အခန်း (၇၈၄)
Vol. 53 Ch. 784
ဝေါင်း ဝေါင်း
သစ်တောအနက်ထဲမှာတော့ များပြားလှသည့် သားရဲရိုင်းများ ထွက်ပေါ်လာပြီး လေ့ကျင့်ရန် ရောက်လာခဲ့ကြ သော ကျင့်ကြံသူတစ်ဖွဲ့အား ဝိုင်းရံလိုက်ကြတော့သည်။ ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်မည်ဆိုလျှင် ထိုသူများအားလုံးသည် နတ်ဆိုးမိစ္ဆာဂိုဏ်းမှ တပည့်များဖြစ်ကြောင်း သိရှိနိုင်၏။
“သွားပြီ၊ သွားပြီ”
သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်နှင့် နှိုင်းယှဉ်နိုင်သော သားရဲရိုင်းများကို မြင်ရသည့်အချိန်မှာတော့ အားလုံး၏ မျက်နှာပေါ်တွင် စိတ်ပျက်သည့် အရိပ်အယောင်များ ဖြစ်တည်လာကြသည်။
ဝေါင်း ဝေါင်း
သားရဲရိုင်းများသည် အလွန်တရာ ဒေါသထွက်စွာဖြင့် ရှေ့သို့ ခုန်ပေါက်လာကြသည်။ မြေပြင်တစ်ခုလုံးသည် တုန်ခါ သွား၏။
“ငါတို့တော့ သေတော့မယ်၊ ငါတို့တော့ သေတော့မယ်”
ထိုအတွေးသည် နတ်ဆိုးမိစ္ဆာဂိုဏ်းတပည့်များ၏ နှလုံးသားထဲတွင် ဖြစ်တည်လာတော့သည်။
ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ခရမ်းရောင်ဆံပင်နှင့် လူတစ်ယောက်သည် ကယ်တင်ရှင်တစ်ယောက်ကဲ့သို့ ကောင်းကင် ပေါ်မှ ကျဆင်းလာသည်။ သူ၏အဝတ်အစားများသည် လေထဲမှာတင် ပေါက်ကွဲထွက်သွားတော့သည်။ ထို့နောက် သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “သွားကြစမ်း”
ရှေ့ဆီသို့ တိုးလာခဲ့ကြသော သားရဲရိုင်းများအားလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြ၏။ ၎င်းတို့သည် အမြှီးကို ကုပ်ကာဖြင့် ချက်ချင်းပဲ နောက်သို့ အလျင်အမြန် ထွက်ပြေးသွားကြသည်။
မိမိကိုယ်ကို သေဆုံးတော့မည်ဟု ထင်မှတ်ထားခဲ့ကြသော နတ်ဆိုးမိစ္ဆာဂိုဏ်းမှ တပည့်များအားလုံးသည် အလွန်တရာ ကြမ်းတမ်းလှပြီး အတွင်းခံ ဘောင်းဘီအနီသာရှိသော လူတစ်ယောက် ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့အားလုံး ဘေးကင်းသွားပြီဖြစ်ကြောင်း သိရှိလိုက်ရတော့သည်။
“စီနီယာအစ်ကို … ဒါက ပြိုင်စံရှားဂိုဏ်းကလူပဲ”
ထိုသူများထဲမှ တချို့သည် ဟွာတောင်တန်းဆီသို့ လိုက်ပါလာကြသူများဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ အဝတ် အစားဗလာကျင်းနှင့် နေထိုင်ရသည်ကို နှစ်သက်သည့် လူတစ်ယောက်အကြောင်း ကောင်းကောင်းသိနေသည်။
“ကျေး... ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ကို ကယ်ပေးတဲ့အတွက်” နတ်ဆိုးမိစ္ဆာဂိုဏ်းမှ တပည့်တစ်ယောက်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။
ကျိရှုသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းတွေက မိတ်ဆွေရင်းချာတွေပဲလေ၊ ကျေးဇူးတင်ဖို့ မလိုဘူး”
ပြောပြီးသည့်နောက်မှာတော့ သူသည် အပူအပင်ကင်းစွာဖြင့် ခပ်တည်တည် ထွက်ခွာသွားခဲ့တော့သည်။ သူ ဖျက်ဆီးခဲ့သော အစိတ်စိတ် အပိုင်းပိုင်းဖြစ်နေသည့် အဝတ်အစားများမှာတော့ လေထဲတွင် လွင့်လျက်ရှိသည်။
ဂိုဏ်းဝတ်စုံသစ်များကို ထပ်မံဖန်တီးပေးရမည်ဖြစ်သောကြောင့် စိတ်ဓာတ်ကနေသည့် လီချင်းယန်၏ ငိုသံသဲ့သဲ့ကို ခပ်ရေးရေး ကြားနေရလေ၏။
ထိုကဲ့သို့သော အခြေအနေမျိုးသည် တခြားသော တည်နေရာမျိုးတွင်လည်း ဖြစ်ပွားလျက် ရှိနေသည်။
နတ်ဆိုးမိစ္ဆာဂိုဏ်း သို့မဟုတ် သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်းမှ တပည့်များသည် အန္တရာယ် တစ်စုံတစ်ခုနှင့် တွေ့ဆုံခဲ့သည်ဆိုပါက ပြိုင်စံရှားဂိုဏ်းမှ တပည့်များ၏ ကယ်တင်ခြင်းကို ခံနေရ၏။
ဂိုဏ်းချုပ်နှင့် ဟောခန်း သခင်တို့သည် ထိုအချင်းအရာကို သိရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ၎င်းတို့၏ တပည့်များ ဒုက္ခ ရောက်သည်ကို လာရောက်ကယ်တင်ကြသည်ဖြစ်ကြောင်း သိရှိ၏။ သို့ပေမဲ့ ထိုကဲ့သို့ ကယ်တယ်ခြင်းသည် ကာကွယ်စောင့်ရှောက်ခ ပေးရမည်ဖြစ်ကြောင်း သိရှိနားလည်လိုက်မိကြသည်။
သို့ပေမဲ့ ထိုကဲ့သို့သော ပြဿနာ များကို ဖြစ်စေရန် ဖန်တီးခဲ့သည့်သူမှာလည်း ပြိုင်စံရှားဂိုဏ်းပင် ဖြစ်နေတော့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ရည်ရွယ်ချက်သည် ကာကွယ်စောင့်ရှောက်ခကို ပေးစေချင်သောကြောင့် မဟုတ်ပေ။ သူ့အနေနှင့် မိတ်ဆွေ ရောင်းရင်းများအား လေးလေးနက်နက်နှင့် ဆက်ဆံတတ်သူဖြစ်ကြောင်း သိစေချင်ခြင်းပင် ဖြစ်တော့၏။
..........
ပြိုင်စံရှားဂိုဏ်း …။
တပည့်သုံးသောင်းကျော်တို့သည် ၎င်းတို့၏လက်များကို နောက်ဘက်ဆီသို့ ပစ်ကာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့ဆီမှ ထုတ်ဖော်ထားသော အော်ရာများသည် ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ဂိုဏ်းချုပ်ကျွင်း”
အကြီးအကဲကျိုးသည် ချီးကျူးလိုက်မိ၏။ “ခင်ဗျားရဲ့ဂိုဏ်းက ပိုပိုပြီး အားကောင်းလာတာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတော့ ဂိုဏ်းအသိအမှတ်ပြုမှုကို အရင်လုပ်မလား၊ အရင်စားကြမလား”
“အရင်စားကြမယ် … ဟမ် … နေအုံး … အရင်ဆုံး အသိအမှတ်ပြုမှုကို လုပ်ရမယ်” အကြီးအကဲကျိုးသည် သူ၏အစစ်အမှန် လာရင်းရည်ရွယ်ချက် ကို ပါးစပ်ထဲမှ လွတ်ကနဲ ထွက်သွားမိ၏။
“ကောင်းပြီ၊ ဒါဆိုလည်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျေးဇူးပြုပြီ အသိအမှတ်ပြုမှုကို အရင်ဆုံး လုပ်ကြရအောင်”
အဆင့်ငါးဂိုဏ်းတစ်ခုဆီမှ အဆင့်လေးဂိုဏ်းတစ်ခုဆီသို့ အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သည့်တပည့် အရေ အတွက်သည် သုံးသောင်းဖြစ်သည်။ ဂိုဏ်းချုပ်၏ အားအင်အဆင့်သည် သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေ၏။ အကြီးအကဲနှင့် တပည့်များ၏ အရည်အချင်းသည် အဆင့်မြင့်မားလေ ပိုမိုကောင်းမွန်လေ ဖြစ်သည်။ အားအင် အဆင့်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် စံချိန်သတ်မှတ်ချက်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အသိအမှတ်ပြုမှုကို ပြုလုပ်ပြီးသည့်နောက်တွင် အကြီးအကဲကျိုးသည် အဆင့်လေးဂိုဏ်းဆိုသော ကျောက်စိမ်း ပြားအား အသာကမ်းပေးလိုက်၏။
“ဒင်... လက်ခံသူသည် ဂိုဏ်းအား အဆင့်လေးသို့ အဆင့်မြင့်တက်အောင် ပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်၊ ဂိုဏ်းအောင်မြင်မှုမှတ် တစ်သောင်း၊ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း ဆုလာဘ်အဖြစ် ရရှိသည်”
“ဒင်.... ဂိုဏ်းစုဆောင်းမှတ် -၂၇၅၁၀ / ၅၀၀၀၀”
“ဒင်... ဂိုဏ်းအောင်မြင်မှုအမှတ် - ၁၂၂၀၀ / ၅၀၀၀၀”
ဂိုဏ်းအဆင့် အဆင့်မြှင့်တင်သွားပြီးနောက်မှာတော့ စနစ်ထဲတွင်ရှိသော ပုံပန်းသွင်ပြင်များသည်လည်း ပြောင်းလဲ သွားခဲ့တော့၏။
“ငါတို့ ခြေတစ်လှမ်း ထပ်ပြီးတော့ နီးလာပြီပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်မိသည်။
သူသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာစက ဂိုဏ်းသည် အဆင့်ကိုးဂိုဏ်းတစ်ခုသာဖြစ်သည်။ လက်ရှိအခြေ အနေမှာ အဆင့်လေးဂိုဏ်းတစ်ခု ဖြစ်နေပြီး လောကကြီးတစ်ခုလုံးတွင် ကျော်ကြားနေပြီဖြစ်သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည်လည်း ခေါင်းကိုမော့ကာဖြင့် မတ်မတ်ရပ်လျက်ရှိနေသည်။ ၎င်းတို့ ဂိုဏ်းသည် အဆင့်လေးဂိုဏ်းဆီသို့ တိုးတက်ရောက်ရှိခြင်းနှင့်ပတ်သက်၍ အလွန်တရာ ဂုဏ်ယူမိနေကြသည်။ ထို့ပြင် ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ရသည့်အတွက်လည်း ဂုဏ်ယူနေမိ၏။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဆင့်လေးဂိုဏ်းကနေ အဆင့်သုံးဂိုဏ်းအဖြစ် အဆင့်မြှင့်တင်ဖို့အတွက် ဘာတွေလိုအပ်သေးလဲ”
အကြီးအကဲကျန်းက ပြောလိုက်၏။ “ဂိုဏ်းဆီမှာ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် နှစ်ယောက်ရှိရမယ်၊ ပြီးတော့ သိုင်းအုပ်စိုးသူ ဆယ်ယောက်ရှိရမယ်၊ သိုင်းဘုရင် ငါးဆယ်၊ စုစုပေါင်းတပည့်က ငါးသောင်းရှိရမယ်”
လိုအပ်ချက်များနှင့်ပတ်သက်လျှင် တပည့်များ၏ အရေအတွက်သည် တိုးမြှင့်လာနိုင်သေး၏။ သို့ပေမဲ့ ထိပ်ဆုံးနှင့် အတွင်းစည်းတပည့်များ၏ အားအင်မှာတော့ လိုအပ်ချက်များ ရှိနေ၏။
“ကျုပ်က သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် လိုအပ်မယ် ထင်နေတာ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
အကြီးအကဲကျိုးက ပြောလိုက်၏။ “လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းကဆိုရင်တော့ ဂိုဏ်းအနေနဲ့ အဆင့်သုံး ဂိုဏ်းတစ်ခုအဖြစ် အဆင့်မြင့်တက်ဖို့အတွက် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် လိုအပ်တယ်လေ၊ ဒါပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ပိုပိုပြီးတော့ အားနည်းလာတယ်၊ ဒါကြောင့်မလို့ ဒီအဆင့်ကို ရောက်ရှိအောင် အဆင့်ချိုးဖြတ်တတ်နိုင်ဖို့က ခက်ခဲလာခဲ့တယ်၊ အဲဒါကြောင့် အသိအမှတ်ပြုမှုမှာ လိုအပ်ချက်တွေကို လျော့ချပေးထားတာပဲ”
“ဪ”
ကျွင်းချောင်ရှောင်းသည် အများကြီး တွေးတောမနေချေ။ ထို့ကြောင့် ပြောလိုက်သည်။ “ကျုပ်က နေ့လယ်စာ ပြင်ဆင်ခိုင်းထားပြီးပြီ၊ တကယ်လို့ ခင်ဗျားတို့နှစ်ယောက် အဆင်ပြေမယ်ဆိုရင် …”
“အဆင်ပြေတာပေါ့” အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် သံပြိုင်ပဲ ပြောလိုက်သည်။ ထို့အပြင်မ သူတို့သည် စားသောက်ချင်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပဲ အားရပါးရ စားသုံးခဲ့ကြတော့သည်။ ပြီးသည့်နောက်မှာတော့ နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာလာကြသည်။
.....................
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်လျက်ရှိပြီး စနစ်အား ဖွင့်ကြည့်လိုက်၏။ အထူးတာဝန် ခုနှစ်ကို ကြည့်ကာ ပြောလိုက်သည်။
“အဆင့်လေးဂိုဏ်းဆိုတဲ့ လိုအပ်ချက်ကတော့ ပြည့်စုံသွားပြီ၊ ဂိုဏ်းအနေနဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်း အဆင့်သုံးဆီကို ရောက်ရှိလာမယ်ဆိုရင် ပိုပြီးများပြားတဲ့ ဆုလာဘ်တွေ ရသွားမှာပဲ”
တပည့်၏ အရေအတွက်အရဆိုလျှင် တပည့်နှစ်သောင်းလောက်သာ လိုအပ်နေသည်။ သိုင်းဘုရင်၏ အရေအတွက် သည် လိုအပ်ချက်နှင့် ကိုက်ညီပြီးဖြစ်သည်။ သို့ပေမဲ့ သိုင်းအုပ်စိုးသူ အဆင့်မှာတော့ လိုအပ်ချက်များ ရှိနေသေးသည်။ သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့်နှစ်ယောက်နေရာတွင် အဘိုးကြီးတင်းနှင့် ကုန်းစွန်းဟောင်းဟိုင် တို့အား ထည့်သွင်းအသုံးပြု၍ရနိုင်သည်။ သို့ပေမဲ့ ကျန်သည့် သိုင်းအုပ်စိုးသူ ခြောက်ယောက်ထဲမှာတော့ လိုအပ်ချက်နှင့် မကိုက်ညီသေးချေ။
“ချင်းယန်နဲ့ တခြားသူတွေကလည်း တိုးတက်မှုအဆင့် မြန်ဆန်တယ်ဆိုပေမဲ့ သိုင်းအုပ်စိုးသူအဆင့်ရောက်ဖို့ လိုသေးတာပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏လည်ကုပ်ကို ပွတ်သပ်ကာဖြင့် မချင့်မရဲ ပြောလိုက်သည်။ “ဒီတော့ တစ်နှစ်အတွင်း အဆင့်သုံးဂိုဏ်းတစ်ခုကို ချိုးဖြတ်ရောက်ရှိဖို့ဆိုတာ တော်တော်ခက်ခဲလိမ့်မယ်”
“ဒါဆိုရင်”
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ အထူးတာဝန် ခုနှစ်ကို အောင်မြင်အောင် လုပ်ဖို့ လိုအပ် လိမ့်မယ်၊ ဒါဆိုရင် လက်ရွေးစင်စာရင်းမှာ ထိပ်ဆုံးရှစ်ဆယ်ထဲကို ဝင်သွားလိမ့်မယ်”
“ဒါကအမှန်ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူ့အနေနှင့် တာဝန်၏ လိုအပ်ချက်များကို အမြန်ဆုံး ပြည့်စုံအောင် ပြုလုပ်ခြင်းကသာလျှင် ပိုမိုကောင်းမွန်သည့် ရလဒ်များကို ရမှာသေချာ၏။ ထို့အပြင် သူသည် အထူးတာဝန်များကို ပြုလုပ်ရသည့်နေရာတွင် တစ်ရာရာခိုင်နှုန်း ပြည့်အောင် ပြုလုပ်ရသည်ကို သဘောတွေ့ နှစ်ခြိုက်လှသူတစ်ယောက် မဟုတ်ပေ။ ပြောရမည်ဆိုလျှင် တစ်ရာ့ငါးဆယ်ရာခိုင်နှုန်း၊ နှစ်ရာ ရာခိုင်နှုန်းလောက်ထိ ပြည့်စုံအောင် ပြုလုပ်ချင်စိတ်ရှိသူပင်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ “ဒုတိယအဆင့် ဂိုဏ်းတစ်ခုကို စိန်ခေါ်ရမယ်”
သို့ပေမဲ့ သူ့အနေနှင့် ဒုတိယအဆင့် ဂိုဏ်းတစ်ခုနှင့် ရန်ဖြစ်ဖူးခြင်း မရှိပေ။ ထို့ကြောင့် ရုတ်တရက်ထ၍ စိတ်ခေါ်လိုက်ပါက ကြည့်၍ မကောင်းလှချေ။
စနစ်က ပြောလိုက်သည်။ “ လက်ခံသူ… ကိုယ်ရဲ့ဂိုဏ်းအဆင့်ကို တိုးမြင့်ဖို့အတွက် ဂိုဏ်းတွေကို လိုက်ပြီး စိန်ခေါ်စရာ မလိုဘူးလေ၊ တခြားသော နည်းလမ်းတွေနဲ့လည်း လုပ်လို့ရသေးတယ်”
“ဘယ်နည်းလမ်းတွေလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
စနစ်က ပြောလိုက်သည်။ “ရှာဖွေတွေ့ရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် လက်ရွေးစင်စာရင်ထဲမှာ ရှိတဲ့ဂိုဏ်းတွေရဲ့အဆင့် မြင့်တက်မှုက အားအင်အဆင့်ကို ပြသနိုင်ရင် တိုးတက်လာနိုင်တယ်”
“ဒါကြောင့်ပဲ ငါက ဂိုဏ်းကြီးတွေကို လိုက်ပြီး စိန်ခေါ်နေရတာပေါ့၊ မဟုတ်ရင် ပြိုင်စံရှားဂိုဏ်းက အရမ်း အားကောင်းပါတယ်ဆိုတာ ဘယ်လို သက်သေပြရမလဲ”
“ဒီလိုမျိုးလိုက်ပြီး စိန်ခေါ်နေရင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ရန်သူတွေလိုက်ပြီး ဖန်တီးနေတာနဲ့ တူနေလိမ့် မယ်လေ၊ တခြားနည်းလမ်းကိုသုံးပြီး ကိုယ်ရဲ့အားအင်အဆင့်ကို သက်သေပြလို့ ရသေးတယ်”
“ဒါဆိုရင် ဘာလို့ အဲဒီသောက်နည်းလမ်းကို မပေးတာလဲ”
စနစ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “တကယ်တော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ အရမ်းကို အန္တရာယ်များတဲ့ တားမြစ်တည်နေရာတွေရှိတယ်၊ လက်ခံသူအနေနဲ့ တပည့်တွေခေါ်ပြီးတော့ အဲကို ဝင်သွား နိုင်မယ်ဆိုရင် လုံလောက်တဲ့ အားအင်အဆင့်ကို သက်သေပြပြီးသား ဖြစ်လိမ့်မယ်၊ ဒါဆိုရင် လက်ရွေးစင်ဂိုဏ်း စာရင်းမှာလည်း အဆင့်က တိုးမြင့်သွားလိမ့်မယ်”
“ဒါဆိုရင် အန္တရာယ်ကြီးပါတယ်ဆိုတဲ့ တားမြစ်ထားတဲ့ တည်နေရာတွေကို ဘယ်နေရာသိလဲ” ကျွင်းချောင်ရှောင်း သည် ပြုံးကာမေးလိုက်၏။
“အင်း…. သိတာပေါ့”
စနစ်သည် လေးလေးနက်နက် ပြောလိုက်သည်။ “အလယ်ပိုင်းဒေသထဲမှာရှိတဲ့ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်”
………
“သေဆုံးခြင်းမျှော်စင် ဟုတ်လား”
အစားစားလျက်ရှိသော အကြီးအကဲဝေသည် ပါးစပ်ထဲမှ ထမင်းများပင် ပြန်ထွက်လာခဲ့၏။ “ဂိုဏ်းချုပ်က တပည့်တွေခေါ်ပြီး အဲမှာ စိန်ခေါ်ချင်တာလား”
ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာပေါ်တွင် ပေလျက်ရှိသော ထမင်းများကို အသာသပ်ချရင်း ပြောလိုက်သည်။ “ဟုတ်တယ်လေ”
“မဖြစ်ဘူး”
အကြီးအကဲဝေသည် စားနေသည့်တူကို အသာချကာ လေးလေးနက်နက် ပြောလိုက်သည်။ “ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာတွေ ချန်ခဲ့တဲ့ တားမြစ်တည်နေရာလေ၊ နတ်ဆိုးတောင်ကြား ထက်ပိုပြီးတော့ အန္တရာယ်များတယ်၊ ပြီးတော့ အထဲမှာလည်း ဘာရတနာပစ္စည်းမှ မရှိဘူး၊ ပြိုင်စံရှားဂိုဏ်း အနေနဲ့ ဒီအတွက် စွန့်စားစရာ မလိုဘူးလေ”
“ရတနာတွေ မရှိဘူးဟုတ်လား” ကျွင်းချောင်ရှောင်း ကြောင်သွား၏။
အကြီးအကဲဝေက ပြောလိုက်၏။ “ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ဆိုတာက ရှေးတုန်းက သိုင်းအင်ပါယာ ဆယ်ယောက် ပူးပေါင်းပြီး ဖန်တီးခဲ့တဲ့အရာလေ၊ အဲထဲမှာ များပြားလှတဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေရဲ့ စိတ်ဆန္ဒတွေ ကျန်ရစ်နေတယ်၊ ရေတွက်လို့မရအောင် များပြားတဲ့လူတွေက လွန်ခဲ့တဲ့နှစ်တစ်သောင်းထဲက အထဲကို ဝင်ရောက်ဖူးကြတယ်လေ၊ ဒါပေမဲ့ တစ်ယောက်ကမှ သူတို့ရဲ့ အမွေအနှစ်ကို မရရှိခဲ့ကြဘူး၊ ပြီးတော့ တချို့ ကျောင်းတော်သားတွေက ဒီနေရာကို လေ့လာဖို့ လာခဲ့ဖူးတယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးက အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရတယ်ဆိုပေမဲ့ အလယ်ပိုင်းဒေသမှာရှိတဲ့ ဒီသေဆုံးခြင်းမျှော်စင်က ကျန်ရှိနေခဲ့သေးတယ်။ ဒါပေမဲ့ အဲထဲမှာရှိနေတဲ့ အစီအရင်အခြေခံတွေက ဖျက်ဆီးခံလိုက်ရတယ်လေ၊ အန္တရာယ်တွေပဲ ကျန်ခဲ့ပြီးတော့ အမွေအနှစ် တွေ မကျန်တော့ဘူးလို့ ဆိုရမှာပေါ့”
အဝေးတစ်နေရာတွင် ရပ်လျက်ရှိသော ကျန်းတယ်ကျွင်းမှာ သွားကြားထိုးတံကို ကိုက်ကာဖြင့် ပြောလိုက်၏။ “အစီအရင်တွေမှာ ပြဿနာရှိတာလား၊ ဒါဆိုရင် ဖြေရှင်းလိုက်တာပေါ့”
“ဖြေရှင်းမယ် ဟုတ်လား”
အကြီးအကဲဝေ၏ မျက်လုံးများသည် ချာချာလည်သွား၏။ “ဒီသေဆုံးခြင်းမျှော်စင်ကို ဖန်တီးခဲ့တဲ့ အစီအရင်ပညာရှင်တွေက ရှေးတုန်းက အစီအရင် အင်ပါယာတွေပဲ၊ ဒီတော့ ကုန်းမြေတိုက်ကြီးထဲမှာ ရှိတဲ့ ရှိရှိသမျှ အစီအရင်ဆရာတွေအကုန်လုံးက စုပေါင်းပြီး ပြန်လည်ပြင်ဆင်တာတောင် ဘယ်သူမှ မပြင်ဆင်နိုင်ဘူး”
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “ဘယ်ပြင်နိုင်မလဲ၊ ကျုပ်မှ မသွားတာ၊ မဟုတ်ရင် တစ်စက္ကန့်အတွင်းတောင် ပြီးသွားပြီ”
လက်ရှိအချိန်တွင် သူသည် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ဆိုသည့် ကျမ်းအား သေသေချာချာ လေ့လာခဲ့ပြီး နောက် တစ်နေ့ထက်တစ်နေ့ အစီအရင်နှင့်ပတ်သက်၍ နားလည်မှုများ ပိုမိုတိုးပွားလာခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်းဖြင့် ဂုဏ်မောက်ကာ မောက်မာလာခြင်းဖြစ်၏။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားဆိုလိုတဲ့ အမွေအနှစ်နဲ့ စိတ်ဆန္ဒတွေဆိုတာ ဘာကို ပြောတာလဲ”
အကြီးအကဲဝေက ရှင်းပြလိုက်၏ “ဟိုးရှေးခေတ်တုန်းက များပြားလှတဲ့ ကျင့်ကြံသူတွေက သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုပုံစံတွေ၊ စွမ်းရည်တွေကို အမွေအနှစ်အဖြစ် ဒီနေရာမှာ ချန်ခဲ့ကြတာလေ၊ ရေစက်ပါတဲ့လူတွေက သူတို့ရဲ့အမွေအနှစ်ကို ရရှိစေဖို့ မျှော်လင့်ချက်ပေါ့”
“ကျုပ်သိပြီ” ကျွင်းချောင်ရှောင်းသည် အနည်းငယ် စိတ်ဝင်စားမိသွား၏။
အကြီးအကဲဝေသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “သေဆုံးခြင်းမျှော်စင်က ကောင်းတဲ့ရည်မှန်းချက်နဲ့ ဖန်တီးခဲ့ကြတယ်ဆိုပေမယ့် ကံဆိုးတာက အင်ပါယာတွေကြား တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ကုန်းမြေတိုက်ကြီးက အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတာလေ”
အကြီးအကဲကျန်းက ပြောလိုက်သည်။ “အဲလိုမျိုး အပိုင်းပိုင်းဖြစ်သွားလို့လည်း ဒီကုန်းမြေတိုက်ကြီးမှာ အင်ပါယာ ကိုးယောက်ပဲ ရှိတော့တာပေါ့၊ ဒီထက်ပိုပြီး အင်ပါယာအရေအတွက်ကို လောကကြီးက ထပ်ပြီး မတိုးပေးတော့ဘူး”
“အင်း”
ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပိုမို၍ အားကောင်းလာသည်ကို အကြီးအကဲဝေက သတိပြုမိလိုက်၏။ မကောင်းတော့ဘူး။
“အကြီးအကဲကျန်း”
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။ “ခင်ဗျားတကယ်ပဲ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ရဲ့ အစီအရင်တွေကို တစ်စက္ကန့်အတွင်း ပြင်ပေးနိုင်တာလား”
“အမ်”
အကြီးအကဲကျန်းသည် ကြောင်အအနှင့် ပြောလိုက်၏။ “ကျုပ်က စကားအဖြစ် ပြောတာပါ”
“ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အစီအရင်တွေ ဖြစ်နိုင်သမျှ မြန်မြန်လေ့လာ၊ ပြီးရင် သေဆုံးခြင်းမျှော်စင်ကို ချက်ချင်းသွားကြမယ်”
အကြီးအကဲကျန်း၏ အမူအရာသည် ပိုမို၍ လေးနက်သွားသည်။ သို့ပေမဲ့ သူ၏ စိတ်ထဲမှာ အော်လျက်ရှိသည်။ ကျုပ်က ဟန်ရေးပြတာ .. ဂိုဏ်းချုပ်ရဲ့။
………………
ထိုက်ရွှမ်အအေးဂိုဏ်း …။
သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အပြင်ဘက်မှာတော့ ရေတွက်လို့မရအောင် များပြားသောတပည့်များသည် မတ်တပ် ရပ်နေကြ၏။
“ကုန်းရှန့်”
“ရှိပါတယ်”
“မင်းရဲ့ လက်ရှိစွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးတော့ ဂိုဏ်းက အရမ်းကို သဘောကျတယ်၊ ဒီတော့ အပြင်စည်း တပည့်တစ်ယောက်အဖြစ် အဆင့်တိုးမြှင့်ပေးလိုက်တယ်၊ ဆက်လက်ပြီး ကြိုးကြိုးစားစားနဲ့ အကြီးအကဲတွေရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်ပြီး အလုပ် လုပ်ကိုင်သွားနိုင်မယ်လို့ မျှော်လင့်မိတယ်”
“ကောင်းပါပြီ”
စုရှောင်မိုသည် အပြင်ဘက်သို့ လှမ်းတက်လိုက်ပြီးနောက် အပြင်စည်းတပည့်ကတ်ပြားအား လှမ်းယူလိုက်တော့ သည်။ တပည့်သစ်များအားလုံး၏ မနာလိုသည့် မျက်လုံးအစုံသည် သူ့ဆီသို့ ရောက်ရှိလာသည်။ သူက တီးတိုး ပြောလိုက်၏။ “ဂိုဏ်းချုပ်… ကျုပ်က အကြီးဆုံးအစ်မကြီးနဲ့ ဖန်းလင်းယုတို့အကြား ပဋိပက္ခကို စုံစမ်းနိုင်တဲ့အထိ သူလျှိုဆက်လုပ်နေအုံးမယ်”