အခန်း (၇၉၄)
Vol. 54 Ch. 794
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်သည် မြေပေါ်မှာ မှောက်လျက် လှဲရင်း ပြောလိုက်၏။ “ဆက်ပြီးတော့ ကြိုးစားချင်သေးလား”
သူမအနေနှင့် အဘယ်ကြောင့် မြေပေါ်တွင် မှောက်လျက် လှဲနေရသနည်း။ အဘယ်ကြောင့်ဆိုသော် သူမသည် ရဲရဲဝံ့ဝံ့ဖြင့် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးသည့်နောက် ထပ်ခါထပ်ခါ ကျရှုံးခဲ့၏။ ထို့ကြောင့် ကျောက်ပြားချပ် ကြီးသည် တဖြည်းဖြည်းနှင့် အောက်သို့နိမ့်နိမ့် ကျလာခြင်းပင်ဖြစ်သည်။
ကျွင်းချောင်ရှောင်းနှင့် တခြားသူများ အားလုံးသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ကျောက်ပြားချပ်ကြီးကို ထမ်းထားရ၏။ ၎င်းတို့၏ ခေါင်းသည် ဘေးတစ်ဖက်သို့ စောင်းနေကြပြီး ကျောက်ပြားချပ်ကြီးကို ပခုံးဖြင့် ထမ်းထားခြင်းပင် ဖြစ်၏။
တခြားသောဖိအားများ မရှိဘူးဆိုသော်လည်း ၎င်းတို့၏ခန္ဓာကိုယ်ထဲတွင်ရှိသော အရိုးများအားလုံးဆီမှ တစ်ဖျောက်ဖျောက်နှင့် ကျိုးနေသည့်အသံများကို အတိုင်းသားကြားနေရ၏။ ကြည့်ရသည်မှာ ၎င်းတို့အားလုံးသည် ငရဲပြည်သို့ ရောက်၍ ခံစားနေရသည့်ပုံနှင့်ပင် ဆင်တူနေ၏။ အဆိုးဝါးဆုံးသောသူမှာ ရီရှင်းချန်ပင်ဖြစ်သည်။
၎င်းသည် ပခုံးဖြင့်ထောက်ကာ ကျောက်ပြားချပ်ကြီးကို ပင့်ပေးထားရသည်ဆိုသော်လည်း တခြားသော သူများထက် များပြားသည့်ဖိအားကို ခံစားနေရသောကြောင့် ၎င်း၏ မျက်လုံးများသည် ချာချာလည်လျက် ရှိ၏။ ကံကောင်းစွာဖြင့် ကျောက်ပြားချပ်ကြီးသည် ထပ်၍ မကျဆင်းခဲ့ချေ။ အကယ်၍ ကျဆင်းလာမည်ဆိုပါက ၎င်းတို့သည် ပြားချပ်၍ သေသွားကြတော့မှာဖြစ်၏။
လက်ရှိအခြေအနေမှာတော့ မိမိကိုယ်ကိုယ် အလွန်ယုံကြည်မှု ရှိပြီး မောက်မာတတ်သော ညအင်ပါယာသည် ဤကဲ့သို့ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အခြေအနေကို ပုံရိပ်ယောင် အစီအရင်ဆီမှ အပြင်ဘက်သို့ ထုတ်ဖော်ပြသပြီးနောက် အနာဂတ်တွင် အပြင်ဘက်သို့ထွက်ရန်ပင် လွယ်တော့မည် မဟုတ်ချေ။
“ကျောက်ပြားချပ်ကြီးက မြေနဲ့ထိတော့မယ်၊ ဒီတော့ ပြိုင်စံရှားဂိုဏ်းက ဆက်ပြီးတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး ထင်တယ်”
“တကယ်လို့ သူတို့ စတုတ္ထလောကထဲက ထုတ်ခံရမယ်ဆိုရင် မှတ်တမ်းကို ချိုးဖြတ်တာလို့ သတ်မှတ်လို့ မရတော့ဘူး၊ မှတ်တမ်းထိရောက်အောင် သွားနိုင်တယ်လို့ပဲ သတ်မှတ်ရမယ်”
“အခုအချိန်မှာ မှတ်တမ်းတွေကို စိတ်ပူရမယ့်အချိန် မဟုတ်ဘူးလေ၊ ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့တပည့်တွေ ကျရှုံးသွား မယ်ဆိုရင် မျှော်စင်ထဲကနေ တစ်ခါတည်း ထွက်သွားရမှာ” အားလုံးသည် ဆွေးနွေးလျက် ရှိနေကြသည်။
“ဒါက ပြဿနာပဲ” မူချန်းဟုန်သည် မျက်မှောင်ကုတ်မိသွား၏။
သူ၏ရှေ့တွင် ရှိသောပုံရိပ်ယောင်မြင်ကွင်းသည် ကျောက်ပြားချပ်ကြီးနှင့် ကာဆီးခံထားရသည်ဖြစ်သော်လည်း ကျွင်းချောင်ရှောင်းနှင့် သူ့တပည့်များ၏ အခြေအနေကို သူတို့သည် အတိုင်းသား မြင်နေရ၏။ ထို့ကြောင့် အနည်းငယ်သော အချိန်သည်သာ ထပ်၍ ကြာမည်ဆိုပါက ၎င်းတို့အားလုံးသည် ကျောက်ပြားချပ်ကြီး အောက်တွင်ပိ၍ အသားပြားများဖြစ်သွားမှာ သေချာသည်။
“ဟင်း”
မြို့တော်ဝန်ဟန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒါက တကယ့်ကို အဆင်အခြင်မဲ့ ပြုလုပ်ခြင်းရဲ့ ရလဒ်ပေါ့”
ဤအရာမှာ သနားစရာကောင်းလှသည်ဟု များပြားလှသော ကျင့်ကြံသူများက ခံယူထားမိကြ၏။ ထို့ပြင် ပြိုင်စံရှား ဂိုဏ်းသည် အလွန်မြန်ဆန်သည့်နှုန်းဖြင့် တိုးတက်လာသော ဂိုဏ်းတစ်ခုဖြစ်ပြီး သာမန်ထက်ပိုသော အလားအလာ ကိုလည်း ပိုင်ဆိုင်နေ၏။ ဂိုဏ်းချုပ်နှင့် သူ၏ပါရမီရှင်တပည့်များသည် ဤနေရာတွင် သေဆုံးသွားမည်ဆိုပါက ကြီးမားသည့် ရိုက်ခတ်မှုကို ကျင့်ကြံခြင်းလောကတစ်ခုလုံး ခံစားရမှာ သေချာ၏။
တော်ဝင်မြို့၏ ဂိုဏ်းအသိအမှတ်ပြုဗဟိုဌာနတွင် ရှိနေသော ရီထျန်းချန်မှာတော့ ထိုင်ခုံပေါ်တွင် ပက်လက်လန် နေပြီဖြစ်၏။ သူ၏လက်များသည် တစ်ဆတ်ဆတ်နှင့် တုန်ခါနေ၏။ အသက်ရှူသံများမှာလည်း မြန်ဆန်လျက် ရှိသည်။ ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားတိုက်ပွဲကို အနိုင်ယူခဲ့ပြီးသည့်နောက်မှာ ၎င်းသည် သူ၏မိတ်ဆွေရင်းချာ များ၏ ရှေ့တွင် မော်ကြွားကာ နေနိုင်ခဲ့ပြီဖြစ်သည်။ အကယ်၍ ကျွင်းချောင်ရှောင်းသည်သာ မျှော်စင်ထဲတွင် သေဆုံးသွားမည်ဆိုပါက သူသည် လုံးဝလက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့မှာတော့ လက်ရှိအချိန်တွင် ဟောခန်းသခင်အား ဆေးတိုက်ခြင်း မပြု လုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ယောက်လုံးသည် ခန်းမသခင်ကိုပင် ဂရုမစိုက်ကြတော့ပေ။ ပုံရိပ်ယောင်မြင်ကွင်းကြီးကိုကြည့်၍ ပြိုင်စံရှားဂိုဏ်းအတွက် ဆုတောင်းခြင်းကို ပြုလုပ်နေကြ၏။
လက်ရှိ အခြေ အနေမှာတော့ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပြသနေသော ပုံရိပ်များအရဆိုလျှင် ပြိုင်စံရှားဂိုဏ်း သည် ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရသည်ဖြစ်ကြောင်း ကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးက ယုံကြည်လိုက်ကြရ၏။ သို့ပေမဲ့ အားလုံးသည်လည်း ဝမ်းနည်းမှုတွေနှင့် ပြည့်နှက်လျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်းမှ အထဲသို့ ဝင်ရောက်ခြင်းမရှိသော တပည့်များမှာတော့ ခြားနားလျက်ရှိ၏။
“အဖေ”
မူဟုန်လင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်နှင့် ကျွန်မရဲ့ စီနီယာအစ်ကိုတွေအားလုံး အဆင်ပြေလိမ့်မယ်”
မူချန်းဟုန်သည် ဆွံ့အသွားမိ၏။ သူသည် သူ၏သမီးကို လှမ်း၍ ကြည့်လိုက်သည့်နောက်မှာတော့ သူမ၏ဘေးတွင် ရှိသော တခြားသောတပည့်များ၏ မျက်လုံးထဲတွင် ယုံကြည်ချက်များနှင့် ပြည့်နှက်လျက်ရှိသည်ကို မြင်လိုက်ကြရ၏။
အားလုံးသည် ပြိုင်စံရှားဂိုဏ်းနှင့်ပတ်သက်၍ မေးခွန်းထုတ်လျက်ရှိနေသည် ဖြစ်သော်လည်း ဂိုဏ်း၏ တပည့်များမှာတော့ သူတို့၏ ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းချုပ်အပေါ်တွင် တစ်ချက်ကလေးမှ မေးခွန်း မထုတ် ခဲ့ကြချေ။ အလုံးစုံသော ယုံကြည်မှုကို ပေးအပ်ထားကြသည်။
ဘုန်း
ပုံရိပ်ယောင်မြင်ကွင်းထဲတွင် အသံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ကျောက်ပြားချပ်ကြီးသည် ထပ်မံကာ နစ်ဝင်သွားခဲ့၏။
“မျှော်လင့်ချက် မရှိတော့ဘူး၊ ဒီနှုန်းနဲ့ဆိုရင်တော့ မြေနဲ့ကျောက်ပြားနဲ့ထိဖို့ နည်းနည်းလေပဲ လိုတော့တယ်”
အားလုံးသည် ခေါင်းကို ခါယမ်းနေကြ၏။ သူတို့အားလုံးသည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ထဲကို တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားသည်ကို မျှော်လင့်ခဲ့ကြ၏။ အဘယ်ကြောင့် ဆိုသော် သူတို့သာ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းသွားမည်ဆိုပါက အထဲတွင်ရှိသော အရာအားလုံးကို သေသေ ချာချာ မြင်ရမည် မဟုတ်လား။
.................
အရိုးသန့်စင်ခြင်းလောကထဲမှာတော့ ကျွင်းချောင်ရှောင်း၊ ကျန့်ရာနှင့် တခြားသောသူများအားလုံးသည် မြေပေါ်တွင် မှောက်လျက်ရှိနေကြတော့သည်။ သို့ပေမဲ့ သူတို့သည် တံတောင်ဖြင့် ကျဆင်းလာသည့် ကျောက်ပြား ကြီးကို ထောက်ထားလျက်ရှိနေ၏။ အလွန်တရာ ကြီးမားသော ဖိအားဒဏ်ကို ခံရသောကြောင့် ၎င်းတို့၏ အရိုးနှင့် အရေများအားလုံးသည် သန့်စင်ခြင်းကို ခံနေရပြီး နာကျင်သည့်ခံစားချက်များကိုလည်း ရရှိနေကြ၏။ သို့ပေမဲ့ သူတို့သည် တောင့်ခံနိုင်နေကြ၏။ သူတို့တွင် ဂုဏ်သိက္ခာဟူ၍ မရှိတော့ချေ။ သို့ပေမဲ့ အသက်တော့ ရှိနေကြ၏။
“မိန်းကလေး”
ကျန်းတယ်ကျွင်းက အလောတကြီးဖြင့် ပြောလိုက်တော့သည်။ “ဒါကို ထပ်ပြီး ပြောင်းနိုင် သေးလား”
ရှန်ကွမ်းရှင်းရောင်သည် အကောင်းဆုံး ကြိုးစားပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်နှင့် ၎င်း၏ ဂိုဏ်းတူအစ်ကို များ၏ ပျက်ယွင်းနေသော မျက်နှာများကို မြင်ရပြီးသည့်နောက် စိတ်ထဲမှာ အော်ဟစ်နေမိတော့သည်။ သူမသည် သူမကိုယ်သူမ အပြစ်တင်နေမိ၏။ “အကြီးအကဲကျန်း... ကျွန်မ မလုပ်ရဲတော့ဘူး”
“လုပ် …. ရဲရဲသာ ပြောင်းပစ်လိုက်” ကျွင်းချောင်ရှောင်းသည် အသံ ပို့လွှတ်လိုက်သည်။
အခြေအနေသည် အရေးအကြီးဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့အနေနှင့် သူ၏တပည့်ပေါ်တွင် ကျိန်းသေပေါက် အလောင်းအစား ပြုလုပ်ရပေမည်။ ထိုမှသာလျှင် ဆိုးဝါးလှသည့် ကံတရားကို ပြောင်းပြန်လှန် ပစ်နိုင်မှာဖြစ်၏။
ရှန်ကွမ်းရှင်းရောင်သည် အံကိုတင်းတင်းကြိတ်ကာဖြင့် အစီအရင်ကို သေသေချာချာ ကြည့်ရှုလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူမသည် လမ်းကြောင်းတစ်ခုကို ရွေးချယ်၍ လျင်လျင်မြန်မြန်ပဲ ပြောင်းလဲလိုက်တော့သည်။
ပုံရိပ်ယောင်အစီအရင်နှင့် လမ်းကြောင်းများသည် ချိတ်ဆက်သွားပြီးသည့်နောက်မှာတော့ အောက်သို့နစ်ဝင်လျက် ရှိသည့် ကျောက်ပြားကြီးသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ၎င်းထံတွင် ရှိနေသော အော်ရာများသည်လည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့သည်။
မူလအားဖြင့် ဂိုဏ်းချုပ်တို့ သေမလား၊ ရှင်မလားကို မသိသောကြောင့် ပြင်ဆင်ထားခဲ့သော ရှန်ကွမ်းရှင်းရောင်သည် ရုတ်တရက် မျက်လုံးကို ဖွင့်ကာဖြင့် ပျော်ရွှင်စွာ ပြောလိုက် တော့သည်။ “ဂိုဏ်းချုပ်.... တပည့်က စတုတ္ထလောကကြီးကို ထိန်းချုပ်နိုင်နေပြီ”
ဟူး
ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားရချိန်မှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံး၏ မျက်နှာ အမူအရာများသည်လည်း ပြန်လည်၍ ကောင်းမွန် လာခဲ့သည်။ ပြီးသည့်နောက် သူတို့အားလုံးသည် ကျောက်ပြားကြီးကိုထောက်ထားသော လက်များကို လွှတ်ကာဖြင့် မြေပေါ်တွင် မှောက်လျက် လှဲလိုက်ကြတော့သည်။ ပြီးသည့်နောက် အသက်ကို ပြင်းထန်စွာ ရှူနေ ရသည်။
ရီရှင်းချန်မှာတော့ မျက်လုံးတွေပင် ချာချာလည်နေရုံတင်မကဘဲ ပါးစပ်မှ အမြှုပ်များပင် ထွက်လျက်ရှိသည်။ သူသည် ကျောက်ပြားချပ်ကြီး၏ အလေးဒဏ်ကို အခံရဆုံးသူလည်းဖြစ်သည်။ ထို့ကြောင့် သူ၏ဂိုဏ်းတူရောင်းရင်း များထက်ပို၍ ဖိအားဒဏ်ကို ခံစားခဲ့ရသလို အရိုးကျိုးသည့်ဒဏ်ကိုလည်း ခံစားခဲ့ရ၏။ မမေ့မျောသွားသည်ကပင် အလွန်တရာ စိတ်ဓာတ်မာကျောသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ဤတစ်ကြိမ်မှာတော့ ညအင်ပါယာသည်သာ ဝင်ရောက်မကူညီပါက ဤကဲ့သို့သော အောင်မြင်မှုမျိုးကို ရရှိလာနိုင်လိမ့်မည် မဟုတ်ချေ။
“ဂျူနီယာညီလေးရီ”
လီချင်းယန်သည် ရီရှင်းချန်၏ ပခုံးကို အသာပုတ်ကာဖြင့် ခက်ခက်ခဲခဲ ပြောလိုက်သည်။ “အဆင်ပြေရဲ့လား”
ရီရှင်းချန်မှာတော့ စကားပြောဆိုရန် အားပင် မရှိတော့ချေ။
.................
“သူတို့ ဘာလို့ မလှုပ်တော့တာလဲ၊ ပြိုင်စံရှားဂိုဏ်းတပည့်တွေက မခံနိုင်တော့ဘူးလား”
ကျောက်ပြားချပ်ကြီး ထပ်မံ၍ နစ်ဝင်သွားသည်ကို မမြင်ရတော့သောကြောင့် သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိ၏။ ပြီးနောက် ဇဝေဇဝါဖြင့် ဆွေးနွေးလျက် ရှိနေကြသည်။
ဘုန်း ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ကျောက်ပြားချပ်ကြီးသည် မြင့်တက်လာပြီးသည့်နောက် နောက်ထပ်လောကတစ်ခုသို့ သွားရန် လှေကားတစ်ခုသည် တဖြည်းဖြည်းချင်း ပေါ်လာတော့၏။
ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များသည် ထို မြေပြင်တည်နေရာတွင် မှောက်လျက်ကြီး လဲနေတော့သည်။ ၎င်းတို့အားလုံးသည် အနည်းငယ် ပင်ပန်းနွမ်းနယ်ပုံ ပေါ်နေကြသည်ဆိုသော်လည်း မျက်နှာပေါ်မှာတော့ အပြုံးပန်းများနှင့် ဝေနေတော့သည်။
“ငါတို့ အောင်မြင်ခဲ့ပြီ”
“ပြိုင်စံရှားဂိုဏ်းက စတုတ္ထမြောက်လောကကို ဖြတ်သွား နိုင်ပြီပဲ”
ထိုအချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ဝရုန်းသုန်းကား ဖြစ်ကုန်ကြတော့သည်။ အားလုံး သည် ပြင်းပြင်းထန်ထန်နှင့် ဆွေးနွေးလျက်ရှိနေ၏။
“အဖေ”
မူဟုန်လင်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျွန်မတို့ ပြိုင်စံရှားဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းတုန်းက ရှိခဲ့တဲ့ မှတ်တမ်းကို ချိုးဖြတ်နိုင်ခဲ့ပြီ မဟုတ်လား”
“အံ့အားသင့်စရာပဲ၊ အံ့အားသင့်စရာပဲ” မူချန်းဟုန်သည် ပြောလိုက်မိ၏။ စတုတ္ထမြောက်လောကထဲကို ဝင်ရောက် ခွင့်ရရှိရန်အတွက် ဖြစ်စဉ်သည် လွယ်ကူလွန်းလှသည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိ၏။ အားလုံးသည် အသားပြားတစ်ခု ဖြစ်တော့မည့် အခြေအနေကဲ့သို့ပင် ရောက်ရှိခဲ့ကြသည်။
ဤအရာသည် သူတွင်မက မြို့တော်ဝန်ဟန်ကိုလည်း အလွန်တရာ ချီးကျူးမိစေ၏။
ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်များ အားလုံးသည် ဤနေရာမှ ဖြတ်သန်းသွားလာနိုင်ခဲ့ သည်ဆိုသည်မှာ ရှန်ကွမ်းရှင်းရောင်၏ အစွမ်းကြောင့်ဟုပင် ဆိုရမည်။ အပြင်လူများသည်တော့ ပြိုင်စံရှားဂိုဏ်း အနေဖြင့် စတုတ္ထလောကကြီးကို ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း ကောင်းကောင်း မသိချေ။ ထို့ကြောင့် ပဉ္စမမြောက်လောကဆီသို့သွားသည့် လှေကားထစ်ပေါ်လာသည့်အချိန်မှာတော့ ၎င်းတို့အားလုံးသည် မှတ်တမ်းသစ် ချိုးဖြတ် နိုင်ခဲ့ပြီဆိုသည်ကိုသာ တွေးထင်သိနေကြတော့သည်။
ဟား ဟား ဟား ဟား
အသိအမှတ်ပြုဗဟိုဟောခန်းထဲမှာတော့ ရီထျန်းချန်သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ သူသည် အသက်မရှူနိုင်သည်အထိ အားရပါးရ ရယ်မောလျက်ရှိသည်။
“မြန်မြန် မြန်မြန် မြန်မြန်” အကြီးအကဲကျိုးသည် ဆော်ဩလိုက်၏။ “ဆေးတိုက် … ဆေးတိုက်”
...................
ဝှစ် ဝှစ်
ခဏလောက် အနားယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၊ ကျန့်ရာနှင့် တခြားသူများ အားလုံးတို့သည် တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်လိုက်၏။ ၎င်းတို့အားလုံး၏ အရိုးနှင့်အရေများ အားလုံးသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေကို ရင်ဆိုင်ခဲ့ရသည်မှာ မငြင်းပယ်နိုင်ချေ။
ဤအထပ်တွင် နေထိုင်ပြီးသည့်နောက်မှာတော့ သူတို့သည် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။ သို့ပေမဲ့ အားလုံး သောသူများ မတ်တပ်ရပ်လိုက်သည့်အချိန်တွင် ရီရှင်းချန်တစ်ယောက်သည် မြေပေါ်တွင် လဲလျက်ရှိနေ၏။ သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် အားနည်းလျက်ရှိသည်။ သူခံစားခဲ့သောဖိအားနှင့် ကြုံတွေ့ခဲ့ရသော အရာများ အားလုံးသည် တခြားသူများ ရင်ဆိုင်ရန် ခက်ခဲသည့်အရာမျိုးဖြစ်သည်။
ရှန်ကွမ်းရှင်းရောင်သည် ကြိုးစား ပေးခဲ့သည်ဆိုသော်လည်း ထပ်ကာတလဲလဲ ကျရှုံးခဲ့၏။ ထို့ကြောင့် သူသည် နာကျင်မှုကို ပိုမိုခံစားခဲ့ရသည်။
“နဂါးကျားတိုက်ပွဲမှာတုန်းက ရီရှင်းချန်ရဲ့ အစွမ်းက အရမ်းကို အားကောင်းလွန်းတယ်၊ ဒါပေမဲ့ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်ထဲမှာတော့ ဘာလို့ အဲလောက်တောင် အားနည်းနေရတာလဲ”
“ဒါက တော်တော်ကို ထူးဆန်းတာပဲ”
“ဟုတ်တယ်၊ သူက တကယ့်ကို ကောင်းမွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲလေ၊ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း အပျော်လွန် နေပုံရတယ်၊ ဒါက နတ်ဘုရားတွေက ပေးစွမ်းတဲ့လက်ဆောင်ကို ဖြုန်းတီးတာနဲ့ တူတူပဲလေ”
ထိုလူများအားလုံး ပြောဆိုနေသည့်စကားကိုသာ ညအင်ပါယာ ကြားမည်ဆိုပါက ကျိန်းသေပေါက် ဓားကိုင်၍ လိုက်ခုတ်နေပေလိမ့်မည်။
“နှစ်ရက်ကျော်လောက် ဒီမှာနားကြစို့”
သုံးရက်ဆိုသည့် အတိုင်းအတာ အချိန်ကန့်သတ်ချက်ရှိသည်ကို သိရှိပြီးနောက် ကျွင်းချောင်ရှောင်းသည် နှစ်ရက်ကျော်ကြာ အနားယူပြီးသည့်နောက်မှာမှ ပဉ္စမမြောက်လောကဆီသို့ သွားရန် စဉ်းစားလိုက်တော့သည်။
“ဂိုဏ်းချုပ်”
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “တပည့်က အစီအရင်တွေကို ရှာတွေ့ပြီ၊ ဒီတော့ ပဉ္စမလောက ကြီးရဲ့ အစီအရင်တွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြည့်ရမလား”
“ရဲရဲဝံ့ဝံ့ စမ်းကြည့်လိုက်” ကျွင်းချောင်ရှောင်းသည် အားပေးလိုက်၏။
နှစ်ရက်ကြာပြီးသည့်နောက်မှာတော့ ရှန်ကွမ်းရှင်းရောင်နှင့် ကျန်းတယ်ကျွင်းတို့၏ ပူးပေါင်းမှုအောက်မှာတော့ ၎င်းတို့အားလုံးသည် ပဉ္စမလောကကြီး၏ အစီအရင်ထိန်းချုပ်မှုကို အလုံးစုံရရှိခဲ့ပြီဖြစ်သည်။
သူမက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ပဉ္စမလောကထဲက အစီအရင်က ပိုပြီး ရှုပ်ထွေးတယ်၊ ဒါပေမဲ့ တပည့်က အရာအားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုရင်တောင်မှ အသက်နဲ့ ဝိညာဉ်ကန့်သတ်ချက်ကို ဖယ်ရှားပေးလို့ရတယ်လေ”
“အဲတာဆိုရင် ဖယ်လိုက်တော့”
“အင်း”
ရှန်ကွမ်းရှင်းရောင်သည် အလောတကြီးပဲ ပြောင်းလဲလိုက်တော့သည်။ အသက်နှင့်ဝိညာဉ်ကန့်သတ်ချက် မရှိတော့ပြီဖြစ်သောကြောင့် ရီရှင်းချန်သည် မားမားမတ်မတ်ဖြင့် လှမ်းလျှောက်လာခဲ့တော့သည်။ ပြီးသည့်နောက် မှာတော့ သူသည် လှေကားထစ်ပေါ်သို့ မတတ်ခင် ပုံရိပ်ယောင်အစီအရင်ကို လှမ်းကြည့်လိုက်သည်။ မည်သည့် စကားမှ မဆိုဘူးဟုဆိုသော်လည်း သူ၏ အေးစက်စက် မျက်နှာ တစ်ခုလုံးသည် တစ်လောကလုံးအား သူဘာလဲ ဆိုတာကို ပြသတော့မည့် အရိပ်အယောင်ပင် ဖြစ်တော့သည်။