တစ်ချက်တည်းဖြင့်
Vol. 014 Ch. 1341
တစ်ရိုက်တစ်ချက်ဆို လုံလောက်ပြီတဲ့လား။
လူတိုင်းသည် ပြောစရာစကား ဆွံ့အသွားခဲ့ရသည်။ ရီဖူရှင်းက ထိုစကားအား အခြားလူများကို ပြောသည်ဆိုလျှင် အကျိုးသက်ရောက်မှု သိပ်အများကြီး ရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူ ရင်ဆိုင်ရမည့်လူက အင်ပါယာ ချီနယ်မြေတွင် ရှိသမျှ ရှန့်ထိုများအကြား၌ အထူးချွန်ဆုံး ကျုံးချိုး ဖြစ်လေသည်။ သူသည် ကျုံးကလန်၏ အနာဂတ်ကို ဦးဆောင်နေသူ ဖြစ်သည်။
ကျုံးချိုးသည် ယခင် နန်းတော် စစ်ဆေးပွဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းရည်ကို ဖော်ထုတ် ပြသခဲ့သည်။ သူ့အဆင့်နှင့် တူသည့် မည်သူမဆို သူနှင့်တိုက်ခိုက်ပါက သူ၏ လွှမ်းမိုးခြင်းကို ခံကြရပေသည်။
အင်ပါယာချီနယ်မြေတွင် ကျို့ချိုးယန်နှင့် ကျုံးချိုးတို့သည် ကျော်လွှား၍ မရနိုင်သော တောင်များနှင့် တူပေသည်။
သို့ပေမယ့် ဤလူသည် ကျုံးချိုးအား အရေးမထားသည့် ဟန်ဖြင့် ‘ထွက်လာစမ်း’ ဟု ပြောခဲ့ပေသည်။
ချောက်ချားဖွယ်ရာ အပြင်းအထန် ရန်လိုနေသည့် အငွေ့အသက်များသည် ရီဖူရှင်းဆီသို့ တဖြည်းဖြည်း ရောက်ရှိ လာပေသည်။ ကျုံးကလန်မှ လူများက အေးစက်သော အမူအရာများ ဖော်ပြနေကြသည်။ ကျုံးချိုး၏ ဖြူဖျောနေသည့် မျက်နှာတွင် မည်သည့် ပြင်းထန်သော အမူအရာမှ ပေါ်မနေသော်လည်း သူ့မျက်လုံးများကို ကြည့်မိသည့် မည်သူမဆို အရိုးထဲထိ အေးစိမ့်စေမည့် ခံစားချက်များကို ခံစားရစေသည်။
အဲဒီကို ထွက်လာရမယ်လား။
တစ်ချက်ဆိုရင် လုံလောက်ပြီတဲ့လား။
ယခင်က သူ့ကို မည်သူမှ ထိုကဲ့သို့ မပြောဆိုရဲခဲ့ပေ။
သူ့ကိုယ်သူ မည်သူများ ထင်နေသနည်း။
ရုတ်တရက် ရယ်မောသံ ထွက်ပေါ်လာသည်။ ထိုရယ်သံအတွင်း လှောင်ပြောင်မှုတို့ တစွန်းတစ ပါဝင်နေသော်လည်း ထိုသူက မည်သည့်စကားမှ မပြောပေ။ လူအများသည် ထိုသို့ အကြောက်အလန့် မရှိ ရယ်မောရဲသူမှာ ကျို့ချိုးယန် ဖြစ်ကြောင်း တွေ့ရှိလိုက်ကြသည်။
ကျုံးချိုးက သူနှင့် ပြိုင်ဘက်ဖြစ်သော်လည်း ကျုံးချိုးသည် သူကဲ့သို့ပင် ကျော်ကြားသူ ဖြစ်သည်။ သူတို့ နှစ်ယောက်သည် ယှဉ်ပြိုင်ဘက်များ ဖြစ်သော်လည်း သူသည် ကျုံးချိုး၏ စွမ်းရည်ကို အသိအမှတ် ပြုပေသည်။
ရီဖူရှင်းသည် ကျုံးချိုးနှင့် သူ နှစ်ယောက်လုံးကို တစ်ယောက်ပြီးတစ်ယောက် မလေးမစား ပြုလုပ်နေသည်။ ထိုသည်က စော်ကားမော်ကားနှင့် မလေးမစား ပြုသည်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ရီဖူရှင်းသည် သူ့ကို ကြည့်လိုက်ပြီး ကျို့ချိုးယန်သည်လည်း ထို့နည်းတူစွာပင် ခံစားချက်မဲ့စွာ ပြန်ကြည့် လာသည်။
“မင်းလည်း စိတ်ဝင်စားနေတယ် ဆိုရင် ကိုယ်တိုင် ကြိုးစားကြည့်နိုင်တယ်။ လာခဲ့လိုက်” ရီဖူရှင်း၏ စကားကြောင့် ကျို့ချိုးယန်၏ နှုတ်ခမ်းထက်မှ အပြုံးရေးရေးက ပျောက်ကွယ် သွားခဲ့သည်။
“အပြောကြီးတာကတော့ တကယ်ပဲ။ မင်း လုပ်နိုင်တယ်လို့ ပြောထားတဲ့ဟာကို မလုပ်ပြနိုင်ခဲ့ရင် ဘာဖြစ်သွားမယ် ထင်လဲ” ကျို့ချိုးယန်၏ မျက်နှာသည် အလွန်ပင် သုန်မှုန်နေသည်။ မင်းသား ချီယိုသည် ဝင်၍ စွက်ဖက်ခြင်း မပြုပေ။ မင်းသားက သူတို့၏ စွမ်းအားက မည်မျှ ကောင်းမွန်သည်ကို ကြည့်ရှုရန် ရည်ရွယ်နေကြောင်း ပြောနိုင်ပေသည်။ အကယ်၍ သူတို့သာ ရီဖူရှင်းကို အလွယ်တကူ တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပါက မင်းသားသည် သူတို့ကို အရည်အချင်းမရှိဟု ထင်မြင် သွားပေလိမ့်မည်။
သို့သော် ကျို့ချိုးကလန်နှင့်ကျုံးကလန်သည် အင်ပါယာ ချီနယ်မြေမှ ထိပ်သီးအင်အားစုများ ဖြစ်ပြီး ယနေ့သည် နန်းတော်စစ်ဆေးပွဲ ကျင်းပသည့်နေ့ ဖြစ်သည်။ ရီဖူရှင်းသည် အလွန် မောက်မာသည့် အမူအရာဖြင့် အားလုံး၏ အာရုံကို ခိုးယူခဲ့သည်။
သူက ပြောသည့်အတိုင်းသာ မလုပ်နိုင်ခဲ့ပါက ထို့နောက်တွင်....
“အဲဒါဆို သေရမှာပေါ့” ကျို့ချိုးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောလိုက်သည်။ ထိုသို့ ပြောလိုက်သူမှာ အခြားမဟုတ်ဘဲ ယခင်က လီရို့ရွှမ်းနှင့်အတူ လာခဲ့ဖူးသည့် ထိုတန်ခိုးရှင်ပင် ဖြစ်သည်။ သူ၏ အသံက အေးစက်နေပြီး ချောက်ချားဖွယ်ရာ ကောင်းနေကာ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက် နေသည်။
“မင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်” ထိုအချိန်တွင် ကျုံးချိုးက ပြောလိုက်သည်။ သူက ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ရီဖူရှင်းဆီသို့ လျှောက်လာခဲ့သည်။
အစက သူသည် ရီဖူရှင်းက မည်မျှ အစွမ်းထက်၍ ထိုကဲ့သို့ မောက်မာနေသည်ကို မြင်တွေ့ရဖိုရာ တိုက်ခိုက်ကြည့်ရန် စိတ်ကူးမရှိပေ။
သို့သော် ရီဖူရှင်းသည် ထိုကဲ့သို့ စော်ကားမော်ကား အပြုအမူမျိုးနှင့် သူ့ကို ရန်စခဲ့သည်။
ရီဖူရှင်းက ထိုမျှ စိတ်ကြီးဝင်ရဲပြီး ယုံကြည်မှု အပြည့်ရှိနေသည့် အတွက် သူက ထိုလူကို အခွင့်အရေး တစ်ကြိမ်ပေးရန် ဆုံးဖြတ် လိုက်လေသည်။
“တစ်ချက်ပဲ။ မင်း မလုပ်နိုင်ရင် သေရမယ်” ကျုံးချိုးက မတ်တပ်ရပ်ကာ ရီဖူရှင်းဆီသို့ လမ်းလျှောက် လာခဲ့သည်။ သူလှမ်းလိုက်သမျှ ခြေလှမ်းတိုင်းတွင် ပတ်ဝန်းကျင်၏ အပူချိန်က နိမ့်ကျသွားကာ အေးစက် လာခဲ့ပေသည်။ ချောက်ချားဖွယ် အေးစိမ့်မှုကို ထိုအနီးအနားမှ လူတိုင်း ခံစားကြရသည်။
မဟာလမ်းစဉ်၏ စွမ်းအားများက ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားပြီး သွေးလည်ပတ် စီးဆင်းမှုကို သက်ရောက်မှု ရှိစေသည်။ သူ၏ ပတ်ဝန်းကျင်မှ မဟာလမ်းစဉ် စွမ်းအားများက တဖြည်းဖြည်း စတင်၍ နှေးကွေးလာလျှင် သူ၏ ခံစားမှုများသည်ပင် စတင်နှေးကွေး လာခဲ့သည်။
မဟာလမ်းစဉ်၏ စွမ်းအားများသည် အခြားလူများ၏ အာရုံခံစားမှုကိုလည်း သက်ရောက်ကာ သူသည်သာ ထိုလေဟာနယ်၌ ကျန်ရစ်နေတော့သလို ထင်မှတ် ရစေရန် ပြုလုပ် နေသည်။
“ဆရာရီ” ယွင်ချန်းယွဲ့၏ မျက်နှာက သွေးဆုတ်ဖြူရော် သွားသည်။ ရီဖူရှင်းသည် သူမအတွက် တရားမျှတမှုကို ရှာဖွေပေးခဲ့ခြင်း ဖြစ်ပြီး သူမသည် ထိုကိစ္စအတွက် သူမ၏ နှလုံးသားထဲကပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိ ပေသည်။
သို့သော် ကျို့ချိုးယန်နှင့် ကျုံးချိုးတို့က မည်မျှ အစွမ်းထက်သည်ကို သူမ ကောင်းကောင်း သိရှိပေသည်။ သူမသည် မကြာသေးခင်က ကျုံးချိုး၏ တိုက်ပွဲကို မျက်မြင် တွေ့ဖူးခဲ့ပေသည်။
သူမသည် ရီဖူရှင်း၏ စွမ်းအားကို တကယ့်ကို ယုံကြည်သော်လည်း တစ်ချက်တည်းနှင့် အရာအားလုံး အဆုံးသတ် နိုင်မည်ဟုတော့ သူမ မျှော်လင့် ထားနိုင်စွမ်း မရှိပေ။
ထိုတိုက်ကွက်တစ်ကွက်နှင့် လုပ်ဆောင်ရာတွင် ပြောင်းလဲ နိုင်သွားသည်များ အများအပြား ရှိသည်။ စွမ်းအားများ သိသိသာသာ ကွာခြား၍ ကြီးမားစွာ လွှမ်းမိုးနိုင်စွမ်း မရှိလျှင် တစ်ချက်တည်းနှင့် အဆုံးသတ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ကျို့ချိုးကလန်နှင့် ကျုံးကလန်တို့၏ ပြုမူပုံများအရ သူတို့သည် ရီဖူရှင်းအား မျှမျှတတ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ တိုက်ကွက်တစ်ကွက်က အလုပ် မဖြစ်ခဲ့လျှင် သူတို့သည် မည်သည့် ထောက်ထား ညှာတာမှုမှ မရှိဘဧ အမှန်တကယ်ပင် ရီဖူရှင်းကို သတ်ဖြတ် ကြလိမ့်မည် ဖြစ်သည်။
အကယ်၍ ရီဖူရှင်းက သူ ပြောသည့်အတိုင်း လုပ်နိုင်စွမ်းမရှိဘဲ အမှန်တကယ် ကျရှုံးသွားခဲ့ပါက ကျို့ချိုးကလန်နှင့် ကျုံးကလန်တို့သည် သူ့ကို သတ်ဖြတ် ကြလိမ့်မည် ဖြစ်ကာ မင်းသားကလည်း ဝင်မပါဘဲ လက်ရှောင် နေမည်သာ ဖြစ်သည်။
ကျုံးကလန်မှ တန်ခိုးရှင်တစ်ဦးသည် ယွင်ချန်းယွဲ့ကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများ၏ လက္ခဏာတို့ ရှိနေကာ သူမအား တုန်ယင် သွားစေပေသည်။
သူမသည် ကျုံးကလန်မှ ထိုတန်ခိုးရှင်ထံမှ သတ်ဖြတ်လိုသော ရည်ရွယ်ချက်တို့ကို ရှင်းလင်းစွာ ခံစားမိလေသည်။ ထိုလူများသည် သူလုပ်ခဲ့သည်များ အတွက် ရီဖူရှင်းအား အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ် နေကြပေသည်။
ရီဖူရှင်းသည် အင်ပါယာ ချီနယ်မြေအတွင်း အားအကောင်းဆုံး အင်အားစုနှစ်ခုကို အမှန်တကယ် ဆန့်ကျင်ခဲ့ခြင်း ဖြစ်သည်။
သူမသည် ထိုထိပ်တန်းအင်အားစု နှစ်ခု၏ ထိတ်လန့်ဖွယ် ဖိအားများအောက်တွင် လုံးဝ တုံ့ဆိုင်းသွားပုံ မပေါ်သည့် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် တူညီစွာပင် ကျန်ရှိနေပြီး သူသည် ဝံ့ဝံ့ကြွားကြွား ရပ်နေဆဲဖြစ်ကာ မည်သည့် အပြောင်းအလဲ ဖြစ်လာသည် ဖြစ်စေ ယုံကြည်မှုအပြည့်ရှိသည်ဟု ပြောသကဲ့သို့ ထင်မှတ်ရပေသည်။
စကြာဝဠာဖြိုခွင်းခြင်း မဟာလမ်းစဉ် စွမ်းအားများ ထွက်ပေါ်လာသည်။ ထို သဏ္ဌာန်မဲ့ ချောက်ချားဖွယ် အေးစက်သော စွမ်းအားများသည် ချက်ချင်းပင် ပြိုကွဲပျက်စီး သွားခဲ့သည်။
ရှန့်ထိုများကြားက တိုက်ပွဲသည် မဟာလမ်းစဉ် စွမ်းအားများကို သုံး၍ ရင်ဆိုင်ကြခြင်း ဖြစ်သည်။
စကြဝဠာ ဖြိုခွင်းခြင်း လမ်းစဉ်သည် မယုံကြည်နိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ကျုံးချိုး အသုံးပြုကာ တိုက်ခိုက်ခဲ့သည့် တိုက်ခိုက်မှုသည် အလွန် အေးစိမ့်ပြီး နေရာအနှံ့ကို အေးစက်မှုတို့ဖြင့် လွှမ်းခြုံ သွားသော်လည်း ယင်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ကျူးကျော် ဝင်ရောက်နိုင်စွမ်း မရှိဘဲ ကျန်ရစ်ခဲ့ပေသည်။
ရီဖူရှင်းသည် သူ့လက်ကို ဆန့်လိုက်ပြီး နေရာတခွင်လုံးမှ ကြယ်စွမ်းအားများက စုစည်းလာကာ ကြယ်ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်နှင့် တူပေသည်။ ခမ်းနား၍ များပြားလှသည့် ကြယ်တာရာများက ကောင်းကင်ထက်တွင် ချက်ချင်းပင် ပေါ်ပေါက် လာခဲ့သည်။
လင်းလက်နေသည့် ကြယ်တာရာများသည် ရီဖူရှင်းကို ဗဟိုပြုကာ လျှို့ဝှက် ဆန်းကြယ်သော ပတ်လမ်းအတိုင်း လှည့်ပတ်နေကြသည်ဟု ထင်မှတ်ရကာ ပြင်းထန်သည့် စွမ်းအားများက နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။
မဟာလမ်းစဉ်၏ လှံရှည်က ရီဖူရှင်း၏ လက်ထဲတွင် ပေါ်ပေါက်လာသည်။ လမ်းကြောင်းအတိုင်း လှည့်ပတ်နေသည့် အဆုံးမဲ့ ကြယ်အလင်းများက ထိုလက်နက်အတွင်း ပေါင်းစည်း သွားကာ ခဏချင်းအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာကာ ထိုစွမ်းအားများသည် ထိလိုက်သည့် မည်သည့်အရာကိုမဆို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်ဟု ထင်မှတ်ရပေသည်။
လက်နက်မှ ထွက်ပေါ်နေသည့် အလင်းသက်သက်ကပင် ကျုံးချိုးကို ကြောက်မက်ဖွယ် ပြင်းထန်သည့် ဖိအားကို ခံစားရစေသည်။
သူ၏ မျက်လုံးများက လေးနက် ပြင်းထန်လာပြီး သူ့တစ်ကိုယ်လုံးမှ အေးစက်မှုများ ပေါက်ကွဲထွက်လာကာ ရေခဲမုန်တိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အေးစက်သော ချောက်ချားဖွယ် အအေးလှိုင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူ ကျင့်ကြံသည့် ကျင့်စဉ်သည် ယင်ယန် နည်းစနစ်တွင် ယင်ဓာတ်လွန်ကဲသည့် ကျင့်စဉ်ဖြစ်ရာ ပစ်မှတ်ကို သတိမထားမိစေဘဲ သတ်ပစ်နိုင်စွမ်း ရှိပေသည်။
ဘုန်း…
ကောင်းကင်တခွင်မှ ကြယ်များအားလုံးသည် ခဏချင်းအတွင်းမှာပင် ပေါက်ကွဲထွက်ကာ မီးတောက်များကဲ့သို့ တောက်လောင် နေသည်ဟု ထင်မှတ်ရပေသည်။ မဟာလမ်းစဉ်၏ ဖျက်ဆီးခြင်း စွမ်းအား လှံရှည်က နေမင်း၏ အစစ်အမှန် မီးတောက်များနှင့် ဖုံးလွှမ်းနေကာ အလွန် ပြင်းထန်လှသည့် မဟာလမ်းစဉ် စွမ်းအားများက ပေါက်ကွဲထွက်လာကာ ကျုံးချိုး၏ ချောက်ချားဖွယ် အအေးဓာတ်စွမ်းအားကို လွှမ်းမိုးသွားခဲ့ပေသည်။
ကျုံးချိုးက အလွန်အေးစက်သော ယင်စွမ်းအားများကို အသုံးပြုသည့် အတွက် ရီဖူရှင်းက အလွန်ပူပြင်း တောက်လောင်နေသည့် ယန်စွမ်းအားများကို အသုံးပြုကာ တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေသည်။
ဘုန်း! ကျုံးချိုး၏ သက်စောင့် ဝိညာဉ်ဖြစ်သော လိပ်နက်နတ်သားရဲ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဉ် စွမ်းအားများက သူ့ကို အလယ်တွင်ထားကာ အစိုင်အခဲအဖြစ် ပေါင်းစည်း ဖွဲ့တည်လာပြီး သူ့ကို လှည့်ပတ်နေကာ သူ့ကို ဖြတ်သန်းသွားသည့် စွမ်းအင်စီးကြောင်း တစ်ခုချင်းစီတိုင်းသည် မည်သည့်နေရာကို ဖြတ်သန်းသွားသည် ဖြစ်စေ သေခြင်းတရား အငွေ့အသက်များ လွှမ်းသွား စေပေသည်။
ထိုများပြားလှသော စွမ်းအင်လှိုင်းများက တစ်ချိန်တည်းတွင် တိုးဝင်လာသည့် အခါ မချိမဆံ့ ဒုက္ခရောက်စေသော မြင်ကွင်းကို ဖြစ်ပေါ်စေပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် ရှေ့သို့ လှမ်းလာပြီး သူတို့၏ ပတ်ဝန်းကျင်က ပြင်းထန်စွာ တုန်ခါနေသည်။
ကျိုးချိုး၏ နှလုံးသားသည် ရီဖူရှင်း၏ ခြေလှမ်းအတိုင်းပင် တုန်ယင်နေသည်ဟု ထင်မှတ် ရပေသည်။
“တစ်ချက်တည်း တိုက်တာတောင် မင်းလိုလူအတွက်က တော်တော် လွန်သွားခဲ့တာပဲ” ရီဖူရှင်းက ချက်ချင်းပင် လေဟာနယ်ကို ပိတ်ဆို့လိုက်ပြီး ကျုံးချိုးထံသို့ လျှောက်သွားခဲ့သည်။
ထိုအချိန်က ရှင်းခိုင် သူ့အပေါ် ပေးခဲ့သည့် ဖိအားမှာ ကျုံးချိုးထက် ပို၍ သန်မာပေသည်။ ထိုချိန်က ရီဖူရှင်းသည် နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း ယခုတွင် သူသည် မိမိကိုယ်ကို သိမြင်ခြင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျုံးချိုးက သူ့ကို နိုင်စရာအကြောင်းမရှိပေ။
ရီဖူရှင်း လမ်းလျှောက်နေသည့် ထိုအခိုက်တွင် ကောင်းကင်ထက်မှ ကြယ်များသည် ပတ်လမ်းအတိုင်း လှည့်ပတ် နေကြသည်။ မဟာလမ်းစဉ် ကြယ်တာရာများ၏ အလင်းသည် တစ်ချိန်တည်းတွင် ကျဆင်းလာခဲ့ပြီး သူ့အနီးရှိ အရာအားလုံးကို ဖျက်ဆီး သွားခဲ့ကာ ရှေးဟောင်း စာလုံးများ၏ အလင်းက ကျုံးချိုးအပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာသည်ဟု ထင်မှတ်ရစေသည်။
ထိုအချိန်တွင် ကျုံးချိုးသည် ကြယ်ကမ္ဘာကြီးအတွင်း၌ ပိတ်မိနေသကဲ့သို့ ခံစားရပေသည်။ မဟာလမ်းစဉ်၏ အလင်းတန်းတိုင်းက ကြယ်များ ကြွေကျလာသကဲ့သို့ သူ့ထံ ပြေးဝင် လာကြပေသည်။
နေမင်း၏ မီးတောက်များနှင့် လောင်ကျွမ်းထားသော မရေတွက်နိုင်သည့် ကြယ်မိုးများ ရွာသွန်းမှုသည် ယင်းတို့ထိခတ်မိသမျှ အရာအားလုံးကို ပြင်းထန်စွာ ဖျက်ဆီး ပစ်နိုင်ပေသည်။
သူ၏ အမူအရာက နောက်ဆုံး၌ ပြောင်းလဲသွားခဲ့သည်။ ရီဖူရှင်း တိုက်ခိုက်လာသည့် အခါမှ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ ခံစားမိခဲ့သည်။ သူ၏ ဖြူရော်သော မျက်နှာက ပို၍ပင် သွေးဆုတ် သွားလေသည်။ မရေတွက်နိုင်သည့် စွမ်းအင်လှိုင်းများက ရီဖူရှင်းထံသို့ ကမူးရှူးထိုး ပြေးဝင်သွားသော်လည်း ယင်းတို့သည် ရီဖူရှင်း၏ တိုက်ခိုက်မှုအောက်တွင် အရေးပါမှုမရှိလှပေ။
သူသည် ဟစ်အော်လိုက်ပြီး ကြီးမားသည့် လိပ်နက်ကြီး ပေါ်ပေါက်လာကာ အေးခဲနေသော စွမ်းအင်များက သူ့ကို လွှမ်းခြုံထားပြီး သူ၏ တိုက်ခိုက်မှုများက ခုခံကာကွယ်မှု အဖြစ် ပြောင်းလဲ သွားသည်။
ဘုန်း.. ဘုန်း.. ဘုန်း...
သူတို့၏ ပတ်ဝန်းကျင်သည် ဆက်လက်၍ တုန်ခါနေပြီး တစ်ခဏအတွင်းမှာပင် ထောင်ချီသော ထိခတ်မှုများ ဖြစ်ပွားခဲ့ပုံ ရလေသည်။ လိပ်နက်သည် စတင်၍ အက်ကွဲလာပြီး သန့်စင်သည့် လှံရှည်က ထိုးထွက်လာကာ နတ်သားရဲ၏ အလယ်ဗဟိုကို စုတ်ဖြဲလိုက်ပြီး အတွင်းသို့ ထိုးသွင်းလိုက်သည်။
“မလုပ်နဲ့.....” ကျုံးချိုးသည် ကြောက်ရွံ့ တုန်လှုပ်လာပေသည်။ သူသည် သူ့စွမ်းအားများ၏ အကန့်အသတ်ကို ချိုးဖောက်၍ လေဟာနယ်ကို အေးခဲပစ်ရန် ရည်ရွယ် လိုက်သော်လည်း လိပ်နက်က ဆက်လက်၍ ပျက်စီးလာနေသည်။ လှံရှည်သည် ရပ်တန့်မည့်ပုံ မရပေ။ ကျယ်လောင် လှသည့် ဆူညံသံနှင့်အတူ သက်စောင့် ဝိညာဉ်သည် ကြေမွပျက်စီးသွားခဲ့ပြီး ရီဖူရှင်း၏ လှံရှည်က ကျုံးချိုး၏ ခန္ဓာကိုယ်ဆီသို့ တည့်မတ်စွာ ဝင်ရောက်သွားခဲ့သည်။
ကျုံးချိုး ထိတ်လန့်ကြောက်ရွံ့စွာ ကြည့်နေသည်။ ထို့နောက် သူသည် ရီဖူရှင်းကို မော့ကြည့်လိုက်ပြီး ရီဖူရှင်းက သူ့လက်ကို ရှေ့သို့ ပေါ့ပါးစွာ တွန်းလိုက်သည်ကို မြင်သည်။ ဖျက်ဆီးခြင်း စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ကျုံးချိုး၏ ခန္ဓာကိုယ်တွင်း အရာအားလုံးကို ဆုတ်ဖြဲ ပစ်လိုက်သည်။
သူက ပြောသည့်အတိုင်း လုပ်ဆောင်နိုင်စွမ်း မရှိလျှင် သေရမည်တဲ့လား။
သူ ပြောခဲ့သည့်အတိုင်း သူ အမှန်တကယ် လုပ်နိုင်စွမ်းရှိခဲ့တော့ရော ဘာဖြစ်သလဲ။
ဘုန်း…
လူတစ်ယောက်သည် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားခဲ့သည်။ ကျုံးချိုး၏ မျက်နှာက အလွန်အမင်း ကြောက်ရွံ့ခြင်းတို့နှင့် ပြည့်နှက်နေသည်။ သူသည် ရီဖူရှင်း၏ တိုက်ခိုက်မှုကြောင့် သူ၏ သက်စောင့်ဝိညာဉ် အပါအဝင် သူ့ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံး ပျက်စီး သွားခဲ့ပြီဟု ခံစားမိပေသည်။
ရီဖူရှင်းသည် သူ့ကို မသန်မစွမ်းဖြစ်စေရန် လုပ်ပစ်ခဲ့သည်။
“မင်းက ကျင့်ကြံဖို့ မသင့်တော်ဘူး” ရီဖူရှင်းက ပြောလိုက်သည်။
မရေတွက်နိုင်သည့် လူများမှာ ထိုမြင်ကွင်းကို တွေဝေ မိန်းမောနေသည့် အမူအရာများဖြင့် ကြည့်နေရင်း သူတို့၏ နှလုံးသားများက ခုန်ပေါက်နေသည်။
တစ်ချက်တည်း....
ရီဖူရှင်းသည် အမှန်တကယ်ပင် တစ်ကွက်တည်း သုံးပြီး သူ၏ ပြိုင်ဘက်ကို အပြတ်အသတ် အနိုင် ရခဲ့ပေသည်။
ထိုသည်က အမှန်တကယ်ပဲ ကျုံးချိုးလား။
ကျုံးကလန်မှ ကျုံးချိုးသည် အလွန်ပင် အားနည်းလှသည်ဟု ထင်မှတ်ရပေသည်။
သူသည် တိုက်ကွက်တစ်ကွက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။
ကျို့ချိုးယန်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်း သူ၏ စိတ်ထဲတွင် တုန်လှုပ်မှုများကို ခံစားနေရသည်။ သူ၏ အမူအရယု အလွန် အရုပ်ဆိုးနေပေသည်။ အခုနက တိုက်ခိုက်သူမှာ သူသာဖြစ်လျှင် မည်သို့ ဖြစ်လာမည်လဲ မှန်းဆနိုင်စွမ်းမရှိပေ။
“ဆရာရီ...” ယွင်ချန်းယွဲ့သည် ထိုမြင်ကွင်းကို ထိတ်လန့်သည့် အမူအရာများနှင့် စောင့်ကြည့်နေပြီး ရီဖူရှင်းက ပြောမပြ တတ်လောက်အောင် အစွမ်းထက်သည်အား တွေ့ရှိခဲ့သည်။
သူမသည် ယခင်က ရီဖူရှင်း၏ လမ်းညွှန်မှုကို ရရှိရန် မကြာခဏ သွားရှာခဲ့သော်လည်း သူမသည် ရီဖူရှင်း၏ အစစ်အမှန် စွမ်းအားကို မည်သည့်အခုမှ မြင်တွေ့ဖူးခြင်း မရှိခဲ့ပေ။ သို့သော် အခုချိန်၌ သူမ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ကျုံးချိုးကဲ့သို့ အစွမ်းထက်သော သူပင်လျှင် တိုက်ကွက် တစ်ကွက်ကို ခံနိုင်ရည်မရှိခဲ့ပေ။
သူမ၏ ဘေးမှ ကျုံးကလန် တန်ခိုးရှင်များက ချက်ချင်းပင် ကျုံးချိုး၏ ဘေးသို့ ရောက်ရှိ သွားကြကာ ကျုံးချိုး၏ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ ထို့နောက်တွင် သူတို့၏ အမူအရာများက အေးစက်စက်သို့ ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ထွက်ပေါ် လာပေသည်။
သူတို့သည် ကျုံးချိုးက အကြွင်းမဲ့ ဒုက္ခိတ ဖြစ်သွားခဲ့ပြီကို သိရှိပြီးသောအခါတွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များက ဝရုန်းသုန်းကား ထွက်ပေါ်လာသည်။ ကျုံးကလန်မှ တန်ခိုးရှင်များသည် ရီဖူရှင်းဆီသို့ ဦးတည်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ “မင်းက နန်းတော် စစ်ဆေးပွဲမှာ ဒီလောက်ထိ ပြင်းပြင်းထန်ထန် ပြုမူခဲ့တယ်။ မင်းက မင်းသားကို လေးစားမှု မရှိတာလား၊ တခြားလူတွေကို လေးစားမှုမရှိတာလား”
ထိုလူ၏ သတ်ဖြတ်ခြင်း အငွေ့အသက်များက ကြောက်မက်ဖွယ်ပင် ဖြစ်ကာ သူသည် ချက်ချင်းပင် ရီဖူရှင်းကို သတ်ပစ်ရန် ရည်ရွယ်နေသည်။
လူအများသည် ပြန်လည် မွေးဖွားခြင်း အဆင့်မှ ပေါက်ကွဲ ထွက်လာသည့် ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားမိလျှင် ရီဖူရှင်းအစား ဇောချွေးပြန်လာကြပေသည်။ သူတို့အားလုံးသည် ကျုံးချိုးကို တစ်ချက်တည်းဖြင့် အမှောက် သိပ်လိုက်နိုင်သည့် ဤလူငယ်က စင်မြင့်ထက်မှ အသက်ရှင်လျက် လျှောက်ထွက် သွားနိုင်ပါမည်လားဟု သိချင်နေကြသည်။
“မင်း လုပ်ရဲရင် ကျုပ်တပည့်ကို ဆန့်ကျင် တိုက်ခိုက်ဖို့ ကြိုးစားကြည့်လိုက်လေ”
ပြင်းထန်သည့် စွမ်းအားက နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ထိုပြန်လည် မွေးဖွားခြင်း အဆင့်ပေါ်တွင် ဖိနှိပ်ထားလေသည်။ ခဏချင်းအတွင်း၌ လူတိုင်းသည် ကြောက်မက်ဖွယ် ဖိအားကို ခံစားမိကြပေသည်။
ကျုံးကလန်မှ ပြန်လည်မွေးဖွားခြင်းအဆင့် ရှန့်ထိုက စကားပြောလိုက်သည့်သူကို လှည့်ကာ ရှာဖွေလိုက်သည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ လူတိုင်းသည် အသံရှင်ဆီသို့ ကြည့်လိုက် ကြပေသည်။
မင်းသား၏ ဘေးမှ ပုဂ္ဂိုလ်က သူတို့၏ မြင်ကွင်းထဲ ရောက်လာပြီး သူက ဖြည်းညင်းစွာ လျှောက်လာသည်။ ထိုသူမှာ အခြားမဟုတ်ဘဲ ချင်ရွှမ်ကန်းပင် ဖြစ်တော့သည်။
***