← Chapters

စိန်ခေါ်ခံရခြင်း

Vol. 12 Ch. 18

စိန်ခေါ်ခံရခြင်း

Vol. 12 Ch. 18

“ငါတို့ ဝင်ပါရတော့မယ်ထင်နေတာ။ သူက တော်တော်လေး အစွမ်းထက်တာပဲ။”

မက်ဒါနာ၊ ရေမွန်နဲ့ အေမီတို့က တိုက်တစ်ခုရဲ့ခေါင်မိုးပေါ်မှာ ရပ်နေရင်းနဲ့ လန်ဒန်တက္ကသိုလ်ထဲက တိုက်ပွဲကို အကဲခတ် နေခဲ့ကြတာပါ။ မက်ဒါနာက အံ့အားသင့်စွာနဲ့ ပြောလိုက်တဲ့ အခါမှာတော့ အေမီက အခုလို တုန့်ပြန်လာတယ်။

“မမလေး ဝင်ပါစရာမလိုပါဘူး။ ဒီကမ္ဘာကြီးက မမလေး ကယ်တင်ဖို့အတွက် ရွေးချယ်ထားတဲ့ ကမ္ဘာကြီးမဟုတ်ဘူး မဟုတ်လား။”

မက်ဒါနာကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး အေမီကို ထိပ်ခေါက်တယ်။ “အဲဒီလို မတွေးရဘူးလေ၊ အေမီရဲ့။ ဒီကမ္ဘာက ငါတို့ကမ္ဘာမဟုတ်ပေမဲ့ ဒီမှာနေတဲ့ လူတွေမှာလည်း သူတို့ဘဝနဲ့သူတို့ရှိကြတယ်။ ဒါကြောင့် အတူတူပဲလို့ မြင်ပေးပြီး ကူညီပေးသင့်ရင် ကူညီပေးရမယ်။ ဒီကမ္ဘာက မက်ဒါနာကလည်း အဲဒီလိုပဲတွေးမှာ။”

အေမီက အမှားလုပ်မိထားတဲ့ပုံစံနဲ့ ခေါင်းကိုငုံထားတယ်။ ဒါကြောင့် သူ့မျက်နှာအမူအရာကို အတိအကျမမြင်ရဘူး။ “ဟုတ်ကဲပါ မမလေး၊ မမလေးပြောတာ မှန်ပါတယ်။” လို့ ပြင်ပြောတယ်။

တစ်ဖက်မှာတော့ ရေမွန်က လေးလေးနက်နက်စဥ်းစား နေပုံရပြီးတော့ မက်ဒါနာကို မေးလိုက်တယ်။

“ဒါပေမဲ့ ငါတို့လုပ်ရမယ့်အလုပ်က သူတို့ရဲ့တည်ရှိမှုကို မူရင်းကမ္ဘာတွေကနေဖျောက်ပြီး သူတို့စွမ်းအားကို ရယူတာ မဟုတ်လား။”

မက်ဒါနာနဲ့အေမီက ပြိုင်တူခေါင်းညိတ်တယ်။ ရေမွန်က​ မျက်မှောင်ကြုတ်လိုက်ပြီး...

“အဲဒီလိုလုပ်လိုက်ရင် အကျိုးဆက်တွေအများကြီး ဖြစ်လာလိမ့်မယ်လို့ မတွေးမိဘူးလား။ ဥပမာအနေနဲ့ ဆေလာမက်ဒါနာလို သူရဲကောင်းမျိုးက သူ့ကမ္ဘာကနေ ပျောက်သွားမယ်ဆိုရင် အစောပိုင်းက မိန်းမလိုမျိုး ဗီလိန်တွေကို တားမယ့်လူမရှိ ဖြစ်သွားတာမှာမဟုတ်လား။”

မက်ဒါနာလည်း ဒီတော့မှ သဘောပေါက်သွားတယ်။ “အဲဒါတော့ ဟုတ်တယ်ဆိုပေမဲ့...” သူက ရေမွန်ထောက်ပြတဲ့ အချက်ကို ပြန်ဆန့်ကျင်ဖို့ကြိုးစားပေမဲ့ နည်းလမ်းရှာမရ။ အေမီကတော့ မက်ဒါနာရဲ့လက်ကိုတွဲလိုက်ပြီး ပခုံးချင်း ထိလိုက်ကာ...

“အဲဒီအတွက် မပူပါနဲ့မမလေး။ ကျွန်မတို့က ကမ္ဘာကြီးကို ကယ်တင်ပြီးတာနဲ့ အဲဒီမန်မိုရီစတစ်တွေကို နေရာတကျ ပြန်ထားမှာလေ။ သူတို့နေရာကိုသူတို့ ပြန်ရောက်သွားရင် အားလုံးအဆင်ပြေသွားမှာပါ။”

“အဲဒီလိုလား။ ဒီက မိုင်လေဒီကရော ဘယ်လိုအမြင်မျိုး ရှိပါသလဲ။” ရေမွန်က ခါးပတ်မက်ဒါနာကို မိုင်လေဒီလို့ ယဥ်ယဥ်ကျေးကျေးခေါ်လိုက်တယ်။ မက်ဒါနာကလည်း

“ကျွန်မကတော့ အေမီကို ယုံကြည်တယ်။ ခဏပဲ သူတို့အစွမ်းကို ကျွန်မက ငှားသုံးမှာလေ။”

“ခင်ဗျားနဲ့သာဆိုရင် ငရဲကိုအတူသွားရမယ်ဆိုရင်လည်း သွားပါ့မယ်။ အရာရာက ခင်ဗျားလေးရဲ့ဆုံးဖြတ်ချက် အတိုင်းပါပဲဗျာ။”

ရေမွန်က ဆက်ပြီးတော့ အထွန့်မတက်တော့ဘဲ ဘယ်ဘက် ရင်ဘတ်ပေါ်ကို လက်ကိုတင်လိုက်ပြီး ဦးညွှတ်လိုက်တယ်။ တကယ့် မင်းသားလေးတစ်ယောက်အတိုင်းပဲ။ ရေမွန်က စက်ရုပ်တစ်ပိုင်းဖြစ်နေပြီး နည်းနည်းကြည့်ရ ဆိုးနေပေမဲ့ ပေါ့။

“ကောင်းပြီ၊ လောလောဆယ်တော့ အဲဒီမက်ဒါနာကို ရှာရအောင်။ တိုက်ပွဲပြီးတာ မကြာသေးဘူးဆိုတော့ အဝေးကြီးမရောက်လောက်သေးဘူး ထင်တာပဲ။”

မက်ဒါနာက တိုက်ပေါ်ကနေ ဆင်းဖို့လုပ်တော့ အေမီက ရုတ်တရက် မက်ဒါနာရဲ့လက်ကို ဖမ်းကိုင်လိုက်ပါတယ်။ “မမလေး၊ ခဏနေဦး။ မမလေးရဲ့မူကွဲက ဒီကမ္ဘာမှာ လူသိ သိပ်များတာဆိုတော့ ဒီပုံစံနဲ့လူရှေ့ထွက်ဖို့ မသင့်တော်ဘူး ထင်ပါတယ်။ ဒီခြုံလွှာကို ဝတ်ထားလိုက်ပါ။”

အေမီက သူသယ်လာတဲ့ လွယ်အိတ်လေးထဲကနေပြီး အဖြူရောင် ခြုံလွှာရှည်ကြီးတစ်ထည်ကို ထုတ်ပေးခဲ့တယ်။ မက်ဒါနာက အဲဒီခြုံလွှာကိုဝတ်ပြီး ခေါင်းစောင်းကို စောင်းလိုက်တယ်။ အခုဆိုရင် ဝတ်ရုံရှည်ကြီးတွေနဲ့ သူတို့မျက်နှာတွေကို သူများမမြင်အောင် ဖုံးကွယ်ထားတဲ့ သူက အဖွဲ့ထဲမှာ နှစ်ယောက်ဖြစ်နေပြီ။

အားလုံးပြင်ဆင်ပြီးတဲ့နောက်တော့ သူတို့သုံးယောက်က တိုက်ပေါ်ကနေ ခုန်ဆင်းပြီး လန်ဒန်တက္ကသိုလ်ထဲကို ပြေးဝင် သွားပါတော့တယ်။

...

“ဝါ့ဇ်... နင်ဘယ်ရောက်နေတာလဲ။”

ဖရာလီတာက မှော်နှင်တံကို ခါးကအိတ်ထဲ ပြန်ထည့်ထားပြီး နောက်မှာတော့ ဝါ့ဇ်ကို လိုက်ရှာနေတယ်။ ခန်းမကြီးရဲ့ အပြင်ကိုရောက်ခါနီးကျတော့ တံခါးနည်းနည်းဟနေတဲ့ သိုလှောင်ခန်းတစ်ခန်းကို သတိထားမိသွားပြီး ဖွင့်ကြည့်တဲ့ အခါမှာတော့ ကြောက်လွန်းလို့တုန်ယင်နေပြီး ဗီရိုစင် တစ်ခုအောက်မှာဝင်ပုန်းနေတဲ့ ဝါ့ဇ်ကို တွေ့တော့တာပဲ။

“ဝါ့ဇ်... နင်အဆင်ပြေရဲ့လား။”

ဝါ့ဇ်ရဲ့ပုံစံက တကယ်ကြီးငိုတော့မလို ဖြစ်နေတဲ့အတွက် ဖရာလီတာလည်း စိတ်မဆိုးရဲတော့ဘဲ ညင်ညင်သာသာပဲ မေးလိုက်တယ်။ ဝါ့ဇ်ကတော့ တကယ်ကြောက်နေတဲ့ ပုံစံနဲ့ ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း ဖရာလီတာကို မေးလိုက်တယ်။

“တိုက်ပွဲ ပြီးသွားပြီလားဟင်။”

ဖရာလီတာက လက်ကိုပိုက်ထားပြီး ဝါ့ဇ်ကို ရွံရှာမုန်းတီးတဲ့ အကြည့်မျိုးနဲ့ ငုံကြည့်လိုက်တယ်။ ဝါ့ဇ်ကတော့ အဲဒီ အကြည့်တွေကြောင့် ကျောရိုးထဲစိမ့်တက်သွားအောင် ကြောက်လန့်သွားလေရဲ့။

“ဝါ့ဇ်... နင့်အဖေက ရန်သူပေါင်းများစွာကို အနိုင်ယူခဲ့တဲ့ မာလင်ပထမဆုတံဆိပ်ရ အဆင့် ၉ မဟာမှော်ပညာရှင် တပ်မှူးကြီးတစ်ယောက်နော်။ နင့်ကျမှ ဘယ်လိုလုပ်ပြီး စစ်မြေပြင်မှာ မားမားမတ်မတ် ရပ်နိုင်တဲ့ သတ္တိမျိုးတောင် မရှိရတာလဲ။”

ဖရာလီတာက ဝါ့ဇ်ရဲ့လက်ကိုဆွဲပြီး ဗီရိုအောက်ကနေ အတင်းဆွဲထုတ်လိုက်တယ်။ သေးငယ်ပေမဲ့ နွေးထွေးပြီး နူးညံ့တဲ့ ဖရာလီတာရဲ့လက်က အထိအတွေ့ကြောင့် ဝါ့ဇ်ရဲ့ နှလုံးသားထဲ စမ်းရေတွေ ထွက်ပေါ်လာသလိုမျိုး အေးချမ်း သွားခဲ့တယ်။ သူက အလိုလိုပြုံးလိုက်ပြီး ကြောက်လန့်နေတဲ့ ပုံစံမျိုး လုံးဝပျောက်ကွယ်သွားတယ်။

ဖရာလီတာက ဝါ့ဇ်ကိုလှည့်တောင် မကြည့်ဘဲနဲ့ ရှေ့ကနေ ဆက်လျှောက်တယ်။ ဆွဲထားတဲ့ ဝါ့ဇ်ရဲ့လက်ကိုလည်း လွှတ်မပေးသေးဘူး။

“အော်ရကယ်ကို အနိုင်ယူခဲ့တဲ့ ဆေလာမက်ဒါနာဆိုရင် မိန်းကလေးတစ်ယောက်နော်။ နင်က ဘယ်လိုလုပ်ပြီး မိန်းကလေးတွေလောက်တောင်မှ သတ္တိမရှိရတာလဲ။”

ဝါ့ဇ်က သူ့ကိုဆူပူနေတဲ့ ဖရာလီတာရဲ့ပိန်ပါးပါး ကျောပြင် လေးကိုကြည့်နေရင်း အလိုလိုပြုံးမိလိုက်တယ်။ ဝါ့ဇ်က တကယ်တမ်း သတ္တိမနည်းပါဘူး။ သူ့မှာ ဆေလာမက်ဒါနာရဲ့ စွမ်းအားတွေမရှိခင်ကတည်းက စွန့်စားမှုတွေအများကြီး လုပ်ခဲ့ဖူးပြီးသား။ ဒါပေမဲ့ ဖရာလီတာရဲ့ရှေ့မှာ အားနည်းတဲ့ လူတစ်ယောက်လိုမျိုး ဟန်ဆောင်ရတာ သူသဘောကျတယ်။

ဘာလို့ဆိုတော့...

ဖရာလီတာက သူ့ကိုကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပေမဲ့ အမြဲတမ်း ကူညီဖို့ရောက်လာတတ်တယ်။ သူ့ကိုဘယ်လိုပဲ စက်ဆုပ်ရွံရှာတဲ့ပုံစံမျိုး လုပ်ပြလုပ်ပြ သူ့ကို စွန့်ပစ်မသွားခဲ့ဘူး။ သူက ဆေလာမက်ဒါနာ ဖြစ်တဲ့အကြောင်း ဖရာလီတာကို ဖွင့်ပြောပြီးတဲ့နောက်မှာ ဖရာလီတာက မယုံခဲ့ပေမဲ့ သူသက်သေ ထပ်မပြခဲ့ဘူး။

အကြောင်းကတော့... တစ်စုံတစ်ယောက်က သူ့ကို ကာကွယ်ပေးဖို့ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကို သူမဆုံးရှုံး ချင်တဲ့အတွက်ပါ။

...

“ဟေး၊ လမ်းကိုကြည့်လျှောက်လေ။ ဘယ်လိုဖြစ်နေတာလဲ။”

သူတို့ ကျောင်းဝင်းထဲကနေထွက်ပြီး အရေးပေါ်စုရပ်ကို မရောက်ခင် ဖရာလီတာကို တစ်စုံတစ်ယောက်က ဝင်တိုက် တဲ့အတွက် ဖရာလီတာက ဒေါသထွက်ပြီး အော်လိုက်တယ်။ ဝါ့ဇ် သူတို့ကိုဝင်တိုက်တဲ့လူစုကို ကြည့်လိုက်တဲ့အခါမှာတော့ စိတ်ထဲမှာ ရင်းနှီးသလိုခံစားရတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

‘ငါပဲ စိတ်ထင်တာလား။' ဝါ့ဇ်ရဲ့မျက်လုံးတွေက အဖြူရောင် ခြုံလွှာကြီးခြုံထားတဲ့ မိန်းကလေးဆီကို အကြည့်ရောက် သွားခဲ့တယ်။ ခေါင်းစောင်းကို အောက်စိုက်ချပြီး မျက်နှာ တစ်ဝက်လောက်ကို ဖုံးထားတာမလို့ သေချာမမြင်ရပေမဲ့ နှုတ်ခမ်းနီဆိုးမထားတာတောင်မှ ပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းဖူးလေးတွေနဲ့ လှပသေသပ်တဲ့ မေးချွန်ချွန်ကို သူသတိထားမိနေတယ်။

ပြီးတော့ ကိုယ်လုံးကိုယ်ပေါက်က...

‘ငါမက်ဒါနာ ပြောင်းထားရင် ရှိတဲ့ပုံစံအတိုင်းပဲ။' လို့ ဝါ့ဇ်တွေးလိုက်မိတယ်။

တခြားနှစ်ယောက်ကတော့ ဧရာမဓားအဟောင်းကြီးကို ကျောပိုပြီး အနက်ရောင်ခြုံလွှာ ခြုံထားတဲ့ ယောက်ျားနဲ့ အနက်ရောင်ဆံပင်ဂုတ်ဝဲနဲ့ မျက်လုံးနီတွေရှိတဲ့ ညိုချော မိန်းကလေးတို့ပါ။

“စိတ်မရှိပါနဲ့... ကျွန်မတို့ အလျင်လိုနေလို့ပါ။” ခြုံလွှာဖြူနဲ့ မိန်းကလေးက သူတို့ကို ဦးညွှတ်ပြီး တောင်းပန်တယ်။ ခေါင်းကို နည်းနည်းငုံလိုက်တဲ့အချိန် ခေါင်းစောင်းက နည်းနည်းနောက်ကို တွန့်သွားတဲ့အချိန် အဖြူရောင် ဆံစတချို့ကို သူမြင်ရတယ်။

“တိုက်ဆိုင်တာပဲလား...” သူရေရွတ်လိုက်ပေမဲ့ တခြား ဘာမှတော့ မတွေးမိလိုက်ဘူး။

...

နာရီဝက်လောက် ကျောင်းပတ်ဝန်းကျင်မှာ လိုက်ရှာပြီးတဲ့ နောက်မှာတော့ မက်ဒါနာနဲ့တခြားနှစ်ယောက်က နောက်ဖေး လမ်းကြားလေးထဲမှာ ပြန်ပြီးတော့ စုဝေးကြပါတယ်။

“ ကျောင်းဧရိယာတစ်ခုလုံး ပတ်ရှာခဲ့ပေမဲ့ အရိပ်တောင် မတွေ့ရဘူးပဲ။” မက်ဒါနာက ပြောလိုက်တယ်။ အေမီလည်း ခေါင်းညိတ်လိုက်ပြီး...

“ဒီထက်ကြာကြာ ပိုရှာမယ်ဆိုရင်လည်း တခြားသူတွေ သံသယဝင်သွားလိမ့်မယ်။ ကျွန်မတို့သွားတော့တောင် ဒီကမ္ဘာက သက်ဆိုင်ရာကလူတွေ ရောက်နှင့်ပြီးနေပြီ။”

သူတို့သုံးယောက်က ပြိုင်တူသက်ပြင်းချလိုက်တယ်။ အေမီရဲ့ကိုယ်ပျောက်ကျည် အစွမ်းကြောင့်သာမဟုတ်ရင် ဒီကမ္ဘာက မှော်ဆရာတွေနဲ့ သူတို့ တိုက်ပွဲဖြစ်နေလောက်ပြီ။ ရေမွန်မှာတော့ ဖြစ်နိုင်ခြေရှိတဲ့ အဖြေတစ်ခုရှိနေတယ်။

“အဲဒီတိုက်ပွဲမှာ မြင်ခဲ့ရသလောက် သူတို့မှာလည်း မင်းတို့ နှစ်ယောက်ရဲ့ပေါ်တယ်ကျည်လိုမျိုး နေရာတစ်ခုကနေ တစ်ခုကို ခုန်ကူးလို့ရတဲ့ မှော်ပညာမျိုးရှိတဲ့ပုံပဲ။ အဲဒါကို သုံးပြီး ကျောင်းဝင်းထဲက ထွက်သွားတယ်လို့ ယူဆရမလား။”

“ဖြစ်နိုင်လောက်တယ်။” အေမီက တခြားဖြေရှင်းချက် တစ်ခုခုကိုတွေးမရတဲ့အတွက် ရေမွန်ရဲ့ယူဆချက်ကိုပဲ အမှန်လို့ သတ်မှတ်လိုက်တယ်။

“ဒီတော့ ဘာဆက်လုပ်ကြမလဲ။ ဒီကမ္ဘာက မက်ဒါနာကို မရှာနိုင်ရင် အားလုံး နှောင့်နှေးကုန်လိမ့်မယ်။” မက်ဒါနာက စိုးရိမ်စွာနဲ့ ပြောလိုက်ပေမဲ့ အေမီကတော့ အကြံရှိနေတဲ့ ပုံစံနဲ့ ရေမွန်ကို စူးစိုက်ပြီးကြည့်လိုက်ပါလေရော။

“မစိုးရိမ်ပါနဲ့ မမလေး။ ကျွန်မမှာ အကြံတစ်ခုရှိတယ်။ ကျွန်မတို့ အုပ်စုထဲမှာ ဗီလိန်နဲ့တူတဲ့ လူတစ်ယောက် ရှိနေတာပဲ မဟုတ်ဘူးလား။”

အေမီရဲ့အကြံပြုချက်ကို လေးနက်စွာ စဥ်းစားပြီးနောက် မက်ဒါနာက ရေမွန်ကို ပြုံးဖြီးဖြီးကြီးနဲ့ ကြည့်လိုက်တယ်။ ရေမွန်လည်း တစ်ကိုယ်လုံးအေးစက်သွားသလို ခံစား လိုက်ရပြီး မက်ဒါနာကို ကြောက်ကြောက်နဲ့ပြန်မေးတယ်။

“မိုင်... မိုင်လေဒီ... ကျုပ်ကို ဘာလုပ်ခိုင်းမလို့လဲဟင်။”

“....” အေမီရော မက်ဒါနာရောက အကြံဆိုးကြီးတွေနဲ့ ပြုံးလိုက်ကြတယ်။

...

“မှာထားတာတွေ ရပါပြီရှင့်။” ဖရာလီတာက မျှော်လင့်ချက် အပြည့်နဲ့ သူ့ရှေ့ကိုရောက်လာတဲ့ ပီဇာပြားခပ်ဝိုင်းဝိုင်းကို ပြုံးပြီး ကြည့်လိုက်တယ်။ ပီဇာက ခုမှ ဖိုပေါ်ကနေချထားတဲ့ ပုံပေါ်ပြီးတော့ အငွေ့တွေတောင် တထောင်းထောင်း ထနေသေးတယ်။

“အား... ဒါမှ နာပိုလီပီဇာအစစ်။”

သူတို့ရှေ့ကပီဇာက အမြန်စာစားသောက်ဆိုင်တွေမှာ ရလေ့ရှိတဲ့ ပြင်ညီပြားချပ်ကြီးကြီးမဟုတ်ဘဲ ပန်းကန်လေးလို အလယ်မှာခွက်ပြီးတော့ ဘေးအနားသားက ထူတယ်။ အသားအနည်းငယ်နဲ့ ခရမ်းချဥ်သီးအချဥ် များများပါပေမဲ့ ချေ့စ်တအားကြီး များတာမျိုးလည်းမဟုတ်ဘူး။

ဝါ့ဇ်ကတော့ သူ့ရှေ့မှာရှိနေတဲ့ ပုံစံသူပီဇာကို သက်ပြင်းချ ကြည့်လိုက်တယ်။ ဖရာလီတာက ဝါ့ဇ်ရဲ့မျက်နှာပေါ်က အပြောင်းအလဲကို သေချာစောင့်ကြည့်နေပြီး မေးလိုက်တယ်။

“ဝါ့ဇ်၊ နင်က ငါမှာတာကို မကြိုက်လို့လား။”

“အဲဒီလို မဟုတ်ပါဘူး။” ဝါ့ဇ်က ခေါင်းခါလိုက်တယ်။

သူ့ပုံစံက ဘီလူးကြီး သံပရာသီးစားမိသလိုကို ဖြစ်နေပေမဲ့ ဖရာလီတာ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောရဲပါဘူး။ ပြောရရင် ဝါ့ဇ်က အခုလိုမျိုး ထိပ်တန်းအဆင့်ပီဇာဆိုင်မှာ ထိုင်ရလောက်တဲ့အထိ မချမ်းသာဘူးရယ်။ ဒီနေရာကို ခေါ်လာတာက ဖရာလီတာဖြစ်ပြီး ဝါ့ဇ်က ဘာမှမမှာတတ်လို့ ဖရာလီတာကပဲ မှာပေးလိုက်တာ။

“အီတလီစာ စားလေ့မရှိလို့ပါ။” ဝါ့ဇ်က တုံးတိပဲ ပြန်ဖြေတယ်။ တကယ့်အကြောင်းပြချက်က အဲဒီလို မဟုတ်ပေမဲ့ပေါ့။

“အဲဒါဆိုရင် စမ်းစားကြည့်သင့်တယ်နော်။ ဒီဆိုင်က လန်ဒန်မှာအကောင်းဆုံး ပီဇာဆိုင်ပဲ။ ဟွန်းဟွန်း...”

ဖရာလီတာက ဝါ့ဇ်ရဲ့ခံစားချက်တွေကို ထည့်မတွက်ဘဲ ပီဇာကို တစ်ဖဲ့စီဖဲ့စားနေတယ်။ ဝါ့ဇ်ကတော့ ပတ်ဝန်းကျင်ကို ကြည့်ရင်းနဲ့ ဖိအားတွေများလာပုံနဲ့ ပိုပြီးရှုံ့မဲ့လာတယ်။

‘သေစမ်း၊ ငါက ယောက်ျားလေးဖြစ်ပြီး မိန်းကလေး တစ်ယောက်ကျွေးတာ ကပ်စားနေရတယ်လို့။'

ဝါ့ဇ်က ဖရာလီတာရှေ့မှာ အရှက်မရှိတဲ့ကောင်လိုမျိုး သရုပ်ဆောင်နေပေမဲ့ သူလည်းယောက်ျားလေးပဲ မဟုတ်ပါလား။ ပုံမှန်ဆိုရင် ချိန်းတွေ့တဲ့အခါ ကောင်လေးက ကုန်ကျစရိတ်အားလုံးကို ရှင်းပေးရတာက ထုံးစံဆိုပေမဲ့ အခုသူတို့က ပြောင်းပြန်ဖြစ်နေတယ်လေ။

‘နေဦး၊ ဝါ့ဇ်။ ငါတို့က အခုချိန်းတွေ့နေတာမဟုတ်ဘူး။ ကျောင်းအတိုက်ခိုက်ခံရပြီး စာသင်ချိန်တွေ ဖျက်သိမ်းလိုက်လို့ နေ့လယ်စာအတူထွက်စားရုံပဲ။ ရှက်စရာမလိုဘူး၊ ဟုတ်ပြီလား။'

ဝါ့ဇ်က သူ့ကိုယ်သူအားတင်းရင်း ပီဇာကိုထိကြည့်ဖို့ ကြိုးစားပေမဲ့ ရှက်လွန်းလို့လဲသေချင်တဲ့စိတ်ကို လုံးဝ ပယ်ဖျက်မရ ဖြစ်နေတယ်။

“ဝါ့ဇ်၊ မဟုတ်မှလွဲရော နင်က ခရမ်းချဥ်သီးနဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတာများလား။”

“....” ဝါ့ဇ် ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ပြီးတဲ့ နောက်မှ ခေါင်းကိုကုပ်ရင်း ကျပန်းအဖြေတစ်ခုကို ပေးလိုက်တယ်။

“အဲဒီလိုမဟုတ်ပါဘူး... ခရမ်းချဥ်သီးဆော့စ်က နည်းနည်းလေး သွေးနဲ့တူနေလားလို့။”

“သောက်သတ္တိနည်းနဲ့ကောင်... နင်အဲဒီလောက်တောင် ဖြစ်နေရင် ယောက်ျားမလုပ်နဲ့တော့။ ငါစိတ်မရှည်တော့ဘူး...”

ဖရာလီတာက အကောင်းအတိုင်းနေနေရင်းကနေ စိတ်တို လာပြီးတော့ ဝါ့ဇ်ရှေ့က ပီဇာပူပူကြီးကို လက်နဲ့ကောက်ကိုင်တယ်။ အဲဒီနောက် အားနေတဲ့ တခြားလက်တစ်ဖက်နဲ့ ဝါ့ဇ်ရဲ့ပါးစပ်ကို ဆွဲဖြဲ အတင်းဟခိုင်းပြီး ပီဇာကိုပါးစပ်ထဲ အတင်းထိုးထည့် တော့တာပဲ။

“ခရမ်းချဥ်သီးဆော့စ်ကိုတောင် မစားရဲအောင် နင့်ကို နင့်အိမ်က ဘယ်လိုပျိုးထောင်ပေးထားတာလဲ။ နင့်ကို ဒီနေ့ ယောက်ျားနဲ့တူအောင် ပုံစံသွင်းပေးမှ ရတော့မယ်။”

“ကယ်... ကယ်ကြပါ...” ဝါ့ဇ်က ဆိုင်ထဲက လူတွေကို အကူအညီတောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပေမဲ့ အကုန်လုံးက သူတို့နှစ်ယောက်ကို ဝိုင်းဟားနေကြပြီး ယနေ့ခေတ်စုံတွဲတွေမှာ ဖြစ်တတ်တဲ့ ထူးထူးဆန်းဆန်း ရိုမန့်တစ်ဖြစ်ရပ်လို့ ယူဆကြတဲ့ပုံပဲ။

အဖိုးကြီးတစ်ယောက်ဆိုင်ရင် ဝိုင်ခွက်ကိုတောင်မြှောက်ပြီး “ကောင်လေး၊ မင်းကောင်မလေးက ချစ်လို့ခွံကျွေးနေတာ။ စားလိုက်။” လို့တောင် အကြံပေးလိုက်သေးတယ်။

...

ဝေါ့...

ဖရာလီတာက ပီဇာတစ်ချပ်လုံးကို သူ့ပါးစပ်ထဲထိုးထည့်တဲ့ ကိစ္စပြီးတဲ့နောက်မှာတော့ ဝါ့ဇ်တစ်ယောက် အပူလောင် သွားတဲ့ သူ့လျှာကို ကုသဖို့အတွက် သန့်စင်ခန်းထဲဝင်ပြီး ရေအေးအေးနဲ့ ဆက်တိုက်ပလုပ်ကျင်းနေရပါတယ်။

‘ငါသူနဲ့အတူရှိတိုင်း ဒီလိုဖြစ်နေမယ်ဆိုရင် မြန်မြန် အသက်တိုလိမ့်မယ်။ မဖြစ်သေးဘူး၊ နည်းလမ်းတစ်ခုခု စဥ်းစားမှဖြစ်မယ်။’

ဝါ့ဇ်က နီရဲနေတဲ့ သူ့လျှာကို ပါးစပ်ထဲကနေထုတ်ပြီး မှန်ထဲ ကြည့်လိုက်ရင်း သက်ပြင်းချတယ်။ အပူလောင်သွားလို့ စကားတောင် ကောင်းကောင်းမပြောနိုင်တော့ဘူးရယ်။

ဘုန်း...

အဲဒီအချိန်မှာပဲ သူရှိနေတဲ့ အဆောက်အဦတစ်ခုလုံး ကြမ်းတမ်းစွာ လှုပ်ခါသွားတာကို ခံစားမိလိုက်တယ်။ ဒါကြောင့် ဘာဖြစ်တာလဲသိရအောင် စားသောက်ဆိုင် အပြင်ဘက်ကို ထွက်ကြည့်လိုက်တော့...

သူတို့နဲ့သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ လန်ဒန်တံတားကြီးရဲ့ ခေါင်မိုးပေါ် ဓားအကြီးကြီးကိုင်ထားတဲ့ လူတစ်ယောက်က ရပ်နေတာ တွေ့လိုက်ရတယ်။

“ဒီလူက ငါကျောင်းဝင်းထဲမှာ တွေ့ခဲ့တဲ့သူမဟုတ်လား။” ဝါ့ဇ် ချက်ချင်းမှတ်မိသွားတယ်။

“ငါ့နာမည်က ရေမွန်... ဂလော်ရီယား။ ငါ့တိုင်းပြည်မှာ အစွမ်းအထက်ဆုံးစစ်သည်ပဲ။ မှော်ဆရာတွေက စစ်သည်တွေထက် မြင့်မြတ်တယ်လို့ယူဆတဲ့ နေမဝင် အင်ပါယာကို ငါသဘောမကျဘူး။ မင်းတို့ရဲ့အစွမ်းအထက် ဆုံးမှော်ပညာရှင်ဆိုတဲ့ လမှော်ဆရာမကို ငါစိန်ခေါ်မယ်။ နောက်ထပ် နာရီဝက်ကြာလို့မှ လမှော်ဆရာမ ငါ့ဆီကို ရောက်မလာခင် ဒီတံတားကြီးကို ဖျက်ဆီးပစ်မယ်။”

“မာလင့်မုတ်ဆိတ်၊ အလကားနေရင်း စိန်ခေါ်ခံနေရပါလား။”

All Chapters