← Chapters

အခန်း (၇၈၇)

Vol. 53 Ch. 787

အခန်း (၇၈၇)

Vol. 53 Ch. 787

မြို့တော်ဝန်ဟန်သည် စိတ်ဝိညာဉ်ကျောက်တုံးဆိုသော အသံကိုကြားရချိန်မှာတော့ အလုံးစုံ ပူးပေါင်းပါဝင် လိုက်၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းအား နဂါးကျားပြိုင်ပွဲတွင် ပြသလေ့ရှိသည့် ပုံရိပ်ယောင်အစီအရင်ကြီးအား အသုံးပြုခွင့်ကို ပေးအပ်လိုက်တော့သည်။

တကယ်တမ်းမှာတော့ သူ့အနေနှင့်လည်း မပူးပေါင်း၍လည်း ဘာမှ ပြုလုပ်၍ ရနိုင်သည်မဟုတ်ပေ။ အစီအရင်၏ဖန်တီးရာ ပင်မအမြူတေ တစ်ခုလုံးကို ကျန်းတယ်ကျွင်းသည် ရယူခဲ့ပြီးပြီ ဖြစ်၏။ ထို့ကြောင့် ဤအရာကို ပြန်လည်ရရှိရန်အတွက် အင်ပါယာမြို့ရှိ အစီအရင်ဆရာများ ပြန်လည်ပြင်ဆင်လျှင်တောင်မှ အချိန်အနည်းငယ် ကြာမြင့်ပေဦးမည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် ပုံရိပ်ယောင်အစီအရင်ကြီး၏ အရှေ့တွင်ရပ်ကာ အလွန်တရာ ကြည့်ကောင်း လှသော ဟန်ပန်ကို ထုတ်ကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကတည်းက ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ကို ဝင်ရောက်တဲ့လူက ဘယ်သူမှ မရှိခဲ့ဘူး၊ ဒီနေ့မှာတော့ ကျုပ်တို့က ဝင်ရောက် စိန်ခေါ်မယ့် အပြင် ဆယ်ထပ်ထိရောက်အောင်လို့ ကြိုးစားသွားမှာပါ”

ပြောပြီးပြီးချင်းမှာပဲ ကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများအားလုံးသည် မျက်လုံးများ ချာချာလည်သွားတော့ သည်။ ဤအရာသည် ရှေးအင်ပါယာများ ဖန်တီးခဲ့သည့် တားမြစ်တည်နေရာတစ်ခုဖြစ်ပြီး ရှေးယခင်ကတည်းက ယခုအထိ အကောင်းမွန်ဆုံးသော ရောက်ရှိနိုင်သည့်အဆင့်သည် အဆင့်ခြောက်အထိသာဖြစ်သည်။ မည်သူမှသည် အဆင့်တစ်ဆယ်ထိရောက်အောင် စိန်ခေါ်နိုင်စွမ်း မရှိကြချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် အမှန်ပင် ပြောရဲဆိုရဲ ရပ်ကွက်က ဖြစ်လို့နေ၏။

“ညီအစ်ကိုတို့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဖြစ်နိုင်မယ်ဆိုရင် အသဲလေးတွေ ပေးထားကြပါ”

ဝှစ်

ပြောပြီးသည့်နောက်မှာတော့ သူသည် နောက်ဘက်တွင်ရှိသော မြက်ခင်းပြင်ထဲသို့ ခုန်ချလိုက်၏။ ပြီးသည့်နောက် မှာတော့ ရေညှိများ၊ ခြုံနွယ်များဖြင့် ပိတ်လျက်ရှိသော ရှေးဟောင်းကျောက်မျှော်စင်ကြီးရှေ့တွင် ရပ်လိုက်တော့၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည်လည်း လှမ်းလျှောက်လာခဲ့ကြ၏။ ၎င်းတို့၏ အားလုံးသည် ဂိုဏ်းချုပ်၏နောက်တွင် မတ်တပ်ရပ်လျက်ရှိပြီး ၎င်းတို့၏ မျက်လုံးမှာလည်း တောက်ပလျက်ရှိသည်။ လူအရေ အတွက် အကန့်အသတ်ကြောင့်သာ ကျွင်းချောင်ရှောင်းသည် လူကိုးယောက်ကိုသာ ခေါ်ဆောင်သွားခဲ့ရ၏။ ကျန့်ရာ၊ ရှန့်ကွမ်းရှင်းရောင်နှင့် ကျန်သောလူများအားလုံးသည် ဂိုဏ်း၏ အားကိုးရဆုံးသော ပါရမီရှင်များ ဖြစ်ကြသည်။

“ဂိုဏ်းချုပ်ကျွင်း”

ယခုမှ အလျင်အမြန်ရောက်ရှိလာသော မူချန်းဟုန်သည် လေးလေးနက်နက် ပြောလိုက်၏။ “ခင်ဗျားအနေနဲ့ သတိထားမှဖြစ်မယ်”

သူ၏သမီးသည် ဤနေရာတွင် ရှိနေသည်ဆိုသော်လည်း အထဲသို့ဝင်ရောက်မည့်စာရင်းတွင် မပါဝင်ချေ။ ထိုအရာသည် သူ့အား အနည်းငယ်တော့ စိတ်သက်သာရာ ရစေမိ၏။ သို့ပေမဲ့ သူသည် ပြိုင်စံရှားဂိုဏ်းအား ဆယ်မျက်နှာ သေဆုံး ခြင်းမျှော်စင်ထဲသို့ ဝင်ရောက်ပြီး စွန့်စားမည့်ကိစ္စကိုတော့ မပြုလုပ်စေချင်ပေ။

“မြို့တော်ဝန်မူ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သတင်းကောင်းကိုသာ စောင့်နေပါ”

ပြောပြီးသည့်နောက်မှာတော့ သူသည် အလွန်တရာခန့်ညားလှသော ဟန်ပန်ဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ မျှော်စင်၏ တံခါးဝဆီသို့ လျှောက်ဝင်သွားတော့သည်။

ဝမ်

အေးစက်လှသည့်ကျောက်တံခါးကြီးကို ထိတွေ့လိုက်သည့်အချိန်မှာတော့ တည်နေရာလှိုင်းများပင် ပေါ်ပေါက် လာတော့သည်။ ပြီးသည့်နောက် ကျွီဆိုသော အသံနှင့် တံခါးကို ဆွဲဖွင့်လိုက်သည့်အချိန်မှာတော့ လေအေး များသည် တိုက်ခတ်လာခဲ့သည်။

“သွားကြရအောင်”

ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး အထဲသို့ လျှောက်ဝင်သွား၏။ ကျန့်ရာ၊ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ နှင့် ရီရှင်းချန်၊ စုရှောင်မို၊ ကျိုးဟုန်၊ လီဖေးနှင့် ရှန်ကွမ်းရှင်းရောင်တို့ အားလုံးသည် အနောက်မှ လိုက်ပါသွားကြ၏။

စုရှောင်မိုသည် ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် သူလျှိုအဖြစ် ပြုလုပ်နေခဲ့သည်ဆိုသော်လည်း မျက်နှာဖုံးကို တပ်ဆင် ထားခဲ့သည်ဖြစ်သောကြောင့် သူ၏ အစစ်အမှန် မျက်နှာသွင်ပြင်ကို မည်သူမှ မသိရှိခဲ့ကြပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် သူ၏ မူရင်းမျက်နှာဖြင့် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲသို့ ဝင်ရောက် နိုင်ခြင်းဖြစ်သည်။

အချက်အလက်အားဖြင့် ဟယ်ဝူတီသည် အလွန်အရေးပါပြီး တိုက်ခိုက်စွမ်းအားမြင့်သောလူတစ်ယောက် ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်မရွေးချယ်ရခင်မှာပဲ သူသည် အသံပို့လွှတ်ခဲ့သည်။ “ဂိုဏ်းချုပ်... ကျုပ်က အသက်တစ်ရာ ကျော်သွားခဲ့ပြီ”

သူ့အနေနှင့် တခြားကမ္ဘာမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အသက်တရာကျော်အောင် နေထိုင်ခဲ့ပြီးပြီ ဖြစ်သည်။ တစ်ရာတင်မက တကယ်ဆိုလျှင် အသက်တစ်ထောင်တောင် ကျော်နေခဲ့ပြီဖြစ်သည်။

..............

ကျွင်းချောင်ရှောင်းတစ်ယောက် ဦးဆောင်၍ တပည့်များကို ခေါ်ဆောင်သွားခဲ့သော မြင်ကွင်းသည် ပုံရိပ်ယောင် အစီအရင်များတွင် ပေါ်လျက်ရှိသည်။ ထို့ကြောင့် ကုန်းမြေတိုက်ကြီးတွင်ရှိနေသော ကျင့်ကြံသူများ အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ကြည့်ရှုနေကြရ၏။

“ဘယ်လောက်ရဲရင့်လိုက်လဲ၊ မျှော်စင်ထဲက အစီအရင်က ထိခိုက်ပြီး ပျက်စီးသွားခဲ့ရပြီးပြီ၊ ဒီထဲမှာလည်း ဘာ အမွေအနှစ်မှ မရှိတော့ဘူးလေ၊ ဘာလို့သူက တပည့်တွေကို ခေါ်ပြီး ဒီထဲကို ဝင်ရတာလဲ”

“ပြောနေစရာမလိုဘူးလေ၊ ကျိန်းသေပေါက် အရူးလို လျှောက်လုပ်နေတာပေါ့”

“ပြိုင်စံရှားဂိုဏ်းက လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့တယ်၊ တခြားဂိုဏ်းတွေကို စိန်ခေါ်ရုံနဲ့တင် မကျေနပ်တော့ဘူး၊ သေခြင်းရှင်ခြင်းလို၊ ဒီလို တားမြစ်ထားတဲ့ တည်နေရာထဲတွေကိုတောင်မှ ဝင်ပြီးတော့ သေလမ်းရှာနေကြပြီပဲ”

ကျွင်းချောင်ရှောင်းသည် အမှန်တကယ်လည်း သေလမ်းရှာတတ်သူတစ်ယောက်ပင် ဖြစ်တော့၏။ သူ့အနေနှင့် ဤကဲ့သို့ သေလမ်းရှာခြင်းမှတဆင့် ဂိုဏ်း၏ဂုဏ်သိက္ခာကို ပိုမိုတိုးတက်စေခဲ့သလို လက်ရွေးစင်ဂိုဏ်းစာရင်းတွင် ပိုမို၍ မြင့်တက်လာသည့်စာရင်းသို့ ရောက်ရှိလာစေရန် မျှော်လင့်နေမိသေး၏။

အထူးတာဝန်သည် သူ၏ အဆင့်ကို ဖိနှိပ်ထားသည်သာ မဟုတ်ပါက ကျွင်းချောင်ရှောင်းသည် သိုသိုသိပ်သိပ်နှင့် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုများကိုသာ ပြုလုပ်ပေလိမ့်မည်။ သူသည် ဆေးစိုက်ပျိုးရာနေရာသို့သွား၍ အကြီးအကဲဝေနှင့် လက်ဖက်ရည်သောက်၊ သမီးရည်းစားကိစ္စများကို သင်ယူချင်စိတ်ရှိနေမိသည်။ သို့ပေမဲ့ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လောကကြီးသည် သူ့အား မပေးထားချေ။

“မဟုတ်သေးဘူး”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက မျှော်စင်ထဲကို ဝင်သွားပြီ ဆိုတော့ ကျုပ်တို့က ဘာမြင်ရမှာလဲ၊ ဒီအစီအရင်ကြီးကို အသက်သွင်းထားတော့ကော ဘာလုပ်လို့ရမှာလဲ၊ အထဲကိုမှ မမြင်ရတဲ့ဟာကို အပြင်ကကြည့်နေရမှတော့ မကြည့်တာနဲ့ ဘာမှ မထူးဘူးလေ”

တွီ

ထိုအချိန်မှာပဲ လေထဲတွင်ရှိနေသော ပုံရိပ်ယောင်အစီအရင်ကြီး၏ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွား၏။ ပြီးနောက် အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို ပုံရိပ်များသည် ပေါ်ပေါက်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်း တို့ လူဆယ်ယောက်၏ ပုံပန်းသွင်ပြင်များသည် ပေါ်ပေါက်လာခဲ့၏။

“ဂိုဏ်းချုပ်”

ရှန်ကွမ်းရှင်းရောင်သည် ပုံရိပ်ယောင်အစီအစဉ် တည်နေရာရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “အပြင်လောကနဲ့ ချိတ်ဆက်တဲ့ ပုံရိပ်ယောင်အစီအရင်ကို ဒီနေရာမှာ ဖန်တီးပြီးသွားပြီ”

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လျှောက်လာပြီးသည့်နောက် သူ၏ဆံနွယ်အမဲရောင်များကို နဖူးပေါ်သို့ သပ်တင်လိုက်၏။ ပြီးနောက် ဟန်ပါပါဖြင့် ပြောလိုက်ပြန်သည်။ “ကြည့်ရှုနေကြတဲ့ လူများအားလုံး၊ ဒါကတော့ ပြိုင်စံရှားဂိုဏ်းအနေနဲ့ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ကို စပြီးတော့ စိန်ခေါ်တာပါ၊ ကျုပ်ကလည်း စိန်ခေါ်သူတစ်ယောက်ပေါ့၊ ပြီးတော့ ပြိုင်စံရှားဂိုဏ်းကိုသာ ရွေးချယ်ကြပါ၊ ပြိုင်စံရှားဂိုဏ်းက ခင်ဗျားတို့ဘဝအတွက် အကောင်းဆုံးသော ရွေးချယ်မှုပဲ”

ဤကြော်ငြာသည် အလွန်လျင်မြန်စွာ ကြော်ငြာသွားခဲ့ခြင်းဖြစ်သော်လည်း တစ်လုံးတစ်လေမှ မှားယွင်းခြင်း မရှိချေ။ ဂိုဏ်းချုပ်ကျွင်းသည် ဤအရာနှင့်ပတ်သက်လျှင် အလွန်ကျွမ်းကျင်သည်ဟု ဆိုရမည်။

ကုန်းမြေတိုက်ကြီး ထဲတွင်ရှိသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်မိနေကြ၏။ ဂိုဏ်းချုပ်ကျွင်း၏ ဤကဲ့သို့ မြန်မြန် ဆန်ဆန် ရွတ်ဖတ်သွားသည့် စွမ်းရည်ကို အံ့အားသင့်သည်သာမကပေ။ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်တွင် အထဲကိုမြင်ရသည့် အစီအရင်ကို ဖန်တီးနိုင်ခြင်းက ၎င်းတို့ အလွန်တရာ အံအားသင့်မိစေသည်။

ဤနေရာသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းထဲက တည်ရှိခဲ့သော တည်နေရာတစ်ခုဖြစ်ပြီး အစဉ်အမြဲ စည်းခတ်ခြင်းကို ခံထားရ၏။ အထဲသို့ ဝင်ရောက်သော စိန်ခေါ်သူများသာလျှင် ဘာတွေကို ရင်ဆိုင်ရမည်ကို ကောင်းကောင်းသိကြ၏။ အပြင်လူများ သိရှိနိုင်စွမ်း မရှိကြချေ။

“ဒါက” မြို့တော်ဝန်ဟန်သည် မျက်လုံးပြူးသွားမိ၏။ ပုံရိပ်ယောင်အစီအရင်မှတဆင့် အထဲတွင် ဖြစ်ပျက်သမျှကို မြင်ရပြီးသည့်နောက် သူသည် အလွန်ပင် အံ့အားသင့်လျက် ရှိနေတော့သည်။

“ဂိုဏ်းချုပ်”

ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်၏။ “မြင်ကွင်းက မြင်နေရပြီ”

“အင်း” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။

“ဒါကို ကုန်းမြေတိုက်ကြီးဆီ ပြန်လွှင့်ပြီးသွားပါပြီ”

ပြောရမည်ဆိုလျှင် ၎င်းတို့သည် အသံပို့လွှတ်ခြင်းနည်းစနစ်ဖြင့် ပြောဆိုနေကြခြင်းပင်ဖြစ်သည်။ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင်ရှိသော တခြားသောအသံပို့လွှတ်ခြင်း နည်းစနစ်များ အသုံးပြုမည်ဆိုပါက ဤစည်းခတ် ထားသော တည်နေရာနှင့် အပြင်ဘက်တွင်ရှိသောသူများ အသံပို့လွှတ်ခြင်းကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်စံရှား အသုံးပြုသော လျှို့ဝှက် အသံပို့နည်းစနစ်သည် တည်နေရာကို လျစ်လျှူရှုနိုင်စွမ်းရှိပြီး မည်မျှ ကွာခြားသည့် တည်နေရာတစ်ခုကို ရောက်ရှိနေပါစေ အသံပို့လွှတ်ခြင်းကို ပြုမူနိုင်ကြ၏။

“ရှင်းရောင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပုံရိပ်ယောင်အစီအရင်ကို နည်းနည်းလေးမြှင့်ပြီးတော့ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ထဲမှာရှိတဲ့ ပတ်ဝန်းကျင်ကို နည်းနည်းပြလိုက်အုံး”

“ကောင်းပါပြီ” ရှန်ကွမ်းရှင်းရောင်သည် အထဲရှိမြင်ကွင်းကို သေသေချာချာ ပြသလိုက်၏။

အထဲတွင်ရှိသော ပုံရိပ်ယောင်များကို မြင်ရချိန်မှာတော့ သိုင်းကျင့်ကြံသူများသည် အိမ်မက်မက်သကဲ့သို့ ခံစားနေရသည်။ “ဒါက ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်လား”

“အထဲကို ငါတို့ မဝင်ရောက်သွားဘူးဆိုပေမဲ့ ပုံရိပ်တွေကို ကြည့်လိုက်တာနဲ့တင် ဘယ်လောက်ကြောက်ဖို့ ကောင်းလဲဆိုတာ သိသာနေတာပဲ”

“ဂိုဏ်းချုပ်ကျွင်းက အထဲကို သူ့တပည့်တွေခေါ်ပြီး စမ်းသပ်ရုံတင်မကဘူး၊ ကျုပ်တို့ကိုပါ မြင်စေချင်တယ်လေ၊ အရမ်းကောင်းတယ်”

၎င်းတို့သည် စောနတုန်းက ကျွင်းချောင်ရှောင်း၏ အပြုအမူနှင့်ပတ်သက်၍ အထင်အမြင်သေးခဲ့ကြသည် ဆိုသော်လည်း လက်ရှိတွင် အလွန် ကျေးဇူးတင်နေမိကြ၏။ ထို့အပြင် ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲကို ဝင်ရောက်၍ ကျော်ဖြတ်နေသည့် ပုံရိပ်များအားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရဲသည်ဆိုသည်မှာ တခြား သူများ တွေးခေါ်ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ကျိန်းသေပေါက် ချီးကျူးမှုနှင့် ထိုက်တန်လှ၏။

မြို့တော်ဝန်ဟန်က ပြောလိုက်မိသည်။ “ဒီကောင်တွေက အစီအရင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်နေတာပဲ”

“ဟောခန်းသခင်”

တော်ဝင်မြို့တွင်ရှိနေသော အကြီးအကဲကျိုးသည် ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်လာသည့် ပုံရိပ်တချို့ကို ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက ထပ်ပြီးတော့ ဆော့နေပြန်ပြီ”

ရီထျန်းချန်က ပြောလိုက်သည်။ “သူ ဒီလောက်များပြားတဲ့ လူတွေရှေ့မှာ ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲကို ဝင်ပြီးတော့ စိန်ခေါ်တယ်ဆိုတော့ သူက ကျိန်းသေပေါက် သမိုင်းမှာ ပထမဦးဆုံးလူသား ဖြစ်လိမ့်မယ်၊ အောင်မြင် သွားပြီဆိုရင် ပြိုင်စံရှားဂိုဏ်းက သမိုင်းမှာ မှတ်တမ်းတစ်ခု ရေးထိုးနိုင်ပြီပဲ”

နောက်ဆုံးစကားကို ပြောပြီးသည့်နောက် သူသည် ခံစားချက်များ မြင့်တက်လာခဲ့သည်။ သူ၏ လက်များသည် လည်း တုန်ယင်လျက်ရှိနေ၏။

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် ထိုအချင်းအရာကို မြင်ရသည့်အချိန် မှာတော့ တစ်ယောက် နှင့် တစ်ယောက် သတိပေးလိုက်မိသည်။

“ဆေးတွေ ပြင်ဆင်ထားတယ်မဟုတ်လား”

“အိပ်ရာကော ပြင်ထားသေးလား”

.................

“အဖေ”

ရှန်ကွမ်းမိသားစုထဲမှာတော့ ရှန်ကွမ်းရှင်းရောင်၏ အဖေသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဒါ ရှင်းရောင်ပဲ၊ ရှင်းရောင်က ဂိုဏ်းချုပ်ကျွင်းနဲ့အတူ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲကို ဝင်နေပြီပဲ”

“ငါမကန်းဘူးလေ” ရှန်ကွမ်းဟုန်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ သူသည် မကန်းရုံသာမက သူ့မြေးသည် ပုံရိပ်ယောင်အစီအရင်ကြီးကို ဖန်တီးနေသည်ကို ကောင်းကောင်းနားလည်မိသည်။

“ကလေး... မင်းက တကယ့်ကိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ဖူးတာပဲ” ရှန်ကွမ်းဟုန်က ပြောလိုက်၏ “ပြိုင်စံရှားဂိုဏ်းကပဲ မင်းရဲ့ပါရမီကို ထွန်းတောက်အောင် ပြုလုပ်ပေးနိုင်တယ်”

တကယ်တော့ ပြိုင်စံရှားဂိုဏ်းသည် တမူထူးခြားပြီး မည်သူနှင့်မှ မတူသော ဂိုဏ်းတစ်ခုဖြစ်မှန်း ရှန်ကွမ်းရှင်းရောင် သည် အစောကြီးကတည်းက သတိပြုမိပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် ဂိုဏ်းချုပ်ကျွင်း၏ ပြိုင်စံရှားဂိုဏ်းဆီ ဝင်ရောက်ခွင့်ရရှိစေရန် သူမ၏ အဘိုးအား အပူကပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။ သူမ၏ မိသားစုမှ ကန့်ကွက်နေ သည့်ကြားမှ သူမသည် ဂိုဏ်းချုပ်ကျွင်း၏နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားခဲ့၏။

ရှန်ကွမ်းဟုန် သည် သူမအား အစဉ်အမြဲထောက်ခံအားပေးခဲ့သည်ဆိုသော်လည်း ထိုကဲ့သို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အနည်းငယ်နှောင့်နှေးမှုတော့ ဖြစ်မိခဲ့သေး၏။ အဆင့်နိမ့်ဂိုဏ်းတစ်ခုသည် သူမအား လုံလောက်သည့် အခြေအနေ တစ်ခုကို ပံ့ပိုးပေးနိုင်မလား ဆိုသည်ကို သူစိုးရိမ်ပူပန်ခဲ့မိသေး၏။

သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် အချိန် အတိုင်းအတာတစ်ခုအတွင်းတွင် မည်သူမှ မထင်မှတ်ထားသော အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ သူ၏ မြေးကလေး၏ ရှေ့သို့ ကြိုတင်မျှော်မှန်းနိုင်စွမ်းသည် အလွန်ပင် ထက်မြက်လှသည်ကို သူနားလည် သိရှိလိုက်မိသည်။

ဖျောက် …။

ပုံရိပ်ယောင်အစီအရင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လက်ဖျောက်ကိုတီးတာ ဂုဏ်ယူစွာ ပြောလိုက်၏။ “ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက သိုင်းအင်ပါယာတွေ ဖန်တီးခဲ့တဲ့ တားမြစ် တည်နေရာပဲလေ၊ ပြိုင်စံရှားဂိုဏ်းက ဒီနေ့မှာတော့ စတင်ပြီးတော့ စိန်ခေါ်ပါတော့မယ်”

ကျန့်ရာ၊ လီချင်းယန်နှင့် တခြားသူများ အားလုံးတို့သည် သူ၏ နောက်တွင် ရပ်တန့်ကာ သွေးပူလေ့ကျင့်ခန်း များကို ပြုလုပ်နေကြ၏။ လုချင်းချင်းကဲ့သို့သော လူပင်လျှင် မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများ ရှိလို့ နေသည်။ သို့ပေမဲ့ ခပ်ဝေးဝေးတွင် လက်ပိုက်လျက် ရပ်နေသည့် ရီရှင်းချန်မှာတော့ မောက်မာသည့် မျက်နှာ သွင်ပြင်မျိုးနဲ့ ရှိလို့နေသည်။

“ကျုပ်က လူငယ်လေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စားယူထားတယ်ဆိုပေမယ့် ဒီထဲကိုတော့ လွယ်လွယ် ကူကူ ဝင်နိုင်သေးတယ်လေ၊ ရှေးတုန်းက သိုင်းအင်ပါယာရဲ့ အစီအရင်ဆိုတာ တခြားသူအတွက်တော့ ခက်ခဲ လိမ့်မယ်၊ ကျုပ်အတွက်တော့ ဘာမှ ထူးမှာမဟုတ်ဘူး”

All Chapters