အခန်း (၇၉၀)
Vol. 53 Ch. 790
ဤလောကကမ္ဘာသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများအတွက်တော့ မည်သို့မှ ခက်ခဲမှု မရှိခဲ့ချေ။ အဓိက အားဖြင့် ဖြတ်သန်းသွားလာနိုင်ခဲ့သည်ဆိုသော်လည်း ဆိုးရွားသည်မှာ ဆုလာဘ်များ မရရှိခြင်းပင် ဖြစ်တော့သည်။
အတိတ်တုန်းကသာဆိုပါက ဤကဲ့သို့ ကျော်ဖြတ်သွားနိုင်သည်ဆိုသည်နှင့် စိန်ခေါ်သူသည် ခန္ဓာကိုယ်တစ်ခုလုံး ပိုမိုအားကောင်းလာစေသည့် အမွေအနှစ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ရမှာဖြစ်သည်။ ကံဆိုးစွာဖြင့် အစီအရင်သည် ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးသည့်နောက်မှာတော့ ဆုလာဘ်များသည်လည်း ပျောက်ကွယ်သွားခဲ့၏။
ဤခန္ဓာကိုယ် အမွေအနှစ်နှင့်ပတ်သက်၍ အနည်းငယ်မျှတော့ သူတို့ လိုချင်နေမိသေးသည်။ သို့သော်ငြား ဤကဲ့သို့ ဆုလာဘ်များ မရှိသောကြောင့်ပင် တခြားသောသူများသည် နှစ်ပေါင်းတစ်သောင်းအတွင်း မည်သူကမျှ လာရောက်၍ စိန်ခေါ်ခြင်းကို မပြုလုပ်ကြခြင်း ဖြစ်၏။ ထို့အပြင် မည်သည့်ဆုလာဘ်မှ မရှိသည့်နေရာတစ်ခုတွင် မည်သူက အသက်ကို သေဆုံးခံ၍ စွန့်စားနေမည်နည်း။ ဤကဲ့သို့သော ကိစ္စမျိုးကို အရူးတစ်ယောက်သာလျှင် လုပ်ပေလိမ့်မည်။
အရူးဆိုသည့်စကားလုံးကို ပြန်လည်စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ငါက အချိန်မှားပြီး မွေးလာတာပဲ”
သူသည်သာ ရှေးခေတ်ကာလတစ်ခုဆီသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည်ဆိုပါက သူ၏အဆင့်နှင့် အားအင် များသည်လည်း ကျိန်းသေပေါက် မြန်မြန်ဆန်ဆန် တိုးတက်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်အား စိန်ခေါ်သည့်နေရာတွင် ပိုမိုအားကောင်းသည့် အမွေအနှစ်များကို သူ့တပည့်များထံ ပေးအပ်နိုင်လိမ့်မည်ဖြစ်သည်။
စနစ်ကပြောလိုက်၏။ “ရှေးခေတ်တုန်းက စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို အားကောင်းတယ်လေ၊ သိုင်းကျင့်ကြံသူတွေရဲ့ အလုံးစုံသော အားအင်တွေက အရမ်းကို အားကောင်းလွန်းတယ်၊ တကယ်လို့ လက်ခံသူ အနေနဲ့ အဲအချိန်တုန်းကသာ ဝိညာဉ်ကူးပြောင်းမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်းကို တည်ထောင်ဖို့ဆိုတာ အခုထက် အဆတစ်ရာလောက် ပိုပြီးတော့ ခက်ခဲလိမ့်မယ်”
“ဒါကတော့ အမှန်ပဲ” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
ပြိုင်စံရှားဂိုဏ်းသည် နှစ်အနည်းငယ်အတွင်း ပိုမိုကာ ကြီးထွားလာခဲ့သည်။ ထိုအရာသည် စနစ်ကို အားကိုးလှသည် ဆိုသော်လည်း သူ့အနေနှင့် ပိုမိုအားကောင်းရန် ကြိုးစားခြင်းနှင့်အတူ ကျင့်ကြံခြင်းလောကတွင်ရှိသော တခြား သောသူများက အားနည်းခြင်းကလည်း အစိတ်အပိုင်းတစ်ခုအနေနှင့် ပါဝင်လျက်ရှိသည်။ သူသည်သာ ရှေးခေတ် ဆီ၌ ဝိညာဉ်ကူးပြောင်းရောက်ရှိခဲ့မည်ဆိုပါက ယခုကဲ့သို့ အပြင်သို့ထွက်၍ ဟန်ထုတ်ကြွားဝါနေရလိမ့်မည် မဟုတ်ပေ။
“ဒီလိုမျိုး စိတ်ဝိညာဉ်စွမ်းအင်တွေ အားနည်းနေတဲ့ အခြေအနေတစ်ခုဆီ ဝိညာဉ်ကူးပြောင်းရောက်ရှိအောင် ပေးပို့ ပေးတဲ့ နတ်ဘုရားတွေကို ကျေးဇူးတင်ရမယ်” ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဘယ်အချိန်သွားကြမှာလဲ”
ရီရှင်းချန်သည် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ “ကျုပ်.. ကျုပ်ကို ခဏလောက် ပေးနားပါအုံး”
အမုန်းတရားများသည် သူ့အား ကြံ့ကြံ့ခံနေထိုင်နိုင်စေဖို့ တွန်းအားပေးခဲ့၏။ သို့ပေမဲ့ သူ၏သက်လုံနှင့် စွမ်းအား များအားလုံးသည် ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူသည် အိပ်ယာထဲ လဲလုမတတ် အခြေ အနေသို့ ရောက်ရှိနေ၏။ သူသည်သာ ဒုတိယလောကဆီသို့ ဆက်လက်သွားမည်ဆိုပါက မြေပေါ်တွင် လဲလျောင်း ရင်း သတိလစ် မေ့မျောသွားမှာ သေချာသည်။ ထိုသို့ဆိုလျှင် သူ၏ရောင်းရင်းများအားလုံးသည် သူ့အား သယ်ပိုးခြင်းဖြင့် အလုပ်ရှုပ်နေမည်။
ထို့အပြင် ဂိုဏ်းချုပ်၏ သတိပေးစကားသည် သူ့အားပိုမို၍ အာရုံစူးစိုက်စေမိ၏။ ၎င်းတို့သည် ဤမျှလောက် ခက်ခဲသည့်တည်နေရာကို မကျော်ဖြတ်နိုင်ဘဲနှင့် အဘယ်သို့ အထက်နယ်မြေဆီသို့ သွားရောက်၍ တိုက်ခိုက် မည်နည်း။
ဤနေရာတွင်မှာတော့ ဟယ်ဝူတီသည် အလွန် ဉာဏ်ကောင်းလှသည်ဟု ဆိုရမည်။ ၎င်းသည် အသက် တစ်ထောင်ကျော်ခဲ့ပြီဆိုသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်မိသောကြောင့် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲသို့ ဝင်ရောက်ခြင်း မပြုခဲ့ပေ။
ညအင်ပါယာမှာတော့ ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့ချေ။ သူ့အနေနှင့် ငယ်ရွယ်လှသော လူငယ်လေး၏ ခန္ဓာကိုယ်ကို အပိုင်စီးရယူခဲ့ပြီးသည့်နောက်မှာတော့ သူ့ကိုယ်သူ အသက်တစ်ရာအောက်သာရှိသည်ဟု ထင်မှတ် ခဲ့၏။ သို့ပေမဲ့ သူ၏ဝိညာဉ်သည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လား။ မည်သို့ပင် ဆိုစေကာမူ ရီရှင်းချန်သည် အလွန်တရာ ခေါင်းမာလှသော မြည်းတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။ သူဆုံးဖြတ်ပြီးပြီ ဆိုလျှင် ရှေ့တွင် နံရံကြီးရှိလျှင်တောင်မှ ပြန်လှည့်သွားမည်မဟုတ်ဘဲ နံရံကို ဝင်တိုက်ပေလိမ့်မည်။
“ဒီမှာ ခဏလောက် နားရအောင်” ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည်။
ဒုတိယလောကထဲသို့ဝင်ရောက်ရန် အချိန်အကန့်အသတ် မရှိသည်မို့ ၎င်း၏ တပည့်များအားလုံးကို စွမ်းအင်များ စုစည်းစေရန်အတွက် ကျိန်းသေပေါက် အနားယူခိုင်းရပေလိမ့်မည်။ ပြီးနောက် အကြီးအကဲကျန်းနှင့် ရှန်ကွမ်းရှင်းရောင်တို့သည်လည်း အစီအရင်ကို ချိုးဖြတ်စရာ အချိန်လိုအပ်နေသေးသည် မဟုတ်ပါလား။
“ဒါက အရမ်းကို ရှုပ်ထွေးလွန်းတယ်”
တစ်နာရီကျော်ကြာ အစီအရင်ကို လေ့လာလျက်ရှိသော အကြီးအကဲကျန်း သည် သူ၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲ လုမတတ် ခံစားနေရ၏။ သူသည် စကြဝဠာကဲ့သို့ ကျယ်ပြောလှသော ရှေးအစီအရင်ကြီးတစ်ခုကို ကြည့်လျက်ရှိပြီး တခြားတစ်ဖက်မှာတော့ ရှန်ကွမ်းရှင်းရောင်သည် တဖြည်းဖြည်းနှင့် ထိုအရာကို အသားကျလာခဲ့ပြီးဖြစ်သည်။
သူမသည် သေသေချာချာ လေ့လာလျက်ရှိ၏။ သူမ၏ သိစိတ်ပင်လယ်ထဲတွင်တော့ အလွန်တရာ များပြားလှသည့် ပုံရိပ်ယောင်များနှင့် အထပ်ထပ် ပြည့်နှက်လျက်ရှိနေ၏။ သို့ပေမဲ့ အစီအရင်ထဲတွင်ရှိနေသော မျဉ်းကြောင်းများ အားလုံးသည် အလွန်တရာ များပြားလှ၏။ ထို့ကြောင့် တစ်ခုချင်းစီကို သုံးသပ်ကာ ဖယ်ရှားပြီး ဖြစ်ပျက်ခဲ့သည့် ထိခိုက်မှုတည်နေရာအား ရှာဖွေဖို့ဆိုသည်မှာတော့ ခက်ခဲလွန်းနေ၏။
နောက်ထပ်နှစ်နာရီလောက် ကြာမြင့် ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “တိုးတက်လာတာလေး ရှိသေးလား”
“မရှိပါဘူး” ကျန်းတယ်ကျွင်းက ပြောလိုက်သည်။
ရှန်ကွမ်းရှင်းရောင်သာ မပါလာပါက သူ့အနေနှင့် ဤမျှလောက်ပင် ခရီးရောက်နေမည် မဟုတ်ပေ။
“ဖြည်းဖြည်းလေး လုပ်ကြတာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဤသို့နှင့်ပဲ နောက်ထပ်နှစ်နာရီ ထပ်မံ ကုန်ဆုံးသွားခဲ့သည်။ ၎င်းတို့သည်လည်း ဒုတိယလောကထဲသို့ မဝင်သေး သည်ကို သိသည့်အချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများအားလုံးသည် စိတ်မရှည်သလို ဖြစ်မိလာကြ၏။ လက်ရှိအခြေအနေတွင် ၎င်းတို့သည် ရှေးအင်ပါယာများ ဖန်တီးထားခဲ့သော ဒုတိယလောကကြီးကို ကြည့်ရှုချင် နေမိ၏။ ထိုအထဲတွင်ရှိနေသော စမ်းသပ်မှုသည် မည်သည့်အရာများ ဖြစ်နေမည်နည်းဆိုသည်ကို စိတ်ဝင်စားမိ နေကြသေး၏။
ဆွစ်
လေးနာရီကြာ အနားယူပြီးသည့်နောက် ရီရှင်းချန်သည် မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူ၏လက်များကို အသာယမ်းခါကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်... ကျုပ်ပြန်ပြီးတော့ အားကောင်းလုနီးပါး ဖြစ်နေပြီ”
သူသည် တစ်နှစ်ပတ်လုံး စမ်းသပ်မှု မျှော်စင်ထဲတွင် ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် ပြုလုပ်ပြီးသည့်နောက်မှာတော့ အလွန်တရာ အရေးကြီးလှသော ဒဏ်ရာဒဏ်ချက်များမှလွဲရင် ကျန်သည့်ဒဏ်ရာများအားလုံးကို မြန်မြန်ဆန်ဆန် ဖြင့် ပြန်လည်ကုသနိုင်စွမ်း ရှိနေပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အကြီးအကဲကျန်းအား ထပ်မံကာ မေးမြန်း လိုက်၏။ မည်သည့်တိုးတက်မှုမှ မရှိသည်ကို သေချာအတည်ပြုပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “ဒါဆိုရင် ဒုတိယလောကဆီ သွားရအောင်”
အားလုံးသောသူများသည် အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြ၏။
“ကျုပ်တို့ သွားတော့မယ်၊ လေးနာရီကျော်ကြာ စောင့်ပြီးတဲ့နောက်မှာတော့ ကျုပ်တို့က ဒုတိယလောကထဲကို ဝင်ရောက်ဖို့ အဆင်သင့် ဖြစ်နေပြီ”
အနည်းငယ်အိပ်ချင်စိတ်ဖြစ်နေကြသော ကျင့်ကြံသူများအားလုံးသည် ကျွင်းချောင်ရှောင်းတစ်ယောက် တပည့်များ ကို ထိပ်ဆုံးမှ ဦးဆောင်ပြီးခေါ်ကာ လှေကားထစ်များကို တစ်ထစ်ခြင်း တက်နေသည့်မြင်ကွင်းကို မြင်ရချိန်မှာတော့ လန်းလန်းဆန်းဆန်းဖြင့် စိတ်ဝင်စားမိသွားကြ၏။
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်၏ ဒုတိယ အဆင့်သည် ပုံရိပ်ယောင်ကုန်းမြေကြီးတစ်ခုဖြစ်ပြီး ရှန်ကွမ်းရှင်းရောင်သည် အသစ်ပုံရိပ်ယောင်အစီအရင်ကို ဖန်တီးပြီးသည်နောက်မှာတော့ အပြင်ဘက်လောကတစ်ခုလုံးက ကြည့်ရှု၍ ရနိုင်သည့် ပုံရိပ်ယောင်မြင်ကွင်း တစ်ခုသည် ပေါ်လာတော့သည်။
“ဒီ ဒုတိယလောကကြီးက ဘာဖြစ်နိုင်လဲ” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာတော့ ၎င်းတို့၏ခြေထောက်အောက်တွင်ရှိသော ပုံရိပ်ယောင်ကုန်းမြေကြီးသည် တဖြည်းဖြည်းနှင့် ကွဲအက်လာ၏။ ပြီးနောက် ဒူးလောက်နီးပါးရှိသော ကြည်လင်ရှင်းလင်းသည့် ရေများသည် ဖြစ်တည်လာခဲ့၏။
ချက်ချင်းပဲ ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည် ရေလှိုင်းကြီးတစ်ခုထဲသို့ ရောက်ရှိသွားကြောင်း အားလုံးက မြင်လိုက်ကြတော့သည်။ ၎င်းတို့၏ ပတ်ပတ်လည်တစ်ခုလုံးသည် ရေများမှလွဲ၍ တခြားဘာမှ မရှိချေ။
“ကျုပ်က လေအင်ပါယာပဲ၊ တကယ်လို့ ဒီနေရာကို ဂျူနီယာတွေ ဖြတ်သွားနိုင်မယ်ဆိုရင် ခန္ဓာကိုယ်ကို ပိုမို အားကောင်းတဲ့ အခွင့်အရေး ရလာလိမ့်မယ်၊ ပြီးတော့ ကံကြမ္မာရေစက်ပါတဲ့လူက ကျုပ်ရဲ့ လေပွေခန္ဓာကိုယ်ကို အမွေဆက်ခံနိုင်လိမ့်မယ်”
ကြည်လင်ရှင်းလင်းပြီး ထည်ဝါလွန်းလှသော အသံက ထွက်ပေါ်လာခဲ့သည်။
“လေအင်ပါယာ ဟုတ်လား၊ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက သိုင်းအင်ပါယာတစ်ယောက်လေ၊ သူက အမြန်နှုန်းနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားတယ်၊ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းတစ်သောင်းလောက်ကို ခရီး သွားလာနိုင်တယ်လို့ ပြောကြတယ်လေ၊ ဒါတောင် ပျံသန်းစရာမလိုဘူး”
“ဒီလေပွေခန္ဓာကိုယ်ဆိုတာက လေဓာတ်အမျိုးအစား ခန္ဓာကိုယ်တွေထဲက အားအကောင်းဆုံးဆိုတဲ့အရာတစ်ခု ဖြစ်တယ်လေ၊ ဒီဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ထဲမှာ စည်းခတ်ခံထားရလိမ့်မယ်လို့ မထင်မိဘူး”
................
ကျွင်းချောင်ရှောင်းသည် ထိုအသံကို ကြားရချိန်မှာတော့ ဇဝေဇဝါဖြစ်သွားမိ၏။ “လေအင်ပါယာ ဟုတ်လား၊ လေခန္ဓာကိုယ်နဲ့ ဆက်စပ်နေတယ်ပေါ့၊ ဒါပေမဲ့ ဘာလို့ဒီမှာ ရေတွေ ရှိနေရတာလဲ”
“လောကကြီးထဲမှရှိတဲ့ အရမ်းကို ကြမ်းတမ်းလွန်းတဲ့ သားရဲတွေကို ကျုပ်က ဒီနေရာမှာ ထားထားတယ်လေ၊ တကယ်လို့ ဒီနေရာမှာ နှစ်နာရီကြာအောင် နေနိုင်တဲ့လူတွေသာ တတိယအဆင့်ကို တက်သွားလိမ့်မယ်” လေအင်ပါယာ၏ အသံသည် ထပ်မံထွက်ပေါ်လာ၏။
တောရိုင်းအင်ပါယာပဲဖြစ်ဖြစ်၊ လေအင်ပါယာပဲဖြစ်ဖြစ် ၎င်းတို့နှစ်ယောက်လုံးသည် ဤတည်နေရာထဲတွင် ၎င်းတို့၏ အသံများကို စည်းခတ်ခဲ့ခြင်းပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဤနေရာဆီသို့ ရောက်ရှိမည် ဆိုပါက ဤအသံသည် အလိုလို ပွင့်လာမည်ဖြစ်သည်။
ဟူး ဟူး
ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်တွင် လှုပ်ရှားမှုများ ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းနှင့် တခြားသူ များသည် အပေါ်ကို မော့ကြည့်လိုက်သည့် အချိန်မှာတော့ အားကောင်းလွန်းလှသည့် အော်ရာများ ထွက်ပေါ် လာခဲ့သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “ဒီနေရာကြီးက မှန်လိုပဲနော်၊ ကျွန်တော်တို့တွေ အပေါ်ကို ခုန်တက် လို့မရအောင် လုပ်ထားတာနဲ့တူတယ်”
“ရှောင်ကျီ... ဒါကို လက်သီးနဲ့ ထိုးကြည့်စမ်း”
“ကောင်းပါပြီ”
ရှောင်ကျီသည် လက်သီးကို မြှောက်ကာဖြင့် ထိုမှန်ကဲ့သို့အရာကို လက်သီးဖြင့် ထိုးလိုက်၏။ သို့ပေမဲ့ ဤအရာကို လက်သီးဖြင့် ထိုးလိုက်သည့်အချိန်မှာတော့ လက်သီးသည် ဂွမ်းထုပ်ထဲ ရောက်ရှိသွားသလို အိကနဲဖြစ်သွားတော့ သည်။ မည်သည့်အသံမှ ထွက်ပေါ်မလာချေ။
ထိုအချိန်မှာတော့ ရေမျက်နှာပြင်သည် ရုတ်တရက်ဆိုသလိုပဲ လှိုင်းထ လာခဲ့၏။ ပြီးနောက် ရေတွက်၍ မရအောင်များပြားသော အမဲရောင်အရိပ်များ ဖြစ်တည်လာခဲ့သည်။ ပြီးနောက် အသားစားငါးများကဲ့သို့သော ကြောက်မက်ဖွယ်ရာငါးများ ဖြစ်တည်လာခဲ့တော့သည်။ ၎င်းတို၏ ပုံပန်းသွင်ပြင် များသည် ကြည့်လိုက်ရုံနှင့် တင် ကြောက်ဖို့ကောင်းလှ၏။
“နတ်ဆိုး လူသားစားငါးတွေပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ရှိခဲ့တဲ့ ရှေးသားရဲတွေက ဒီမျှော်စင်ထဲမှာ ရှိနေမယ်လို့ ကျုပ်မထင်မိခဲ့ဘူး”
နတ်ဆိုးလူသားစားငါး တစ်သောင်းကျော်တို့သည် ၎င်းတို့၏ သွားများကို ဖြဲကာဖြင့် ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာကြတော့သည်။ ပြီးသည့်နောက်မှာတော့ သူတို့သည် သူတို့၏ရှေ့တွင်ရှိသော လူသားများကို ပစ်မှတ် ထားကာဖြင့် မြားများကဲ့သို့ ဝှီးကနဲ့ရှေ့သို့တက်ကာဖြင့် လိုက်လံကိုက်ခဲတော့သည်။
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်တော့၏။ “အားလုံးကို သတ်လိုက်တော့”
ဟူး ဟူး
တပည့်များသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ကာဖြင့် လခြမ်းဓားကွက်များကို ထုတ်ဖော်ကာ အသုံးပြုကြ၏။ သူတို့သည် ငါးများကိုသတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ သို့ပေမဲ့ အလင်းတန်း များသည် ၎င်းတို့၏ လက်ဝါးကြီးဆီမှ ထွက်ပေါ်သွားပြီးခြင်းမှာပဲ အပေါ်တွင်ရှိနေသော မှန်ကဲ့သို့သော အစီအရင် ကြီးက စုပ်ယူသွားခဲ့တော့သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် တုန်လှုပ်သွားခဲ့၏။ “ကျွန်တော်တို့ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေကို အပေါ်က စုပ်ယူသွားတယ်”