အခန်း (၇၈၆)
Vol. 53 Ch. 786
ကျွင်းချောင်ရှောင်းသည် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်အား စိန်ခေါ်ရန်အတွက် အလျင်မလိုချေ။ ပထမဦးဆုံး အနေနှင့် သူသည် အကြီးအကဲကျန်းအား အစီအရင်နှင့်ပတ်သက်၍ နားလည်မှု မြင့်မားစေရန် အချိန်ပေးခဲ့၏။ ဒုတိယအားဖြင့် သူသည် မိုးဆွေဟောခန်းမှ အဖွဲ့ဝင်များအား သတင်းအချက်အလက်များ ပိုမို၍ ရရှိအောင် တွန်းအားပေးခြင်းအားဖြင့် သတင်းအချက်အလက်များ ရရှိလာစေရန် စောင့်မျှော်နေခြင်းပင်ဖြစ်သည်။
သူရရှိခဲ့သော သတင်းအချက်အလက်များအရဆိုလျှင် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်အတွက် ဖော်ညွှန်းရမည့် စကားလုံးသည် အလွန်တရာ အန္တရာယ်များလှသည် ဟူ၍ဖြစ်၏။
“ဂိုဏ်းချုပ်”
လီလိုရှုက ရောက်ရှိလာပြီး ပြောလိုက်သည်။ “အစီအရင်နဲ့ပတ်သက်ပြီးတော့ သေချာသုံးသပ်ကြည့် တဲ့နောက်မှာ အမွေအနှစ်တွေအားလုံးက ရရှိနိုင်စွမ်းမရှိကြတော့ဘူး၊ ဒီတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းထဲက ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲကို ဝင်ရောက်ခဲ့တဲ့ဂိုဏ်းဆိုတာ တစ်ခုမှ မရှိတော့ဘူး”
“ဒီအထဲမှာ အန္တရာယ်ကလွဲရင် တခြားပစ္စည်းကောင်းတွေမှ မရှိတာ၊ အရူးတွေပဲ အထဲကိုဝင်မှာပေါ့” ကျွင်းချောင်ရှောင်းသည် ပြန်ပြောလိုက်မိ၏။
လီလိုရှုသည် ကြောင်အသွားသည်။ ပြီးသည့်နောက်မှာတော့ သူမသည် ဂိုဏ်းချုပ်အား သေသေချာချာ ကြည့်ရှုလိုက် ၏။ စိတ်ထဲမှာတော့ တီးတိုးရေရွတ်လျက်ရှိသည်။ သူ့ကိုကြည့်ရတာ အရူးနဲ့လည်း မတူပါဘူး။
“တခြား သတင်းအချက်အလက်တွေရှိသေးလား၊ ဥပမာအားဖြင့် မျှော်စင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ အတိအကျ ပေါ့” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
လီလိုရှုက ပြောလိုက်၏။ “ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်မှာ အထက်ဆယ်ထပ်ရှိတယ်၊ တစ်ထပ်ချင်းဆီ တိုင်းက သေးငယ်တဲ့ ကမ္ဘာငယ်လေး တစ်ခုစီပေါ့၊ ဒီအရာကို ဖန်တီးပြီးကတည်းက လက်ရှိအချိန်အထိ ခြောက်ခုမြောက်ကမ္ဘာထဲကို ရောက်ခဲ့ဖူးသူ တစ်ယောက်ပဲရှိတယ်”
“ကြည့်ရတာ တော်တော်ခက်ခဲမယ့်ပုံပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လီလိုရှုက ဆက်ပြောလိုက်၏။ “ရှေးယခင်ကတည်းက ခြောက်ခုမြောက်ကမ္ဘာထဲကို ရောက်ရှိခဲ့ဖူးတဲ့လူတွေ ရှိခဲ့ တယ်ဆိုပေမယ့် ယခု လက်ရှိ ကျင့်ကြံသူတွေထဲမှာတော့ အမြင့်ဆုံးရောက်နိုင်တဲ့အဆင့်က အဆင့်သုံးပဲ”
“အဆင့်မြင့်မားလေ အမွေအနှစ်ကို ရယူနိုင်တဲ့ အခွင့်အလမ်းက ပိုပြီးမြင့်မားလေလို့ ဆိုလိုချင်တာလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“သိပ်မှန်တာပေါ့”
လီလိုရှုက ပြောလိုက်၏။ “ဒါပေမဲ့ ဒါက ရှေးတုန်းက ဖြစ်ခဲ့တာလေ၊ အစီအရင်တွေက ပျက်စီး သွားပြီဆိုတော့ ဘယ်ကျင့်ကြံသူကမှ အထဲကို မဝင်တော့ဘူး၊ ထို့အတူပဲ အမွေအနှစ်ကို ဆက်ခံရယူခဲ့တဲ့ လူကလည်း တစ်ယောက်မှ မရှိတော့ဘူးပေါ့”
“မျှော်စင်ထဲမှာ ဘယ်လို အမွေအနှစ်မျိုးတွေ ရှိလဲ”
ကျွင်းချောင်ရှောင်းသည် ဤအရာနှင့် ပတ်သက်၍ အသိချင်ဆုံးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် စွန့်စား၍သွားယူရန် ထိုက်တန်သည်လား၊ မထိုက်တန်သည်လားကို ဤအချက်အလက်ကို အခြေခံကာ ဆုံးဖြတ် ရပေလိမ့်မည်။
လီလိုရှုက ပြောလိုက်၏။ “မှတ်တမ်းတွေအရဆိုရင် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲမှာ များပြားလှတဲ့ အထူးခန္ဓာကိုယ်တည်ဆောက်မှုပုံစံတွေရှိတယ်တဲ့၊ တချို့က သတ္တု၊ ရေ၊ သစ်သား၊ မြေ၊ မီး အဲတာတွေနဲ့ ပတ်သက် နေတယ်၊ တချို့ကတော့ မိုးကြိုး၊ လေ စတာတွေနဲ့ ပတ်သက်နေတယ်၊ အားလုံးက အကောင်းတကာ့ အကောင်းဆုံး ခန္ဓာကိုယ်တွေပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒါဆိုရင် စမ်းကြည့်ရတာ ထိုက်တန်ပါတယ်လေ”
ခန္ဓာကိုယ်တည်ဆောက်မှုပုံစံအရဆိုလျှင် သူသည် ထိုအရာများကို မလိုအပ်ပေ။ ထို့အပြင် သူသည် နတ်မီး ခန္ဓာကိုယ်ကို ပိုင်ဆိုင်သောသူတစ်ယောက် ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အားအကောင်းဆုံးသော မီးဓာတ်သဘာဝခန္ဓာကိုယ်များထဲတွင် ထိပ်ဆုံးဖြစ်သော ခန္ဓာကိုယ်လည်းဖြစ်၏။
သို့ပေမဲ့ လီချင်းယန်နှင့် ရှောင်ကျီ တို့သည်သာ ထိုကဲ့သော ခန္ဓာကိုယ်များကို ဆက်ခံရယူနိုင်မည်ဆိုလျှင် သူတို့၏ အားအင်အဆင့်သည် ပိုမို၍ တိုးပွား လာပေလိမ့်မည်။
“ကျုပ်ဆုံးဖြတ်လိုက်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နောက်လ တပည့်သစ်ခေါ်ယူမှုတွေ ပြီးတဲ့အချိန် မှာ ကျုပ်က အတွင်းစည်းတပည့်တွေ အကုန်လုံးကို ခေါ်ပြီးတော့ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို သွားပြီး စိန်ခေါ်မယ်”
သို့ပေမဲ့ ဤနေရာတွင် ပြဿနာကြီးတစ်ခုပေါ်ပေါက်လာ၏။ အန္တရာယ်များလှသော တားမြစ်တည်နေရာကြီးကို သူတို့တွေ ရင်ဆိုင်စိန်ခေါ်မည် ဆိုသည့်အကြောင်းကို လောကကြီးသိအောင် မည်သို့ ပြုလုပ်ရမည်နည်း။ ထိုသို့ ပြုလုပ်နိုင်မှသာလျှင် သူတို့ဂိုဏ်း၏ အားအင် အဆင့်ကို ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။
“သတင်းကို ဖြန့်လိုက်မှနဲ့ တူတယ်” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ဆိုသည်မှာ နတ်ဆိုးတောင်ကြားကဲ့သို့ စည်းခတ်ထားသော တည်နေရာ တစ်ခုနှင့် ဆင်တူလှ၏။ အထဲတွင်ရှိနေသောအရာများအား အပြင်ဘက်မှ လူများသည် မသိရှိကြနိုင်ကြချေ။
ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်းကို ရှာဖွေ၍ သူ၏အကြံအစည်အား ပြောပြလိုက်သည်။
“တကယ်လို့ ကျုပ်တို့က ပုံရိပ်ယောင်အစီအရင်ကြီးကို ဖန်တီးပြီးတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြုလုပ်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းပြီး ဖြစ်လိမ့်မယ်”
“ပုံရိပ်ယောင်အစီအရင်ကို ဖန်တီးတာ ပြဿနာမရှိဘူး၊ ဒါပေမဲ့”
ကျန်းတယ်ကျွင်းက ငြိမ်သက် တိတ်ဆိတ်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “အထဲမှာရှိတဲ့ မြင်ကွင်းတွေကို အပြင်ကို ပို့လွှတ်ဖို့က နည်းနည်းလေး ခက်ခဲလိမ့်မယ်”
“တကယ်လို့ ခက်ခဲမယ်ဆိုရင်တောင်မှ ဒါကို ဖြစ်အောင်လုပ်မှ ဖြစ်လိမ့်မယ်၊ ဒီတော့ ဒီကိစ္စကို ခင်ဗျားလက်ထဲ အပ်လိုက်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“နားလည်ပါပြီ”
ကျန်းတယ်ကျွင်းသည် အစီအရင်နှင့်ပတ်သက်သည့် တာဝန်တစ်ခုကို ထပ်မံကာ ရယူခဲ့လိုက်သည်။ ဤအရာသည် စိန်ခေါ်မှုတစ်ခုပင် ဖြစ်တော့သည်။ သို့ပေမဲ့ သူ့တွင် ညာလက်ရုံး တစ်ယောက်ဖြစ်သော ရှန်ကွမ်းရှင်းရောင် ရှိလို့နေ၏။ ထို့ကြောင့် ဤအရာကို ဖြေရှင်းနိုင်ရန်အတွက် ပြဿနာကြီး ဟုတ်မည်ဟု သူ မထင်ပေ။
......................
အဆင့်မြင့် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ကို ဖန်တီးပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ပိုမို၍ မြင့်တက်လာခဲ့ကြသည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ထိုမှလောက် နှင့် သဘောတွေ့မကျေချေ။ အဘယ်ကြောင့်ဆိုသော် ဆန်းဒြီအစီအစဉ်များကိုသာ ၎င်း၏ဂိုဏ်းထဲတွင် တည်ထောင် ထားနိုင်ပါက ပို၍ အကျိုးသက်ရောက်ပေလိမ့်မည်။
“ဖြည်းဖြည်းချင်းသွားရမယ်၊ ငါအလျင်လိုလို့ မဖြစ်ဘူး” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
...............
လ၏ အစပိုင်းမှာတော့ တပည့်သစ်ခေါ်ယူမှုသည် ထုံးစံအတိုင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်စာမေးပွဲခက်ခဲမှုကို အနည်းငယ်မြှင့်တင်ထားခဲ့ပြီး အဆင့်မြင့်စိတ်ဝိညာဉ်အမြစ် ရှိသူများကိုသာ ရွေးချယ်ခေါ်ယူရန် စေခိုင်းထား၏။
“ဂိုဏ်းချုပ်”
နင်တုစွေက သတင်းပို့လိုက်သည်။ “စုစုပေါင်း တပည့်သစ် နှစ်ထောင့်နှစ်ရာ ရတယ်၊ တစ်ရာကို မိုးဆွေ ဟောခန်းဆီပို့ပြီး ငါးရာကို သံချပ်ကာဝံပုလွေတပ်ဆီ ပို့လိုက်တယ်၊ လေးဆယ်ကိုတော့ ဆေးဟောခန်းဆီပို့ပြီး ဆယ်ယောက်ကိုတော့ အစီအရင်ဟောခန်းဆီပို့လိုက်တယ်”
လစဉ်လတိုင်း တပည့်သစ်ခေါ်ယူမှုများ ပြုလုပ်ပြီးသည့်နောက်မှာတော့ ဟောခန်းအသီးသီးတို့သည် တပည့်သစ် လစ်ဟာမှု သိပ်မရှိတော့ချေ။ အထူးသဖြင့် သံချပ်ကာ ဝံပုလွေဟောခန်းဆိုလျှင် တပည့်အရေအတွက် လေးထောင်မှ ငါးထောင်နီးပါးခန့်ပင် ရောက်ရှိနေပြီဖြစ်၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် စာရင်းကို ကြည့်ရှုကာ ပြောလိုက်၏။ “တပည့်သစ်တွေကို ကောင်းကောင်း လေ့ကျင့်ပေးရမယ်၊ သူ့တို့ကို များပြားလှတဲ့ အရင်းအမြစ်တွေ၊ သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေနဲ့ မြန်မြန် အသားကျအောင် ပြုလုပ်ပေးလိုက်”
ဂိုဏ်းထဲတွင် တပည့်များ တိုးပွားလာခဲ့တော့သည်။ ထို့ကြောင့် များပြားလှသည့် တာဝန်များကို ခွဲခြားပေးဝေ ထား၏။ ထို့ကြောင့်ပဲသူသည် အဓိကဟောခန်းထဲတွင် ထိုင်ရင်း အမိန့်ပေးခြင်းကိုသာ ပြုလုပ်တော့သည်။
................
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုက သတင်းပို့လာတယ်၊ ထိုက်ရွှမ်အအေးဂိုဏ်းကနေ သူတာဝန် တစ်ခုကို လက်ခံရရှိခဲ့တယ်တဲ့၊ ဒါကြောင့်မလို့ ရက်အနည်းငယ်အတွင်း ပြန်လာမယ်လို့ပြောတယ်”
“ဒါက အချိန်ကိုက်ပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်ကိုသွားရင် သူ့ကို ခေါ်သွားရမယ်”
ရက်အနည်းငယ်လောက် ကြာပြီးသည့်နောက်မှာတော့ တာဝန်ပြုလုပ်ရန် တောင်အောက်သို့ ဆင်းသက်လာသော စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာ၏။
“စီနီယာအစ်ကိုစု”
လီဖေးသည် ချက်ချင်းပြေးလာပြီး ဖက်လိုက်၏။ “ထွက်သွားပြီးကတည်းက ကျုပ် အရမ်းကို အထီးကျန်နေခဲ့တာလေ”
၎င်းတို့နှစ်ယောက်သည် မြန်ဆန်သွက်လက်မှုတွင် နာမည်ကျော်ကြားလှသူများဖြစ်သည်။ ထို့အပြင် အတူတူ ကစားခြင်း၊ လေ့ကျင့်ခြင်းများကို ပြုလုပ်ကြသူများလည်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ဆက်ဆံရေးသည် တခြား သော ဂိုဏ်းသားများထက် ပိုမို၍ လေးနက်လွန်းသည်။
“ဖယ်စမ်း”
စုရှောင်မိုသည် လီဖေးအား အသာခါချပြီးနောက် စားသောက်ခန်းဆီသို့ ခပ်သုတ်သုတ်ပြေးတော့သည်။ ပြီးနောက် ပြောလိုက်သည်။ “ဂျူနီယာညီမလေးလျှို.... မြန်မြန် မြန်မြန် ဟင်းပွဲတွေ ပြင်ဆင်တော့”
သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်လာသည့် အဓိကလုပ်ငန်းစဉ်သည် ဤကဲ့သို့ မစားရတာ ကြာမြင့်ပြီ ဖြစ်သော အစားအစာများကို စားသုံးရန်ပင် ဖြစ်တော့၏။
ခဏလောက်ကြာပြီးသည့်နောက် စားပွဲပေါ်တွင် အရသာ ရှိလှသော အစားအစာများ ရောက်ရှိလို့နေခဲ့သည်။ စုရှောင်မိုသည် ဘီလူးသရဲစီးသလိုပင် အစားအစာများကို စားသုံးတော့၏။
“စီနီယာအစ်ကို”
လျှိုဝမ်ရှစ်သည် ဘေးတစ်ဖက်တွင် ထိုင်ကာဖြင့် မေးထောက်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။ “တော်တော်ပိန်သွားတာပဲ”
ဂိုဏ်းဆီသို့ ပြန်ရောက်လာပြီးနောက် စုရှောင်မိုသည် အားရပါးရ စားသုံးတော့၏။ ပြီးသည့်နောက်မှာတော့ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ သွားကာ လေ့ကျင့်သည်။ ပြီးနောက် စမ်းသပ်မှုမျှော်စင်ကိုလည်း ထပ်သွားပြန်၏။ နောက်ဆုံးမှာတော့ သူ၏ဂိုဏ်းတူရောင်းရင်းများနှင့် အသင်းဖွဲ့ကာ သေခြင်းရှင်ခြင်းလျှို့ဝှက် နယ်မြေထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ပြန်၏။
“စီနီယာအစ်ကို... ထိုက်ရွမ်အအေးဂိုဏ်းရဲ့ သိုင်းပညာတွေက ဘယ်လိုရှိလဲ”
“အရေအတွက်အရဆိုရင် ပြိုင်စံရှားဂိုဏ်းထက် ပိုပြီး များတာပေါ့၊ ဒါပေမဲ့ အရည်အသွေးအရဆိုရင် သူတို့က အဝေးကြီး လိုအပ်သေးတယ်လေ”
“စီနီယာအစ်ကို... ထိုက်ရွှမ်အအေးဂိုဏ်းမှာ အမျိုးသမီးတပည့်တွေကော ရှိလား”
“အများကြီးပေါ့၊ ဒါပေမဲ့ အသွင်အပြင်အရ ကြည့်မယ်ဆိုရင် ငါတို့ဂျူနီယာညီမလေးတွေလောက် မလှပါဘူး”
“စီနီယာအစ်ကို... ခင်ဗျားက အပြင်စည်းတပည့်တောင် ဖြစ်သွားပြီလို့ ကြားတယ်လေ၊ မြန်လှချည်လား”
“ငါ ကြွားပြောတာမဟုတ်ဘူး၊ ဂိုဏ်းချုပ်က ငါ့ကို ပြန်မခေါ်ရင် အဲမှာ တိုက်ရိုက်တပည့် မဟုတ်ဘူး၊ အကြီးအကဲ တောင် ငါဖြစ်နိုင်တယ်”
အတွင်းခြံဝန်းထဲမှ လျှောက်ထွက်လာသော ကျွင်းချောင်ရှောင်းသည် စုရှောင်မို ကြွားဝါးပြောဆိုနေသည်ကို ကြားသည့်အချိန်မှာတော့ တီးတိုးရေရွတ်လိုက်သည်။“သူလျှိုတစ်ယောက်ကို စေလွှတ်လိုက်ပြီး အကြီးအကဲ ဖြစ်စေတာ၊ ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ”
“ရှောင်မို... ခဏလာအုံး”
“ဟုတ်ကဲ့” စုရှောင်မိုသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထိုက်ရွမ်အအေးဂိုဏ်းထဲမှာ ကောင်းကောင်းကြိုးစား၊ အကြီးအကဲ တစ်ယောက်ဖြစ်အောင်လုပ်”
“အမ်” စုရှောင်မိုကြောင်သွား၏။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တကယ့် အရေးအကြောင်းဆိုရင် ငါတို့ရဲ့သူလျှိုက ထိုက်ရွမ် အအေးဂိုဏ်းရဲ့ အကြီးအကဲဖြစ်နေရင် ဘယ်လောက်ကောင်းမလဲ”
“........” စုရှောင်မို၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့တော့သည်။
သူသည် သူ၏ဂိုဏ်းတူညီလေးများကြားတွင် ဟန်ထုတ်ကာ ကြွားဝါပြောဆိုနေခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် တကယ်ပဲ သူပြောသည်အား ယုံကြည်လျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက အရမ်းကို ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ မင်းအတွက်ငါက အခွင့်အရေး ဖန်တီးပေးမယ်၊ ဥပမာအားဖြင့် ထိုက်ရွှမ်အအေးဂိုဏ်းက တပည့်တွေ အပြင်ထွက်တဲ့အချိန်မှာ အန္တရာယ်တွေ တွေ့မယ်၊ ဒါဆိုရင် မင်းက ဝင်ကယ်မယ်၊ အဲတော့ အဲလူတွေအားလုံးရဲ့ လေးစားမှုကို မင်းရရှိမယ်၊ ဒီတော့ တဖြည်းဖြည်းနဲ့ မင်းက အဆင့်မြင့်တဲ့ဆီကို ရောက်ရှိသွားလိမ့်မယ်”
စုရှောင်မိုသည် ခေါင်းကိုကုတ်ကာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီလိုဆိုရင်လည်း ထိုက်ရွှမ်အအေးဂိုဏ်းထဲမှာ အချိန်အကြာကြီး နေနေရမှာပေါ့”
“ဒါကလည်း အဆင်ပြေတယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါမင်းကို မမေ့ပါဘူး၊ မင်းကောင်း ကောင်း ကြိုးစားရမယ်၊ ထိုက်ရွမ်းအအေးဂိုဏ်းထဲမှာ အဆင့်မြင့်မားတဲ့ ရာထူးတစ်ခုကို ပိုင်ဆိုင်ရင် အကောင်းဆုံးပဲ”
“ကောင်းပါပြီ”
စုရှောင်မိုသည် သူ၏ကျောရိုးကို ဖြောင့်အောင်ထားကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”
“ကြိုးစားထား” ကျွင်းချောင်ရှောင်းသည် ပခုံးကို ပုတ်ကာဖြင့် အသာလျှောက်ထွက်သွားသည်။
ယနေ့မှာတော့ စုရှောင်မို၏ တာဝန်သည် လုချင်းချင်းနှင့် ဖန်းလင်းယုတို့၏ ပြဿနာအား ရှာဖွေရသည့် တာဝန် ထက်ပိုမို၍ အဆင့်မြင့်မားသွားခဲ့တော့သည်။
....................
“အချပ်ပိုတွေ၊ အချပ်ပိုတွေ..... ဂိုဏ်းချုပ်ကျွင်းက ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ကို သွားပြီးတော့ စိန်ခေါ် တော့မယ်တဲ့၊ သူ့တပည့်တွေကို ခေါ်သွားနေပြီ၊ အချပ်ပိုတွေ၊ အချပ်ပိုတွေ....”
လူငယ်တစ်ယောက်၏ အသံသည် စီရင်စုနှင့် နိုင်ငံတော်တော်များများတွင် ပျံ့နှံ့လျက်ရှိနေ၏။ ဤအရာသည် ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးအား ဗုံးခွဲလိုက်သကဲ့သို့ ဝရုန်းသုံးကား ဖြစ်စေခဲ့၏။
“သူက အဆင့်သုံးမိစ္ဆာဂိုဏ်းနှစ်ခုနဲ့ မကြာသေးခင်က စိန်ခေါ်တိုက်ခိုက်ထားတာလေ၊ အခု ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ဆီသွားပြီး စိန်ခေါ်အုံးမှာလား”
“ဒီဂိုဏ်းချုပ်ကျွင်းက ရူးနေတာပဲဖြစ်မယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းထဲက တည်ရှိခဲ့တဲ့ တားမြစ်တည်နေရာ၊ ဘယ်သူကမှ စိန်ခေါ်ခြင်းမပြုလုပ်ခဲ့တာ နှစ်တစ်သောင်းလောက် ရှိနေပြီ မဟုတ်လား”
“ပြောရရင် အဲတည်နေရာထဲမှာရှိတဲ့ အခြေခံအစီအရင်တွေအားလုံးက ဖျက်ဆီးခံလိုက်ရတယ်လေ၊ ဒီတော့ များပြားလှတဲ့ အမွေအနှစ်တွေက အထဲမှာမရှိတော့ဘူး၊ တပည့်တွေကို အထဲကို စေလွှတ်တယ်ဆိုတာ သေလမ်း ကို တွန်းပို့တာနဲ့ တူတူပဲ”
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်သည် အစီအရင်၏ ထောက်ပံ့မှုကို ရရှိသည်ဆိုပါက ၎င်းတို့အားလုံးသည် အထဲသို့ သွား၍ စွန့်စားစိန်ခေါ်သည့်ကိစ္စအား နားလည်ပေးနိုင်စွမ်း ရှိသေး၏။ ချမ်းသာခြင်းဆိုသည်မှာ အန္တရာယ်များ ကြားမှ ရရှိခြင်း မဟုတ်ပါလား။
သို့ပေမဲ့ လက်ရှိအခြေအနေတွင် အစီအရင်များအားလုံး ဖျက်ဆီးခံလိုက်ရပြီး ရရှိနိုင်သည့် အမွေအနှစ် အားလုံးသည်လည်း မရှိတော့ချေ။ သို့ပေမဲ့ အဘယ်ကြောင့် စွန့်စားကာ အထဲသို့ သွားလာရန် ဆုံးဖြတ်လိုက်ရသနည်း။
“ကျုပ်ရဲ့အထင်အရဆိုရင် ပြိုင်စံရှားဂိုဏ်းက သူတို့ရဲ့ အားအင်အဆင့်ကို သက်သေပြချင်လို့ နေလိမ့်မယ်၊ သူတို့က စိတ်ကူးထဲပေါက်ရာတွေ လျှောက်လုပ်တာတော့ မဖြစ်နိုင်ဘူး”
“ဒီသတင်းကို ကြားပြီးထဲက ဂိုဏ်းတော်တော်များများက တားမြစ်နယ်မြေရှိတဲ့နေရာဆီ ဦးတည်သွားနေပြီလေ”
“သူတို့က ပြိုင်စံရှားဂိုဏ်းက ဒါကြီးကို ဘယ်လိုစိန်ခေါ်ပြီး ရင်ဆိုင်မလဲဆိုတာကို သိချင်နေတာပဲဖြစ်မယ်”
“သွားစို့၊ သွားစို့၊ ငါတို့လည်း သွားပြီးတော့ ကြည့်ရမယ်”
ထို့ကြောင့် ကျွင်းချောင်ရှောင်း ထွက်ခွာလာသည်ကို သိရှိသည်နှင့် လွတ်လပ်သော ကျင့်ကြံသူများ၊ မိသားစုများနှင့် ဂိုဏ်းဌာနအသီးသီးတို့သည် အလျင်အမြန်ပဲ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ရှိရာဆီသို့ ဦးတည်ပြီး သွားခဲ့ကြ တော့သည်။
ပထမဆုံး ရောက်ရှိသောလူများမှာ အလယ်ပိုင်းဒေသတွင်ရှိသော လူများဖြစ်၏။ အနည်းငယ်ကြာပြီးသည့် နောက်မှာတော့ သတင်းကို ကြိုတင်ရရှိထားသည့်လူများ ရောက်ရှိလာခဲ့ကြ၏။
ကျွင်းချောင်ရှောင်းသည်တော့ ရည်ရွယ်ချက်ရှိရှိနှင့် တမင်နောက်ကျမှ လာခဲ့ခြင်းဖြစ်သည်။ ထိုမှသာလျှင် သူတို့၏ စွန့်စားခန် ကိစ္စသည် ပိုမို၍ အသက်ဝင်လှုပ်ရှားလာမည် မဟုတ်ပါလား။
“ဒီအမှိုက်လေး”
မူချန်းဟုန်သည် ထိုသတင်းကို ကြားသည့်အချိန်မှာတော့ အကူအညီမဲ့သည် အမူအရာများ ဖြစ်တည်လာခဲ့သည်။ “ထင်ထားတဲ့အတိုင်းပဲ၊ ဒီကောင်က သေလမ်းမှ မရှာရရင် နေသာထိုင်သာ မရှိသလို ခံစားရတယ်နဲ့ တူတယ်”
ထို့ကြောင့် သူသည် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ရှိရာသို့ အလျင်အမြန် ပြေးလာခဲ့တော့သည်။ ဤအရာသည် ဂိုဏ်းချင်းတိုက်ခိုက်သည့် ပြိုင်ပွဲ မဟုတ်သည်မို့ ဘာတစ်ခုမှ ပြော၍လည်း မဖြစ်ချေ။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းတွင် သူ၏ သမီးကလည်း ရှိနေသေးသည် မဟုတ်လား။
....................
တောအုပ်၏ တည်နေရာတစ်ခုထဲမှာတော့ များပြားလှသည့် အဆောက်အဦများ တည်ရှိနေသည်။ ထိုအဆောက် အဦများ အားလုံးသည် ရှေးကျပြီး အိုမင်းလွန်းလှ၏။ အဆောက်အဦ၏ အဆုံးသတ်တွင်တော့ အလွန်တရာ ရှည်လျားလှသော ကျောက်မျှော်စင်ကြီးတစ်ခု ရှိနေသည်။ ထိုအရာထဲသို့ ဝင်ရောက်၍ ဘယ်သူမှ ရှင်းလင်းခြင်း မပြုလုပ်ကြပေ။ ထို့ကြောင့် အပြင်ဘက်များ ဖုန်များ၊ ရေညှိများ၊ အပင်များနှင့် ဖုံးလွှမ်းလျက်ရှိနေတော့၏။
ဝှစ် ဝှစ်
ရုတ်တရက် ဆိုသလိုပဲ သစ်တောထဲမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ပြီးသည့်နောက်မှာတော့ ကျောက် မျှော်စင်ကြီး၏ အရှေ့တွင် ရပ်တန့်လိုက်၏။
“အကြီးအကဲကုန်း... မတွေ့ရတာကြာပြီနော်”
အစောကတည်းက ရောက်လာကြသော ဂိုဏ်းအကြီးအကဲတစ်ယောက်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်၏။ အနားပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည့်နောက်မှာတော့ စုဝေးရောက်ရှိနေကြသော သိုင်းကျင့်ကြံသူတစ်ရာကျော်လောက် ရှိနေသည်ကို သူရှာဖွေတွေ့ရှိလိုက်ရ၏။ ၎င်းတို့၏ အော်ရာများသည် သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူ အဆင့်များပင် ဖြစ်ကြ၏။
ဝှစ်
တည်နေရာကြီးတစ်ခုလုံး တုန်ခါသွားပြီးသည့်နောက် အင်ပါယာမြို့မှ မြို့တော်ဝန်ဟန်သည် ရောက်ရှိလာခဲ့တော့ သည်။
“မြို့တော်ဝန်ဟန်” များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် လက်သီးကိုဆုပ်ကာ နှုတ်ဆက် လိုက်၏။
မြို့တော်ဝန်ဟန်သည် အနီးပတ်ဝန်းကျင်ကို လှည့်ကြည်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက မရောက်သေးဘူးလား”
“မရောက်သေးပါဘူး” သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ဒီမှာစောင့်နေတာ ရက်အနည်းငယ်ကြာပြီလေ၊ သူ လမ်းတစ်ဝက်မှာ စိတ်ပြောင်းပြီးတော့ ပြန်သွားတာနဲ့ တူတယ်”
“မဟုတ်လောက်ဘူး”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ဒီကောင်လေးက လွန်ခဲ့တဲ့ လဝက်လောက် ကတည်းက ကျုပ်ဆီကို စာပို့ထားတာလေ၊ သူကျိန်းသေပေါက် ဒီဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ကို စိန်ခေါ်လိမ့်မယ်၊ သူ့စကားကို သူဘယ်တော့မှ ရုတ်သိမ်းမယ့်လူမျိုး မဟုတ်ဘူး”
ဝှစ် ဝှစ်
ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်တွင် အလင်းတန်းတစ်ခု ပေါ်လာပြီး ကျောက်မျှော်စင်ရှေ့တွင် မတ်တပ် ရပ်လိုက်၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ကျွင်းချောင်ရှောင်းသည် ပြုံးလျက် ပေါ်လာတော့ သည်။ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "မြို့တော်ဝန်ဟန်... မတွေ့ရတာ ကြာပြီနော်၊ ကျုပ်လွမ်းနေတာ"
“...........”
နဂါးကျားတိုက်ပွဲတွင် မိမိဂိုဏ်းအား အရူးတစ်ယောက်လို ခဏခဏ ကြော်ငြာတတ်သည့် ဤအရှက်မဲ့လူအား မြင်ရသည့်အချိန်မှာတော့ မြို့တောဝန်ဟန်သည် မည်သို့မှ မနေနိုင်ဘဲ အောက်ကမြက်ခင်းပြင်သို့ ဆွဲချကာ ပြေးထိုးချင်စိတ်ပင် ပေါက်နေ၏။
"ဂိုဏ်းချုပ်ကျွင်း... ဘာလို့တစ်ယောက်တည်း လာခဲ့တာလဲ"
"တပည့်တွေ အနောက်မှာမလို့လေ"
"ဂိုဏ်းချုပ်ကျွင်း... ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်က အင်ပါယာဆယ်ယောက် တည်ထောင်ခဲ့တာ ဆိုပေမဲ့ အထဲမှာ အရမ်းကို အန္တရာယ်များတဲ့ အရာတွေရှိတယ်၊ တကယ်ပဲ တပည့်တွေကို ခေါ်သွားချင်တာ သေချာလို့လား"
"သိပ်သေချာတာပေါ့"
“.............” အားလုံးသည် ပြောဆိုနေခြင်းမှ ရပ်တန့်လိုက်ကြ၏။ အထဲတွင် ကောင်းမွန်သည့်အရာလည်း တစ်ခုမှ မရှိချေ။ သို့ပေမဲ့ အထဲသို့ သွားချင်နေသေးသည်။ ဂိုဏ်းချုပ်ကျွင်းသည် သူနှင့် သူ့တပည့်များ၏ အသက်ကို ဂရုစိုက်မည့်ပုံ မပေါ်ချေ။
မကြာခင်မှာပဲ ကျန့်ရာ၊ အကြီးအကဲကျန်း၊ လီချင်းယန်နှင့် တခြားသောတပည့်များအားလုံးသည် ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် ဂိုဏ်းချုပ်၏ အရှေ့ဆီသို့ ရောက်ရှိလာ၏။ ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်အကြောင်းကို ကောင်းကောင်း နားလည်ထားပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် သတိအပြည့်နှင့် ရှိနေ၏။ သူသည် ကောင်းမွန်လှသည့် လူစာရင်းကို ခေါ်ဆောင်လာသည်သာမက အဘိုးကြီးတင်းကိုပါ ခေါ်ဆောင် လာခဲ့သေး၏။
"ဂိုဏ်းချုပ်ကျွင်း"
မြို့တော်ဝန်က ပြောလိုက်သည်။ "တကယ်လို့ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲကို ဝင်ချင် တယ်ဆိုရင် လူဆယ်ယောက်ပဲ ဝင်လို့ရတယ်"
"ဟမ်... အဲလိုမျိုး လူအရေအတွက်ကို ကန့်သတ်ထားသေးတာလား" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
မြို့တော်ဝန်ဟန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "လူအရေအတွက်ကို ကန့်သတ်ထားရုံတင်မကဘူး၊ အဆင့်နဲ့အသက်ကိုလည်း ကန့်သတ်ထားသေးတယ်၊ အထဲကိုဝင်တဲ့ သိုင်းကျင့်ကြံသူတွေက သိုင်းနယ်မြေတစ်ပိုင်း ဒါမှမဟုတ် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်မှာ ရှိနေလို့ မဖြစ်ဘူး၊ အဲဒီအောက်ပဲ ရတယ်၊ ပြီးတော့ အထဲကို ဝင်တဲ့ လူတွေက အသက်တစ်ရာထက် ကျော်လို့ မဖြစ်ဘူး"
အတွေ့အကြုံများလှသော သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ သူသည် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်အကြောင်းကို ကောင်းကောင်းနားလည်၏။ ထိုကဲ့သို့သော နားလည်မှုမျိုးတွင် မိုးဆွေဟောခန်းမှ စုံစမ်း ရရှိနိုင်သောသတင်းများထက်ပင် ပိုမို၍ ထူးခြားနေသေး၏။
"ဟ တကယ့်ကို ပြဿနာပဲ" ကျွင်းချောင်ရှောင်းသည် သုန်မှုန်စွာဖြင့် ပြောလိုက်မိသည်။
သူ့အနေနှင့် အဘိုးကြီးတင်းကို ခေါ်ဆောင်ကာ အထဲသို့ ဝင်ရောက်ရန် စီစဉ်နေမိသည်။ ထို့အပြင် သူနှင့် တစ်ပါတည်း ခေါ်ဆောင်သွားရန် သိုင်းအုပ်စိုးသူ အကြီးအကဲလေးယောက်ကိုလည်း ခေါ်ဆောင်လာခဲ့သေးသည် မဟုတ်လား။ လက်ရှိအခြေအနေမှာတော့ လူအရေအတွက်ကို ကန့်သတ်ထားသည်သာမက အဆင့်နှင့်အသက် အရွယ်ကိုပါ ကန့်သတ်ထားသေး၏။ ထိုကဲ့သို့ကြောင့် အထဲသို့ ဝင်ရောက်ရန် ကိုက်ညီသည့်လူများမှာ သူ၊ ကျန့်ရာ နှင့် တခြားသောတပည့်များသာ ရှိနေတော့သည်။
"အကြီးအကဲကျန်း"
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "ခင်ဗျားက အသက်တစ်ရာကျော်ပြီလား"
“.........”
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ကျုပ်အသက်က အသက်သုံးရာ ကျော်နေပါပြီ"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ကျုပ်တို့ အထဲကိုဝင်ပြီး အစီအရင်ကို ဘယ်လိုပြင်မလဲ"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "ကျုပ်က အစီအရင်တွေကို အာရုံခံမိတယ်လေ၊ ဒီတော့ အထဲက တစ်စုံ တစ်ယောက်နဲ့ဆက်သွယ်ပြီး ပူးတွဲပြုလုပ်မယ်ဆိုရင် အထဲကိုဝင်တာ၊ မဝင်တာ ကိစ္စမရှိတော့ဘူး"
"ဒါအမှန်ပဲ" ကျွင်းချောင်ရှောင်း၏ မျှော်လင့်ချက်များသည် ပြန်လည်လင်းလက်လာခဲ့၏။
"ဒါပေမဲ့"
ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ "အထဲမှာ အစီအရင်ရဲ့ အမြူတေကို ဖြေရှင်းရင် ရှုပ်ထွေးကုန်မှာစိုးရတယ်၊ ဒီတော့ ဂိုဏ်းချုပ် ရှင်းရောင်ကို အထဲကို ခေါ်သွားလေ၊ ဒါဆိုရင် အတူတူ ပူးပေါင်းပြီး အလုပ်လုပ်လို့ ရနိုင်တယ်"
"အင်း" ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။
မြို့တော်ဝန်ဟန်က ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း... ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ရဲ့ အထဲမှာရှိတဲ့ အစီအရင်တွေ အကုန်လုံးက ဖျက်ဆီးခံလိုက်ရပြီ၊ ဒါကြောင့် အမွေအနှစ်တွေကို ဘယ်သူမှ မရတော့ဘူး၊ ခင်ဗျား ဂိုဏ်းအနေနဲ့ အထဲကိုဝင်သွားဖို့ မထိုက်တန်ဘူးလို့ ကျုပ်ထင်တယ်"
“ကျုပ်က ဒီအထိ ရောက်လာပြီးပြီဆိုမှတော့ စိတ်ကို လွယ်လွယ်နဲ့ ပြန်ပြောင်းတော့မှာ မဟုတ်ဘူးလေ၊ ဓားတောင် ကိုပဲဖြစ်ဖြစ်၊ မီးပင်လယ်ကိုပဲဖြစ်ဖြစ် ကျိန်းသေပေါက် တပည့်တွေခေါ်ပြီးတော့ ကျော်ဖြတ်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ခင်ဗျားက ရဲရင့်လွန်းတယ်” မြို့တော်ဝန်ဟန်က ပြောလိုက်သည်။
“အကြီးအကဲကျန်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အဆင်သင့်ပြင်ထားတော့”
“ကောင်းပါပြီ”
ကျန်းတယ်ကျွင်းသည် တည်နေရာတစ်ခုကိုသွား၍ လက်ကိုယမ်းခါလိုက်၏။ ပြီးသည့်နောက်မှာတော့ အစီအရင်၏ အလံတိုင်များသည် ပျံ့နှံ့သွားပြီးသည့်နောက်မှာတော့ တည်နေရာတွင် အစီအရင်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ အလင်းတန်းများဖြတ်ပြေးသွားပြီးနောက် မှန်ကဲ့သို့သော တည်နေရာမြင်ကွင်းတစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။
“ပုံရိပ်ယောင်အစီအရင်ပဲ”
မြို့တော်ဝန်ဟန်သည် ကျန်းတယ်ကျွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်မိလိုက်၏။ ဤလူသည် ထိုကဲ့သို့သော အစီအရင်မျိုးကို ပြီးပြီးရော ပြုလုပ်နိုင်သည်ကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အစီအရင် ကျွမ်းကျင်မှု တာအိုသည် အလွန်ကြီးမားစွာ ရှိနေမည်မှာ သေချာသည်။
“မြို့တော်ဝန်ဟန်”
ထိုအချိန်မှာပဲ မိုင်တစ်ထောင်အဝေးဆီမှ အသံတစ်ခုပေါ်ပေါက်လာ၏။ “နဂါးကျားတိုက်ပွဲအတွက် ပြင်ဆင်ထားတဲ့ ပုံရိပ်ယောင်အစီအရင်က ရုတ်တရက် အသက်ဝင်သွားတယ်၊ နိုင်ငံ အသီးသီးနဲ့ ချိတ်ဆက်ထားတဲ့ ပုံရိပ်ယောင်အစီအရင်တွေက အသက်ဝင်သွားတာပဲ၊ ပြန်ဖယ်လို့လဲ မရဘူး”
“ဘာ” မြို့တော်ဝန်ဟန်သည် ဆွံ့အသွားသည်။
တစ်ဒါဇင်ကျော်ရှိသော အစီအရင်ဆရာတို့သည် ချွေးတစ်ပေါက်ပေါက်ကျသည်အထိ ပြုပြင်ရန် ကြိုးစားတော့၏။ သို့ပေမဲ့ အဓိကအစီအစဉ်ကြီးအားလုံးသည် ခိုးယူခြင်းခံထားရသည်မို့ သူတို့မည်မျှပင် ပြင်ဆင်ပြင်ဆင် ပြင်ဆင်၍ မရနိုင်ချေ။
“နဂါးကျားတိုက်ပွဲတုန်းက ပြသခဲ့တဲ့ ပုံရိပ်ယောင်အစီအရင်က ထပ်ပြီးပေါ်လာတာလား” မြို့များအသီးသီးတွင် ရှိနေကြသော ကျင့်ကြံသူများသည် ခေါင်းမော့ကာ ကြည့်လိုက်ကြ၏။
ဝှစ်
ထိုအချိန်မှာပဲ ပုံရိပ်တစ်ခုသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်ပေါက်လာတော့သည်။ အလွန်တရာ ချောမော လှသည့် လူတစ်ယောက်၏ မျက်နှာသည် အားလုံး၏ မြင်ကွင်းထဲ၌ ပေါ်လာ၏။ “အားလုံးပဲ… အခုမြင်နေရတာတော့ ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ပါပဲ၊ ဒီနေ့မှာတော့ ကျုပ်က တပည့်တွေကို ခေါ်ပြီး အထဲကို ဝင်သွားမယ်၊ တစ်ကမ္ဘာလုံးက ဒီကိစ္စကြီးကို သိချင်နေမှာပေါ့”
“ချီးတဲ့မှ... ဒီကောင် ထပ်လာပြန်ပြီ”
ကျွင်းချောင်ရှောင်း၏ မျက်နှာကို မြင်ရချိန်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံး၏ မျက်နှာသည် ရုတ်တရက် ဆိုသလိုပဲ ရူးချင်စိတ်ပင် ပေါက်မိသွား၏။
မြက်ခင်းပြင်တွင် ရပ်လျက်ရှိသော မြို့တော်ဝန်ဟန်သည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်သွားခဲ့၏။ ပုံရိပ်ယောင်အစီအစဉ်ကို တစ်စုံတစ်ခု ပြုလုပ်လိုက်သည်ဆိုသည်မှာ ဤရောင်းရင်းပင် ဖြစ်ပေလိမ့်မည်။
“မြို့တော်ဝန်ဟန်”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “ကျုပ်က ခင်ဗျားရဲ့ ပုံရိပ်ယောင်အစီအရင်ကို ခဏငှားမယ်၊ ဒီတော့ လူလုပ်ဖန်တီးထားတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းပေးမယ် အဆင်ပြေလား”
လူလုပ်ဖန်တီးထားသော စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းဆိုသည်ကို ကြားရချိန်မှာတော့ မျက်နှာပျက်ယွင်း နေသော မြို့တော်ဝန်ဟန်သည် ပြုံးလိုက်၏။ “လွန်ခဲ့တဲ့ နှစ်တစ်သောင်းထဲက ဆယ်မျက်နှာသတ်ဖြတ်ခြင်း မျှော်စင်ကို ဘယ်သူကမှ စိန်မခေါ်ခဲ့ဘူးလေ၊ ဒီတော့ ကျုပ်တို့အားလုံးက ဒါကို ကြည့်ချင်တာပေါ့၊ ဂိုဏ်းချုပ်ကျွင်း... သုံးချင်ရာသာ သုံးပါတော့”