အခန်း (၇၉၁)
Vol. 53 Ch. 791
၎င်းတို့၏ ဦးခေါင်းထပ်တွင် ရှိသော အတားအဆီး အစီအရင်သည် စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနိုင်သည်သာ မက ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းမှာ ရှိသော စိတ်ဝိညာဉ် စွမ်းအင်များကိုလည်း မြန်မြန်ဆန်ဆန်ဖြင့် ကုန်ခမ်းစေသေးသည်။
မြင်ကွင်းထဲမှာတော့ ပြိုင်စံရှားဂိုဏ်း တပည့်များ အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ဓာတ်သဘာဝ အငွေ့အသက်များ ပြည့်နက်နေသည်ကို သိုင်းကျင့်ကြံသူများက မြင်ကြရ၏။ ၎င်းတို့သည် တစ်ချက်ကလေးမှ နောက်လှည့် မကြည့်ဘဲ ခုန်သွားလျက် ရှိနေကြ၏။
ချီးတဲ့မှ ….
ကျွင်းချောင်ရှောင်းသည် အသက်ကို ရှိုက်ကာဖြင့် လှမ်းဆဲလိုက်မိသည်။ "ပြေးကြ"
၎င်းအနေနှင့် စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွင့်ကာ တိုက်ခိုက်၍လည်း မရနိုင်သလို ဘာတစ်ခုမှလည်း ပြုလုပ်နိုင်စွမ်း မရှိသည့် အခြေအနေတွင် လုပ်လိုရသည့်အရာမှာ တစ်ခု တည်းသာ ရှိ၏။ ထိုအရာမှာ ပြေးခြင်းသာ ဖြစ်၏။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် ရှေ့မှ ဦးဆောင်လာပြီးသည့်နောက်မှာတော့ သူ၏ ခြေတံရှည်များနှင့် လုံခြုံရာ နေရာဆီသို့ ဦးတည်ကာ ပြေးတော့သည်။
တစ်ခြားသူများအားလုံးသည် အနောက်မှ မြန်မြန်ဆန်ဆန် လိုက်လာကြ၏။ ၎င်းတို့၏ အထက်တွင် အကာအကွယ် အတားအဆီးတစ်ခု တည်ရှိနေသည်။ ထို့ကြောင့် သူတို့သည် ပြေးရုံသာ တတ်နိုင်ကြ၏။ ခုန်ပျံကျော်လွှား၍လည်း မရကြချေ။
သို့ပေမဲ့ ခြေလှမ်းအနည်းငယ် ပြေးပြီးသည့်နောက်မှာတော့ ရေသည် ၎င်းတို့၏ ဒူးခေါင်းအထက်တွင် အဘယ့်ကြောင့် ဖြစ်နေကြောင်းကို နားလည်လိုက်မိကြ၏။ ရေသည် ဒူးခေါင်းအထက်နားတွင် ရှိနေသောကြောင့် သူတို့ ပြေးလွှားရာတွင် အခက်အခဲကြီး ဖြစ်စေသည်။
"သောက်တလွှဲဟ"
ကျွင်းချောင်ရှောင်း ထဆဲလိုက်မိ၏။
စနစ်က ပြောလိုက်သည်။ "လက်ခံသူ ဒါက စမ်းသပ်မှု မျှော်စင်ရဲ့ ပထမနဲ့ ဒုတိယအထပ်ရဲ့ ပုံစံနဲ့ တူမနေဘူးလား။"
အသက်ဘေးအတွက် ပြေးလွှားလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စနစ်၏ စကားကို ကြားလိုက်ရသည့် အချိန်မှာတော့ သေသေချာချာ နားလည်သွားမိ၏။ "ပထမအဆင့်က မြေဆွဲအား ဒု၊ တိယအဆင့်ကတော့ သားရဲတွေ နောက်က လိုက်တဲ့ အမြန်နှုန်းကို တိုးတက် စေတဲ့ အရာ"
"ဒါက တကယ့်ကို တူညီတာပါပဲ"
ကွာခြားမှုဆိုသည်မှာ လက်ရှိ ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်က ပိုမို၍ အားကောင်းနေခြင်းပင်။
အား
ထိုအချိန်မှာတော့ ရီရှင်းချန်၏ အော်သံသည် ၎င်းတို့၏ နောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။
အားလုံးသည် နောက်သို့ လှည့်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ပုံပန်းပန်းပျက် အသွင်အပြင်ဖြင့် ပြေးလွှားလျက်ရှိသော ရီရှင်းချန် ကို မြင်လိုက်ရသည်။
ရီရှင်းချန်သည် အားကို အလွန်အကျွံအသုံးပြုကာ ပြေးနေခြင်း ဖြစ်၏။ သို့ပေမဲ့ ခြေထောက်များကသာ လှုပ်နေခြင်း ဖြစ်ပြီး ခန္ဓာကိုယ်မှာတော့ ထူးခြားစွာဖြင့် ရှေ့သို့ ရောက်မလာခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် ရီရှင်းချန်သည် အထူး ဧည့်ခံခြင်းကို ခံနေရသည်ဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်မိ၏။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ဒီလို ဖြစ်မယ်မှန်းသိရင် ဒီကောင့်ကို ခေါ်မလာပါဘူး"
ရှန်ကွမ်းရှင်းရောင်သည်လည်း ဖြည်းညှင်းစွာ ပြေးနေသည်။ သူမသည် ပြေးလွှားရာနှင့် ပတ်သက်၍ မည်သည့် ပါရမီမှ မရှိပေ။ ထို့အပြင် သူမ၏ သိစိတ်ကို ဖြန့်ကျက်ကာဖြင့် အစီအရင်ကြီးကိုလည်း နားလည်အောင် ကြိုးစားပြုမူနေရသေး၏။
"ရှောင်မို … လီဖေး"
ကျွင်းချောင်ရှောင်းသည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ တည်ငြိမ်စွာ ပြောလိုက်မိ၏။ "သားရဲတွေကို မင်းတို့ မြှားခေါ်လိုက်"
"ကောင်းပါပြီ"
စုရှောင်မိုနှင့် လီဖေးတို့သည် မြန်မြန်ဆန်ဆန်ပဲ ရီရှင်းချန်နှင့် ရှန်ကွမ်းရှင်းရောင်တို့အား အာရုံစိုက်လျက်ရှိသော သားရဲများအား အာရုံဆွဲဆောင်ရန် ကြိုးစားကြတော့သည်။
၎င်းတို့သည် လျှာထုပ်၍ ပြောင်ပြလိုက်၊ နှာခေါင်းကုပ်၍ ပြောင်ပြလိုက် ပြုလုပ်ပြီး လူသားစား ငါးများအားလုံး ၎င်းတို့ဆီ ရောက်ရှိလာစေရန် ကြိုးစားလျက်ရှိနေ၏။
ပြောနေစရာပင် မလိုအပ်ချေ။ ဤလူသား နှစ်ယောက်သည် အလွန်တရာ မောက်မာနေသည်ကို မြင်ရသည့် နောက်မှာတော့ လူသားစားငါးများအားလုံးသည် မည်သို့မှ မနေနိုင်တော့ဘဲ သွေးနီရဲနေသည့် မျက်ဝန်းတစ်စုံနှင့် စုပေါင်းကာ လာရောက် တိုက်ခိုက်ကြတော့သည်။
"သွားမယ်"
စုရှောင်မိုနှင့် လီဖေးတို့သည် ရေထဲတွင် အားရပါးရ ပြေးနေကြတော့၏။
၎င်းတို့သည် ဘယ်တစ်ယောက်၊ ညာတစ်ယောက် နေရာခွဲကာ သွားကြ၏။ လူသားစား ငါးများ အားလုံးတို့သည်လည်း ၎င်းတို့နောက်သို့ အဖွဲ့နှစ်ခုဖွဲ့ကာ လိုက်တော့သည်။ အခြေအနေတစ်ခုလုံးသည် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
သို့ပေမဲ့ ရီရှင်းချန်သည် နှလုံးသားထဲမှာတော့ ကျိန်ဆဲလျက် ရှိနေ၏။ "ဒါက အရမ်းများလိုက်တာ" အတိအကျပြောရလျှင် သူသည် မည်သူ့ကိုမှ ပြသနာ ရှာခဲ့သူ မဟုတ်ပေ။ သို့ပေမဲ့ ဤမျှော်စင်ထဲသို့ ဝင်ရောက်ပြီးနောက်မှာတော့ သူ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်နေသည်ကို ကိုယ်တွေ့ ကြုံလျက်ရှိ၏။
……....
ဒုတိယလောက၏ ရေနက်ထဲတွင် ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသူများ ပြေးလွှားရာတွင် နှောင့်နှေးစေနိုင်သော စွမ်းအင်တစ်မျိုးလည်း ပါဝင်နေသေး၏။
ရီရှင်းချန်သည် တစ်ခြားသူများထက် ငါးဆပိုမို၍ ခက်ခဲမှုကို ခံနေရသည်။
ကံကောင်းစွာဖြင့် လူသားစား ငါးများအားလုံးသည်လည်း ခံစားချက်ကိုယ်စီဖြင့် ရှိကြ၏။ စုရှောင်မိုနှင့် လီဖေးတို့၏ ရန်စခြင်းကို ခံရပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် တစ်ဖက်လူများကို ဂရုမစိုက်ကြတော့ပေ။ စုရှောင်မိုနှင့် လီဖေးတို့ နောက်သို့ပါ တန်းတန်းမတ်မတ် လိုက်တော့၏။
ထို့ကြောင့် ရီရှင်းချန်အနေနှင့် သက်သာရာ ရသွားသည်ဟု ဆိုရမည်။ သို့ပေမဲ့ ရီရှင်းချန် တွေးမိနေသည်မှာ သူ့အနေနှင့် ဤမျှ ခက်ခဲသည့် အရာမျိုးကို တွန်းလှန်နေရသည် ဆိုသော်လည်း မည်သည့် ဆုလာဘ်မှ မရရှိသေးခြင်းပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များကို ခေါ်ဆောင်လာ၏။ ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်တွင် လာရောက် စိန်ခေါ်ခဲ့သည်။ ဤအရာသည် ညအင်ပါယာတစ်ယောက် မည်သို့နှိပ်စက် ခံရသည်ကို တစ်လောကလုံးရှိ ကျင့်ကြံသူများ ကြည့်ရှုနိုင်စေရန် တိုက်ရိုက် ထုတ်လွှင့် ပြသနေခြင်းနှင့်ပင် ဆင်တူသည်။
"ရီရှင်းချန်က အရမ်းကို အားနည်းတာပဲ။တစ်ခြားသူတွေက အရမ်းကို မြန်အောင် ပြေးနိုင်တယ်လေ။သူက ဘာလို့ အဲ့ တစ်နေရာထဲမှာပဲ ရပ်ပြီး ပြေးနေတာလဲ။”
“ပြိုင်စံရှား ဂိုဏ်းရဲ့ တပည့်နှစ်ယောက်ကသာ ငါးတွေကို အာရုံပြောင်းသွားအောင် မလုပ်နိုင်ဘူးဆိုရင် သု ဒီအချိန်ဆို အရိုးပဲ ကျန်တော့မယ်"
"ကျုပ်အထင်အရဆိုရင် သူက အနှောက်အယှက်ပဲ"
အခြေအနေကို ကောင်းကောင်းမသိကြသော သူများအားလုံးသည် ရီရှင်းချန်၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ စိတ်ပျက်လျက်ရှိနေကြသည်။
သူ့အား နဂါးကျားတိုက်ပွဲတွင် အားပေးနေကြသော အမျိုးသမီး ပရိတ်သတ်များသည်ပင်လျှင် ချက်ချင်းပဲ မုန်းတီးသူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတော့၏။
"ရှင်းချန်"
ကျွင်းချောင်ရှောင်းသည် အသံပို့ လွှတ်လိုက်တော့၏။ "ဒီ အဆင့်ကို ကျော်ဖြတ်ပြီးရင် မင်း နားချင်ရင် နားလို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးနဲ့”
ဤနေရာသည် ရီရှင်းချန်အတွက် ကောင်းမွန်သည့် အရာမျိုးမဟုတ်ပေ။ ထို့အပြင် ဤနေရာမှာ ဒုတိယ ကမ္ဘာသာ ရှိသေးသည်။ နောက်ထပ် ဖြတ်ကျော်သွားရန် ကမ္ဘာ လောကကြီး ရှစ်ခု ကျန်ရှိနေသေးသည် မဟုတ်လား။ ဤကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီဆိုလျှင် ရီရှင်းချန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
"ကျွန်တော် နောက်ကို မဆုတ်နိုင်ဘူး" ရီရှင်းချန်သည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။
သူ၏ အဘိဓာန်တွင် လမ်းတစ်ဝက်တွင် လှည့်ပြန်သည်ဟူသည့် ထုံးစံမျိုးသည် ဘယ်သောအခါမှ မရှိခဲ့ဖူးပေ။
ဓားတောင်ကို ဖြတ်ရသည်ဖြစ်စေ မီးပင်လယ်ကို ဖြတ်ရသည်ဖြစ်စေ သူ့အနေနှင့် ကျိန်းသေပေါက် ကျော်ဖြတ်သွားမှာ ဖြစ်၏။ အရှေ့တွင် အလွန်တရာ နက်လှသော ချောက်နက်ကြီးတစ်ခု တည်ရှိနေသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ခုန်ဆင်းသွားပေလိမ့်မည်။
"ကျုပ် ရီရှင်းချန်က ဒီနေရာမှာ သေရမယ်ဆိုရင်တောင်မှ ဘယ်တော့မှ နောက်မဆုတ်ဘူး။"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းရဲ့ ရွေးချယ်မှုကို ငါ လေးစားတယ်။ဒါပေမဲ့ မင်းအနေနဲ့ မင်းရဲ့ ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ အားလုံး အတွက်တွေကို ပြင်ဆင်ထားရလိမ့်မယ်...."
ဆွစ် ဆွစ်။
စုရှောင်မိုနှင့် လီဖေးတို့သည် အမြန်ဆုံးနှုန်းဖြင့် ပြေးလွှားလျက်ရှိနေ၏။
၎င်းတို့၏ ဒူးခေါင်းအောက်တွင် ရှိသော ရေများအားလုံးသည် ၎င်းတို့၏ အမြန်နှုန်းကို နိမ့်ကျစေခဲ့သည် ဆိုသော်လည်း စမ်းသပ်မှု မျှော်စင်၏ ဒုတိယထပ်တွင် တစ်နှစ်ပတ်လုံး သွားလာနေကြသူများ ဖြစ်သည့် အတွက် ၎င်းတို့ အတွက် ဤငါးများဆီမှ လွတ်မြောက်အောင် ပြေးလွှားရခြင်းမှာ ပြသနာတစ်ခု မဟုတ်တော့ပေ။
ဂိုဏ်းချုပ်နှင့် သူတို့၏ ဂိုဏ်းတူရောင်းရင်းများ အကုန်လုံးကို တစ်ဖက်ငါးများ တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်စေရန် အလိုငှာ သူတို့သည် အချိန်ကို နှေးလိုက် ၊ စကားလုံး သို့မဟုတ် အမူအရာများဖြင့် ရန်စလိုက် ပြုမူကာဖြင့် ပတ်ပြေးလျက် ရှိနေတော့သည်။
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "အစီအရင်ကို သုံးသပ်ဖို့ အာရုံ စုလိုက်"
"ဟုတ်ကဲ့"
ရှန်ကွမ်းရှင်းရောင်သည် ရေထဲတွင် မတ်မတ်ရပ်လျက် ရှုပ်ထွေးလှသော အစီအရင်ကြီးနှင့် ပတ်သက်၍ သေသေချာချာ လေ့လာ အာရုံစိုက်ကာ ကြည့်ရှုလျက်ရှိနေသည်။
အချိန်မည်မျှ ကြာသွားပြီ မသိသော ကာလတစ်ခုမှာတော့ သူမသည် သတိပြန်ဝင်သွားတော့သည်။ ထိုအချိန်မှာတော့ သူမ၏ ဒူးခေါင်းအောက်တွင် ရှိသော ရေများအားလုံးသည် ပျောက်ကွယ်သွားပြီဖြစ်သည်။
စုရှောင်မို ၊ လီဖေးနှင့် တစ်ခြားသောစီနီယာအစ်ကိုများအားလုံးသည် မြေပေါ်တွင် ထိုင်လျက်ရှိပြီး အသက်ကိုပင် မနည်းရှူနေရ၏။ ၎င်းတို့အားလုံးသည် ဒုတိယလောကကြီးကိုကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်၏။
"အကြီးအကဲကျန်း"
ရှန်ကွမ်းရှင်းရောင်သည် အသံပို့လွှတ်လိုက်သည်။ "ပြသနာတစ်ချို့ကို ရှာတွေ့ပြီ"
ဤမိန်းကလေးသည် အလွန်အားကောင်းလွန်းလှသော ဦးနှောက်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် တစ်ခြားသူများ မမြင်တွေ့နိုင်သော အသေးစိတ်အချက်အလက်များကို ရှာဖွေတွေ့ရှိနိုင်၏။ သို့ပေမဲ့ ကျွမ်းကျင်မှု အရဆိုလျှင် သူသည် ထိပ်တန်း အစီအရင်ဆရာများနှင့် နှိုင်းယှဉ်၍ ရနိုင်သည်တော့ မဟုတ်ပေ။
"ပြော … မင်းရဲ့ သုံးသပ်ချက်ကို ငါ ကူညီပေးမယ်" ကျန်းတယ်ကျွင်းက ပြောလိုက်သည်။
ရှန်ကွမ်းရှင်းရောင်သည် ဤအစီအရင်ကြီးထဲတွင် ရှိနေသော ထူးဆန်းလှသည့် ပြသနာများနှင့် ပတ်သက်၍ သေသေချာချာ ပြောဆိုကာ မေးမြန်းလျက်ရှိနေတော့သည်။
အတိတ်တုန်းကသာဆိုလျှင် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းတယ်ကျွင်းသည် ခေါင်းကိုက်မိပေလိမ့်မည်။ သို့ပေမဲ့ သေသေချာချာ နားထောင်ပြီးသည့်နောက်မှာတော့ သူသည် ပိုမိုကာ နားလည်လာမိ၏။
"သိပြီ ကျုပ်သိပြီ"
"ကျွန်မလည်း နားလည်ပြီ"
လမ်းညွှန်မှုကို ရရှိပြီးသည့်နောက်မှာတြော ရှန်ကွမ်းရှင်းရောင်သည် တိမ်နှင့် မြူများ ကင်းစင်လှသော ကောင်းကင် ပြာပြာကြီးကဲ့သို့ စိတ်အဆင်မှာ ရှင်းလင်းသွားခဲ့၏။ ထို့ကြောင့် အသံပို့လွှတ်လိုက်သည်။ "ဂိုဏ်းချုပ် ဒီနေရာမှာ မျဉ်းကြောင်းလေးတစ်ချို လိုအပ်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်လေ"
"ဒီလိုလား"
ကျွင်းချောင်ရှောင်းသည် ပျော်ရွင်စွာ ပြောလိုက်သည်။ "ဒါဆိုရင် ဆက်ပြီးတော့ လေ့လာ"
အရင်လောကကြီးနှစ်ခုတွင် ရီရှင်းချန်သည် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခဲ့ရသည်။ ထို့ကြောင့် အစီအရင်ကို မြန်မြန်ဆန်ဆန် လေ့လာပြီးတော့ ဆုလာဘ် စနစ်များကို ပြန်ရရန် ဖန်တီးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ဒီမှာ နားရအောင်"
အချိန်အကန့်အသတ် မရှိသောကြောင့် ကျွင်းချောင်ရှောင်းသည် ဒုတိယ လောကကြီးတွင် တစ်ညနားနေပြီး မနက်မှ တတိယလောကဆီသို့ သွားရန် စီစဉ်ထား၏။
"အားလုံးပဲ"
သူသည် ပုံရိပ်ယောင် မြင်ကွင်းဆီသို့ လျှောက်လာပြီး ပြောလိုက်၏။ "အားလုံးပဲ ကျုပ်ရဲ့ တပည့်တွေက လောကကြီးနှစ်ခုကို တစ်ခါတည်း ချိုးဖြတ်ခဲ့တယ်လေ။မနက်ဖြန်မှာတော့ တတိယလောကကြီး စိန်ခေါ်တာကို တိုက်ရိုက် ထုတ်လွှင့် ပြသပါအုံးမယ်။ ဆက်ပြီးတော့ ရှုစားကြပေါ့။ဒီတော့ စောစောလာပြီး ကြည့်ဖို့ မမေ့ပါနဲ့"
"ပိတ်လိုက်တော့"
"ကောင်းပါပြီ" ကျန်းတယ်ကျွင်းသည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာတော့ သီးခြား ဖြစ်တည်ခြင်း အစီအရင်နှင့် ချိတ်ဆက်ထားသော ပုံရိပ်ယောင် အစီအရင်ကို ပိတ်ပင် လိုက်တော့၏။
ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ထင်ဟပ်လျက်ရှိနေသော ပုံရိပ်ယောင် အစီအရင်သည် ချက်ချင်းဆိုသလိုပဲ မဲမှောင်သွား၏။
အင်ပါယာမြို့ထဲတွင် ရှိသော အစီအရင် ဆရာများမှာတော့ မြို့တော်ဝန်၏ အမိန့်ကို လက်ခံရရှိပြီး ဖြစ်သောကြောင့် ၎င်းတို့အနေနှင့် သောက်သောက်စားစား ပြောဆိုကာဖြင့် ဤပုံရိပ်ယောင် အစီအရင်ကြီးကို ထိုင်ကြည့်ကာ အားပေးလျက် ရှိနေကြတော့သည်။
"သွားကြစို့ သွားကြစို့ မနက်ဖြန်ကျမှ လာပြီးတော့ ကြည့်ကြတာပေါ့" များပြားလှသော ကျင့်ကြံသူများသည် ကိုယ်စီကိုယ်ငှ ပြန်သွားကြတော့၏။
သို့ပေမဲ့ ၎င်းတို့သည် ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်နှင့် ပတ်သက်၍ ကျိန်းသေပေါက် ပြောဆို ဆွေးနွေးကြသည်။ အထူးသဖြင့် ထိုကဲ့သို့သော အရာမျိုးကို မြင်ခွင့် ရရှိရန် ကြည့်ပြီးခဲ့သော ကျွင်းချောင်ရှောင်းကို သူတို့ အထူးကျေးဇူးတင်မိကြသည်။
ထို့အပြင် ၎င်းတို့သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းကျော်က တည်ရှိခဲ့သော ထိပ်တန်းကျွမ်းကျင်သူများ၏ အသံကို နားနှင့် ဆက်ဆက် ကြားခဲ့ရသည် မဟုတ်လား။
မျှော်စင်၏ အပြင်ဘက်မှာတော့ ကျန်းတယ်ကျွင်းသည် အထဲတွင် ရှိသော ရှန်ကွမ်းရှင်းရောင်နှင့် အတူ ပူးပေါင်းကာ အစီအရင်ကို ဆက်လက်လေ့လာလျက်ရှိနေ၏။
ဆယ်မျက်နှာ သေဆုံးခြင်း မျှော်စင်၏ တတိယလောကသည် မည်သို့ ဖြစ်မည်ကို သူ နားလည်ပြီးသားဖြစ်သည်။ "တကယ်လို့ စမ်းသပ်မှု မျှော်စင်နဲ့သာ တူညီမယ်ဆိုရင် ဒါက တကယ့်ကို တိုက်ဆိုင်မှု ကျိန်းသေ မဟုတ်တော့ဘူး။ဒီနှစ်ခု ကြားမှာ ဆက်စပ်မှု ကျိန်းသေ ရှိရမယ်"