အခန်း (၇၉၈-က)
Vol. 54 Ch. 798-A
ရှန်ကွမ်းရှင်းရောင်သည် ဂိုဏ်းရွေးချယ်ခြင်းတွင် မမှားယွင်းခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် သူမအား ထောက်ပံ့ရုံသာမက ဂိုဏ်းတူအစ်ကိုများ၏ ထောက်ပံ့မှုကိုလည်း သူမသည် အလုံးစုံ ရရှိထားသေး၏။
သို့ပေမဲ့ ရီရှင်းချန်မှာတော့ ဂိုဏ်းရွေးမှားခဲ့သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းထဲကိုဝင်ရောက်စဉ် ကတည်းက သူသည် ဟန်ရေးပြရသည့်အချိန် သိပ်မရှိပေ။ သူ၏ မာန်မာနတရားနှင့် မောက်မာတတ်သည့် အသွင်အပြင်ကြောင့်သာမက ဂိုဏ်းမှလူများ၏ အူကြောင်ကြောင် လုပ်ရပ်ကြောင့် သူသည်သာ ဒုက္ခတော်တော်များများကို ခံခဲ့ရသည်။
ဥပမာအားဖြင့် သတ္တမလောက၏ စမ်းသပ်မှုသည် အတွင်းစိတ်မိစ္ဆာများကို ဖြစ်တည်စေသည့် တည်နေရာပင် ဖြစ်တော့သည်။ သိုင်းကျင့်ကြံသူများအားလုံးသည် စိတ်စွမ်းအားများ အလုံးစုံ ခိုင်မာလာကြသည်ဆိုသော်လည်း အတွင်းစိတ်မိစ္ဆာဆိုသည်မှာတော့ စိတ်ထဲတွင် ရှိနေသေး၏။ အပေါင်းလက္ခဏာဆောင်သည့် စိတ်ဓာတ်ရှိသော သူများပင်လျှင် အတွင်းစိတ်မိစ္ဆာနတ်ဆိုးကို အလွန်အမင်းရုန်းကန်တတ်ရ၏။
သို့ပေမဲ့ ညအင်ပါယာလိုမျိုး လက်စားချေရန်အတွက် အမြဲတမ်းစဉ်းစားနေသောလူတစ်ယောက်သည် အဘယ်မှာတင် ကောင်းမွန်သည့် စိတ်ခံစားချက်မျိုး ရှိနေမည်နည်း။ ထို့ကြောင့် သူ့အနေနှင့် အတင်းကာရော ခုခံနေရသည်မှာ သာမန်ပင် ဖြစ်တော့သည်။
ထို့ပြင် ၎င်းသည် အခက်ခဲဆုံး ကျော်ဖြတ်ရမှုကို ရွေးချယ်ခဲ့သေး၏။ အခက်အခဲဆုံး ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ မူလအားဖြင့် အသက်နှင့်ဝိညာဉ်ကန့်သတ်ချက်အား မဖယ်ရှားထားခြင်းပင် ဖြစ်တော့၏။
ထို့ကြောင့် ညအင်ပါယာသည် တခြားလူများထက် ပိုမိုဆိုးရွားလှသည့် အတွင်းစိတ်မိစ္ဆာနတ်ဆိုးကို ခုခံလျက်ရှိ နေတော့သည်။ ၎င်းသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး ခေါင်းကိုလက်နှစ်ဖက်ဖြင့် ပိုက်ကာ အသက်ရှင်ချင်စိတ်များ ပျောက်ဆုံးနေသည်အထိ ခံစားလျက်ရှိနေ၏။ သို့ပေမဲ့သူသည် ဂိုဏ်းရွေးချယ်မှု မှားယွင်းခဲ့ခြင်း အတွက် မိမိကိုယ်ကို အပြစ်တင်နေ၍ မဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ကပင် ကိုယ့်ဘာသာကိုယ် သေလမ်းရှာခဲ့ခြင်းဖြစ်သည်မဟုတ်လား။
“မြန်မြန် မြန်မြန်”
ကျွင်းချောင်ရှောင်းသည် အလောတကြီး ပြောလိုက်၏။ “မြန်မြန် ရပ်လိုက်တော့”
ရီရှင်းချန်၏ အားအင်အဆင့်သည် အရင်လောက နှစ်ခုတွင် အလွန်တရာ ကောင်းမွန်စွာ ပြသခဲ့ပြီးဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ မယားကြီးတစ်ယောက်၏ ရိုက်နှက်မှုကို ခံရသော မယားငယ်မလေး တစ်ယောက်ကဲ့သို့ မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ငိုလျက်ရှိနေသည့်မြင်ကွင်းကို တခြားသူများကို ထုတ်ဖော်ပြသ၍ ဘယ်ဖြစ်နိုင်မည်နည်း။ ၎င်းတို့ ကြိုးစားခဲ့သမျှ အရာအားလုံးသည် ပျောက်ကွယ်သွားပေလိမ့်မည်။
ရွှီး
ရှန်ကွမ်းရှင်းရောင်သည် ချက်ချင်းပဲ စမ်းသပ်မှုကို ပိတ်လိုက်၏။
“ကျုပ်က အမှိုက်လိုပဲ၊ ဒီလောကကြီးမှာ နေထိုင်ရတာ လေထုကိုတောင် ညစ်ညမ်းစေတယ်လေ၊ ညစ်ညမ်းစေ တယ်”
စိတ်ပျက်လက်ပျက်နှင့် အော်ဟစ် ငိုယိုလျက်ရှိသော ရီရှင်းချန်သည် ရုတ်တရက် ရပ်တန့်သွား၏။ ပြီးသည့်နောက်မှာတော့ ကြောင်အသွားသည်။ “ငါ ငါခုနက ဘာတွေပြောလိုက်တာလဲ”
လောကကြီးတွင် အနာကျင်ရဆုံးအရာမှာ သိစိတ်ရှိသည်ဆိုသော်လည်း အတွင်းစိတ်နတ်ဆိုး၏ ခံစားချက်များကို မထိန်းချုပ်နိုင်ခြင်းပင်ဖြစ်တော့သည်။ အရာအားလုံး ပြီးစီးသွားသည့် နောက်မှာတော့ သူသည် ၎င်းပြောဆိုခဲ့သမျှသော အရာအားလုံးနှင့် ခံစားခဲ့ရသောအတွင်းစိတ်မိစ္ဆာ ခံစားချက် များအားလုံးကို သေသေချာချာ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။
လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး ပြန်လည်မထချင်တော့သည်အထိ ဖြစ်မိလျက်ရှိသည်။ ၎င်း၏ မျက်နှာပေါ်တွင်တော့ မျက်ရည်စီးကြောင်းများ ရှိနေပြီး စိတ်ထဲတွင် အကြီးအကျယ် အော်ဟစ်နေကြ၏။ “သောက်တလွဲ ငါဘာတွေ ပြောမိနေတာလဲ”
လက်ရှိအခြေအနေမှာတော့ နောက်ဘက်တွင် ဝမ်းနည်းဖွယ်ရာ နှဲသံလေးသာ ထည့်လိုက်မည်ဆိုပါက အလွန်ဆွေးမြေ့စရာကောင်းသည့် ဇာတ်ဝင်ခန်း တစ်ခု ဖြစ်လာပေလိမ့်မည်။
...................
“ဘာတွေဖြစ်နေတာလဲ”
“ရီရှင်းချန်က သူ့ကိုယ်သူအမှိုက်လို့ ပြောနေတာလား”
“သူငိုနေတာကို ငါကြားခဲ့တယ်လေ”
ရှန်ကွမ်းရှင်းရောင်အနေနှင့် လက်ရှိအချိန်တွင် စိန်ခေါ်မှုကို ပယ်ဖျက်ခဲ့သည်ဆိုသော်လည်း ရီရှင်းချန်၏ စကားနှင့် လုပ်ရပ်များ အားလုံးသည် ပုံရိပ်ယောင်မြင်ကွင်းဆီမှတဆင့် အပြင်လောကကြီးဆီသို့ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သည်။ ထို့ကြောင့် ကုန်းမြေတိုက်အတွင်းတွင် ရှိနေသော ကျင့်ကြံသူများအားလုံးသည် ထိုအရာကို မြင်ပြီး ဖြစ်နေကြတော့သည်။
မူလက အားရပါးရ အားပေးလျက်ရှိနေသော ရီရှင်းချန်၏ ပရိသတ်များ အားလုံးသည် ၎င်း၏ မျက်လုံးထဲတွင် ရှိသော မျက်ရည်များကို မြင်ရသည့်အချိန်မှာတော့ ဆွံ့အလျက် ရှိနေကြသည်။ ၎င်းတို့၏ ရီရှင်းချန်သည် အလွန်တရာ ထူးချွန်လှသူဖြစ်ပြီး၊ အလုပ်လည်း ကြိုးစား၏။ ထို့ပြင် အားလည်း ကောင်းသေးသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ့ကိုယ်သူ လောကကြီးတွင် မရှိချင်သလိုမျိုး စိတ်ပျက်အားငယ်စွာဖြင့် ငိုကြွေးလျက် ရှိနေ၏။
“အားလုံးပဲ”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အရာကိစ္စအားလုံးကို အဆင်ပြေချောမွေ့သွားစေရန် အလျင် အမြန် ကြိုးစားတော့သည်။ “သတ္တမလောကကြီးက လူတွေရဲ့ စိတ်ပျက်ဝမ်းနည်းမှုကို ထင်ရှားလာအောင်လို့ ပြုလုပ်ပေးတဲ့နေရာပဲ၊ ဒီနေရာမှာ ဒီလောက်ပြင်းထန်တဲ့ ခံစားချက်တွေကို ရရှိတာတောင်မှ ဒီလောက် အခြေအနေပဲ ရောက်အောင်လို့ ထိန်းသိမ်းထားနိုင်ခဲ့တယ်လေ၊ တကယ့်ကို တော်တာပဲ”
ပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် မတ်တပ်ထရပ်လာခဲ့၏။ သို့ပေမဲ့ သူသည် သူပြုလုပ်ခဲ့သည်အရာအားလုံး ကို စဉ်းစားမိသည့်အချိန်မှာတော့ တွင်းတစ်တွင်းကို တူး၍ပင် သွားပြီး ပုန်းနေချင်မိသည်။
.......................
ကျွင်းချောင်ရှောင်း၏ ရှင်းပြမှုအပြီးမှာတော့ သိုင်းကျင့်ကြံသူများအားလုံးသည် ဉာဏ်အလင်းပေါက်သွားတော့ သည်။ ရှင်းချန်၏ ပရိသတ်များ အားလုံးသည် အားရပါးရ ထ၍ ရယ်လိုက်ကြတော့သည်။ ၎င်းတို့သည် ဂုဏ်ယူ စွာဖြင့် တွေးတော့လိုက်သည်။ “ငါတို့ရဲ့ ရှင်းချန်က သာမန်လူမဟုတ်ဘူးလေ၊ သူ့ကို ဘယ်သူမှ သံသယဝင်လို့ မဖြစ်ဘူး”
ဟုတ်ပေသည်။ တချို့သောလူများမှာတော့ ဇဝေဇဝါနှင့် ဖြစ်မိနေကြသည်။ သတ္တမမြောက်လောကကြီးတွင် မကောင်းသည့်အတွင်းစိတ်မိစ္ဆာအော်ရာများ၏ ဖုံးလွှမ်းမှုကို ခံရသည်ဆိုသော် ကျန်သည့်သူများသည် အဘယ်ကြောင့် မတ်မတ်ရပ်နေရသနည်း။
“လာခဲ့ လာခဲ့”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည်။ “ဒီနေရာက တိုက်ရိုက် ထုတ်လွှင့်နေတာလေ၊ အမှုမဲ့ အမှတ်မဲ့ နေလို့မရဘူး၊ ငါတို့ သရုပ်ဆောင်မှ ဖြစ်လိမ့်မယ်”
သူတို့သည် အစီအရင်အား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အပြင်လူအား မသိစေချင်ပေ။ ထို့ကြောင့် ၎င်းတို့သည် သတ္တမလောကကြီးကို ကျော်ဖြတ်သည့်ပုံစံမျိုးဖြင့် ဆက်လက်ကာ ပြောဆိုမှ ဖြစ်ပေတော့မည်။
အား
စုရှောင်မိုသည် မြေပေါ်မှာလဲကာ အော်ဟစ်လိုက်တော့သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မြေပြင်အား ထုလျက်ရှိသည်။ “ဒါက ရှက်စရာပဲ၊ ကျုပ်ဆက်ပြီး အသက်မရှင်ချင်တော့ဘူး၊ ဒီလောကကြီးမှာ ဘယ်လိုလုပ် အသက်ရှင်ဖို့အတွက် သတ္တိရှိတော့မှာလဲ၊ သေပဲသေလိုက်ချင်တော့တယ်”
လီချင်းယန်သည် လက်သီးကိုဆုပ်ကာဖြင့် သူ၏ခေါင်းကို အသာငုံ့လိုက်သည်။ ပြီးနောက် မျက်လုံးများအား အသာ ပေကလပ် ပေကလပ်လုပ်ကာ မျက်ရည်များအား ကျလာအောင် ကြိုးစားလျက်ရှိသည်။ သို့ပေမဲ့ သူသည် မည်မျှ ကြိုးစားသည်ဆိုဆို မျက်ရည်များသည် တစ်စက်မှ ကျမလာခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ မျက်စိအား စွေစောင်းကာဖြင့် ရှောင်ကျီအား လှမ်းကြည့်လိုက်သည်။
ရှောင်ကျီသည် ပုံရိပ်ယောင်မြင်ကွင်းကြီးအား ကျောပေးလျက်ရှိပြီး ၎င်း၏အိတ်ထဲတွင်ရှိသော ကြက်သွန်စိတ် တစ်ခုအားယူကာ မျက်လုံးကို အသာပွတ်လိုက်၏။ မျက်လုံးပေါ်တွင် မျက်ရည်များ ဝိုင်းလာသည်ကို သူမြင်လိုက် ရသည်။ ရှောင်ကျီသည် အလွန်တရာ လိမ္မာပါးနပ်လှသူဖြစ်၏။
“ဘဝဆိုတာ အဓိပ္ပာယ်မဲ့လွန်းတယ်”
လီချင်းယန်သည် အားရပါးရ အော်ဟစ်ပြီးသည့်နောက် ရှောင်ကျီ့ ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။ သူသည် ရှောင်ကျီ၏ ပခုံးကို အသာလှမ်းဖက်ပြီးနောက် အသံပို့လွှတ်လိုက်သည်။ “ဂျူနီယာညီလေး... ငါ့ကိုနည်းနည်းပေးအုံး”
ရွှိ
ကျွင်းချောင်ရှောင်းသည် သူ၏လည်ပင်းပေါ်သို့ ဓားကိုဆွဲတင်လိုက်သည်။ ပြီးသည့်နောက်မှာတော့ ကောင်းကင် ကြီးကို မော့ကြည့်ကာဖြင့် ဝမ်းနည်းဆွေးမြေ့စွာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းလို ဂိုဏ်းက ရှေးတုန်းကတည်းက ဆင်းသက်လာခဲ့ ဂိုဏ်းတစ်ခုဖြစ်တယ်ဆိုပေမယ့် ဒီလောကကြီးမှာတော့ နာမည်ကြီး ကျော်ကြားမှုတော့ မရှိသေးဘူး၊ ဒီကျွင်းက ကောင်းကင်ကြီးပေါ်မှာရှိနေတဲ့ ဘိုးဘေးတွေရဲ့ စိတ်ဝိညာဉ်ကို မျက်နှာပြရမှာ တကယ့်ကို ရှက်ရွံ့မိတယ်”
သူ၏ အသံသည် တည်ကြည်ခံ့ညားလွန်းလှပြီး ဝမ်းနည်းဆွေးမြေ့နေသည့် အသံမျိုး ပါဝင်သည်။
“ချီးတဲ့မှ... ဂိုဏ်းချုပ်က တကယ့်ကို အကောင်းဆုံး လုပ်နေတာပဲ”
“ဂိုဏ်းချုပ်က သရုပ်ဆောင် အကောင်းဆုံးပဲ”
“ဘာတွေကြည့်နေတာလဲ၊ မြန်မြန်လာပြီးတော့ လာဆွဲကြလေ၊ မဟုတ်ရင် ငါ့ကိုငါ ဓားနဲ့လှီးပြီးတော့ သတ်သေ ရမှာလား” ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်၏။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် အမြန်ဆုံးနှုန်းဖြင့် လာခဲ့တော့သည်။ သူသည် ချက်ချင်းရောက်ရှိလာပြီးသည့်နောက် မှာတော့ ဂိုဏ်းချုပ်၏လက်ထဲတွင်ရှိသော ဓားအား လုယူလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ၏လည်ပင်း ပေါ်သို့တင်ကာ အော်ဟစ်လိုက်၏။ “ကျုပ်က ကျုပ်ဘဝကြီးမှာ တိုးတက်မှု မရှိလှတဲ့ကောင်ပဲ၊ ဒီတော့ ငရဲပြည်ကို အရင်ဆုံး သွားခွင့်ပေးပါ၊ သွားတော့မယ်”
ခဏလောက် စောင့်စားပြီးသည့်နောက်မှာ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ကိုယ့် ဘာသာကိုယ် စိတ်ပျက်ဝမ်းနည်းလျက်ရှိနေကြသည်။ မည်သူမှသည် သူ၏ဓားအား လာ၍ မလုယူကြချေ။ ထို့ကြောင့် သူသည် ဓားအား အသာချကာဖြင့် ပြောလိုက်သည်။ “ကျုပ်လို အမှိုက်တစ်ယောက်ကို သတ်ပစ် ပြီးတော့ ဒီဓားကို သွေးစွန်းစေလို့ မဖြစ်ဘူး”
အားလုံးဆွံ့အသွားကြသည်။ ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးသည် မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်ပြောဆို နေကြသည်သည်ဆိုသော်လည်း တကယ်တမ်းမှာတော့ မသေချင်ကြောင်း သိသာလှသည်။ တစ်လောကလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းနှင့် တခြားသူများအားလုံးသည် နှစ်နာရီပြည့် ကောင်းကောင်းမွန်မွန်နှင့် သရုပ်ဆောင်ခဲ့ကြတော့သည်။
ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် အသိပြန်ဝင်သလို ဟန်ဆောင်လိုက်ကြပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။ “ငါ … ငါတို့ ဘာတွေ လုပ်ခဲ့ကြတာလဲ”
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အရှေ့ဆီသို့ လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အရှေ့ဆီမှာ အဋ္ဌမလောကဆီကို တက်တဲ့ လှေကားရှိတယ်လေ”
“ဟာ ငါတို့ အောင်မြင်သွားပြီလား၊ ဒီလိုပဲ အောင်မြင်သွားတာလား”
ကျွင်းချောင်ရှောင်းသည် အလျင်စလိုဖြင့် အဋ္ဌမလောကဆီသို့တက်ရန် မစဉ်းစားချေ။ သူသည် သူရှိနေသော နေရာမှာတင် အနားယူလိုက်၏။ လက်ရှိ အခြေအနေမှာတော့ ဆယ်မျက်နှာ သေဆုံးခြင်းမျှော်စင်၏ အစီအရင် စနစ်တစ်ခုလုံးကို ရှန်ကွမ်းရှင်းရောင်သည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဆုလာဘ်ရရှိနိုင်သည့် အစီအရင် မှာတော့ ပျက်ဆီးလျက်ရှိနေသည်။ ထို့ကြောင့် သူမသည် အလွန်ပင် ကြိုးစားလျက်ရှိနေ၏။
“မင်းလုပ်နိုင်ပါတယ်” ကျွင်းချောင်ရှောင်းသည် အားပေးစကား ပြောလိုက်၏။
“ကောင်းပါပြီ” ရှန်ကွမ်းရှင်းရောင်သည် လုံလောက်သည့် ယုံကြည်မှုမျိုး ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်နှင့် သူမ၏ စီနီယာအစ်ကိုများ အားလုံးသည် သူမကို အလွန်အမင်း ယုံကြည်နေကြသည်။
“သွားကြရအောင်”
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တပည့်များကို ဦးဆောင်ကာဖြင့် အဋ္ဌမ လောကဆီသို့ သွားလိုက်တော့သည်။ ဤနေရာသည် မကောင်းသည့် စိတ်ခံစားချက်၊ အတွင်းစိတ်မိစ္ဆာနတ်ဆိုးများနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်တော့သည်။ ကျင့်ကြံသူများအားလုံးသည် ဤတည်နေရာသို့ ရောက်ရှိချိန်မှာတော့ ၎င်းတို့၏ စိတ်ထဲတွင် ဖြစ်ချင်နေသည့်အရာ အားလုံးသည် အစစ်အမှန်ဖြစ်သွားသလိုမျိုး ခံစားလာရ၏။
အချို့သည် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ကြပြီး အချို့မှာတော့ သိုင်းအင်ပါယာတစ်ယောက် ဖြစ်ကာ တစ်လောကလုံး၏ တိမ်များ၊ မိုးများကို လက်တစ်ချက်ဖြင့် ဖန်တီးနိုင်ကြသူများ ဖြစ်ချင်နေကြ၏။ တချို့မှာတော့ လှပသော မိန်းကလေးများအားလုံးကို ယူ၍ အပူအပင်ကင်းမဲ့သော ဘဝကြီးတွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ချင်ကြ၏။ တစ်စုံတစ်ယောက်သည် အိမ်မက်တစ်ခုရှိလျှင်ဆိုလျှင် ဤအဋ္ဌမလောကကြီးက ဖြစ်စေချင် သည့်အရာများ အားလုံးကို ဖန်တီးပေးမှာဖြစ်သည်။ သို့ပေမဲ့ ဤအရာမှ မရုန်းထွက်နိုင်ပါက ဤနေရာတွင် ကျိန်းသေပေါက် ပိတ်မိနေပေလိမ့်မည်။
ပုံရိပ်ယောင် အင်ပါယာ၏ မိတ်ဆက်စကားကို ကြားရချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှန်ကွမ်းရှင်းရောင် အား စမ်းသပ်ရန် မစေခိုင်းတော့ပေ။ သူသည် တပည့်များနှင့်အတူ ကြုံသလို ပြင်းပြင်းထန်ထန် သရုပ်ဆောင် တော့သည်။ အရာအားလုံးပြီးသွားပြီးသည့်နောက် သူတို့သည် နဝမမြောက်အထပ်ဆီသို့ တက်လှမ်းကြတော့၏။
“ဆေး … ဆေး … ဆေး” အကြီးအကဲကျိုးသည် စိတ်လက်ပူပန်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
အကြီးအကဲကျန်းသည် အလျင်စလိုပဲ ဆေးများကို ထုတ်ယူကာဖြင့် ရီထျန်းချန်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။ တတိယ လောကကြီးကို ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ မှတ်တမ်းသစ် ရေးထိုးခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှား ဂိုဏ်းမှာတော့ လက်ရှိအချိန်တွင် အဋ္ဌမလောကထဲသို့ပင် ဝင်ရောက်သွားကြ၏။ ထို့ကြောင့် ရှေး၏ မှတ်တမ်း များကိုပါ ချိုးဖြတ်နိုင်ခဲ့ပြီဖြစ်၏။
သူ့အနေနှင့် တခြားသောတည်နေရာများတွင်ရှိသော ဂိုဏ်းအသိအမှတ်ပြုဗဟို၏ အစည်းအဝေးများကို တက်ရောက်သည့်အချိန်တွင် အားလုံး၏အရှေ့၌ ခေါင်းမော့ရင်ကော့ဖြင့် ထိုင်နိုင်တော့မည်ဖြစ်သည်။ ၎င်းအခြေ ချရာ တည်နေရာကြီးတွင်ရှိသော ပြိုင်စံရှားဂိုဏ်းသည် နဂါးကျားပြိုင်ပွဲတွင် အနိုင်ယူနိုင်ခဲ့သည့်သာမက ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်၏ မှတ်တမ်းများကိုလည်း ချိုးဖြတ်နိုင်ခဲ့တော့သည်။ ရီထျန်းချန်သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့သလိုပင် စိတ်လှုပ်ရှားလျက် ရှိနေသည်။
နဝမလောက - ဤနေရာမှာ စမ်းသပ်မှုမှာတော့ အလွန်တရာ ကြမ်းတမ်းလွန်းကြ၏။ ခန္ဓာကိုယ်အားအင်၊ လှုပ်ရှားမှုနည်းစနစ်၊ စိတ်ဝိညာဉ်စွမ်းအင်၊ အရိုးသန့်စင်ခြင်း၊ ဝိညာဉ်၊ ဓာတ်ငါးပါး၊ အတွင်းစိတ်မိစ္ဆာဆိုး၊ ကျန်သည့် စသော လောကရှစ်ခု၏ အစွမ်းသတ္တိများအားလုံး စုပေါင်းထားသည်ဟုပင် ဆိုရမည်။ ထို့ပြင် တစ်ခုချင်းစီ မဟုတ်ဘဲ အရာအားလုံး စုပေါင်းနေသေး၏။ ထို့အပြင် နဝမလောကကြီးသည် ကပ်ဘေးကြီးပင်ဖြစ်တော့၏။ အဘယ်ကပ်ဘေးကြီးနည်းဆိုသော် မိုးကြိုးကပ်ဘေးပင်ဖြစ်သည်။ ရှေ့လောကထဲတွင် ရှိရှိသမျှသော ဓာတ်သဘာဝများ အားလုံးသည် မိုးကြိုးကပ်ဘေးအဖြစ် ဆင်းသက်လာပေလိမ့်မည်။ ဤနေရာတွင် ကြံ့ကြံ့ခံနိုင် သည့်လူများသာလျှင် ဒသမမြောက် လောကဆီသို့ ရောက်ရှိနိုင်ပေလိမ့်မည်။
“ရှင်းရောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခက်ခဲမှုကို အဆင့်နိမ့်ဆုံးဖြစ်အောင် လုပ်လိုက်၊ ငါစမ်းကြည့်မယ်”
စနစ် “...”
ရီရှင်းချန်ကို ကြည့်လိုက်သည့်အချိန်မှာတော့ သူသည် အခက်အခဲဆုံးအဆင့်အနေဖြင့် ဝင်ရောက်ကစားချင်မိ၏။ သို့ပေမဲ့ ခက်ခဲမှုကို အဆင့်အနိမ့်ဆုံးအဖြစ် နိမ့်ချလိုက်သည်ကို မြင်ရချိန်မှာတော့ ရီရှင်းချန်သည် ဝင်ရောက် ကစားရန် စိတ်ဆန္ဒ မရှိတော့ပေ။
ဂိုဏ်းချုပ်သည် ဘာလုပ်ချင်နေသနည်း။ အပျော်ဆော့ကစားချင်နေပုံပင် ပေါ်သည်။
“ကောင်းပြီ” ရှန်ကွမ်းရှင်းရောင်သည် အစီအရင်ကို ထိန်းချုပ်လိုက်တော့၏။
ဝှစ်
ခဏလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကောင်းကင်တစ်ခုလုံးသည် မဲမှောင်သွား၏။ ကောင်းကင်ပေါ်မှာ တော့ တလိပ်လိပ် တက်နေသော တိမ်မဲများ ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ လျှပ်စီးတန်းများသည် မြွေများ ကဲ့သို့ပင် တရိပ်ရိပ်နှင့် ဖြစ်တည်လာခဲ့သည်။
ဘုန်း
ဓာတ်သဘာဝများစွာ ပါဝင်သော လျှပ်စီးများသည် တည်နေရာတစ်ခုလုံးကို လင်းလက်သွားစေပြီးသည့်နောက် မှာတော့ မိုးကြိုးတစ်ခုသည် ကျွင်းချောင်ရှောင်းကို ထိမှန်သွားခဲ့၏။ ခန္ဓာကိုယ်၊ အရိုး၊ ဝိညာဉ် ရှိရှိသမျှသော ဓာတ်သဘာဝများအားလုံးသည် ၎င်းအား ထိမှန်သွားခဲ့သည်။ ကံကောင်းစွာဖြင့် ခက်ခဲမှုသည် အနိမ့်ဆုံးအဆင့်သို့ လျှော့ချထား၏။ အချိန်အတောကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူသည် ချွေးစီးများပင် ပြန်လျက်ရှိသည်။
“ဒီထက်နည်းနည်းလေးသာ အားကောင်းအောင် လုပ်ထားမယ်ဆိုရင်တော့ ငါကျိန်းသေပေါက် ခုခံနိုင်မှာ မဟုတ်ဘူး”
“ရှင်းချန်.... စမ်းချင်သေးလား”
..................
ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ထိုအချိန်မှာတော့ သူသည် အမှတ်တမဲ့ မပြုမူရဲတော့ချေ။
“ရှင်းရောင်.... ဒသမမြောက်လောကဆီကိုသွားဖို့ လှေကားကို ဖွင့်လိုက်တော့”
“ကောင်းပါပြီ”
တွီ
ဒသမမြောက်လောကဆီသို့ သွားရာ လှေကားကြီးသည် တဖြည်းဖြည်းချင်း ပေါ်လာတော့သည်။
“သူအောင်မြင်သွားခဲ့ပြီလား”
“ဒီလိုပဲ မိုးကြိုးလေးပစ်ခံပြီးတော့ ပြီးသွားတာလား”
“ဘာလို့ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်က တဖြည်းဖြည်းနဲ့ ပိုမိုပြီး ရိုးရှင်းလာတာလဲ”
ပွဲကြည့်ပရိသတ်များအားလုံးသည် မျက်လုံးပြူးသွားကြ၏။ တဖြည်းဖြည်းနှင့် ပိုမို၍ ရိုးရှင်းလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ရိုးရှင်းလှအောင် ပြုလုပ်ထားသောကြောင့် ဖြစ်သည်။
“နောက်ဆုံးအထပ်က ဘာဖြစ်နိုင်မလဲ”
ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်ဆိုသည်မှာ စမ်းသပ်မှုမျှော်စင်နှင့် ဆင်တူလှ၏။ သို့ပေမဲ့ စမ်းသပ်မှုမျှော်စင်၏ အလွှာသည် ကိုးလွှာသာရှိ၏။ ထို့ကြောင့် ဆယ်လွှာမြောက်တွင် မည်သည့်အရာရှိနေမည်ကို ကျွင်းချောင်ရှောင်း သည် စိတ်ဝင်စားမိနေ၏။ ထိုနေရာသို့ ရောက်ရှိလေလေ၊ သူသည် ပိုမိုကာ သိချင်လာလေဖြစ်၏။
“အပေါ်ကို တက်ကြစို့”
တစ်ရက်တာ အနားယူပြီးသည့်နောက် အားလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် တပည့်များကို ခေါ်ဆောင်ကာဖြင့် ဒသမမြောက်လောကကြီးဆီသို့ ဦးတည်လိုက်တော့သည်။ မြင်ကွင်းတွင်ရှိနေသော အလင်း တန်းများအားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ အားလုံးသည် နောက်ဆုံးမြင်ကွင်းကို ကြည့်ရှုရန် မျှော်လင့်လျက်ရှိနေ၏။ သို့ပေမဲ့ ဆယ့်ငါးမိနစ်ကျော် စောင့်ပြီးသည့်နောက်မှာတော့ ပုံရိပ်ယောင် မြင်ကွင်းကြီးသည် မှောင်မဲလျက်ရှိနေတုန်းပင်ဖြစ်ပြီး မည်သည့်ပုံရိပ်မှ ပေါ်ထွက်မလာခဲ့ချေ။
“ဘာတွေဖြစ်နေတာလဲ”
တွီ
ပုံရိပ်တစ်ခုသည် ပေါ်လာတော့သည်။ သို့ပေမဲ့ ဒသမမြောက်လောကရှိ ပုံရိပ်များ မဟုတ်ဘဲ မျှော်စင်၏ အပြင်ဘက်ရှိ ပုံရိပ်များသာဖြစ်သည်။ ကျန်းတယ်ကျွင်းသည် ပုံရိပ်ယောင်မြင်ကွင်း၏ အရှေ့တွင် မတ်တပ်ရပ် လျက်ရှိပြီး အကူအညီမဲ့စွာဖြင့် ကြေညာလိုက်တော့သည်။
“ဒသမမြောက်လောကကြီးက အတားအဆီးတစ်ခုရှိနေတယ်၊ ဒီတော့ အထဲမှာရှိတဲ့ ပုံရိပ်တွေကို ပြသလို့ မရပါဘူး”
“မရဘူး ဟုတ်လား”
အားလုံးသည် ပြိုလဲသွားကြသည်။ ဆယ်မျက်နှာသေဆုံးခြင်းမျှော်စင်သည် ဆယ်ထပ်ရှိ၏။ ထို့ကြောင့် ၎င်းတို့ သည် နောက်ဆုံးတွင်ရှိသော အရေးအကြီးဆုံး လောကကြီးကို ကြည့်ရှုချင်နေမိ၏။ သို့ပေမဲ့ ဤနေရာတွင် ကန့်သတ်ချက်များ ရှိနေပြီး အထဲမှပုံရိပ်များအား အပြင်လူများ မြင်ခွင့်မရဆိုသော ကန့်သတ်ချက်က ပေါ်လာ တော့သည်။ ဤအရာသည် ရုပ်ရှင်ဇာတ်လမ်းတွဲ ကြည့်မည်ဆိုလျှင် နောက်ဆုံးခန်းရောက်မှ မီးပျက်သွားသကဲ့သို့ ပင် ဖြစ်တော့သည်။
ဒသမမြောက် လောကထဲမှာတော့ ပုံရိပ်ယောင်မြင်ကွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ ကျွင်းချောင်ရှောင်း နှင့် သူ၏တပည့်များ အားလုံးသည် တည်နေရာထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ဇဝေဇဝါဖြင့် မတ်တပ် ရပ်နေကြနေ၏။
လက်ရှိအချိန်မှာတော့ ၎င်းတို့၏ မျက်လုံးရှေ့တွင် ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည် လာခဲ့ကြ၏။ တောင်များ၊ မြစ်များ၊ ငှက်များ၊ သားရဲများသည် ထိုနေရာတွင် ပေါ်လာသည်။ လေထုတစ်ခုလုံးသည် ကြီးကျယ်ခမ်းနားပြီးတော့ ရှေးကျသော အော်ရာများဖြင့် ပြည့်နှက်လာသည်။ ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့် များအားလုံးသည် ဝိညာဉ်ခန္ဓာကိုယ်အဖြစ်နှင့် ကောင်းကင်ယံထက်တွင် ပျံသန်းလျက် ရှိနေကြသည်။ ၎င်းတို့သည် အောက်ရှိမြင်ကွင်းများအားလုံးကို သေသေချာချာ မြင်နေရ၏။
“ဂိုဏ်းချုပ်” လီချင်းယန်က အသံပို့လွှတ်လိုက်သည်။
ဘုန်း ဘုန်း
ရုတ်တရက်ဆိုသလိုပဲ နားကွဲလောက်စရာ အသံကြီး ပေါ်ထွက်လာသည်။ ပြီးသည်နောက်မှာတော့ သူသည် အနောက်သို့ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ အလွန်တရာ တောင့်တင်းလှသော ခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် တောင်ကြီးတစ်ခုကို ကိုင်ဆောင်ကာဖြင့် လေထဲတွင် ရပ်လျက် ရှိသည်။ သေချာကြည့်ရှုမည်ဆိုပါက ဤအရာမှာ တောင်ကြီးတစ်ခု မဟုတ်ပေ။ အသေးစားလောကကြီးတစ်ခုပင် ဖြစ်တော့သည်။
“တောရိုင်းအင်ပါယာ”