အခန်း (၇၈၂)
Vol. 53 Ch. 782
ပြိုင်စံရှား ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း နှစ်ဂိုဏ်းတို့၏ တိုက်ပွဲသည် အဆုံးသတ်သွားခဲ့ကြသည်။
သို့ပေမဲ့ တိုက်ပွဲကို လာရောက်ကြည့်ရှုလှည့်ကြသော များပြားလှသော ဂိုဏ်းမှ သိုင်းကျင့်ကြံသူများ အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိ၏။
ဂိုဏ်းချုပ်ကျွင်းသည် ရှိရှိသမျှသော လက်နက်များအားလုံးကို အသုံးပြုကာ ကြမ်းတမ်းလှသည့် တိုက်ပွဲကို တိုက်ခိုက်တော့မည်ဟု သူတို့အားလုံး ထင်မှတ်ထားမိခဲ့ကြသည်။ သို့ပေမဲ့ လက်နက်အားလုံးကို ထုတ်ကိုင်ကာ အကြွေးဟူသည့် စကားလုံးကို အလေးအနက်ထား ပြောဆို၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်လို့နေသည်။
အကြွေးကို မည်သို့ ဆွေးနွေးရသနည်း ဆိုသော် ပိုက်ဆံနှင့် ဖြေရှင်းရမည် ဖြစ်သည်။
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် အတွေ့အကြုံ များပြားလှသော လူများ ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ ဆိုလိုရင်းကို အဘယ့်ကြောင့် နားမလည်ဘဲ နေမည်နည်း။
ထို့ကြောင့်ပင် အခွင့်အရေးကို အရယူြ့ပီး ပိုက်ဆံနှင့် အကြွေးဟောင်းများကို ဆပ်မည် ဟူသော ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်၏။
"ကျုပ်တို့ သင်ယူရမယ် ကျုပ်တို့ သင်ယူရမယ်"
များပြားလှသော ကျင့်ကြံသူများအားလုံးသည် တောင်တန်းများဆီမှ ဆင်းသက်လာသည့် အချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းတစ်ယောက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ယောက်အား အကြွေးတောင်းခဲ့သည့် လုပ်ငန်းအား ပြန်လည်သင်ယူရန် စဉ်းစားလိုက်မိကြသည်။ ၎င်းတို့၏ နှလုံးသားထဲမှာတော့ တကယ်ပင် ချီးကျူးလိုက်မိကြ သည်။
ကျောက်စင်မြင့်ပေါ်တွင် ရှိသော အစီအရင်သည် ပြန်လည် ဖယ်ရှားပြီးဖြစ်သည်။ ထို့အတူ ထိုစင်မြင့်တွင် ရှိသော သွေးများအားလုံးကိုလည်း သန့်ရှင်းပြီး ဖြစ်နေ၏။
လီချင်းယန်သည် သိုလှောင်လက်စွပ်ထဲမှ စားပွဲ နှင့် ထိုင်ခုံများအား ထုတ်ယူကာ သေချာ စီထားလိုက်သည်။
၎င်းသည် သံမဏိ အရိုးတောင်၏ အိမ်တော်တွင်လည်း တောက်ပအလင်းတန်းဂိုဏ်းနှင့် လောကပုန်ကန် နတ်ဂိုဏ်းတို့၏ အကြီးအကဲများနှင့် ညှိနှိုင်းရန်အတွက် စားပွဲနှင့် ထိုင်ခုံများကို ဤကဲ့သို့ပင် ထုတ်ဖော် အသုံးပြုခဲ့ဖူး၏။
"ခင်ဗျားတို့ နှစ်ယောက်"
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ထိုင်ကြအုံး..."
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြသည်။ ပြီးသည့်နောက်မှာတော့ အကူအညီမဲ့စွာဖြင့် ထိုင်ချလိုက်၏။
"ပြောရမယ်ဆိုရင် လျှော့ဈေးမရှိဘူး"
ကျွင်းချောင်ရှောင်းသည် ထိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ကျုပ်တို့က အနာဂတ်မှာတော့ မိတ်ဆွေတွေ ဖြစ်လာနိုင်တယ်လေ"
မကြာသေးသော အချိန်ကတည်းက အတွင်းစည်းတပည့်များသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ကြ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ညီအစ်ကိုရေင်းရင်းများဟု ခေါ်ဆိုနေကြပြန်၏။
ပြိုင်စံရှားဂိုဏ်း၏ အားအင် အဆင့်အား ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင် ဟန်တို့အား အလုံးစုံ နားလည်သဘောပေါက်မိသွားစေ၏။ ထို့ကြောင့် နာနာကျင်ကျင်ဖြင့် ပြုံးရုံသာ တတ်နိုင်ကြတော့သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"ဒါပေမဲ့ တကယ့်ကို သွေးသောက်ရောင်းရင်းတွေ ဆိုရင်တောင်မှ အကြွေးကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်။ မိတ်ဆွေက မိတ်ဆွေ ၊ အကြွေးက အကြွေးဘဲ မဟုတ်လား"
"ဂိုဏ်းချုပ်ကျွင်း"
ဂိုဏ်းချုပ်ရမ် က ပြောလိုက်သည်။ “ဘယ်လောက်လဲပဲ ပြောပါ"
လက်ရှိ အခြေအနေမှာတော့ သူသည် ကြီမားလှသော ကပ်ဘေးကြီးကို ရှောင်ရှားနိုင်ရန် အတွက် ပိုက်ဆံများကို အသုံးပြုရန် သံမဏိကဲ့သို့ စိတ်ဓာတ်များကို ချမှတ်ပြီး ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ငွေလွှဲ စာချုပ်အား အသာလှမ်းပစ်ပေးကာ ပြောလိုက်သည်။ "ဒီမှာ ရေးထားတယ်လေ ခင်ဗျားတို့နှစ်ယောက် ကြည့်လို့ ရပါတယ်"
ငွေလွှဲ စာချုပ်က အစောကြီးကတည်းက ပြင်ဆင်ပြီး ဖြစ်နေသည်လား။ ဤလူသည် တိုက်ခိုက်ပွဲကို လာရောက်သည့် အချိန်တွင် အစောကတည်းက ထိုသို့ ပြုလုပ်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အစ်ကိုကြီး … ဒီလိုဆိုလည်း စောစောက ပြောပါ့လား။ဘာလို့ ကျုပ်တို့ ဂိုဏ်းက အကြီးအကဲတွေနဲ့ တပည့်တွေကို သတ်ဖြတ်ပစ်ခဲ့ရတာလဲ။ဒါက ပိုက်ဆံနဲ့ ပြန်ပြီး အစားထိုးလို့ မရတဲ့ ဆုံးရှုံးမှုကြီးလေ။
ဂိုဏ်းချုပ်နှစ်ယောက်တို့သည် ငွေလွှဲစာချုပ်များကို ထုတ်ယူကြည့်ရှုလိုက်သည့် အချိန်မှာတော့ နှလုံးသားထဲတွင် သွေးစက်စက် ယိုလျက်ရှိနေကြသည်။ သို့ပေမဲ့ အထဲတွင် ရေသားထားသော စာတမ်းများကို မြင်ချိန်မှာတော့ အသက်ရှုရပ်မတတ်ပင် ဖြစ်သွားကြသည်။။
အဘယ့်ကြောင့်ဆိုသော် ရှင်းရမည့် ငွေကြေးသည် သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သန်း ဖြစ်နေသောကြောင့်ပင်။
ထိုအရေအတွက်ကို ကြည့်ရှုပြီးသည့်နောက် ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင် ဟန်တို့သည် မျက်လုံးပြူးမိသွားကြသည်။
လူလုပ် စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းဆိုလျှင် သူတို့ကဲ့သို့သော တတိယအဆင့် မိစ္ဆာဂိုဏ်းသည် တတ်နိုင်သေး၏။ သို့ပေမဲ့ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းဆိုသည်မှာတော့ တကယ့်ကို များပြားလွန်းလှ၏။
"ဂိုဏ်းချုပ်ရမ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခင်ဗျားတို့ ဂိုဏ်းက မိုင်းတွင်းအတွက် ခွန်ဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့ကြတယ် မဟုတ်လား။အဲတုန်းက သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းကို ရရှိခဲ့သေးတယ်လေ”
“…....." ဂိုဏ်းချုပ်ရမ် ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
"ဟောခန်းသခင်ဟန်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်တုန်းက ခင်ဗျားတို့ဂိုဏ်းက သဘာဝစိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ လွန်ခဲ့တဲ့ လဝက်ကတည်းက အဲဒီ စိတ်ဝိညာဉ်ကျောက်တုံး တွေကို သိမ်းယူခဲ့တာ မဟုတ်လား။”
ဟောခန်းသခင်ဟန်၏ မျက်နှာ အမူအရာသည် အေးခဲသွား၏။
သူ၏ ဂိုဏ်းသည် သဘာဝစိတ်ဝိညာဉ် ဂိုဏ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့ပေမဲ့ ထိုသတင်းအား အပြင်ဘက်သို့ ရောက်ရှိမသွားအောင် ထိန်းချုပ်ထားခဲ့သည်။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် သိရုံသာမက ဤမိုင်းတွင်းကို တူးထုတ်ပြီးသည်ကိုပင် သိရှိလျက်ရှိ၏။
ဟုတ်ပေသည်။ အကြွေးဟောင်းများကို ဖြေရှင်းရန်အတွက် ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းကို သေသေချာချာ စုံစမ်းခိုင်းထားခြင်းပင်ဖြစ်တော့သည်။
"ခင်ဗျားတို့နှစ်ယောက်"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "စီးပွားရေး လုပ်တယ်ဆိုတာ ညီတူမျှတူပဲ။ဒီတော့ ဒီ အကြွေးဟောင်းတွေကို ဖြေရှင်းတဲ့အခါမှာ ခင်ဗျားတို့က ရိုးသားဖို့ လိုတယ်နော်"
ဂိုဏ်းချုပ်ရမ် က နာနာကျင်ကျင် မျက်နှာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းဆိုတာက ကျုပ်တို့ ဂိုဏ်းက တတ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။"
သူ့အနေနှင့် အရင်တုန်းက ရှိခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိတွင် ထိုအရာများအားလုံးကို အသုံးပြုပြီး ဖြစ်သည်။
ထို့ကြောင့် မည်သို့ ပြုလုပ်ရမည်နည်း။
"ဒါဆိုရင် ဘယ်လောက်လဲ"
"သုံး .. သုံး … လေးသောင်း"
ဂိုဏ်းချုပ် စကားမဆုံးသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ သူ၏ လောင်ချာကြီးကို ပစ်တင်ကာ ပြောလိုက်တော့၏။ "ငါးသိန်း"
"ဟောခန်းသခင်ဟန်ကရော …”
“ကျုပ်တို့ ဘုရား ကျောင်းက"
ဘန်း
ဟောခန်းသခင်ဟန် ပြောပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် အမြှောက်ကြီးကို တိုက်ရိုက်ဆိုသလိုပဲ ပစ်လွှတ်လိုက်တော့သည်။
အမြှောက်ကြီးသည် ချာချာလည်သွားပြီးသည့်နောက် အဝေးတစ်နေရာတွင် ရှိနေသော တောင်ကြီး ၏ ထိပ်ပိုင်းတစ်ခုလုံးကို ဖျက်စီးသွားတော့၏။
မိစ္တာဂိုဏ်း နှစ်ဂိုဏ်းမှ ဂိုဏ်းချုပ်များသည် ခြောက်ခြားသွားကြတော့သည်။
ဤမျှဝေးကွာသည့်နေရာတွင် ရှိသော တောင်ထိပ်ကြီးကိုပင် မွစာကျဲအောင် ပြုလုပ်နိုင်ခဲ့သည့် အစွမ်းရှိသည့် လက်နက်နှင့် ၎င်းတို့အား တိုက်ခိုက်သည်ဆိုပါက ချက်ချင်းပင် သတိလစ်မေ့မျောသွားနိုင်၏။ အခန့်မသင့်လျှင် သေပါ သေဆုံးသွားနိုင်သေးသည်။
"ဟောခန်းသခင်ဟန် … ခုနတုန်းက ဘာပြောလိုက်တာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဟောခန်းသခင်ဟန်သည် သူ ပြောဆိုချင်သည့် စကားလုံးများကို မြိုချကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ "ကျုပ်တို့ သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းက ရှိသမျှ အရာတွေအားလုံးကို ရောင်းချပြီးတော့ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းပေးပါ့မယ်။"
ဤအရာသည် ကျိန်းသေပေါက် သူ ပြောဆိုချင်သည့် အရာ မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း လက်ထဲတွင် ရှိသော အမြှောက်ကြီးကို ကြောက်လန့်သောကြောင့် သူသည် နောက်ဆုံးတွင် သူ၏ စကားလုံးကို ပြောင်းလဲခဲ့ရ၏။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။"
ဂိုဏ်းချုပ်ရမ် က ပြောလိုက်၏။ “ကျုပ်တို့ဂိုဏ်းကလည်း ကျိန်းသေပေါက် စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းကို ပေးပါမယ်။”
"ကောင်းပြီ ဒါက ဒီလိုပဲ ဖြစ်ရမှာပေါ့" ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်တော့၏။
"ခင်ဗျားတို့နှစ်ယောက် နောက်ထပ်စာမျက်နှာကို ထပ်လှန်လိုက်အုံး"
ဂိုဏ်းချုပ်နှစ်ယောက်တို့သည် ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ သူတို့သည် နောက်ထပ်စာမျက်နှာကို အသာ လှန်လှောကြည့်လိုက်သည်။
ထိုအထဲတွင်တော့ လစာများ ၊ ဒဏ်ရာကုသစားရိတ်၊ အာမခံပစ္စည်း စသည့် အရာများကို အသေးစိတ် ရေးသားထားသည်။
ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင် ဟန်တို့သည် နားမလည်ကြဘူးဆိုသော်လည်း နောက်ဆုံးတွင် ရှိနေသော စာရင်း၏ ပမဏကို မြင်လိုက်သည့် အချိန်တွင်တော့ စားပွဲခုံပေါ်တွင် ပက်လက်ပင် လန်သွားမိ၏။
ရေးသားထားသည့် အချက်အလက်များမှာ ရှုပ်ထွေးလွန်းလှ၏။ သို့ပေမဲ့ သလင်း အမြုတေ ငါးသိန်း၊ ဆေးပင် ငါးသိန်း၊ ကျောက်ရိုင်းတုံး တန် ငါးသိန်း၊ ဆေးပင် မျိုးစေ့ ငါးသိန်း ထို့အပြင် တစ်ခြားသော မျိုးစေ့များကိုလည်း အသေးစိတ် ရေးသားထားသည်။
"ခင်ဗျားတို့နှစ်ယောက်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငြင်းချင်သေးလား"
"မငြင်းချင်ပါဘူး"
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင် ဟန်တို့သည် ခက်ခက်ခဲခဲနှင့် ပြန်ပြောလိုက်ရ၏။ ၎င်းတို့သည် အားနည်းသည့် အခြေအနေတွင် ရှိနေသောကြောင့် အလုံးစုံ လိုက်လျောနေရတော့သည်။
"ဒါဆိုလည်း စာချုပ် ချုပ်ကြရအောင်"
လီချင်းယန်သည် ရှေ့သို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ ကြိုတင်ရေးသားထားသော စာချုပ်နှစ်ခုကို ထုတ်ယူကာ ဂိုဏ်းချုပ်နှစ်ယောက်တို့၏ ရှေ့တွင် ချ၍ မင်ဘူးများပါ ထောင်ပေးလိုက်၏။
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် သလင်း အမြုတေ နှစ်ခုကို ထုတ်ယူပြီးသည့်နောက် လောင်ချာပေါ်တွင် ကျည်ဆံဖြင့် ထည့်သွင်းလိုက်၏။ ပြီးသည့်နောက် ချစ်မြတ်နိုးစွာဖြင့် လောင်ချာကြီးအား အသာပွတ်လျက်ရှိသည်။
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင် ဟန်တို့သည် ချွေးစေးများ ထွက်ပေါ်လာသည်အထိ ထိတ်လန့် တုန်လှုပ်နေကြ၏။
သူတို့သည် အလျှင်အမြန်ပဲ စာချုပ်အား လက်မှတ်ရေးထိုးလိုက်သည်။
ကျွင်ချောင်ရှောင်းက ပြောလိုက်သည်။ "ဂိုဏ်းချုပ်နှစ်ယောက် အနေနဲ့ ခုနှစ်ရက် အတွင်းမှာ ပြိုင်စံရှားဂိုဏ်းကို အကြွေးအဟောင်းတွေ အပြီးဆပ်ရမယ်လို့ ရှင်းရှင်း လင်းလင်း ရေးထားတယ်။ တကယ်လို့ အချိန်အကန့်အသတ်ကို လွန်သွားရင် ကျုပ်ကိုယ်တိုင် ခင်ဗျားတို့ဂိုဏ်းကို လာတောင်းရမယ်"
"ဂိုဏ်းချုပ်ဟန်"
"ကျွင်းဂိုဏ်းချုပ် …. ကျေးဇူးပြုပြီးတော့ …စိတ်ချပါ"
ဂိုဏ်းချုပ်ဟန်က ပြောလိုက်သည်။ "ခုနှစ်ရက် အတွင်း ကျိန်းသေပေါက် လာပေးမယ်လို့ အာမခံပါတယ်"
ကျွင်းချောင်ရှောင်းသည် လောင်ချာကြီးကို ပြန်သိမ်းလိုက်ပြီးသည့်နောက် ထိုနှစ်ယောက် နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ "အနာဂတ်မှာ ကျုပ်တို့က သူငယ်ချင်းတွေ ဖြစ်မှာပဲ။ဒီတော့ နှစ်စဉ်နှစ်တိုင်း ခင်ဗျားတို့ဆီကို လာလည်ရမယ်လေ"
ထို အချင်းအရာကို ကြားတော့ ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင်ဟန်တို့သည် စိတ်ထဲမှာ တီးတိုး ရေရွတ်လိုက်မိ၏။ ဒီ အကြွေးတွေ အကုန်လုံး ပေးပြီးသွားတာတောင်မှ အဆင်မပြေသေးဘဲ နှစ်စဉ်နှစ်တိုင်း ထောက်ပံ့ကြေး ပေးရအုံးမှာလား
"ခင်ဗျားတို့နှစ်ယောက်"
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ဖြင့် ပြောလိုက်သည်။ "တစ်ယောက်နဲ့တစ်ယောက်ဆိုတာ သိုင်းကျင့်ကြံခြင်း လောကထဲမှာ အစဉ်အမြဲ တွေ့ဆုံနေရမယ့် လူတွေဘဲ မဟုတ်လား"
"လောလောဆယ်တော့ နှုတ်ဆက်ပါတယ်"
ပြောပြီးသည့်နောက်မှာတော့ သူသည် လက်ဖျောက်တီးကာ ဖြင့် ၎င်းတို့၏ အကြီးအကဲနှင့် တပည့်များအားလုံးကို ခေါ်ကာ ထွက်ခွာသွားသည်။
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင် ဟန်တို့သည် စားပွဲခုံပေါ်တွင် ပက်လက်လှန်လျက်ရှိနေကြ၏။
အထူးသဖြင့် ၎င်းတို့ဆီတွင် ရှိနေသော များပြားလှသည့် စိတ်ဝိညာဉ် ကျောက်တုံးနှင့် သိုင်းအရင်းအမြစ်များအားလုံး ပြန်လည်ပေးဆပ်ရမည်ကို နှလုံးသားထဲတွင် ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရသည်။
"ခင်ဗျားတို့နှစ်ယောက်"
ထိုအချိန်မှာပဲ လီချင်းယန်သည် အသာလျှောက်လာပြီး ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဖယ်ပေးပါအုံး။ကျုပ် စားပွဲနဲ့ ထိုင်ခုံ သိမ်းသွားချင်လို့..."
ဂိုဏ်းချုပ်ရမ် နှင့် ဟောခန်းသခင် ဟန်တို့သည် သွေးအန်လုမတတ် ဖြစ်သွားကြ၏။
ဤကဲ့သို့ မချိမဆံ ၊ တနင့်တပိုး ခံစားနေရသည့် အချိန်အခါမျိုးတွင် အဘယ့်ကြောင့် ထိုင်ခုံနှင့် စားပွဲခုံလေးများကိုပင် မထားခဲ့နိုင်ရသနည်း။ ၎င်းတို့အား မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ငိုစေချင်သည်လား မသိပေ။
လီချင်းယန်သည် စားပွဲနှင့် ထိုင်ခုံများကို ပြန်လည်သိမ်းဆည်းပြီးနောက်မှာတော့ ဂိုဏ်းချုပ်ရမ်နှင့် ဟောခန်းသခင်ဟန်တို့သည် ကျောက်စင်မြင့်ပေါ်တွင် တွေတွေကြီးနှင့် မတ်မတ်ရပ်လျက်ရှိကြသည်။
၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လျက်ရှိသည် ဆိုသော်လည်း မျက်လုံးများထဲတွင်တော့ မျက်ရည်များ ဝိုင်းလျက်ရှိ၏။