအခြေအနေမှာတော့ များပြားလှသော ဂိုဏ်းများသည် ပြိုင်စံရှားဂိုဏ်းအပေါ် အသစ်နားလည်မှုများ ရရှိသွားခဲ့ကြပြီဖြစ်သည်။ ၎င်းတို့သည် နဂါးကျားတိုက်ပွဲတွင် ပုံမှန်ထက်ပိုသော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသ ခဲ့သည်ဆိုသော်လည်း ဤကဲ့သို့သော စည်းမျဉ်းကင်းလွတ်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲများတွင်လည်း လွတ်လွတ်လပ်လပ်နှင့် မိမိ တိုက်ခိုက်လိုရာကို တိုက်ခိုက်နိုင်စွမ်းရှိနေကြသူများလည်း ဖြစ်နေကြသည်။
“ဒုတိယပွဲ ပြိုင်စံရှားဂိုဏ်း နိုင်ပြီ” ဒိုင်လူကြီးက အော်ဟစ်လိုက်၏။
..............
ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ ၎င်းတို့၏ တပည့် နှစ်ယောက်သည် အနာဂတ်တွင် မည်သို့ ဆက်ဖြစ်မည်ကို သူတို့ ကောင်းကောင်းမသိကြချေ။ သို့ပေမဲ့ အသက်ရှင် နေသေးသည်မှာတော့ ကံကောင်းသည်ဟုဆိုရမည်။
လီချင်းယန်သည် ဂိုဏ်းချုပ်မှာကြားထားသည့်အတိုင်း အကောင်းဆုံး ပြုလုပ်ခဲ့သည်။ သို့ပေမဲ့ ၎င်းသည် ၎င်း၏ အောက်ခြေစည်းမျဉ်းကိုတော့ အကောင်းဆုံး ထိန်းသိမ်း ထားသေးသည်။ သူသည် လူများစွာကို အကြောင်းမဲ့သတ်ဖြတ်ခြင်းမလုပ်ချင်ပေ။ ဤအရာမှာ သူနှင့် ရီရှင်းချန် တို့အကြား ကွာခြားချက်ပင်ဖြစ်၏။
“လီဖေး တိုက်ခိုက်မယ်”
“ကောင်းပါပြီ”
မိစ္ဆာဂိုဏ်းသားနှစ်ယောက်တို့သည် မိမိကိုယ်ကို ရဲဆေးတင်ကာဖြင့် ရှေ့သို့ လှမ်းတက်လာကြသည်။
ဘန်း ဘန်း
တိုက်ခိုက်သည့်နောက်မှာတော့ လီဖေးသည် အမြန်ဆုံးနှုန်းကို ထုတ်ဖော်ပြီးနောက် ပုံရိပ်ယောင်များအဖြစ် ဖြစ်ကျန်ခဲ့သည်အထိ ပတ်ပြေးလျက်ရှိသည်။ သူသည် မိစ္ဆာဂိုဏ်းသားနှစ်ယောက်တို့အား မျက်လုံးတွေ မူးနောက်နောက် ဖြစ်သွားသည်အထိ ပြုလုပ်လျက်ရှိနေ၏။
“ရှေးဟောင်း အရိပ်မဲ့ကန်ချက်”
ဘုန်း ဘုန်း ဘုန်း ဘုန်း
မိစ္ဆာဂိုဏ်းသား တပည့်နှစ်ယောက်တို့အား လီဖေးသည် ကန်ကျောက်ကာ စင်မြင့်ပေါ်မှ ကန်ချလိုက်တော့သည်။ တစ်ဖက်လူများအားလုံးသည် ဓားကိုပင် ဆွဲထုတ်ရန် အခွင့်အရေး မရလိုက်ကြချေ။
“တတိယပွဲ ပြိုင်စံရှားဂိုဏ်း နိုင်တယ်”
ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် ငိုချင်စိတ်ပင် ပေါက်မိနေကြ၏။ သုံးကြိမ်တိုက်ခိုက်ပြီးသည့်နောက် မှာတော့ တပည့်ခြောက်ယောက်တွင် နှစ်ယောက်သည် သေဆုံးသွားခဲ့၏။ နှစ်ယောက်သည် မျိုးဆက်ပွားနိုင်သည့် လမ်းသည် မသေချာတော့သည့် အခြေအနေမျိုး ရောက်ရှိသွားခဲ့ပြီး နှစ်ယောက်မှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့၏။
လက်သင့်မခံနိုင်စရာပင် ဖြစ်တော့၏။ သို့ပေမဲ့ နောက်ထပ်တိုက်ခိုက်မည့်သူများမှာ လုံကျိရန်နှင့် တခြားသော တပည့်များအားလုံးဖြစ်ကြသည်။ ထိုသူများအားလုံးသည် မည်သည့်စကားမှမပြောဘဲ စင်မြင့်ပေါ်သို့တက်ကာ ၎င်း၏ ပြိုင်ဘက်များကို ဆိုးဆိုးရွားရွား ရိုက်နှက်သတ်ဖြတ်ခြင်းကို ပြုလုပ်ကြတော့သည်။
ဟူး ဟူး ….
ကိုးကြိမ်မြောက်တိုက်ခိုက်ပွဲမှာတော့ လုချင်းချင်းသည် သူမ၏ပြိုင်ဘက် မိစ္ဆာဂိုဏ်းသားနှစ်ယောက်တို့အား စင်မြင့်ပေါ်မှာတင် အေးခဲအောင် ပြုလုပ်လိုက်ကြ၏။
“........” အားလုံးသောလူများ၏ အမူအရာများသည် စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့သည်။ မိစ္ဆာဂိုဏ်းသားနှစ်ယောက် တို့သည် ချက်ချင်းပဲ စင်မြင့်ပေါ်မှ ပြုတ်ကျပြီး အေးခဲလျက်ရှိနေတော့သည်။
ဆယ်ပွဲကျော်တိုက်ခိုက်ပြီးသည့်နောက် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များသည် အထက်စည်းမှ မတိုက်ခိုက်နိုင်ကြဘဲ ပြိုင်စံရှားဂိုဏ်းသားများ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းကို ခံရပြီး ဆိုးရွားသည့် ရလဒ်များကို ရရှိနေကြ၏။
ရှုံးနိမ့်ခဲ့ရသည်ဆိုသည်မှာ ရိုးရိုး သားသား ရှုံးနိမ့်ခဲ့ကြခြင်းလည်း မဟုတ်ကြပေ။ အမျိုးအစားစုံလှသော ညစ်ညမ်းသည့်တိုက်ကွက်များနှင့် တိုက်ခိုက်ခံရ၍ ရှုံးနိမ့်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထို့အပြင် အားလုံးသောသူများကို အံ့အားသင့်စေသည်မှာ ပြိုင်စံရှား ဂိုဏ်းသား၏ တပည့်တစ်ယောက်သည် မိစ္ဆာဂိုဏ်း၏တပည့်များအား လက်ရှိစင်မြင့်၏ အစီအရင်ကိုသုံး၍ တိုက်ခိုက်သွားခြင်းပင်ဖြစ်သည်။
ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် သွေးအန်လုမတတ် ဒေါသထွက် လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။ “ဒီလိုစည်းမျဉ်းမရှိတဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲမျိုးထဲမှာ ကျုပ်တို့က အစီအရင်တွေကို အားကိုးတယ်ဆိုတာ ပြဿနာမရှိဘူး မဟုတ်လား”
အားလုံး “....”
ကြည့်ရသည်မှာ ဤကျောက်စင်မြင့်ကြီးအား အားဖြည့်ရန်အတွက် အစီအရင်များကို ရေးဆွဲခဲ့သည်ဟု ပြောဆို ခဲ့သော်လည်း တကယ့်တကယ်တမ်းမှာတော့ ပြိုင်ဘက်တပည့်များအားလုံးကို ထိန်းချုပ်ချင်၍ စီမံဆောင်ရွက်ခဲ့ပုံ ပေါ်သည်။ ပြိုင်စံရှားဂိုဏ်းသည် အလွန်ပင်ဆိုးယုတ်လွန်းလှ၏။ မိစ္ဆာဂိုဏ်းများထက်ပင် ပို၍ ကောက်ကျစ်နေ သေး၏။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနည်းလမ်းကို သိပြီးသွားပြီဆိုတော့ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ဆက်ပြီး သုံးမှာ မဟုတ်တော့ဘူး၊ ဒီတော့ စိတ်မပူနဲ့တော့၊ ခင်ဗျားတပည့်တွေကို ဆက်ပြီး လွတ်ကြတော့”
“ဂိုဏ်းချုပ်ကျွင်း”
ဂိုဏ်းချုပ်ရမ်သည် ဖြတ်ပြောလိုက်၏။ “တပည့်တွေ တိုက်ပွဲက မပြီးသေးဘူးလား၊ အကြီးအကဲ တွေ တိုက်ခိုက်ကြတာပေါ့”
“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကျိရှု တိုက်ခိုက်ကြရအောင်”
ခရမ်းရောင်ဘုရင်သည် ကြောင်သွားသည်။ သူသည် တံခါးဖွင့်ပေးရသည့်တပည့် မဟုတ်လား၊ အဘယ်တုန်းက အကြီးအကဲတစ်ယောက် ဖြစ်သွားရသနည်း။
“အပိုတွေ လုပ်မနေနဲ့”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည်။ “မြန်မြန်တတ်တော့”
“........” ခရမ်းရောင်ဘုရင်သည် နားမလည်နိုင်ပေ။ သို့ပေမဲ့ သူသည် အပေါ်သို့ လှမ်းတက်လာ၏။ စင်မြင့်၏ အလယ်ဗဟိုသို့ ရောက်သည့်အချိန်မှာတော့ သူသည် အလွန်တရာ အားကောင်းလှသည့် ဘုရင်တစ်ယောက်၏ အော်ရာများကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့်ပြောလိုက်သည်။
“နှစ်ယောက် တစ်ယောက် ချမယ်”
ဝှစ် ဝှစ်
မိစ္ဆာဂိုဏ်းသား အကြီးအကဲနှစ်ယောက်သည် ပျံသန်း၍ ရောက်ရှိလာကြသည်။ ၎င်းတို့ နှစ်ယောက်သည် သိုင်းအုပ်စိုးသူများဖြစ်ကြပြီး၊ တစ်ယောက်မှာ အရပ်ပုပု၊ တစ်ယောက်မှာ အရပ်ရှည်ရှည်နှင့် ဖြစ်ကြသည်။
“လာခဲ့”
ခရမ်းရောင်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အားအင်များ ထွက်ပေါ်လာပြီး အင်္ကျီနှင့်ဘောင်းဘီအားလုံးသည် စုတ်ပြတ်၍ အဝေးသို့ လွင့်စင် သွားတော့သည်။ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အတွင်းခံမှလွဲ၍ ဘာမှမရှိတော့ချေ။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် မျက်နှာကို အုပ်ကာကာ ပြောလိုက်သည်။ “ဒီကောင်ကြီးက သူ့ခန္ဓာကိုယ်ကို ထုတ်ဖော် မပြသရရင် မကျေနပ်နိုင်တဲ့ လဒကြီးတစ်ကောင်လိုပါပဲလား”