← Chapters

အခန်း (၇၈၉)

Vol. 53 Ch. 789

အခန်း (၇၈၉)

Vol. 53 Ch. 789

ဤတည်နေရာထဲသို့ လူဆယ်ယောက် ဝင်ရောက်သည့်အချိန်တွင် လူကိုးယောက်သည် တည်ငြိမ်စွာဖြင့် တည်ရှိ နေ၏။ သို့ပေမဲ့ ညအင်ပါယာမှာတော့ ဆိုးရွားသည့်အခြေအနေကို ကြုံတွေ့နေရတော့သည်။ အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ၎င်း၏ ပျက်ယွင်းနေသော အမူအရာနှင့် ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ ပုံရိပ်ယောင်အစီအရင်မှတဆင့် ရီရှင်းချန်၏ နဖူးထက်တွင် ချွေးများစို့လျက်ရှိသည်။ ဤအရာမှာ မဟုတ်သေးပေ။ အားလုံးသောသူများ အဆင်ပြေနေချိန်တွင် ၎င်းသည် အဘယ်ကြောင့် နာကျင်စွာဖြင့် ဖြစ်တည်နေရသနည်း။

သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ “ဒီလူ ပြိုလဲသွားပြီဆိုရင် သူတစ်ယောက်တည်း ကျရှုံးတယ်လို့ ဆုံးဖြတ်တာလား၊ အားလုံး ကျရှုံးမလို့ ဆုံးဖြတ်တာလား၊ ကျုပ်ကြားဖူးတာတော့ ဒီအထဲကို အသင်းအဖွဲ့ ဖွဲ့ပြီးဝင်မယ် ဆိုရင် တစ်စုံတစ်ယောက်က ကျရှုံးတာနဲ့ အားလုံးကျရှုံးတာပဲ၊ သူတို့အားလုံးက ကျိန်းသေပေါက် အပြင်ဘက်ကို ပြန်ပြီးထွက်ရလိမ့်မယ်”

“ဒါပေမဲ့ ကျုပ်သိရသလောက်ကတော့ လူတစ်ယောက်ပဲ ကျရှုံးတာပဲ၊ လူတစ်ယောက်ကျရှုံးရုံနဲ့ ဘာကြောင့် အဖွဲ့လိုက်ကြီး ကျရှုံးရမလဲ၊ ဒီတော့ ဒီကောင်လေး ကျရှုံးတာပဲဖြစ်ဖြစ်၊ မကျရှုံးတာပဲဖြစ်ဖြစ် အဆင်ပြေတဲ့လူ တွေက ဆက်ပြီးသွားနိုင်တယ်လေ”

ကံကောင်းစွာဖြင့် ညအင်ပါယာသည် ထိုသူတို့၏ သုံးသပ်ပြောဆိုခြင်းကို မကြားရခြင်းပေ။ မဟုတ်ပါက ဒေါသတကြီးဖြင့် လာရောက်ကာ ရိုက်နှက်မှာ သေချာ၏။ ၎င်း၏ ဂုဏ်ယူမောက်မာလှသော အမူအကျင့်အရဆိုလျှင် ဤကဲ့သို့ သူ့အား ပိုးစိုးပက်စက် ဝေဖန်နေခြင်းအား လက်သင့်ခံလိမ့်မည် မဟုတ်ချေ။

“ဂျူနီယာညီလေးရီ.... တောင့်ခံထား”

လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ရီရှင်းချန်အား အားပေးလျက် ရှိနေကြ၏။ သို့ပေမဲ့ ရီရှင်းချန်သည် မြေဆွဲအားတစ်ရာဆ ပိုမိုအားကောင်းသည့် တည်နေရာတွင် ကြံ့ကြံ့ခံနေထိုင်ရင်းဖြင့် လုံးဝအရှုံးမပေးဘဲ ၎င်း၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်၏။

အပြင်ဘက်တွင် ကြည့်နေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဤပြိုင်စံရှားဂိုဏ်း၏တပည့်မှာ မြေဆွဲအားတစ်ရာကျော်အား အံတုရင်း ဆယ်မိနစ်ကျော်သည်အထိ တောင့်ခံထားနိုင်သည်ကို သိရှိမည်ဆိုပါက ကျိန်းသေပေါက် အံ့အားသင့်မိပေလိမ့်မည်။

ဟူး ဟူး

ဖိအားဒဏ်သည် ဆက်လက်ဖြစ်တည်နေ၏။ ရီရှင်းချန်၏ အရေပြားပေါ်ရှိ လက်မတစ်ခုချင်းစီတိုင်းသည် စဉ့်တီတုံးပေါ်တွင် ဓားဖြင့်အခုတ်ခံနေရသလို နာကျင်လျက်ရှိနေတော့သည်။ ဤခံစားချက်သည် ဖော်ပြ၍ မရနိုင်အောင် နာကျင်လွန်းလှသည်။

ပုံရိပ်ယောင်အစီအရင်၏ အပြင်ဘက်တွင်ရှိသော ရှန်ကွမ်းရှင်းရောင်သည် နဖူးထက်တွင် ချွေးစေးများပင် ပျံလျက်ရှိသည်။ သူမသည် မြေဆွဲအားကို ခံယူနေရသောကြောင့် မဟုတ်ပေ။ အစီအရင်များကို တစ်ချိန်လုံး လေ့လာနေရသော ကြောင့် ဤကဲ့သို့ ချွေးစေးများပျံနေခြင်းပင် ဖြစ်တော့၏။

ကျန်းတယ်ကျွင်းသည်လည်း အပြင်ဘက်တွင် ဤကဲ့သို့ တစ်ပုံစံတည်း ဖြစ်နေ၏။ ၎င်းသည် တောရိုင်းတည်နေရာကြီး၏ ဖိအားများကို မခံစားရဟုဆိုသော်လည်း ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် အလွန်တရာ မောပန်းသည်အထိ အစီအရင်အား မွှေနှောက်ကာ ကြည့်ရှု နေရသည်။

“ခင်ဗျားတို့ ဒါကို မထွင်းဖောက်နိုင်သေးဘူးလား” ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။

ကျန်းတယ်ကျွင်းက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီအစီအရင်က အစီအရင်အင်ပါယာတစ်ယောက် ဖန်တီးခဲ့တာလေ၊ အရမ်းကို အားကောင်းတယ်၊ ကျုပ်တို့အနေနဲ့ ချက်ချင်းလက်ငင်းကြီး ရဖို့ဆိုတာ မျှော်လင့်ချက် မရှိနိုင်ဘူး”

“အရှုံးမပေးနဲ့” ကျွင်းချောင်ရှောင်းက အားပေးလိုက်သည်။

ကျန်းတယ်ကျွင်းသည် မည်သည့်စကားမှ မဆိုချေ။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် ပထမဦးဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့လိုအပ်နေသည်ကို ကောင်းကောင်းသိရှိနေ၏။ လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းတုန်းက အစီအရင်၏ အတွင်းပိုင်းဖန်တီးထားမှုမှာ အလွန်တရာ ရှုပ်ထွေးလွန်းလှ၏။ သူ့အနေနှင့် ဤအရာကို ဖြေရှင်းနိုင်မည် ဆိုလျှင်တောင်မှ ချက်ချင်းလက်ငင်းကြီး အရာအားလုံး ဖြေရှင်းလိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ဂိုဏ်းချုပ်၊ အကြီးအကဲကျန်း”

ထိုအချိန်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် အသံပို့လွှတ်လိုက်တော့သည်။ “ကျွန်မ ရှာတွေ့ပြီ”

“မြန်လိုက်တာ၊ ဟုတ်လို့လား”

ကျန်းတယ်ကျွင်း၏ မျက်နှာသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် အပြင်ဘက်မှတဆင့် အစီအရင် တစ်ခုလုံးကို သေချာကြည့်ရှုလျက်ရှိနေ၏။ သို့ပေမဲ့ ဤတည်နေရာတစ်ခုလုံးကို ဖန်တီးထားသော အစီအရင်သည် ဝင်ရောက်ကာ ဖြေရှင်းဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။ ထို့အပြင် အစီအရင်၏ အတွင်းပိုင်း ဖန်တီး ထားမှုကလည်း ဖျက်ဆီးခံထားရသည် မဟုတ်ပါလား။

“ကောင်မလေး”

ကျန်းတယ်ကျွင်းက မေးလိုက်သည်။ “အထဲမှာ အခြေအနေက ဘယ်လိုရှိလဲ”

ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အရမ်း အရမ်းကို များတဲ့ အစီအရင်တွေနဲ့ မျဉ်းကြောင်းတွေ ရှိနေတယ်လေ၊ စုစုပေါင်း တစ်သိန်းကျော်လောက်တောင် ရှိလိမ့်မယ်”

“ကောင်းကင်ဘုံ” ကျန်းတယ်ကျွင်းသည် မျက်လုံးပြူးသွားမိ၏။

ရှန်ကွမ်းရှင်းရောင်က ပြောလိုက်၏။ “အကြီးအကဲကျန်း.... ကျွန်မ မူးနောက်နောက်တောင် ဖြစ်နေပြီ”

လက်ရှိအခြေအနေမှာတော့ သူမသည် အစီအရင်အင်ပါယာ ချန်ရစ်ခဲ့သော အစီအရင်၏ အတွင်းပိုင်းအား သေသေချာချာ မွှေနှောက်လေ့လာလျက်ရှိ၏။ သူမ၏ ရှေ့မှာတော့ ရေတွက်လို့မရအောင် များပြားသော အလင်းစက်များ နှင့် မျဉ်းကြောင်းများ တည်ရှိလို့နေသည်။

..............

ကျွင်းချောင်ရှောင်းသည် မြေဆွဲအား နှစ်ဆယ်ဆအား ခုခံရင်း အစီအရင်နှင့်ပတ်သက်၍ လှမ်းမျှော်ကြည့်ရှုလျက် ရှိနေသည်။ သို့ပေမဲ့ အလွန်တရာ ရှုပ်ထွေးလှသော မျဉ်းကြောင်းနှင့် ပုံပန်းသဏ္ဍာန်များကို မြင်ရချိန်မှာတော့ စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဒါက မများလွန်းဘူးလား”

ရှေးအစီအရင်သည် သူ့အား အဆုံးမဲ့သောစကြဝဠာကြီးတစ်ခုကဲ့သို့ ခံစားချက်အား ပေးစွမ်းနေ၏။ ဤအစီအရင်၏ တည်ဆောက်ထားပုံမှာ ဂြိုလ်များ၊ ဥက္ကာခဲများနှင့် မိုးကုတ်စက်ဝိုင်းအတွင်းတွင်ရှိသော အရာဝတ္တုများအားလုံးကို နမူနာယူကာ ဆွဲထားသည့်ပုံစံအတိုင်းပင် ဖြစ်နေတော့၏။

“ခင်ဗျားတို့ နှစ်ယောက် သေသေချာချာ လှည့်ပတ်ပြီး ကြည့်ကြ၊ ဒီအစီအရင်က အပြင်ဘက်မှာရှိတဲ့ အစီအရင်နဲ့ ဆက်စပ်နေတာ ဖြစ်လိမ့်မယ်” ကျန်းတယ်ကျွင်းက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းနှင့် ရှန်ကွမ်းရှင်းရောင်တို့သည် နဝေတိမ်တောင်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက် ကြ၏။ ပြောနေစရာပင်မလိုချေ။ ဤအရာသည် စကြဝဠာအတွင်းမှာရှိသော အလွန်တရာ ကျယ်ပြောလှသော နဂါးငွေ့တန်းများနှင့် ဆက်စပ်ပြီး ဖန်တီးထားခဲ့တာဖြစ်ကြောင်း သိလိုက်ရ၏။

ကျွင်းချောင်ရှောင်းသည် ငြိမ်သက်သွားမိ၏။ သူသည် အစီအရင်ဖန်တီးမှုနှင့်ပတ်သက်၍ ပါရမီရှိလှသည် ဆိုသော်လည်း ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည်ကို အမှီအခိုပြုကာ ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် အစီအရင်နှင့်ပတ်သက်၍ အာရုံစိုက် လေ့လာခဲ့ခြင်းမျိုးလည်း မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် သေသေချာချာ သုံးသပ်ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းနေသည်။

“ကျွန်မ စမ်းကြည့်လိုက်မယ်” ရှန်ကွမ်းရှင်းရောင်က ပြောလိုက်၏။

သူမသည် မျက်လုံးများကို မှိတ်ကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို ရေတွက်လို့မရအောင် များပြားသော အစိတ်အပိုင်းများဖြင့် ဖြန့်ဝေလိုက်တော့သည်။ ပြီးနောက် သူမသည် အလွန်တရာ ရှုပ်ထွေးလှသော အစီအရင်၏ မျဉ်းကြောင်းများကို လွှမ်းခြုံကာ သူမ၏ စိတ်ထဲတွင် ပဟေဠိများ ချိတ်ဆက်သလို တစ်ခုပြီးတစ်ခု ချိတ်ဆက်၍ ပုံပန်းသွင်ပြင်များ ဖန်တီးလျက် ရှိနေသည်။

ရှန်ကွမ်းရှင်းရောင်သည် သိစိတ်ပင်လယ်ကို ကျွင်းချောင်ရှောင်း သာမြင်ရပါက ကျိန်းသေပေါက် အံ့အားသင့်မိသွားမှာ သေချာသည်။ သူမ၏ ဦးနှောက်သည် မည်ကဲ့သို့ အမျိုးအစားမျိုးနှင့် ဖန်တီးပြုလုပ်ထားသည်ကို သူကောင်းကောင်းမသိနိုင် ဖြစ်မိသွားပေလိမ့်မည်။

အစီအရင်အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကျန်းတယ်ကျွင်းမှာတော့ ဤအရာနှင့်ပတ်သက်လျှင် ရှန်ကွမ်းရှင်းရောင်ကို မမီကြောင်း ဝန်ခံရပေလိမ့်မည်။ သူတို့သည် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ်ကို အတူတူ လေ့လာထားခဲ့သည်ဆိုလျှင်တောင်မှ ကျန်းတယ်ကျွင်းသည် ခံစားချက်အပြည့်နှင့် သက်ပြင်းချကာ ပြောခဲ့ဖူးသည်။ “သူမက တကယ့်ကို ရှားပါးတဲ့ ဦးနှောက်နဲ့ မိန်းကလေးတစ်ယောက်ပဲ”

ရှန်ကွမ်းရှင်းရောင်သည် အလွန်တရာ ထူးဆန်းလွန်းလှ၏။ မတူညီသည့် ပြဿနာကို ရင်ဆိုင်ဖြေရှင်းရာတွင် မည်သူမျှ မထင်မှတ်ထားခဲ့သောထောင့်များပေါင်းစုံမှ ရှာဖွေကာ စဉ်းစားနိုင်စွမ်း ရှိသူလည်းဖြစ်၏။

.................

တစ်နာရီ ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် တည်ငြိမ်စွာဖြင့် ကြံ့ကြံ့ခံလျက်ရှိနေတော့၏။

ရီရှင်းချန်မှာတော့ သူ၏ အလွန်တရာ ဝံ့ကြွားလျက်ရှိသော ကျောရိုးမကြီးသည် ကုန်းကွလျက်ရှိပြီး ဆောင့်ကြောင့်ပင် ထိုင်လုနီးပါး ဖြစ်နေတော့သည်။ မြေဆွဲအားတစ်ရာဆဆိုသည်မှာ အလွန်ပင် အားကောင်းလွန်းလှ၏။ သူ့အနေနှင့် တစ်ကိုယ်လုံး ချွေးများပျံသည်အထိ ဖိအားဒဏ်သည် အားကောင်းလွန်းနေသည်။ သူ၏ တစ်ကိုယ်လုံးရှိ အရိုးနှင့်အရေများအားလုံးသည် အကြိမ်ပေါင်းများစွာ သန့်စင်ခြင်း ခံထားရသလိုဖြစ်နေသည်။

ဤဖြစ်စဉ်သည် အလွန်တရာ နာကျင်လှသည်ဆိုသော်လည်း ၎င်း၏ခန္ဓာကိုယ် အသွင်ဖြစ်တည်ဖို့အတွက်တော့ ကောင်းမွန်လှသည့် အခွင့်အရေးပင် ဖြစ်တော့သည်။ အနည်းဆုံးတော့ သူ၏ မရီဒန်၊ အသားအရေနှင့် တခြားသော အရာများအားလုံးသည် ပိုမိုကာ ကြံ့ခိုင်လာခဲ့၏။ အတိုချုပ်အရ ပြောရမည်ဆိုလျှင် သူ့အနေနှင့် ဤတည်နေရာကြီးတွင် နှစ်နာရီကြာ ခုခံနိုင်မည်ဆိုပါက စမ်းသပ်မှုမျှော်စင်တွင် တစ်လလောက် သွားရောက်လေ့ကျင့်သည်ထက် ပိုမိုကာ အကျိုးသက်ရောက်မှုရမှာ သေချာသည်။

ရှန်ကွမ်းရှင်းရောင်သည်လည်း ချွေးများပျံလျက်ရှိသည်။ သူ၏ ဦးနှောက်အလုပ်လုပ်ပုံသည် အလွန်တရာ ကြီးမား လှသည်ဖြစ်ပြီး တွေးခေါ်နိုင်စွမ်းသည်လည်း ပွင့်လင်းကာ လတ်ဆတ်လွန်းသည်ဆိုလျှင်တောင်မှ တကယ်တမ်း ဤရှေးအစီအရင်ကြီးတစ်ခု၏ အတွင်းပိုင်းကို နှိုက်နှိုက်ချွတ်ချွတ် သုံးသပ်ဖို့ဆိုသည်မှာ အလွန်ခက်ခဲလွန်းနေ၏။

သို့ပေမဲ့ သူမသည် အကောင်းဆုံး ကြိုးစားကာ ရှာဖွေလျက်ရှိနေ၏။ အထပ်ထပ် မေးခွန်းများ ထုတ်ရင်းမှ အဖြေတစ်ခုကို ရရှိအောင် ကြိုးစားလျက်ရှိသည်။

သူမက ပြောလိုက်သည်။ “အကြီးအကဲကျန်း... ဒီတည်နေရာမှာရှိတဲ့အစီအရင်က အပြင်ဘက်မှာရှိတဲ့ အစီအရင်နဲ့ ချိတ်ဆက်နေတာလို့ ထင်တယ်၊ ဒါကိုသာ ပြန်လည် ပြင်ဆင်နိုင်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ထိန်းချုပ်လို့ရပြီလို့ ထင်တယ်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် အလွန်တရာ စိုးရွံ့သွားမိသည်။ အစီအရင်ထဲတွင်ရှိသော မျဉ်းများအားလုံး သည် အလွန်တရာ သေသေသပ်သပ်ဖြင့် စီစဉ်ထားခြင်းပင်ဖြစ်သည်။ အနည်းငယ် ပြောင်းလဲသွားမည်ဆိုပါက ပေါက်ကွဲမှုကြီးပင် ဖြစ်ပေါ်သွားနိုင်သည်။

“မိန်းကလေး... မင်းသေချာလို့လား” ကျန်းတယ်ကျွင်းက မေးလိုက်သည်။

“ကျွန်မ”

ရှန်ကွမ်းရှင်းရောင်သည် ခဏရပ်တန့်လိုက်၏။ ပြီးနောက် တိကျခိုင်မာစွာ ပြောလိုက်တော့သည်။ “ကျိန်းသေ သေချာတာပေါ့”

အကြီးအကဲကျန်း၏ အတည်ပြုမှုကို ရရှိပြီးနောက် ရှန်ကွမ်းရှင်းရောင်သည် ဂိုဏ်းချုပ်ကို လှမ်းကြည့်ကာ အမိန့်ကို စောင့်စားလိုက်၏။

ကျွင်းချောင်ရှောင်းသည်လည်း တွေဝေလျက်ရှိနေသည်။ ထို့ပြင် အစီအရင်သည်သာ ပေါက်ကွဲ သွားမည်ဆိုပါက တပည့်များအားလုံးသည် မြေမြှုပ်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ လက်ရှိအခြေအနေကို ဖော်ညွှန်းရမည်ဆိုလျှင် ရှန်ကွမ်းရှင်းရောင်သည် ချိန်ကိုက်ဗုံးတစ်လုံးအား ပြန်လည်ဖြုတ်နေသည့် ကျွမ်းကျင်သူတစ်ယောက်နှင့် ဆင်တူနေသည်။

ကျွင်းချောင်ရှောင်းသည် သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ပြောလိုက် တော့သည်။ “ပြောင်းလဲမယ်”

ဖြောက် ဖြောက် ..။

သူ့အသံထွက်ပေါ်လာလာခြင်းမှာပဲ ခန္ဓာကိုယ်ပေါ်တွင် စတီးကဲ့သို့သော ချပ်ဝတ်များဖြစ်ပေါ်လာခဲ့၏။ စိတ်ဝိညာဉ်ချပ်ဝတ်နှင့် ဝိညာဉ်ကိုးပါး ချပ်ဝတ်တို့ကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ သူသည် အလွန်အားကောင်းလွန်းလှ သော ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်ကာဖြင့် အကာအကွယ်နံရံကြီးတစ်ခုကို ဖန်တီးပြီး သူနှင့် သူ့တပည့်များ အားလုံးကို လွှမ်းခြုံကာ ကာကွယ်ထားလိုက်၏။

ချမ်းသာကြွယ်ဝမှုသည် အန္တရာယ်များကြားမှသာ ရရှိနိုင်သည်။ အစီအရင်ကို ပြန်လည်ပြင်ဆင်ပြီး မျှော်စင်ထဲတွင်ရှိသော အမွေအနှစ်များကို ရယူနိုင်ရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် လောင်းကစားတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့၏။ ထို့အပြင် သူ့အနေနှင့် ဤအချိန်တွင် အလျော့ပေးရန် ဆုံးဖြတ်လိုက်မည်ဆိုပါက ရှန်ကွမ်းရှင်းရောင်၏ အရည်အချင်းကို မေးခွန်းထုတ်သလို ဖြစ်နေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏နှလုံးသားသည် နာကျင်သွားပေလိမ့်မည်။

“လုပ်လိုက်ကြစို့ ကောင်မလေး” ကျန်းတယ်ကျွင်းက ပြောလိုက်သည်။

ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့၏ ထောက်ပံ့မှုကို ရရှိပြီးသည့်နောက်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် သူမ၏ စိတ်ဝိညာဉ် အာရုံများကို ထိန်းချုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တဖြည်းဖြည်းချင်း အစီအရင်နှစ်ခုအား ပြန်လည်၍ စပ်ဆက်ချိတ်ယူတော့၏။ ဤဖြစ်စဉ်သည် အလွန်တရာ တိုတောင်းလှသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် အကာအကွယ် အပြည့်အစုံကို အသက်သွင်းထားခဲ့ပြီး ဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ဖြစ်ပေါ်လာနိုင် သည့် ပေါက်ကွဲမှုများအား အဆင့်သင့်ခုခံနိုင်ရန် ပြင်ဆင်ထားသည်။

“ဒွီ”

ရုတ်တရက်ဆိုသလိုပဲ အစီအရင်အတွင်းဘက်ရှိ အရာများအားလုံးသည် အနည်းငယ်တုန်ခါသွား၏။

ရှန်ကွမ်းရှင်းရောင်သည် အစီအရင်တည်နေရာကြီးအား ပြန်လည်ပြင်ဆင်ပြီးသည့်နောက်မှာတော့ ခပ်ဖျော့ဖျော့ အလင်းရောင်များ တောက်သွားခဲ့၏။ အပြင်ဘက်မှ ကြည့်ရှုလျက်ရှိသော ကျန်းတယ်ကျွင်းမှာတော့ ရုတ်တရက် ဆိုသလိုပဲ စိတ်သက်သာရာ ရသလို ခံစားလိုက်မိသည်။

“ဂိုဏ်းချုပ်၊ အကြီးအကဲကျန်း”

ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွှင်စွာ ပြောလိုက်၏။ “ကျွန်မ လုပ်နိုင်ခဲ့ပြီ၊ ကျွန်မ ခန့်မှန်းခဲ့တာ မှန်သွားပြီပဲ”

ခန့်မှန်းတာ မှန်သွားပြီဆိုသော စကားကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဖင်ထိုင်ချလု နီးပါးမတတ် ခံစားလိုက်ရ၏။ သူသည် စိတ်ထဲမှာတော့ ရေရွတ်လိုက်မိသည်။ ဘယ်လိုဖြစ်ပြီးတော့ ခန့်မှန်းရုံလေးတစ်ခုကို အမှီပြုပြီး ဒီလောက် အန္တရာယ်များတဲ့ကိစ္စကို လုပ်ရဲရတာလဲ။

“မိန်းကလေး... အပျော်စောမနေနဲ့”

ကျန်းတယ်ကျွင်းသည် သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ဒါက အခုမှ ချိတ်ဆက်သွားရုံလေးပဲ ရှိသေးတယ်။ အမြန်ဆုံး ထိခိုက်သွားတဲ့ တည်နေရာကိုရှာပြီး ပြန်လည် ပြင်ဆင်ရမယ်၊ ဒါမှသာ အစီအအရင်က ပြန်လည်ဖြစ်တည်ပြီးတော့ ပြည့်စုံတဲ့ အခြေအနေတစ်ခုကို ရောက်သွားမှာလေ”

“ကောင်းပြီ” ရှန်ကွမ်းရှင်းရောင်သည် သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ပြီးသည့်နောက်မှာတော့ သူမနှင့် အကြီးအကဲကျန်းတို့သည် အလွန်တရာ ရှုပ်ထွေးလှသည့် အစီအရင်များကို စတင်ကာ ကြိုးစားရှာဖွေ တော့၏။ အစီအရင်ထဲသို့ ဝင်ရောက်နိုင်ခြင်းသည် ပထမဦးဆုံးခြေလှမ်းပင်ဖြစ်သည်။ ပြီးသည့်နောက်မှာတော့ ပြဿနာနှင့် ပြန်လည်ပြင်ဆင်ရမည့်အရာများကို ရှာဖွေရပေလိမ့်မည်။

ဖူး

မြေဆွဲအားတည်နေရာကို ရင်ဆိုင်နေရသည့် ရီရှင်းချန်မှာတော့ ခက်ခက်ခဲခဲနှင့် အသက်ကို ရှူနေရသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်တရာလေးလံလှသော ဖိအားအောက်တွင် နစ်မြှုပ်လျက်ရှိ၏။ လက်ရှိအချိန် မှာတော့ သူသည် အလေးမသူတစ်ယောက်ကဲ့သို့ပင် သူ၏ခြေထောက်များအားလုံးသည် ဆောင့်ကြောင့်ထိုင်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး ကြီးမားလှသည့် ဖိအားဒဏ်ကြောင့် မည်သို့မျှ ကောင်းကောင်း မရပ်နိုင်တော့ချေ။ မြေပေါ်သို့ အချိန်မရွေးလဲကျတော့မည့်ပုံပင် ရှိနေ၏။

“ဂျူနီယာညီလေးရီ... . တောင့်ခံထား”

လီချင်းယန်၊ စုရှောင်မိုနှင့် တခြားသူများအားလုံးသည် သူ့အား အားပေးလိုက်ကြ၏။ ရီရှင်းချင်၏ နှလုံးသား များသည် ပြိုလဲလုမတတ် ဖြစ်နေ၏။ သူသည် မြေဆွဲအားတစ်ရာဖိအားအောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်သည်အထိ အံကြိတ်ကာ ခုခံနေရ၏။ သို့ပေမဲ့ သူ၏ဂိုဏ်းတူအစ်ကိုနှင့် ဂိုဏ်းတူညီလေးများ အားလုံးမှာတော့ ဘေးတစ်ဖက်တွင်ရပ်လျက် စကားပြောဆိုအားပေးလျက်ရှိနေတော့သည်။

ရီရှင်းချန်သည် အလွန်ပင် နာကျည်းမိ၏။ ကံတရားကိုပင် သူသည် ဆဲဆိုလျက် ရှိနေတော့၏။ ဤဖိအားဒဏ်သည် အလွန်တရာ အားကောင်းလွန်းလှသည်။ ထို့ကြောင့်ပင် ရီရှင်းချန်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငုံ့လာ၏။ မြေပေါ်တွင် မှောက်လျက်လဲလုမတတ်ပင် ဖြစ်လာ၏။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ငါတို့ အထက်နယ်မြေ မသွားရသေးခင် မင်းဒီနေရာ မှာတင် အရှုံးပေးလိုက်မလို့လား”

ဆောင့်ကြောင့်ထိုင်လုနီးပါးဖြစ်နေသော ရီရှင်းချန်သည် ဂိုဏ်းချုပ်စကားကြားရချိန်မှာတော့ မျက်နှာတစ်ခုလုံး ပျက်ယွင်းလုမတတ် ဖြစ်သွား၏။ ပြီးနောက် ၎င်း၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြစ်တည်လာ၏။ သူ၏ ကွေးညွတ်လုမတတ် ဖြစ်နေသော ကျောရိုးမကြီးသည် ပြန်လည်ဖြောင့်တန်းသွား၏။

“ကျုပ်... လက်စားမချေရသေးဘူး၊ ကျုပ် ရီရှင်းချန်က ဘယ်လိုလုပ် ဒီနေရာမှာ လဲကျလို့ ဖြစ်မှာလဲ”

အား

သူသည် ရုတ်တရက် ခေါင်းကို မော့ကာဖြင့် အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်တွင်ရှိသော အင်္ကျီများ၊ အဝတ် အစားများအားလုံးသည် ပေါက်ကွဲထွက်သွားခဲ့ပြီး သူ၏ မာကျောကျစ်လျစ်လှသော ကြွက်သားများ အားလုံးသည် အမြှောင်းလိုက် ပေါ်လာလျက်ရှိနေတော့၏။

“ကျုပ်က ဘယ်တော့မှ အရှုံးမပေးဘူး၊ ဘာမှ မလုပ်ရဘဲနဲ့ အရှုံးမပေးနိုင်ဘူး”

ရီရှင်းချန်၏ မျက်လုံးများသည် နီနီရဲနေ၏။ အားလုံးသောသူများ၏ အကြည့်အောက်မှာပဲ ၎င်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန်၍ မတ်လာတော့သည်။

“ဘာတွေဖြစ်နေတာလဲ၊ ဒီကောင်လေးကို ကြည့်ရတာ အရမ်းဒေါသထွက်နေသလိုပဲ၊ ဘာလို့ ဒေါသထွက်ရတာလဲ” အားလုံးဆွံ့အသွားကြ၏။

ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် မတ်မတ်ပြန်လည်ရပ်ပြီးသား ဖြစ်နေတော့သည်။

“အံ့အားသင့်စရာပဲ”

ရှောင်ကျီ၏ မျက်လုံးများသည် ချီးကျူးမှုများနှင့် ပြည့်နှက်သွား၏။ ဤကဲ့သို့ မြေဆွဲအားအဆတစ်ရာ ဖိအား အောက်တွင် မည်မျှခက်ခဲပြီး ကြောက်မက်ဖွယ်ရာကောင်းအောင် ခုခံရမည်ကို သိရှိသောကြောင့် ဂျူနီယာညီလေးရီသည် အမှန်ပင် အားကောင်းလှသူဖြစ်ကြောင်း ချီးကျူးလိုက်မိ၏။ ဤကဲ့သို့ ဇွဲနှင့် သတ္တိများအားလုံးသည် ချီးကျူးခံရရန် ထိုက်တန် လွန်းလှ၏။

ကြီးမားလှသည့် ဒေါသတရား၏ ထိန်းချုပ်မှုအောက်မှာတော့ ရီရှင်းချန်သည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို အဆုံးစွန်သော အခြေအနေအထိသို့ ပြန်လည်ထိန်းကျောင်းနိုင်ခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်မိသည်။ “သူ့ခန္ဓာကိုယ်ထဲမှာ အမုန်းတရားတွေက ဘယ်လောက်တောင် များပြားနေတာလဲ”

အချိန်တွေကုန်လွန်သွားခဲ့၏။ ရှန်ကွမ်းရှင်းရောင်နှင့် ကျန်းတယ်ကျွင်းတို့သည် အစီအရင်ကို သုံးသပ်လျက်ရှိနေ၏။ သို့ပေမဲ့ တစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ မည်သည့်တိုးတက်မှုမှ မရှိခဲ့ချေ။

ဝှစ်

ရုတ်တရက် ဆိုသလိုပဲ ကောင်းကင်နှင့် မြေကြီးအတွင်းတွင် ရှိနေသော ဤလောက ကမ္ဘာသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ အသံကြီးတစ်ခုသည် ပေါ်ထွက်လာခဲ့သည်။ “စိန်ခေါ်သူတွေအားလုံးက စမ်းသပ်မှုကို အောင်မြင်သွားခဲ့တယ်၊ ဒီတော့ ဒုတိယလောကကို ဝင်ရောက်နိုင်သွားပြီ”

တွီ

သူတို့၏ရှေ့တွင်ရှိနေသော မြက်ခင်းပြင်တည်နေရာကြီး အားလုံးသည် လှုပ်ခါသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ အပေါ်သို့တက်သည့် လှေကားထစ်ကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့သည်။

“သူတို့ အောင်မြင်သွားပြီပဲ” အားလုံးက ထ၍ အော်ဟစ်လိုက်မိသည်။

ကျွင်းချောင်ရှောင်း၊ ရှောင်ကျီနှင့် တခြားသူများသည် တည်ငြိမ်လျက် ရှိနေ၏။ ပထမလောကကို ဖြတ်သန်းသွားလာဖို့ဆိုသည်မှာ ၎င်းတို့အတွက် မည်သည့်ပြဿနာမှ မရှိချေ။ ရီရှင်းချန် သည် အဆုံးစွန်အထိ ပြိုလဲမသွားသည်ကို ကြည့်ရှုနေသူများက အနည်းငယ်တော့ အံ့အားသင့်မိနေကြ၏။

“သူက ထိုင်ချခါနီး အခြေအနေကို ရောက်နေပြီလေ၊ ဘာလို့ ရုတ်တရက်ကြီး မတ်တပ်ထရပ်လာတာလဲ”

“ဒီကောင်လေးရဲ့ ဇွဲနဘဲကတော့ တကယ့်ကို အံ့မခန်းပဲ” မြို့တော်ဝန်ဟန်က မှတ်ချက်ပြုလိုက်သည်။

ဘုတ်

ပထမလောကကြီး ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ မြေဆွဲအားအဆတစ်ရာ၏ အစွမ်းသတ္တိသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ရီရှင်းချန်သည် သူ့ကိုယ်သူ မည်သို့မှ မထိန်းနိုင်တော့ဘဲ မြေပေါ်သို့ လဲကျ သွား၏။ ချွေးများ တပြိုက်ပြိုက် ကျလျက်ရှိပြီး အသက်ကိုပင် ပြင်းပြင်းထန်ထန် ရှူနေရသည်။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် နှစ်နာရီတိတိ ပြန်လည်ကာ အားမွေးခဲ့ရသည်။ ဤခံစားချက်သည် အလွန်တရာ ဆိုးရွားလွန်းလှ၏။ သို့ပေမဲ့ အသက်ကိုရှူနေသည့် အတိုင်းအတာအတွင်းမှာပဲ ရီရှင်းချန်သည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိ၏။ “အင်ပါယာ... ခင်ဗျားက ဘယ်လောက်ထိထိ အားအင်တွေ ကောင်းတယ်ဆိုဆို ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။ “ဒုတိယလောကထဲကို ဝင်မယ်ဆိုရင် မင်းအနေနဲ့ တခြားသူတွေ ထက်ပိုပြီး ခက်ခဲတဲ့ စမ်းသပ်မှုမျိုးကို ကြုံရလိမ့်မယ်၊ အဆင်ပြေပါ့မလား”

အမ်

ရီရှင်းချန်၏ မျက်နှာပေါ်မှ အပြုံးသည် ရုတ်တရက်ဆိုသလိုပဲ အေးခဲသွားခဲ့တော့သည်။

All Chapters